စိတ္တဂဟပတိဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၅-ဗာလဝဂ်။ ၁၄-စိတ္တဂဟပတိဝတ္ထု
၇၃။ အသန္တံ ဘာဝနမိစ္ဆေယျ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု ဣဿရိယံ၊ ပူဇာ ပရကုလေသု စ။
၇၄။ မမေဝ ကတ မညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေဝာတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာမာနော စ ဝဍ္ဎတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မစ္ဆိကာသဏ္ဍမြို့တွင် ပဉ္စဝဂ္ဂီအပါအဝင် မဟာနာမ်၏ တရားဖြင့် သောတာပန်၊ ရှင်သာရိပုတ္တရာ၏ တရားဖြင့် အနာဂါမ်ဖြစ်သော စိတ္တသူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ဗာလော၊ မလိမ္မာသော။ ယော ဘိက္ခု၊ အကြင်ရဟန်းသည်။ အသန္တံ၊ ထင်ရှားမရှိသော။ ဘာဝနံ၊ ချီးမွမ်းခြင်းကိုလည်းကောင်း။ ဘိက္ခုသု၊ ရဟန်းတို့၌။ ပုရေက္ခာရဉ္စ၊ ရွှေသွားခေါင်းဆောင်အဖြစ်ကိုလည်းကောင်း။ အာဝါသေသု စ၊ သံဃိကကျောင်းနေရာတို့၌လည်းကောင်း။ ဣဿရိယံ၊ အစိုးရခြင်းကိုလည်းကောင်း။ ပရကုလေသု စ၊ ဆွေမျိုးမဟုတ်သော ဒါယကာတို့၌လည်း။ စတူဟိ ပစ္စယေဟိ၊ ပစ္စည်းလေးပါးတို့ဖြင့်။ ပူဇံ၊ ပူဇော်ခြင်းကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။
ဂိဟီ စ၊ လူတို့သည်လည်းကောင်း။ ပဗ္ဗဇိတာ စ၊ ရှင်ရဟန်းတို့သည်လည်းကောင်း။ ဥဘော၊ နှစ်ဦးတို့သည်။ မမေဝ၊ ငါ့ကိုသာလျှင်။ နိဿာယ၊ အမှီပြု၍။ ကတံ၊ ပြုလုပ်သော အမှုတည်း။ မညန္တု၊ မှတ်ထင်စေကုန်သတည်း။ ကိသ္မိစိ၊ တစုံတခုသော။ ကိစ္စာကိစ္စေသု၊ အမှုကြီးငယ်တို့၌။ မမေဝ၊ ငါ့ကိုသာလျှင်။ အတိဝသာ၊ အလိုသို့ လိုက်ကုန်သည်။ အဿု၊ ဖြစ်စေကုန်သတည်း။ ဣတိ၊ ဤသို့။ ဗာလဿ၊ မိုက်သော ရဟန်းအား။ သင်္ကပ္ပေါ စ၊ အကြံအစည်သည်လည်းကောင်း။ ဣစ္ဆာ စ၊ အလိုသည်လည်းကောင်း။ မာနော စ၊ မာန်မာနသည်လည်းကောင်း။ ဝဍ္ဎတိ၊ တိုးပွား၏။
စကားပြေ
မိုက်သောရဟန်းသည် မိမိ၌ ထင်ရှားမရှိသော သဒ္ဓါသီလစသော ဂုဏ်တို့ဖြင့် ချီးမွမ်းခြင်းကိုလည်းကောင်း၊ သံဃာပေါင်းတွင် မိမိဦးစီးခေါင်းဆောင်အဖြစ်ကိုလည်းကောင်း၊ ကျောင်းနေရာတို့၌ နေရာချထားရန် အစိုးရခြင်းကိုလည်းကောင်း၊ ဒါယကာဘို့၏ ပစ္စည်းလေးပါးတို့ဖြင့် ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။
ရဟန်းရှင်လူတို့သည် အမှုကိစ္စမှန်သမျှ ငါ့ကြောင့် ပြီးစီးသည်ဟု မှတ်ထင်စေလိုသည့်အပြင် ပြုလုပ်သော ကိစ္စကြီးငယ်တို့သည် ငါ့အလိုတိုင်းသာ ဖြစ်စေရမည်ဟု ဖြစ်သော ရဟန်းအား မကောင်းသော အကြံ၊ အလို၊ မာန်မာနများ တိုးပွား၍ ဝိပဿနာမဂ်ဖိုလ်တို့ မတိုးပွားနိုင်။
အသန္တံ၊ ထင်ရှားမရှိသော သဒ္ဓါ၊ သီလ၊ သုတ၊ ပဋိဝိဒ္ဓ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ရ၏။
ဣစ္ဆာ၊ ခြောက်ဒွါရ၌ ဖြစ်သော တဏှာ ရ၏။
မာနော၊ ခြောက်ဒွါရ၌ ဖြစ်သော ကိုးပါးသော မာန် ရှိ၏။
သတိပြုဖွယ်၊ ရဟန်းမည်သည် ငါ့ကျောင်း၊ ငါ့နေရာ၊ ငါ့ဒါယကာ၊ ငါ့ဒါယိကာမ ဟု မာနထောင်မှု၊ ငြူစူမှု မပြုသင့်။ ပြုလျှင် ဣဿာ၊ မာနစသော ကိလေသာများ တိုးပွားသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၂၈)။
စိတ္တသူကြွယ်၊ အနာဂါမ် စိတ္တသူကြွယ်လောင်း သားမုဆိုးသည် ဘုရားရှင်လက်ထက်၌ ဆုတောင်းပြီး ပန်းနှင့် ဆွမ်းဟင်းလှူခဲ့မှုကြောင့် ပန်းမိုးရွာခြင်း၊ လက်ဆောင်များ ရခြင်းစသော အကျိုးရသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၃၂)။
ပါဠိသဒ္ဒါခက်ဆစ်
ပုရေက္ခာရဉ္စ = ပုရေ ကရောတီတိ ပုရေက္ခာ။ ပုရ + ကရ် + ဏ။
ပရကုလေသု = ပရံ ကုလံ ပရကုလံ။ ပရ + ကုလ။
ဣဿရိယံ = ဣဿရာနံ ဣဒံ ဣဿရိယံ။ ဣဿရ + ဣယ။
အတိဝသာ = ဝသံ အတိ အတိဝသံ။ အတိ + ဝသံ + ဝသ။
ကိစ္စာကိစ္စေသု = ကိစ္စဉ္စ အကိစ္စဉ္စ ကိစ္စာကိစ္စံ။ ကိစ္စ + အကိစ္စ။
စိတ္တဂဟပတိဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၅-ဗာလဝဂ်
၁၄-စိတ္တဂဟပတိဝတ္ထုပါဠိဂါထာ
အာဝါသေသု ဣဿရိယံ, ပူဇာ ပရကုလေသု စ။
(ယော ဗာလော၊ အကြင်ရဟန်းမိုက်သည်။) အသန္တံ၊ မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို။ ဘာဝနံ၊ ချီးမွမ်းခြင်းကိုလည်းကောင်း။ ဘိက္ခူသု၊ ရဟန်းတို့၌။ ပုရေက္ခာရဉ္စ၊ မိမိကို ရှေ့၌ပြုမည့် အခြံ အရံရဟန်းကိုလည်းကောင်း။ ဝါ၊ မိမိကို ရှေ့၌ပြုခြင်း (ထားခြင်း) ကိုလည်းကောင်း။ အာဝါသေသု၊ သံဃိကကျောင်းတို့၌။ ဣဿရိယံ စ၊ အစိုးရသူ၏အဖြစ်ကိုလည်းကောင်း။ ပရကုလေသု၊ မိဘ ဆွေမျိုးတို့မှ တစ်ပါးသော အမျိုးတို့၌။ ဝါ၊ တို့၏။ ပူဇာ စ၊ ပစ္စည်း ၄-ပါးတို့ဖြင့် ပူဇော်ခြင်းကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိ၏။ (ပါ-၇၃)
ပုရေက္ခာရံ။ ။ ပုရေ+ကရောတီတိ ပုရေက္ခာရော၊ (တစ်နည်း) ပုရေ+ကရဏံ ပုရေက္ခာရော၊ ပုရေ၌ သ္မိံဝိဘတ်မကျေသော အလုတ္တ သမာသ်တည်း(ရူဘာ၊၂၊၅၁၄ )။ နိဒီ- ၄၇၉ ၌ တဒမိနာဒီနိ(မောဂ်-၁၊၄ရ)သုတ်ဖြင့် ပုရ၏ အ-ကို ဧပြု၏။ မောဂ္ဂလ္လာန်၌ ပုရာသ္မာ(၅, ၁၃၄)သုတ် ဖြင့် ပုရာနောင် ကရဓာတ်ကို ခရပြု၍ တဒမိနာဒီနိ(၁, ၄၇)သုတ်ဖြင့် ရာ၏ အာကို ဧပြု၏။
ပူဇာ။ ။ “ပူဇံ”ဟု ဖွင့်သောကြောင့် ဒုတိယာမှ ပထမာသို့ ပြန်နေ သော ဝိဘတ္တိဝိပလ္လာသတည်း၊ (တစ်နည်း) ဒုတိယာအနက်၌ ပထမာဟု ကြံပါ။ (တစ်နည်း) “ပူဇံ+ပရကုလေသု”ဟုဖြတ်၊ နိဂ္ဂဟိတ်ချေ, ဇ၏ အကို ဒီဃပြု၊ “ပူဇာ-တို့ကိုလည်းကောင်း”ဟု ဗဟုဝုစ်ယူ၍ ပေးခြင်းမှာ အဖွင့် နှင့် မညီပါ။
ဣစ္ဆေယျ။ ။ သတ္တမီဝိဘတ်သည် ကာလ၃ပါးလုံး၌ သက်နိုင်ရကား “ဣစ္ဆတိ”ဟူသောအဖွင့်အရ ဣစ္ဆေယျ၌ ဧယျဝိဘတ်သည် ပစ္စုပ္ပန်အနက် တည်း(ဝဏ္ဏနာ-၂၈၆)။ ရူ-၂၈၅၌ကား သတ္တမီဝိဘတ်၏ သက်ရာကာလ ကို ပစ္စုပ္ပန်ဟုပင် ဆို၏။
မမေဝါတိဝသာ အဿု, ကိစ္စာကိစ္စေသု ကိသ္မိစိ၊
ဣတိ ဗာလဿ သင်္ကပ္ပေါ, ဣစ္ဆာ မာနော စ ဝဍ္ဎတိ။
(ယဿ ဗာလဿ၊ အကြင်ရဟန်းမိုက်၏။ ဝါ၊ မှာ။) ဂိဟီလူဝတ်ကြောင်တို့သည်လည်းကောင်း။ ပဗ္ဗဇိတာ၊ ရှင်ရဟန်းတို့ သည်လည်ကောင်း။ ဥဘော၊ ၂ဥုးလုံးတို့သည်။ မမေဝ၊ ငါ့ကိုသာ လျှင်။ (နိဿာယ၊ မှီ၍။) ကတံ၊ အမှုကိစ္စ မှန်သမျှကို ပြုအပ်၏ ဟူ၍။ မညန္တု၊ မှတ်ထင်ကြပါစေ။ [“ကတံ၊ ပြုအပ်သမျှ, အမှုကိစ္စသည်။ (နိဋ္ဌိတံ၊ ပြီးစီးရ၏ဟူ၍။) မညန္တု၊ စေ”ဟုလည်း ပေး။] ကိစ္စာကိစ္စေသုကိစ္စငယ် ကိစ္စကြီး, အသီးသီးတို့တွင်။ ကိသ္မိဉ္စိ၊ တစ်စုံတစ်ခုသော ကိစ္စ၌။ [ဂါထာ၌ ဆန်းကြောင့် နိဂ္ဂဟိတ်ချေ၍ “ကိသ္မိစိ”ဟု ရှိသည်။] မမေဝ၊ ငါ၏သာ။ အတိဝသာ၊ အလို၌ ဖြစ်ကြရသည်။ ဝါ၊ အလို သို့ လိုက်ကြရသည်။ အဿု၊ ဖြစ်ကြပါစေ။ [အသ+ဧယျုံ၊ ကွစိ ဓာတု ဖြင့် ဓာတွန်သ်နှင့်တကွ ဧယျုံကို ဿုပြု။] ဣတိ၊ ဤသို့။ သင်္ကပ္ပော၊ အကြံသည်။ (ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တဿ) ဗာလဿ၊ ထိုရဟန်းမိုက် ၏။ ဝါ၊ မှာ။ ဣစ္ဆာ၊ ဒွါရ၆-ပါး၌ဖြစ်သော တဏှာသည်လည်းကောင်း။ မာနော စ၊ ၉-ပါးသော မာနသည်လည်းကောင်း။ ဝဍ္ဎတိ၊ တိုးပွား၏။ (ပါ-၇၄)
အတိဝသာ။ ။ “ဝသေ+ဝတ္တန္တု”ဟူသော အဖွင့်ကြည့်၍ “ဝသေ+ ဝတ္တန္တီတိ အတိဝသာ”ဟု ပြု၊ “ဂိဟီ ပဗ္ဗဇိတာ ဥဘော-တို့သည်၊ မမေဝ- သာ၊ ပေ၊ မညန္တု-စေ၊ ဣတိ သင်္ကပ္ပော ဥပ္ပဇ္ဇတိ၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော တို့သည်၊ ကိစ္စာကိစ္စေသု-တို့၌၊ ပေ၊ အဿု-စေ၊ ပေ ၊ ဣတိ သင်္ကပ္ပော ဥပ္ပဇ္ဇတိ”ဟုလည်း အသီးအသီး ခွဲပေးနိုင်သည်။
စိတ္တဂဟပတိဝတ္ထုအဋ္ဌကထာဂါထာ
ယံ ယံ ပဒေသံ ဘဇတိ, တတ္ထ တတ္ထေဝ ပူဇိတော။
သဒ္ဓေါ၊ လောကီလောကုတ္တရာ, ၂-ဖြာသောသဒ္ဓါရှိသော။ သီလေန၊ လူ့ကျင့်ဝတ်သီလနှင့်။ သမ္ပန္နော၊ ပြည့်စုံသော။ ယသောဘောဂသမပ္ပိတော၊ အခြံအရံဥစ္စာသည် ကောင်းစွာရောက်အပ် သော အမျိုးကောင်းသားသည်။ ဝါ၊ အခြံအရံဥစ္စာနှင့် ပြည့်စုံ သော အမျိုးကောင်းသားသည်။ ယံ ယံ ပဒေသံ၊ အကြင်အကြင် အရပ်သို့။ ဘဇတိ၊ သွားရောက်၏။ တတ္ထ တတ္ထေဝ၊ ထိုထိုအရပ် ၌ပင်။ ပူဇိတော၊ ပူဇော်အပ်၏။ (အပူဇော်ခံရ၏။) (ဋ္ဌ-၁၃၁)
စိတ္တဂဟပတိဝတ္ထုဂါထာနိဿယပြီးပြီ။