မဟာဥက္ကုသဇာတ်
ပကိဏ္ဏကနိပါတ်
၃။ မဟာဥက္ကုသဇာတ်
မယားကိုမှီ၍ ဆင်းရဲဒုက္ခမှ လွတ်ခြင်းအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥက္ကာ စိလာစာ ဗန္ဓန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာဥက္ကုသဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မိတ္တဗန္ဓက သီတင်းသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။
သာဝတ္ထိပြည်၌ အမျိုးကောင်း၏ သားဖြစ်သော ထိုသီတင်းသည်သည် အဆွေခင်ပွန်းကိုစေ၍ မထင်ရှားသော အမျိုးသမီးကို တောင်းစေလျှင် ထိုယောက်ျားအား ဖြစ်သောကိစ္စကို ဆောင်ခြင်းငှါ စွမ်းနိုင်သော အဆွေခင်ပွန်းသည်၎င်း, အဖော်သည်၎င်း ရှိ၏လောဟု မေးလျှင် မရှိဟုဆို၏။ ထိုသို့တပြီးကား အဆွေ ခင်ပွန်းတို့ကို ရှေးဦးစွာ ရှာဦးလော့ဟု ဆိုသည်ရှိသော် ထိုမိန်း၏ အဆုံးအမ၌ တည်၍ ရှေးဦးစွာ လေးယောက်ကုန်သော တံခါးစောင့်တို့နှင့်တကွ မိတ်ဖွဲ့ခြင်းကိုပြု၍ အစဉ်သဖြင့် မြို့စောင့် အမတ်ကြီးတို့နှင့်တကွ မိတ်ဖွဲ့ခြင်းကိုပြု၍ စစ်သူကြီးနှင့်၎င်း, အိမ်ရှေ့မင်းနှင့်၎င်း တကွ မိတ်ဆွေခင်ပွန်း ဖွဲ့၏။ ထိုသူနှင့်တကွ တပေါင်းတည်းဖြစ်၍ မင်းနှင့်တကွ အဆွေခင်ပွန်း ပြု၏။ ထိုနောက်မှ ရှစ်ကျိပ်ကုန်သော မဟာထေရ်တို့နှင့် တကွ၎င်း, အာနန္ဒာမထေရ်နှင့် တကွ၎င်း တပေါင်းတည်းဖြစ်၍ မြတ်စွာဘုရားနှင့်တကွ အဆွေခင်ပွန်းပြု၏။ ထိုအခါ သီတင်းသည်ကို သဗ္ဗညူမြတ်စွာဘုရားသည် သရဏဂုံတို့၌၎င်း သီလတို့၌၎င်း တည်စေတော်မူ၏။ မင်းသည်လည်း ထိုသီတင်းသည်အား စည်းစိမ်ကိုပေး၏။ ထိုသီတင်းသည်သည် မိတ္တဗန္ဓကဟူ၍ ထင်ရှားသည် ဖြစ်၏။
ထိုအခါ မိတ္တဗန္ဓကအား မင်းသည် ကြီးစွာသောအိမ်ကို ပေး၍ ထိမ်းမြားခြင်းမင်္ဂလာကို ပြုစေ၏။ မင်းကိုအစပြု၍ လူများသည် လက်ဆောင်ကို ပို့လာ၏။ ထိုအခါ ထိုမိတ္တဗန္ဓက၏မယားသည် မင်းသည်ပို့လာသော လက်ဆောင်ကို အိမ်ရှေ့မင်းအား၊ အိမ်ရှေ့မင်းသည် ပို့လာသော လက်ဆောင်ကို စစ်သူကြီးအား ပေး၏။ ဤသို့နည်းဖြင့် အလုံးစုံသော မြို့၌နေသောသူတို့အား အဆွေခင်ပွန်းဖွဲ့၍ ယူ၏။ ခုနစ်ရက်မြောက်သောနေ့၌ ကြီးစွာသော ပူဇော်သက္ကာရကို ပြု၍ မြတ်စွာဘုရားအား ပင့်ဘိတ်ပြီးလျှင် ဘုရားအမှူးရှိသော ငါးရာသော ရဟန်းသံဃာအား အလှူကြီးကိုပေး၍ ဆွမ်းဘုဉ်းပေးပြီးသော ကိစ္စအဆုံး၌ သဗ္ဗညူ မြတ်စွာဘုရားသည် ဟောတော်မူသော တရားတော်ကို နာ၍ နှစ်ယောက်ကုန်သော လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။
ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ မိတ္တဗန္ဓက သီတင်းသည်သည် မိမိမယားကိုမှီ၍ ထိုမယားစကားကို လိုက်နာသဖြင့် ခပ်သိမ်းသောသူတို့၌ မိတ်ဖွဲ့ခြင်းကိုပြု၍ မင်း၏အထံမှ ကြီးစွာသော ဆုလာဘ်ကိုရ၏။ သဗ္ဗညူမြတ်စွာဘုရားနှင့်တကွ မိတ်ဖွဲ့ခြင်းကိုပြု၍ နှစ်ယောက်ကုန်သော လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ မိတ္တဗန္ဓကသည် ယခုအခါ၌သာလျင် ထိုမိန်းမကိုမှီ၍ ကြီးစွာသော စည်းစိမ်သို့ ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း တိရစ္ဆာန်အမျိုး၌ ဖြစ်၍လည်း ဤမိတ္တဗန္ဓက သီတင်းသည်သည် ထိုမိန်းမစကားကြောင့် များစွာကုန်သော သူတို့နှင့်တကွ မိတ်ဖွဲ့ခြင်းကိုပြု၍ သား၌စိုးရိမ်ခြင်းမှ လွတ်ဘူးပြီဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် အချို့ကုန်သော ပစ္စန္တရစ်၌နေကုန်သော သူတို့သည် အကြင်အကြင် အရပ်၌ များစွာသော အမဲကို ရကုန်၏။ ထိုထိုအရပ်၌ ရွာတည်၍ တော၌ လှည့်လည်သဖြင့် သမင် အစရှိသည်တို့ကို သတ်ပြီးလျှင် အမဲကိုဆောင်၍ သားမယားတို့ကို မွေးကုန်၏။ ထိုသူတို့၏ရွာမှ အနီး၌ အလိုလိုဖြစ်သော အိုင်ကြီးသည် ရှိ၏။ ထိုအိုင်၏ တောင်မျက်နှာ၌ တခုသောစွန်ဖိုသည် နေ၏။ အနောက် မျက်နှာ၌ တခုသော စွန်မသည် နေ၏။ မြောက်မျက်နှာ၌ ခြင်္သေ့မင်းသည် နေ၏။ အရှေ့ မျက်နှာ၌ ဝန်လိုငှက်မင်းသည် နေ၏။ ထိုအိုင်၏ အလယ်၌ကား မြင့်ရာအရပ်၌ လိပ်သည် နေ၏။ ထိုအခါ စွန်ဖိုသည် စွန်မအား ငါ၏မယားဖြစ်လော့ဟု ဆို၏။
ထိုအခါ ထိုစွန်ဖိုကို စွန်မသည် သင့်အား တစုံတယောက်သော အဆွေခင်ပွန်းသည် ရှိပါ၏လောဟု မေး၏။ ရှင်မ မရှိဟု ဆို၏။ ငါတို့အားဖြစ်သော ဘေးကို၎င်း, ဆင်းရဲကို၎င်း ထုတ်ခြင်းငှါ စွမ်းနိုင်သော အဆွေခင်ပွန်းကို၎င်း အပေါင်းအဖော်ကို၎င်း ရခြင်းငှါသင့်၏။ ရှေးဦးစွာ အဆွေခင်ပွန်းတို့ကို ယူဦးလော့ဟု ဆို၏။ ရှင်မ အဘယ်သူတို့နှင့် အဆွေခင်ပွန်းဖွဲ့ခြင်းကို ပြုရအံ့နည်းဟုဆို၏။ အရှေ့မျက်နှာ၌နေသော ဝန်လိုငှက်မင်းနှင့်၎င်း မြောက်မျက်နှာ၌နေသော ခြင်္သေ့မင်းနှင့်၎င်း အိုင်၏အလယ်၌နေသော လိပ်နှင့်၎င်း တကွမိတ်ဖွဲ့ခြင်းကိုပြုလော့ဟု ဆို၏။ ထိုစွန်ဖိုသည် စွန်မစကားကိုဝန်ခံ၍ စွန်မဆိုတိုင်း ပြု၏။ ထိုအခါ ထိုနှစ်ခုကုန်သော စွန်တို့သည် ပေါင်းဖော်ခြင်းကိုပြု၍ ထိုအိုင်၌လျှင် တခုသောကျွန်းငယ်၌ ထိမ်ပင်သည် ရှိ၏။ ထက်ဝန်းကျင်မှ ရေဖြင့်ခြံရံအပ်သည် ဖြစ်၏။ ထိုထိမ်ပင်၌ အသိုက်ပြု၍ နေကုန်၏။
ထိုစွန်တို့အား နောက်အဘို့၌ နှစ်ခုကုန်သော စွန်ငယ်တို့သည် ဖွားကုန်၏။ ထိုစွန်ငယ်တို့အား အတောင်တို့သည် မရောက်မီလျှင် တနေ့သ၌ ဇနပုဒ်သားတို့သည် တနေ့ပတ်လုံး တော၌ လှည့်လည်သဖြင့် တစုံတခုကိုမရ၍ လက်ချည်းသက်သက်ဖြင့် အိမ်သို့ပြန်အံ့သောငှါ မတတ်ကောင်းကုန်၊ ငါးတို့ကို၎င်း, လိပ်တို့ကို၎င်း ဖမ်းအံ့ဟု အိုင်သို့သက်၍ ထိုကျွန်းငယ်သို့ရောက်လျှင် ထိုထိမ်ပင်ရင်း၌ အိပ်၍ မှက်, ခြင်အစရှိသည်တို့သည် ခဲကုန်သည်ဖြစ်၍ ထို မှက်, ခြင် အစရှိသည်တို့အား ပြေးစိမ့်သောငှါ ပွတ်တံ ပွတ်ကျေကို ဖွဲ့၍ မီးတို့ကို ဖြစ်စေသဖြင့် အခိုးကိုပြုကုန်၏။ မီးခိုးထသည်ရှိသော် စွန်တို့သည် မြည်ကုန်၏။ ဇနပုဒ်သားတို့သည် ထိုအသံကိုကြားကုန်၍ အချင်းတို့ ငှက်ငယ်တို့၏ အသံတည်း၊ ထကြကုန်လော့၊ မီးရှူးတို့ကို ဖွဲ့ကြကုန်လော့၊ ဆာမွတ်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်ကုန်၊ ငှက်သားကို စား၍ အိပ်အံ့ဟု ဆိုကုန်လျက် မီးကိုညှိသဖြင့် မီးရှူးတို့ကို ဖွဲ့ကုန်၏။ စွန်မသည် ထိုလူတို့၏ အသံကို ကြား၍ ဤလူတို့သည် ငါတို့သားငယ်တို့ကို စားလိုကုန်၏။ ငါတို့သည် ဤသို့သဘောရှိသော ဘေးကို ဖျောက်အံ့သောငှါ အဆွေခင်ပွန်းတို့ကို ဖွဲ့ကုန်၏။ လင်ကို ဝန်လိုငှက်မင်းအထံသို့ သွားစေအံ့ဟု ကြံ၍ အရှင်သွားချေ၊ ငါတို့သားငယ်တို့အား ဖြစ်သောဘေးကို ဝန်လိုငှက်မင်းအား ကြားချေဟု ဆိုလို၍-
ဒီပေ ပဇာ မမ ခါဒိတုံ ပတ္ထယန္တိ။
သဟာယမိတ္တေ ဝဒေဟိ သေနက၊
အာစိက္ခ ဉာတိဗျသနံ ဒိဇာနံ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၄၄။ သေနက၊ စွန်။ စိလာစာ၊ ဇနပုဒ်သား ဖြစ်ကုန်သော။ လုဒ္ဒါ၊ မုဆိုးတို့သည်။ ဥက္ကာ၊ မီးရှူးတို့ကို။ ဗန္ဓန္တိ၊ ဖွဲ့ကုန်၏။ ဒီပေ၊ ကျွန်းငယ်၌။ မမ၊ ငါ၏။ ပဇာ၊ သားငယ်တို့ကို။ ခါဒိတုံ၊ စားခြင်းငှါ။ ပတ္ထယန္တိ၊ တောင့်တကုန်၏။ သဟာယမိတ္တေ၊ အပေါင်းအဖော် အဆွေခင်ပွန်းတို့ကို။ ဝဒေဟိ၊ ဆိုချေလော့။ ဒိဇာနံ၊ ငှက်ဖြစ်ကုန်သော ငါတို့၏။ ဉာတိဗျသနံ၊ သားငယ်တို့၏ ပျက်စီးခြင်းကို။ အာစိက္ခ၊ ကြားချေလော့။
ထိုစွန်သည် လျင်မြန်စွာသော အဟုန်ဖြင့် ထိုဝန်လိုငှက်မင်းနေရာ အရပ်သို့သွား၍လျှင် မိမိလာသော အဖြစ်ကို သိစေ၍ ပြုအပ်သော အခွင့်ရှိသည်ဖြစ်၍ ချဉ်းကပ်သဖြင့် ရှိခိုး၍ အဘယ့်ကြောင့် လာသနည်းဟု မေးအပ်သည်ရှိသော် လာသောအကြောင်းကို ကြားလိုရကား -
ဥက္ကုသရာဇ သရဏံ တံ ဥပေမိ။
ပဇာ မမ ခါဒိတုံ ပတ်ထယန္တိ၊
လုဒ္ဒါ စိလာစာ ဘဝ မေ သုခါယ။
ဟူသော နှစ်မြောက်သော ဤဂါထာကို ဆို၏။
၄၅။ ပက္ခိမ၊ အတောင်ရှိသော။ ဥက္ကုသရာဇ၊ ဝန်လိုငှက်မင်း။ တွံ၊ သင်သည်။ ဒိဇာနံ၊ ငှက်တို့တွင်။ ပဝရော၊ မြတ်သော။ ဒိဇော၊ ငှက်သည်။ အသိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ တံ၊ သင်ငှက်မင်းကို။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ ဥပေမိ၊ ကပ်၏။ စိလာစာ၊ ဇနပုဒ်သား ဖြစ်ကုန်သော။ လုဒ္ဒါ၊ မုဆိုးတို့သည်။ မမ၊ ငါ၏။ ပဇာ၊ သားငယ်တို့ကို။ ခါဒိတုံ၊ စားခြင်းငှါ။ ပတ္ထယန္တိ၊ တောင့်တကုန်၏။ တွံ၊ သင်ငှက်မင်းသည်။ မေ၊ ငါ့အား။ သုခါယ၊ ချမ်းသာခြင်းငှါ။ ဘဝ၊ ဖြစ်ပါလော့။
ဝန်လိုငှက်မင်းသည် အဆွေစွန် သင်မကြောက်လင့်ဟု စွန်ကိုနှစ်သိမ့်စေလို၍-
ကာလေ အကာလေ သုခမေသမာနာ။
ကရောမိ တေ သေနက ဧတမတ္ထံ၊
အရိယော ဟိ အရိယဿ ကရောတိ ကိစ္စံ။
ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
၄၆။ သေနက၊ စွန်။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ကာလေ စ၊ နေ့အခါ၌၎င်း။ အကာလေ စ၊ ညဉ့်အခါ၌၎င်း။ သုခံ၊ ချမ်းသာကို။ ဧသမာနာ၊ ရှာကုန်လျက်။ မိတ္တဉ္စ၊ မိတ်ဖွဲ့ခြင်းကို၎င်း။ သဟာယဉ္စ၊ အပေါင်းအဖော် ဖွဲ့ခြင်းကို၎င်း။ ကရောန္တိ၊ ပြုကုန်၏။ တေ၊ သင်၏။ ဧတမတ္ထံ၊ ထိုကိစ္စကို။ အဟံ၊ ငါသည်။ ကရောမိ၊ ပြုအံ့။ ဟိ-သစ္စံ၊ မှန်၏။ အရိယော၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူသည်။ အရိယဿ၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူ၏။ ကိစ္စံ၊ ကိစ္စကို။ ကရောတိ၊ မချွတ်ပြုမြဲတည်း။
ထိုအခါ စွန်ကို အဆွေစွန် - ဇနပုဒ်သားတို့သည် သစ်ပင်ကို တက်ကုန်ပြီလောဟု မေး၏။ မတက်ကုန်သေး၊ မီးရှူးတို့ကိုသာလျှင် ညှိကုန်၏ဟု ဆို၏။ ထိုသို့တပြီးကား သင်သည် လျင်စွာသွား၍ ငါ၏ အဆွေခင်ပွန်းမကို နှစ်သိမ့်စေ၍ ငါလာသောအဖြစ်ကို ကြားချေလော့ဟု ဆို၏။ ထိုစွန်သည် ဝန်လိုငှက်မင်းဆိုတိုင်း ပြု၏။ ဝန်လိုငှက်မင်းသည်လည်း လာလတ်၍ ထိမ်ပင်အနီး၌ ဇနပုဒ်သားတို့၏ တက်ခြင်းကိုကြည့်လျက် တခုသော သစ်ပင်ဖျား၌ နား၍ တယောက်သော ဇနပုဒ်သားသည် တက်သောကာလ၌ စွန်သိုက်အနီးသို့ ထိုဇနပုဒ်သားတက်သည်ရှိသော် အိုင်၌ငုပ်၍ အတောင်တို့ဖြင့်၎င်း, နှုတ်သီးဖြင့်၎င်း ရေကိုဆောင်၍ မီးရှူးအထက်၌ လောင်း၏။ မီးရှူးသည် ငြိမ်း၏။ ဇနပုဒ်သားသည် ဤဝန်လိုငှက်ကို၎င်း, စွန်ငယ်တို့ကို၎င်း စားအံ့ဟု သက်၍ တဖန် မီးရှူးတို့ကိုညှိ၍ တက်၏။ တဖန် ထိုဝန်လိုငှက်သည် မီးရှူးတို့ကို ငြိမ်းစေ၏။ ဤသို့သောနည်းဖြင့် ညှိတိုင်း ညှိတိုင်းသော မီးရှူးကို ငြိမ်းစေစဉ်လျှင် သန်းခေါင်အခါ ဖြစ်၏။ ထိုဝန်လိုငှက်သည် အလွန်လျှင် ပင်ပန်း၏။ အောက်ဖြစ်သောဝမ်း၌ အမွေးသည် ပါးခြင်းသို့ ရောက်၏။ မျက်စိတို့သည် နီသည် ဖြစ်ကုန်၏။ ထိုဝန်လိုငှက်မင်းကို မြင်၍ စွန်မသည် လင်ကို အရှင်ဝန်လိုငှက်မင်းသည် အလွန်ပင်ပန်းသလျှင်ကတည်း၊ ထိုဝန်လိုငှက်မင်းအား အတန်ငယ် အပင်ပန်းဖြေစိမ့်သောငှါ သွား၍ လိပ်မင်းအား ဆိုချေလော့ဟု ဆို၏။ ထိုစွန်သည် စွန်မစကားကို ကြား၍ ဝန်လိုငှက်မင်းသို့ ကပ်၍-
အရိယဿ အရိယေန ကတံ တယိဒံ။
အတ္တာနုရက္ခီ ဘဝ မာ အဍယှိ။
လစ္ဆာမ ပုတ္တေ တယိ ဇီဝမာနေ။
ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။
၄၇။ အရိယဿ၊ မြတ်သောအကျင့်နှင့် ပြည့်စုံသော ငါ့အား။ ယံ ကိစ္စံ၊ အကြင် ကိစ္စသည်။ ဟောတိ၊ ဖြစ်၏။ ဣဒံ ကိစ္စံ၊ ဤကိစ္စကို။ အရိယေန၊ မြတ်သော အကျင့်နှင့်ပြည့်စုံသော။ တယာ၊ သင်သည်။ အနုကမ္ပကေန၊ အစဉ်သနားသဖြင့်။ ကတံ၊ ပြုအပ်ပြီ။ အတ္တာနုရက္ခီ၊ ကိုယ်ကိုစောင့်ရှောက်သည်။ ဘဝ၊ ဖြစ်လော့။ မာ အဍယှိ၊ မပင်ပန်းစေလင့်။ တယိ၊ သင်သည်။ ဇီဝမာနေ၊ အသက်ရှည်သည်ရှိသော်။ ပုတ္တေ၊ သားတို့ကို။ လစ္ဆာမ၊ ရကုန်အံ့။
ဝန်လိုငှက်မင်းသည် စွန်စကားကို ကြား၍ ခြင်္သေ့သံနှင့်တူသော အသံကိုကျူးရင့်လျက်-
သရီရဘေဒါပိ န သန္တသာမိ။
ကရောန္တိ ဟေကေ သခိနံ သခါရော၊
ပါဏံ စဇန္တာ သတာ နေသဓမ္မော။
ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။
၄၀။ တမေဝ ရက္ခာဝရဏံ၊ ထိုအစောင့် အရှောက်ကိုလျှင်။ ကရောန္တော၊ ပြုသော ငါသည်။ သရီရဘေဒါပိ၊ ကိုယ်ပျက်စီးသည် ရှိသော်လည်း။ န သန္တသာမိ၊ မပင်ပန်း။ ဟိ- သစ္စံ၊ မှန်၏။ ဧကေ၊ အချို့ကုန်သော။ သခါရော၊ အဆွေခင်ပွန်းတို့သည်။ ပါဏံ၊ အသက်ကို။ စဇန္တာ၊ စွန့်ကုန်လျက်။ သခီနံ၊ အဆွေခင်ပွန်းတို့၏။ ကိစ္စံ၊ ကိစ္စကို။ ကရောန္တိ၊ ပြုကုန်၏။ ဧသဓမျမော၊ ဤအကျင့်သည်။ သတာနံ၊ သူတော်ကောင်းတို့၏။ ဓမ္မော၊ အကျင့်တည်း။
သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထို ဝန်လိုငှက်မင်းကျေးဇူးကို ဆိုလိုသည်ဖြစ်၍-
အတ္ထာယ ကုရရော ပုတ္တေ၊ အဍ္ဎရတ္တေ အနာဂတေ။
ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။
၄၉။ အဏ္ဍဇာ၊ အဥမှဖြစ်သော။ အယံ ဝိဟင်္ဂမော ကုရရော၊ ဤဝန်လိုငှက်မင်းသည်။ သေနကဿ၊ စွန်၏။ ပုတ္တေ၊ သားငယ်တို့ကို။ ရက္ခန္တော၊ စောင့်လျက်။ တေသံ၊ ထိုသားငယ်တို့၏။ အတ္ထာယ၊ အကျိုးငှါ။ အဍ္ဎရတ္တေ၊ သန်းခေါင်အခါသည်။ အနာဂတေ၊ မရောက်မီ။ သုဒုက္ကရံ၊ အလွန်ခက်ခဲသော။ ကမ္မံ၊ အမှုကို။ အကာသိ၊ ပြု၏။
စွန်သည်လည်း ဝန်လိုငှက်မင်းကို အဆွေ အတန်ငယ် အပင်ပန်းဖြေဦးလော့ဟု ဆို၍ လိပ်၏အထံသို့ သွားပြီးလျှင် လိပ်ကို ထစေ၍ အဆွေ အဘယ့်ကြောင့် လာသနည်းဟု မေး၏။ ဤသို့သဘောရှိသော ဘေးသည် ဖြစ်၏။ ဝန်လို
ငှက်မင်းသည် ပဌမယာမ်မှစ၍ လုံ့လပြုလျက် ပင်ပန်းသည်၏ အဖြစ်ကြောင့် သင်၏ အထံသို့ လာ၏ဟု ဆိုလို၍-
မိတ္တာနုကမ္ပာယ ပတိဋ္ဌဟန္တိ။
ပုတ္တာ မမဋ္ဋာ ဂတိမာ ဂတောသ္မိ၊
အတ္ထံ စရေထ မမ ဝါရိစရ။
ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၅၀။ ဝါရိစရ၊ အဆွေလိပ်။ ဧကေ၊ အချို့ကုန်သောသူတို့သည်။ စုတာပိ၊ အခြံအရံ စည်းစိမ်ဥစ္စာမှ ရွေ့သည်ရှိသော်၎င်း။ သကမ္မုနာ၊ မိမိအမှုမှ။ ခလိတာပိ၊ ချော်ချွတ်သော်၎င်း။ မိတ္တာနုကမ္ပာယ၊ အဆွေခင်ပွန်းတို့အား သနားခြင်း၌။ ပတိဋ္ဌဟန္တိ၊ တည်ကုန်၏။ မမ၊ ငါ၏။ ပုတ္တာ၊ သားတို့သည်။ အဋ္ဋာ၊ ကျင်နာကုန်သည်ဖြစ်၍။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ဂတိံ၊ ကိုးကွယ်ခြင်းကို။ ကတွာ၊ ပြု၍။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ မမ၊ ငါ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ စရေထ၊ ကျင့်ကုန်လော့။
ထိုစကားကို ကြား၍ လိပ်သည်-
မိတ္တံ သဟာယဉ္စ ကရောန္တိ ပဏ္ဍိတာ။
ကရောမိ တေ သေနက ဧတမတ္ထံ၊
အရိယော ဟိ အရိယဿ ကရောတိ ကိစ္စံ။
ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၅၁။ သေနက၊ အဆွေစွန်။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဓနေနစ၊ ဥစ္စာဖြင့်၎င်း။ ဓညေန စ၊ စပါးဖြင့်၎င်း။ အတ္တနာ စ၊ ကိုယ်ဖြင့်၎င်း။ မိတ္တဉ္စ၊ အဆွေခင်ပွန်းဖွဲ့ခြင်းကို၎င်း။ သဟာယဉ္စ၊ အပေါင်းအဖော်ဖွဲ့ခြင်းကို၎င်း။ ကရောန္တိ၊ ပြုကုန်၏။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ဧတမတ္ထံ၊ ထိုကိစ္စကို။ ကရောမိ၊ ပြုအံ့။ ဟိ-သစ္စံ၊ မှန်၏။ အရိယော၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူသည်။ အရိယဿ၊ မြတ်သောအကျင့်နှင့် ပြည့်စုံသောသူ၏။ ကိစ္စံ၊ ကိစ္စကို။ ကရောတိ၊ ပြု၏။
ထိုအခါ ထိုလိပ်၏သားသည် အနီး၌ဝပ်လျက် အဖစကားကိုကြား၍ ငါ့အဖသည် မပင်ပန်းစေသတည်း၊ ငါသည် အဖကိစ္စကို ပြုအံ့ဟုကြံ၍-
ပုတ္တော ပိတု စရတိ အတ္ထစရိယံ။
အဟံ စရိဿာမိ တဝေတမတ္ထံ၊
သေနဿ ပုတ္တေ ပရိတာယမာနော။
ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။
၅၂။ တာတ၊ ဖခင်။ တုဝံ၊ သင်ဖခင်သည်။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့။ နိသီဒ၊ နေလော့။ ပုတ္တော၊ သားသည်။ ပိတု၊ အဖ၏။ အတ္ထစရိယံ၊ အကျိုးကို ကျင့်ခြင်းကို။ စရတိ၊ ကျင့်၏။ အဟံ၊ အကျွန်ုပ်သည်။ သေနဿ၊ စွန်၏။ ပုတ္တေ၊ သားတို့ကို။ ပရိတာယမာနော၊ ကယ်တင်လျက်။ တဝ၊ သင်ဖခင်၏။ ဧတံမတ္ထံ၊ ထိုကိစ္စကို။ စရိဿာမိ၊ ကျင့်အံ့။
ထိုအခါ သားကို အဖလိပ်သည်-
ပုတ္တော ပိတူနံ စရေ အတ္ထစရိယံ။
အပ္ပေဝ မံ ဒိသွာ ပဝဍ္ဎကာယံ၊
သေနဿ ပုတ္တာနိ နိဟေဌယေယျုံ။
ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။
၅၃။ တာတ၊ ချစ်သား။ အဒ္ဓါ ဟိ၊ စင်စစ်လျှင်။ ပုတ္တော၊ သားသည်။ ပိတူနံ၊ အဖတို့၏။ အတ္ထစရိယံ၊ အကျိုးကို ကျင့်ခြင်းကို။ စရေ၊ ကျင့်ရာ၏။ ဧသ၊ ဤသို့ကျင့်ခြင်းသည်။ သတာနံ၊ သူတော်ကောင်းတို့၏။ ဓမ္မော၊ အကျင့်တည်း။ ပဝဍ္ဎကာယံ၊ ကြီးသော ကိုယ်ရှိသော။ မံ၊ ငါ့ကို။ ဒိသွာ၊ မြင်၍။ သေနဿ၊ စွန်၏။ ပုတ္တာနိ၊ သားငယ်တို့ကို။ စိလာစာ၊ ဇနပုဒ်သားတို့သည်။ အပ္ပေဝနာမ နိဟေဌယေယျုံ၊ လွှတ်ကုန်ငြားအံ့လည်း မသိ။
ဤသို့ဆို၍ လိပ်ကြီးသည် အဆွေစွန် မကြောက်လင့်၊ သင်သည် ရှေ့မှ သွားလော့၊ ယခုပင် ငါလာအံ့ဟု ထိုစွန်ကို လွှတ်လိုက်ပြီးလျှင် ရေ၌လူး၍ ညွန်ကို၎င်း, မှော်ကို၎င်း ငင်သဖြင့်ယူ၍ ကျွန်းငယ်သို့ သွားပြီးလျှင် မီးကိုငြိမ်းစေ၍ ဝပ်၏။ ဇနပုဒ်သားတို့သည် ငါတို့အား စွန်ငယ်တို့ဖြင့် အဘယ်ပြုအံ့နည်း၊ ဤ ကာဠလိပ်ကိုလှိမ့်၍ သတ်ကုန်အံ့၊ ဤလိပ်သည် အလုံးစုံသောငါတို့အား လောက်လတ္တံ့ဟု နွယ်တို့ကိုနုတ်၍ နွယ်စွန်းတို့ကိုကိုင်၍ ဝတ်သော ပုဆိုးနွမ်းတို့ဖြင့် ရစ်၍ ထိုထိုအရပ်တို့၌ ဖွဲ့၍ လိပ်ကို လှိမ့်စိမ့်သောငှါ မတတ်နိုင်ကုန်၊ လိပ်သည် ထိုဇနပုဒ်သားတို့ကို ငင်လျက် ရေနက်ရာအရပ်၌ ချ၏။ ထိုဇနပုဒ်သားတို့သည်လည်း လိပ်၌ လောဘနှင့်တကွလျင် ကျ၍ ရေဖြင့်ပြည့်သောဝမ်းဖြင့် ပင်ပန်းလျက်ထွက်၍ အချင်းတို့ တခုသော ဝန်လိုငှက်သည် သန်းခေါင်အခါတိုင်အောင် ငါတို့၏ မီးရှူးတို့ကို ငြိမ်းစေကုန်၏။ ယခုအခါ၌လည်း ဤလိပ်သည် ရေ၌ချ၍ ရေကို သောက်စေသဖြင့် ဝမ်းရောင်သည်တို့ကို ပြုအပ်ပြီ၊ တဖန် မီးကိုညှိ၍ အရုဏ်တက်သည်ရှိသော် ဤစွန်ငယ်တို့ကို စားအံ့ဟု မီးညှိအံ့သောငှါ အားထုတ်ကုန်၏။ စွန်မသည် ထိုဇနပုဒ်သားတို့၏ စကားကိုကြား၍ အရှင်ဤဇနပုဒ်သားတို့သည် အမှတ်မရှိသောကာလ၌ ငါတို့၏ သားငယ်တို့ကိုစား၍ သွားကုန်လတ္တံ့၊ ငါတို့ အဆွေခင်ပွန်းဖြစ်သော ခြင်္သေ့မင်းအထံသို့ သွားချေလော့ဟု ဆို၏။ ထိုစွန်သည် ထိုခဏ၌လျှင် ခြင်္သေ့မင်းအထံသို့ သွား၍ အခါမဟုတ်သည်၌ အဘယ့်ကြောင့် လာသနည်းဟု မေးလျှင် အစမှစ၍ ထိုအကြောင်းကို ကြားလိုရကား-
ဘယဋ္ဋိတာ သေဋ္ဌ မုပဗ္ဗဇန္တိ။
ပုတ္တာ မမဋ္ဋာ ဂတိမာ ဂတောသ္မိ၊
တွံ နောသိ ရာဇာ ဘဝ မေ သုခါယ။
ဟူသော တဆယ့်တခုမြောက်သော ဤဂါထာကို ဆို၏။
၅၄။ မိဂဝီရသဋ္ဌ၊ သားတကာတို့ထက် ဝီရိယဖြင့်မြတ်သော။ သီဟရာဇာ၊ ခြင်္သေ့မင်း။ ပသူ စ၊ သားတို့သည်၎င်း။ မနုဿာ စ၊ လူတို့သည်၎င်း။ ဘယဋ္ဋိတာ၊ ဘေးနှိပ်စက်အပ်ကုန်သည်ရှိသော်။ သေဋ္ဌံ၊ မြတ်သောသူသို့။ ဥပဗ္ဗဇန္တိ၊ ကပ်ကုန်၏။ မမ၊ အကျွန်ုပ်၏။ ပုတ္တာ၊ သားတို့သည်။ အဋ္ဋာ၊ ကျင်နာကုန်သည်ဖြစ်၍။ တံ၊ သင့်ကို။ ဂတိံ၊ ကိုးကွယ်ရာကို။ ကတွာ၊ ပြု၍။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ တွံ၊ သင်သည်။ နော၊ အကျွန်ုပ်တို့၏။ ရာဇာ၊ မင်းသည်။ အသိ၊ ဖြစ်၏။ တွံ၊ သင်သည်။ မေ၊ အကျွန်ုပ်အား။ သုခါယ၊ ချမ်းသာခြင်းငှါ။ ဘဝ၊ ဖြစ်ပါလော့။
ထိုစကားကို ကြား၍ ခြင်္သေ့မင်းသည်-
အာယာမ တေ တံ ဒိသတံ ဝဓာယ။
ကထံ ဟိ ဝိညူ ပဟု သမ္ပဇာနော။
န ဝါယမေ အတ္တဇနဿ ဂုတ္တိယာ။
ဟူသော ဤဂါထာကို ဆို၏။
၅၅။ သေနက၊ စွန်။ တေ၊ သင်၏။ ဧတမတ္ထံ၊ ထိုကိစ္စကို။ အဟံ၊ ငါသည်။ ကရောမိ၊ ပြုအံ့။ တေ၊ သင်၏။ တံ ဒိသတံ၊ ထိုရန်အပေါင်းကို။ ဝဓာယ၊ သတ်ခြင်းငှါ။ အာယာမ၊ သွားကုန်အံ့။ ပဟု၊ ရန်သူတို့ကို သတ်ခြင်းငှါ စွမ်းနိုင်သော။ သမ္ပဇာနော၊ မိမိအဆွေခင်ပွန်းအား ဘေးဖြစ်ခြင်းကိုသိသော။ ဝိညူ၊ ပညာရှိသောသူသည်။ အတ္တဇနဿ၊ အဆွေခင်ပွန်းအား။ ဂုတ္တိယာ၊ စောင့်ရှောက်ခြင်းငှါ။ ကထံ ဟိ န ဝါယမေ၊ အဘယ့်ကြောင့် လုံ့လမပြုဘဲ ရှိအံ့နည်း။
ဤသို့ဆို၍ သွားလော့၊ သင်သည် သားငယ်တို့ကို နှစ်သိမ့်စေလော့ဟု စွန်ကို လွှတ်လိုက်ပြီးလျှင် ပတ္တမြားညိုအဆင်းနှင့်တူသော ရေကိုနင်းလျက် သွား၏။ ဇနပုဒ်သားတို့သည် ခြင်္သေ့မင်း လာသည်ကိုမြင်၍ ရှေးဦးစွာ ဝန်လိုငှက်သည် ငါတို့၏ မီးရှူးတို့ကို ငြိမ်းစေအပ်ပြီ၊ ထို အတူ လိပ်သည် ငါတို့ဝတ်သော ပုဆိုးနွမ်းတို့၏လည်း အရှင်မရှိသည်တို့ကို ပြုအပ်ပြီ၊ ယခုအခါ၌ကား ပျက်စီးကုန်ပြီ၊ ခြင်္သေ့သည် ငါတို့အား အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့ဟု သေဘေးဖြင့် ထိတ်လန့်ကုန်သည်ဖြစ်၍ ဟုတ်ဟုတ်ငြားငြားအားဖြင့် ပြေးကုန်၏။ ခြင်္သေ့မင်းသည် လာလတ်၍ သစ်ပင်ရင်း၌ တစုံတခုကို မမြင်၊ ထိုအခါ ခြင်္သေ့ကို ဝန်လိုငှက်သည်၎င်း, လိပ်သည်၎င်း စွန်သည်၎င်း ကပ်ကုန်၍ ရှိခိုးကုန်၏။ ခြင်္သေ့မင်းသည် ထိုဝန်လိုငှက် လိပ်, စွန်တို့အား အဆွေခင်ပွန်း၏ အကျိုးဆက်ကိုဆို၍ ဤနေ့မှစ၍ အဆွေခင်ပွန်း၏သဘောကို မဖျက်မူ၍ မမေ့မလျော့ ဖြစ်ကြကုန်လော့ဟု ဆုံးမ၍ ဖဲ၏။ ဝန်လိုငှက် လိပ် စွန်တို့သည်လည်း နေရာအရပ်တို့သို့ ပြန်ကုန်၏။ စွန်မသည် မိမိသားငယ်တို့ကို ကြည့်၍ အဆွေခင်ပွန်းတို့ကိုမှီ၍ ငါတို့သည် သားတို့ကို ရအပ်ကုန်ပြီဟု ချမ်းသာစွာ နေသောအခါ၌ စွန်နှင့်တကွ စကားပြောလျက် အဆွေခင်ပွန်း၏ ကျေးဇူးအကျင့်ကို ပြလိုရကား-
အယျိရဉ္စ ကယိရာထ သုခါဂမာယ။
နိဝတ္ထကောစောဝ သရေ ဘိဟန္တွာ၊
မောဒါမ ပုတ္တေဟိ သမင်္ဂိဘူတာ။
ကူဇန္တ မုပကူဇန္တိ၊ လောမသာ ဟဒယင်္ဂမံ။
သော ဘုဉ္ဇတိ ပုတ္တ ပသုံ ဓနံ ဝါ။
အဟဉ္စ ပုတ္တာ စ ပတီ စ မယှံ၊
မိတ္တာနုကမ္ပာယ သမင်္ဂိဘူတာ။
သမ္ပန္နသခိဿ ဘဝန္တိ ဟေတေ။
သော မိတ္တဝါ ယသဝါ ဥဂ္ဂတတ္ထော၊
အသ္မိံဓ လောကေ မောဒတိ ကာမကာမီ။
ပဿ မိတ္တာနုကမ္ပာယ၊ သမဂ္ဂမှ သဉာတကေ။
ဧဝံ သော သုခိတော ဟောတိ၊ ယာ တံ တွဉ္စ သေနက။
ဟူသော ဤခြောက်ဂါတို့ကို ဆို၏။
၅၆။ သေနက၊ စွန်။ သုခါဂမာယ၊ ချမ်းသာရခြင်းငှါ။ မိတ္တဉ္စ၊ မိတ်ဖွဲ့ခြင်းကို၎င်း။ သုဟဒယဉ္စ၊ နှလုံးအကျွမ်းဝင်သော အပေါင်းအဖော် ဖွဲ့ခြင်းကို၎င်း။ ကယိရာထ၊ ပြုရာ၏။ အယျိရဉ္စ၊ အရှင်ရှိသည်ကို၎င်း။ ကယိရာထ၊ ပြုရာ၏။ နိဝတ္ထကောစော၊ ချပ်မိန်ညိုဝတ်ကုန်သော သူတို့သည်။ သရေ၊ မြှားတို့ကို။ အဘိဟန္တွာ၊ နှိပ်နင်း၍။ မောဒန္တိ ဣဝ၊ ဝမ်းမြောက်ကုန်သကဲ့သို့။ မယံ၊ ငါတို့သည်။ ပုတ္တေဟိ၊ သားတို့နှင့်။ သမင်္ဂိဘူတာ၊ တကွ နေရကုန်သည်ဖြစ်၍။ မောဒါမ၊ ဝမ်းမြောက်ရကုန်၏။
၅၇။ သေနက၊ စွန်။ သကံမိတ္တဿ၊ မိမိအဆွေခင်ပွန်းဖြစ်သော။ အပလာယိနော၊ မပြေးမဆုတ်သော။ သဟာယဿ၊ အဆွေခင်ပွန်း၏။ ကမ္မေန၊ အမှုကြောင့်။ ကူဇန္တံ၊ မြည်သော။ တွံ၊ သင့်ကို။ လောမသာ၊ သားငှက်တို့သည်။ ဟဒယင်္ဂမံ၊ နှလုံးသို့ဝင်သော အသံကို။ နိစ္ဆာရေတွာ၊ မြွက်၍။ ဥပကူဇန္တိ၊ အတုမြည်ကုန်၏။
၅၈။ သေနက၊ စွန်။ ပဏ္ဍိတော၊ ပညာရှိသည်။ မိတ္တသဟာယံ၊ အဆွေခင်ပွန်း အပေါင်း အဖော်ကို။ အဓိဂမ္မ၊ ရ၍။ ပုတ္တံ ဝါ၊ သားကို၎င်း။ ပသုံ ဝါ၊ အခြေလေးချောင်းရှိသော အမျိုးကို၎င်း။ ဓနံ ဝါ၊ ဥစ္စာကို၎င်း။ လဘိတွာ၊ ရ၍။ ဘုဉ္ဇတိ၊ သုံးဆောင်ခံစားရ၏။ အဟဉ္စ၊ ငါသည်၎င်း။ ပုတ္တာ စ၊ သားတို့သည်၎င်း။ မယှံ၊ ငါ၏။ ပတိံ စ၊ လင်သည်၎င်း။ မိတ္တာနုကမ္ပာယ၊ အဆွေခင်ပွန်းတို့၏ သနားခြင်းကြောင့်။ သမင်္ဂီဘူတာ၊ အတူတကွ နေရကုန်၏။
၅၉။ ကာမကာမီ၊ ကာမတို့ဖြင့် တပ်စွန်းစေတတ်သော စွန်။ ရာဇဝတာ၊ မင်းဟူသော အဆွေခင်ပွန်းရှိသော သူသည်၎င်း။ သူရဝတာ စ၊ ရဲရင့်သော အဆွေခင်ပွန်းရှိသော သူသည်၎င်း။ အတ္ထော၊ အကျိုးကို။ ပါပုဏိတုံ၊ ပြည့်စုံစေခြင်းငှါ။ သက္ကာ၊ တတ်ကောင်း၏။ ဧတေ၊ ထိုသူတို့သည်။ သမ္ပန္နသခိဿ၊ အဆွေ ခင်ပွန်း၏အကျင့်နှင့် ပြည့်စုံသောသူအား။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣဓ လောကေ၊ ဤမျက်မြင်လောကဟု ဆိုအပ်သော။ အသ္မိံ လောကေ၊ ဤပစ္စုပ္ပန်လောက၌။ မိတ္တဝါ၊ အဆွေခင်ပွန်းရှိသည်လည်း ဖြစ်သော။ ယသ ဝါ၊ အခြံအရံရှိသည်လည်း ဖြစ်သော။ ဥဂ္ဂတတ္ထော၊ အသရေ တင့်တယ်ခြင်း အစုဖြင့် တက်သော သဘောရှိသော။ သော၊ ထိုသူသည်။ မောဒတိ၊ မွေ့လျော်ရ၏။
၆၀။ သေနက၊ စွန်။ ဒလိဒ္ဒေနာပိ၊ သူဆင်းရဲသည်လည်း။ မိတ္တာနိ၊ အဆွေခင်ပွန်းတို့ကို။ ကရဏီယာနိ၊ ပြုအပ်ကုန်၏။ ပဿ၊ ရှုလော။ မိတ္တာနုကမ္ပာယ၊ အဆွေခင်ပွန်းတို့၏ သနားခြင်းကြောင့်။ မယံ၊ ငါတို့သည်။ သဉာတကေ၊ သားတို့နှင့်တကွ။ သမဂ္ဂါ၊ ညီညွတ်ကုန်သည်။ အမှ၊ ဖြစ်ကုန်၏။
၆၁။ သေနက၊ စွန်။ အဟဉ္စ၊ ငါသည်၎င်း။ တွဉ္စ၊ သင်သည်၎င်း။ သုခိတော ယထာ၊ ချမ်းသာသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ယော ဒိဇော၊ အကြင်ငှက်သည်။ သူရေန၊ ရဲရင့်သော။ ဗလဝန္တေန၊ အားရှိသောသူနှင့်။ မိတ္တံ၊ အဆွေခင်ပွန်းကို။ ကုရုတေ၊ ပြု၏။ သော ဒိဇော၊ ထိုငှက်သည်။ သုခီ၊ ချမ်းသာသည်။ ဟောတိ၊ ဖြစ်၏။
ဤသို့လျှင် ထိုစွန်မသည် ခြောက်ဂါထာတို့ဖြင့် အဆွေခင်ပွန်း၌ ကျင့်ခြင်း၏ ကျေးဇူးစကားကို ဆို၏။ အလုံးစုံလည်း ဖြစ်ကုန်သော ထိုအဆွေခင်ပွန်းတို့သည် အဆွေခင်ပွန်း၏ သဘောကို မဖျက်မူ၍ အသက်ထက်ဆုံး တည်သဖြင့် ကံအားလျော်စွာ လားကုန်၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် ထိုမိတ္တဗန္ဓက သီတင်းသည်သည် မယားကိုမှီ၍ ချမ်းသာခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါ လင်မယားတို့သည် ထိုအခါ စွန်ဖို စွန်မ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားလိပ်ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ မဟာမောဂ္ဂလာန်သည် ထိုအခါ အဖလိပ်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဝန်လိုငှက် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခြင်္သေ့မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
မိတ်ကောင်းရှိမှ၊ ဘေးဘယ၊ မုချ လွတ်မည်သာ
သုံးခုမြောက်သော မဟာဥက္ကုသဇာတ်သည် ပြီး၏။
*****