စစ်ထိုးနေကြသည်။ မဟာဆွေက “လက်ဝဲသုန္ဒရ” ဝတ္ထုကို ရေးပြီး သူရိယ ရုပ်စုံ မဂ္ဂဇင်းမှာ ထည့်သည်။ လူတို့သည် လက်ဝဲကို အဘယ်မျှ စိတ်ဝင်စားနေကြသနည်း။ လက်ဝဲသုန္ဒရ အဖြစ်နှင့် သရုပ်ဆောင်သော တင်မောင်သည် အဘယ်မှာ မကျော်စောဘဲ ရှိချိမ့်မည်နည်း။
ဦးဖိုးစိန်သည် ဇာတ်စင်ပေါ်သို့ ယိမ်းကို စတင်၍ တင်ပေးခဲ့သည်။ ညီညီညာညာ ယိမ်းနွဲ့နေသော မင်းသမီးကလေးများ ကို ကြည့်ရသည်မှာ လွန်စွာ အရသာ ရှိလှပေသည်။ ရှေးအခါက ဇာတ်စင်ပေါ်တွင် မင်းသမီးများများ မမြင်ဘူးဘဲ ယခုမှ မြင်ရသည်မှာ လွန်စွာ ကျေနပ်ဖွယ် ကောင်းလှပေသည်။ တင်မောင်လည်း ကြိုက်သည်။ ဦးဖိုးစိန်၏ ထွင်ဥာဏ်ကိုလည်း လွန်စွာ ခြီးကျူးသည်။ သို့ရာတွင် ရိုးရိုး လှပစွာ ယိမ်းနေသည်ထက် အဓိပ္ပါယ်ဆောင်၍ လှပစွာ ယိမ်းနွဲ့ခြင်းက ပိုမကောင်းပေဘူးလားဟု တဆင့် တက်ကြည့်သည်။ သူ၏ ဗန္ဓုလယိမ်း၊ ကောက်စိုက်မ ယိမ်း၊ ရဲတပ်ဗိုလ် ယိမ်းတို့မှာ ဗမာ့လွတ်လပ်ရေး၏ ရှေ့ပြေး နိမိတ်များပင် ဖြစ်လာခဲ့လေသည်။
ပွဲကြည့်ပရိသတ်များသည် ယိမ်းကို အတော်ပင်နှစ်သက်နေကြသည်။ ဆန်းသစ်သည့် ယိမ်းကို ဝေဖန် ခြီးကျူး ဂုဏ်ထူးပြုကြသည်။ ဇာတ်အဖွဲ့တိုင်းမှာ အသီးသီး ကိုယ်ပိုင်ယိမ်းများ တီထွင်လာကြသည်။ ဇာတ်သဘင်များ၏ ယိမ်းခေတ်ဟု ဆိုရ လောက်အောင်ပင် ယိမ်းများ ခေတ်စားနေစဉ်၊ တင်မောင်သည် သူ၏ဇာတ်ခုံပေါ်မှယိမ်းကို ရုတ်တရက် ရုပ်သိမ်းပစ်လိုက်လေ