ကိုယ်ပိုင် ဇာတ်လမ်း ဇာတ်ကွက် စီစဉ်၍ ကပြခြင်း မရှိကြချေ။ ရှေးက ရှိနှင့်ပြီး ဇာတ်ထုပ်များထဲမှ မိမိတို့၏ အသံနှင့် ဟန်နှင့် ကိုက်ညီသော ဇာတ်လမ်း၊ ဇာတ်ကွက်များကိုသာ မိရိုးဖလာအတိုင်း ကပြနေကြသည်။ ဦးဖိုးစိန်နှင့် တထေရာတည်းဘဲဟေ့၊ ဦးစိန်ကတုံး အတိုင်းဘဲဟေ့ဟု ဥပမာပေး ခံရလျင်ပင် အကောင်းဆုံးသော ခြီးကျူးခြင်း အနေဖြင့် ကျေနပ် နေကြရသည်။ ဤတွင် တင်မောင်က မင်းသားကောင်းထဲမှ ထူးချွန်သွားလေသည်။ သူသည် ရှေးမူကို စံတင်ပြီး လက်ဝဲကို ပွဲထုတ်သည်။
တင်မောင် လက်ဝဲသုန္ဒရကို စီစဉ်သော အချိန်က မြန်မာနိုင်ငံတွင် စာပေစိတ် မြင့်တက်နေသော အချိန် ဖြစ်သည်။ ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်သည် ရန်ကုန်တက္ကသိုလ်မှနေပြီး မြန်မာစာကို မြှင့်တင်နေသည်။ ပုဂံ ဝန်ထောက် ဦးတင်၊ အဝေးရောက် ဦးအောင်ကြီး၊ မှော်ဘီ ဆရာသိန်း၊ ဆရာပွါး၊ သခင် ကိုယ်တော်မှိုင်း စသော ပညာရှင်ကြီးများလည်း မြန်မာစာပေကို ဝိုင်း၍ မြေတောင်မြှောက်နေကြသည်။ လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေ ရတုမှာ စာပေ ဝါသနာပါသူတို့ လောကတွင် ခေတ်စားနေချိန် ဖြစ်သည်။
ဤတွင် အဝေးရောက်မင်း ဦးအောင်ကြီးက မဲဇာတောင်ခြေ ဋီကာကို ရေးသည်။ အရေးပိုင် ဦးကျော်ထွန်းနှင့် ဟံသာဝတီ ဦးဘရင်တို့က တိုးတက်ရေး မဂ္ဂဇင်းမှ နေပြီး “ရထားယဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါ မထွန်း၊ ချမ်းရှာလွန်း၍” ဟူသော အပိုဒ်၌ “နေက ချမ်းသည်၊ လူက ချမ်းသည်” ဟု အကြီးအကျယ်