မာတိကာသို့ ခုန်သွားရန်

ဝနဝါသီတိဿသာမဏေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
3214ဓမ္မပဒဂါထာနိဿယ၁၅။ ဝနဝါသီတိဿသာမဏေရဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၅-ဗာလဝဂ်။ ၁၅-ဝနဝါသိတိဿသာမဏေဝတ္ထု

၇၅။ အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧဝမေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိန္ဒေယျ၊ ဝိဝေကမနုဗြူဟယေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှင်သာရိပုတ္တရာ၏ ခမည်းတော် ဝင်္ဂန္တပုဏ္ဏား၏ မိတ်ဆွေ မဟာသေနပုဏ္ဏား လူဝင်စားဖြစ်သော ဝနဝါသိတိဿသာမဏေကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

လာဘူပနိသာ၊ လာဘ်ရကြောင်း အကျင့်သည်။ အညာ ဟိ၊ တမျိုးတခြား သာတည်း။ အညာ၊ နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်ရကြောင်း အကျင့်သည်။ အညာ-အညာ ဧဝ၊ တမျိုးတခြား သာတည်း။ ဧတံ၊ ဤသို့ ဤအကျင့်နှစ်ပါးကို။ အဘိညာယ၊ ခွဲခြား၍ သိသောကြောင့်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာဝကော၊ တပည့်သားဖြစ်သော။ ဘိက္ခု၊ ရဟန်းသည်။ သက္ကာရံ၊ လာဘ်ပူဇော်သက္ကာရကို။ နာဘိနန္ဒေယျ၊ မနှစ်သက်ရာ။ ဝိဝေကံ၊ ဝိဝေကသုံးပါးကို။ အနုဗြူဟယေ၊ တိုးပွားစေရာ၏။

စကားပြေ

လာဘ်ရကြောင်း အကျင့်နှင့် နိဗ္ဗာန်ရကြောင်း အကျင့်နှစ်ပါးကို ကွဲပြားခြားနားသည်ကို သိသောကြောင့် ဘုရားရှင်၏ တပည့်သားသည် လာဘ်ပူဇော်သက္ကာရကို မနှစ်သက်ပဲ ဝိဝေကသုံးပါးကို ပွားစေရာ၏။
လာဘူပနိသာ၊ ကိုယ်နှုတ်ဖြင့် ကောက်ကျစ်စဉ်းလဲစွာ ပြု၍ ရသော လာဘ်သည် အဓမ္မိကလာဘ်မည်သည်။ ရူပကာယ ပြည့်စုံခြင်း၊ သင်္ကန်းဝတ်ရုံခြင်း၊ အကြားအမြင်များခြင်း ဟူသော အကြောင်းဖြင့် ရသော လာဘ်သည် ဓမ္မိကလာဘ်မည်သည်။ ဤ၌ အဓမ္မိကလာဘ် ရခြင်းအကြောင်း ဖြစ်သော အကျင့်ကို ဆိုလိုသည်။
နိဗ္ဗာန်ရကြောင်း အကျင့်ဟူသည်ကား၊ ကိုယ်နှုတ်တို့ဖြင့် ကောက်ကျစ်စဉ်းလဲမှုတို့ကို ပယ်၍ သော်လည်းကောင်း၊ မကန်းသော်လည်း ကန်းသယောင်၊ မဆံ့သော်လည်း ဆံ့အသယောင် ပြုမှုတို့ကို ပယ်၍ သော်လည်းကောင်း၊ မစဉ်းလဲ မကောက်ကျစ်သော အကျင့် ဖြစ်သည်။
ဝိဝေကံ၊ တယောက်တည်းနေခြင်းတည်း ဟူသော ကာယဝိဝေက၊ သမာပတ် (၈) ပါး ဟူသော စိတ္တဝိဝေက၊ နိဗ္ဗာန်ဟူသော ဥပဓိဝိဝေက သုံးပါး ရ၏။ ကာယဝိဝေကသည် ဂိုဏ်းဖြင့် ပေါင်းဖော်ခြင်းကို ပယ်သည်။ စိတ္တဝိဝေကသည် ကိလေသာဖြင့် ပေါင်းဖော်ခြင်းကို ပယ်သည်။ ဥပဓိဝိဝေကသည် သင်္ခါရဖြင့် ပေါင်းဖော်ခြင်းကို ပယ်သည်။
ဘုရားရှင်တိုင်း ဟောကြားသောတရား၊ ၃၂-ကောဋ္ဌာသ အပြည့်အစုံ မဟောသင့်သော အရွယ်၌ တစပဉ္စကကိုသာ ဟောသင့်သည်။ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေဟူသော ငါးပါးကို တစပဉ္စက ခေါ်သည်။ ဤတစပဉ္စကသည် ဘုရားရှင်တိုင်း လက်မလွှတ်သော ကမ္မဋ္ဌာန်း ဖြစ်သည်။ ၃၂-ကောဋ္ဌာသ တခုခုဖြင့်ပင် ရဟန္တာဖြစ်သွားသူများသည် မရေမတွက်နိုင်အောင် ရှိသည်။
တိဿသာမဏေ၏ လက်သုံးတရား၊ အသက် ၇-နှစ်အတွင်း တိဿ၊ ပိဏ္ဍဒါယကာတိဿ၊ ကမ္ဗလဒါယကာတိဿ၊ ဝနဝါသိတိဿ ဟု နာမည်လေးမျိုး ရသော တိဿသာမဏေသည် မိမိဒါယကာ ဒါယိကာမများကို “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ” ဟူသော တရားနှစ်ပုဒ်ကိုသာ ဟောလေ့ရှိသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၃၈)။
သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ၊ ဥပဇ္ဈာယ်ဆရာဖြစ်သူ အရှင်သာရိပုတ္တရာ၏ အမိန့်အရ အရဟတ္တဖိုလ်ကို ရသူအား ချမ်းသာခြင်း ဖြစ်၏။ အရဟတ္တဖိုလ်ကို ရသူသည်သာ ဆင်းရဲမှ လွှတ်နိုင်၏။ ကြွင်းပုဂ္ဂိုလ်တို့သည် ဇာတိစသော ဒုက္ခ၊ နိယစသော ဒုက္ခမှ မလွတ်နိုင်ပါဟု “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ” ဆိုလိုရင်း အဓိပ္ပာယ်ကို လျှောက်ထားသည် (ဓမ္မ၊ဋ္ဌ၊၁၊၁၄၀)။
သတ္တဝါတယောက်၏ မျက်ရည်၊ သတ္တဝါတယောက်ယောက်၏ ဆင်းရဲသို့ ရောက်သော အခါ ငိုကြွေးရသဖြင့် ထွက်ကျသော မျက်ရည်တို့သည် သမုဒ္ဒရာလေးစင်းရှိ ရေတို့ထက် များလေသည်။
မသေဖူးသေးရာ၌ သေသူ၊ မြေ၌ ခန္ဓာကိုယ်ကို ပစ်ချ၍ သေသော သတ္တဝါတို့တွင် မသေဖူးသောအရပ်၌ သေသူသည် ရောဟိဏီမြစ်အလယ် ထန်း ၇-ဆင့်မျှ မြင့်သော ကောင်းကင်၌ ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် တေဇောဓာတ် လောင်ကာ ပရိနိဗ္ဗာန်စံသော အသက် တစ်ရာ့နှစ်ဆယ် ရှိသော အရှင်အာနန္ဒာပင် ဖြစ်သည်။
အကျင့်နှစ်မျိုး၊ လာဘ်ကို မျှော်ကိုး၍ ဓုတင်အကျင့်စသည် ကျင့်သူအတွက် အပါယ်တံခါး ပွင့်နေသည်။ လာဘ်ကို မမျှော်ကိုးပဲ တောတွင်းသို့ ဝင်၍ နိဗ္ဗာန်ရကြောင်း အကျင့်ကို ကျင့်သူသည် အရဟတ္တဖိုလ်ကို ရနိုင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၂)။

ပါဠိသဒ္ဒါခက်ဆစ်

လာဘူပနိသာ = လာဘဿ ဥပနိသာ လာဘူပနိသာ။ လာဘ + ဥပနိသာ။
ဥပနိသာ = ဥပနိသီဒတိ ဖလံ ဧတ္ထာတိ ဥပနိသာ။ ဥပ + နိ + သဒ် + ကွိ။
နိဗ္ဗာနဂါမိနီ = နိဗ္ဗာနံ ဂစ္ဆတိ ဧတာယာတိ နိဗ္ဗာနဂါမိနီ။ နိဗ္ဗာန + ဂမု + ဏီ + ဣနီ။
သက္ကာရံ = သတံ ကာရော သက္ကာရော။ သန္တ + ကာရ။
ဝိဝေကံ = ဝိဝိစနံ ဝိဝေကော။ ဝိ + ဝိစ် + ဏ။
ဝနဝါသိတိဿသာမဏေဝတ္ထု ပြီး၏။

ဗာလဝဂ် ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၅-ဗာလဝဂ်

၁၅-ဝနဝါသီတိဿသာမဏေရဝတ္ထု အဋ္ဌကထာဂါထာ

၂၁၄။ စတူသု သမုဒ္ဒေသု ဇလံ ပရိတ္တကံ,
တတော ဗဟုံ အဿုဇလံ အနပ္ပကံ၊
ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ,
ကိံ ကာရဏာ သမ္မ တုဝံ ပမဇ္ဇသိ။

စတူသု၊ ၄စင်းကုန်သော။ သမုဒ္ဒေသု၊ သမုဒြာတို့၌။ (သမုဒြာ တွေထဲက)။ ဇလံ၊ ရေသည်။ ပရိတ္တကံ၊ နည်း၏။ ဒုက္ခေန၊ ဒုက္ခသည်။ ဖုဋ္ဌဿ၊ ထိရောက်အပ်သော။ နရဿ၊ သတ္တဝါ၏။ သောစနာ၊ ဝမ်းနည်းခြင်းကြောင့်။ (ပဝတ္တံ၊ ဖြစ်သော။) အဿုဇလံ၊ မျက် ရည်သည်။ တတော၊ ထိုသမုဒြာရေထက်။ ဗဟုံ၊ များ၏။ အနပ္ပကံ၊ မနည်း။ သမ္မ၊ မိတ်ဆွေ! ကိံ ကာရဏာ၊ အဘယ်အကြောင်း ကြောင့်။ တုဝံ၊ သင်သည်။ ပမဇ္ဇသိ၊ မေ့လျော့ဘိသနည်း? (ဋ္ဌ-၁၃၂)

၂၁၅။ ဥပသာလကနာမာနိ, သဟဿာနိ စတုဒ္ဒသ၊
အသ္မိံ ပဒေသေ ဒဍ္ဎာနိ, နတ္ထိ လောကေ အနာမတံ။

ဥပသာလကနာမာနိ၊ ဥပသာလကအမည်ရှိကုန်သော။ စတုဒ္ဒသ၊ ၁၄လီကုန်သော။ သဟဿာနိ၊ ဘဝအထောင်တို့ကို။ (တစ်နည်း) စတုဒ္ဒသ သဟဿာနိ၊ တစ်သောင်းလေးထောင် သော ဘဝတို့ကို။ အသ္မိံ ပဒေသေ၊ ဤအရပ်၌။ ဒဍ္ဎာနိ၊ မီးသင်္ဂြိုဟ် အပ်ခဲ့ကုန်ပြီ။ (မီးသင်္ဂြိုဟ်ရာကာလပြုအပ်ခဲ့ကုန်ပြီ။) လောကေဩကာသလောက၌။ အနာမတံ၊ သေရာသင်္ချိုင်းအရပ်သည်။ နတ္ထိ၊ သီးခြားမရှိ။ (တစ်နည်း) အနာမတံ နတ္ထိ၊ အလုံးစုံ သင်္ချိုင်း မြေ ဖြစ်၏။ (ဋ္ဌ-၁၃၃)

သဟဿာနိ စတုဒ္ဒသ။ ။ ဂါထာအထက်နား၌ “တေဝဝ ပိတာ ...ဥပသာဠကောယေဝ နာမ ဟုတွာ ဣမသ္မိံယေဝ ပဗ္ဗတန္တရေ စုဒ္ဒသ ဇာတိသဟဿာနိ ဈာပိတော(ဇာ၊ဋ္ဌ၊၂၊၅၀)”ဟု ရှိ၏၊ ဈာပိတောအရ မီးအရှို့ခံရသူသည် “ပိတာ ဥပသာဠကော“တည်း၊ “စုဒ္ဒသ ဇာတိသဟ- ဿာနိ”ကား ကာလအစ္စန္တသံယောဂတည်း၊ ဤအတူ ဂါထာပါ “သဟ- ဿာနိ စတုဒ္ဒသ”သည်လည်း ကာလအစ္စန္တသံယောဂတည်း၊ သို့သော် အခြားဟောစရာကံမရှိလျှင် ထိုကာလသည်ပင် ကံဖြစ်နိုင်ရကား “သဟ- ဿာနိ စတုဒ္ဒသ”သည် ဂါထာ၌ ကံဖြစ်ရ၏။ (ကစ္စာ၊ကစ္စာဘာ-၁၅၊ ၁၆)

တစ်နည်း။ ။ “စတုဒ္ဒသ-ကုန်သော၊ သဟဿာနိ-ဘဝအထောင်တို့ သည်၊ ဥပသာလကနာမာနိ- ကုန်သည်၊ (ဟုတွာ-၍၊) အသ္မိံ ပဒေသေ-ဤအရပ်၌၊ ဒဍ္ဎာနိ-မီးသင်္ဂြိုဟ်အပ်ခဲ့ကုန်သည်၊ (အဟေသုံ-ကုန်ပြီ)”ဟု ပကတိ ဝိကတိနည်းဖြင့် ပေးပါ။

အနာမတံ။ ။ “အနာမတန္တိ မတဋ္ဌာနံ(ဇာ၊ဋ္ဌ၊၂၊၅၀)”ဟု ဖွင့်၏၊ ဤသို့ ဖွင့်ရခြင်းမှာလည်း အနာမတံ၌ ပဋိသေဓ၂ပုဒ်ပါနေသည့်အတွက် “ဒွိပဋိသေဓော ပကတျတ္ထော-ပဋိသေဓ၂မျိုးပါသောပုဒ်သည် ပကတိ အနက်ရှိ၏”ဟူသော ပရိဘာသာအရ “မတ”ဟူသော ပကတိအနက်ရ အောင် ဖွင့်ခြင်းဖြစ်သည်၊ “မရတိ ဧတ္ထာတိ မတံ-သေရာသင်္ချိုင်းအရပ်၊ န+မတံ အမတံ-သင်္ချိုင်းမဟုတ်သောအရပ်၊ န+အမတံ အနာမတံ-သင်္ချိုင်း မဟုတ်သည်+မဟုတ်သော အရပ်=သေရာသင်္ချိုင်းအရပ်”ဟုပြု။

ဆက်ဥုးအံ့-သံသရာ၌ မသေဖူးသောအရပ်မရှိသောကြောင့် ဤ ကမ္ဘာတစ်မြေပြင်လုံးသည် သင်္ချိုင်းအရပ်(မတဋ္ဌာန)ချည်းသာ ဖြစ်၏၊ ယခု ပစ္စက္ခ၌ သေရာသင်္ချိုင်းမဟုတ်သောအရပ်ကို “အမတ”ဟု ဆိုအပ်သော စကားသည် တဒ္ဓမ္မူပစာရ(မရှိကို အရှိလုပ်၍ု ဆိုအပ်သော)စကား ဖြစ် သည်၊ ထိုအမတဟူသောစကားကို တားမြစ်လိုသောကြောင့် ပဋိသေဓ တစ်ခုတိုး၍ “အနာမတံ”ဟု ဆိုသည်။(ဇာ၊ဋ္ဌ၊၂၊၅၀)။

တစ်နည်း။ ။ “မရိတ္ထ ဧတ္ထာတိ မတံ၊ န+မတံ အမတံ၊ အမတံ ယေဝ အနာမတံ-မသေဖူးရာအရပ်-သင်္ချိုင်းမဟုတ်ဖူးရာအရပ်”ဟု ပြု၊ အကား အနက်မရ တဗ္ဘာဝဝုတ္တိတည်း၊ (တစ်နည်း) တဒမိနာဒီနိ (မောဂ်- ၄၇)သုတ်ကြီးဖြင့် အ-လာ(နိဒီ-၄၀)၊ သဒ္ဒသင်္ဂဟ၌ “အဋ် ဗျဉ္ဇနေသု နံယုဋ် စ”သုတ်ဖြင့် အ-လာ၏။

နီတိသုတ္တ-၂၆၅။ ။ “န+အမတံ အနာမတံ”ဟူသော ဝစနတ္ထ ကြောင့် အနာမတသဒ္ဒါက သူသေ၏အရပ်(သုသာန်)ကို ဟောသည့် အတွက် အမတသဒ္ဒါသည် နိဗ္ဗာန်, နတ်သုဓာကို ဟောသဖြင့် တင့်တယ် သောသဒ္ဒါဖြစ်သော်လည်း မတင့်တယ်သောအနက်ရှိသောသဒ္ဒါ ဖြစ်ရ တော့သည်ဟု နီတိသုတ္တဆို၏။

၂၁၆။ ယမှိ သစ္စဉ္စ ဓမ္မော စ, အဟိံသာ သံယမော ဒမော၊
ဧတံ အရိယာ သေဝန္တိ, ဧတံ လောကေ အနာမတံ။

ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ ပုဗ္ဗဘာဂသစ္စဉာဏ်သည်လည်းကောင်း။ ဓမ္မော စ၊ လောကုတ္တရာတရားသည်လည်းကောင်း။ အဟိံသာ၊ သူတစ်ပါးကို မညှဉ်းဆဲခြင်းသည်လည်းကောင်း။ သံယမော၊ သီလကို စောင့်ထိန်းခြင်းသည်လည်းကောင်း။ ဒမော၊ ဣန္ဒြေတို့ကို ဆုံးမခြင်းသည်လည်းကောင်း။ (အတ္ထိ၊ ၏။) အရိယာ၊ အရိယာတို့သည်။ ဧတံ၊ ဤသစ္စဓမ္မ, စသည်၅-ပါး, ထင်ရှားရှိ ရာ ပုဂ္ဂိုလ်တည်းဟူသောဌာနသို့။ သေဝန္တိ၊ ဆည်းကပ်ကုန်၏။ ဧတံ၊ ဤသစ္စဓမ္မ, အစရှိ၅လီ, ဤဂုဏ်ရည်သည်။ လောကေ၊ လောက၌။ အနာမတံ၊ သေခြင်းမရှိ။ [လူသေသော်လည်း ဂုဏ်မသေ၊ ဟူလို။] (ဋ္ဌ-၁၃၄)

ဧတံ လောကေ အနာမတံ။ ။ ဤအနာမတံ၌ ပဋိသေဓ၂ပုဒ်ရှိ သော်လည်း ရှေ့ဂါထာပါ အနာမတံကဲ့သို့ ပကတိအနက်မပေးရ၊ ပကတိ အနက်ပေးလျှင် “သစ္စာစသောဂုဏ်သည် သေရာဌာန ဖြစ်၏”ဟူသော မလိုရာအနက်ထွက်သွားလိမ့်မည်၊ “မရဏံ မတံ၊ နတ္ထိ+ဧတဿ မတံ, ဧတသ္မိံ အဓိဂတေ ဝါ နတ္ထိ ပုဂ္ဂလဿ မတံ မရဏန္တိ အမတံ (သာရတ္ထ၂, ၇၇၊ ဓာန်-ဋီ-၇)၊ အမတမေဝ အနာမတံ”ဟု ပြု၊ အ-ကား ရှေ့အနာမတံ နောက်နည်းကဲ့သို့ တဗ္ဘာဝုတ္တိ, သို့မဟုတ် အာဂုံတည်း။

ဆက်ဥုးအံ့-သစ္စာစသောတရား၅ပါးသည် ဥပါဒ် ဌီ ဘင်သဘော အရ ပျက်စီးခြင်းသဘောရှိသောကြောင့် “အမတ(အနာမတ) မဟုတ်နိုင် ရကား “အနာမတံ”ဟူသော စကားသည် အကျိုးမသေရာနိဗ္ဗာန်၏ အနာမတအမည်ကို အကြောင်းသစ္စာစသော တရားအပေါ်၌ တင်စားထား သော ဖလူပစာစကားတည်း၊ ထိုကြောင့် “အမတဘာဝသာဓနတော အနာမတံ နာမ(ဇာ၊ဋ္ဌ၊၂၊၅၀)”ဟု ဖွင့်သည်။(အလင်္ကာဋီ၊၂၂၉၊ အလင်္ကာဘာ-၃၆၅၊ ဝိ၊ဋီ၊၂၊၃၀)။

ဝနဝါသီတိဿသာမဏေရဝတ္ထု ပါဠိဂါထာ

၂၁၇။ အညာ ဟိ လာဘူပနိသာ, အညာ နိဗ္ဗာနဂါမိနီ၊
ဧဝမေတံ အဘိညာယ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊
သက္ကာရံ နာဘိနန္ဒေယျ, ဝိဝေကမနုဗြူဟယေ။

လာဘူပနိသာ၊ လာဘ်၏အကြောင်း မကောင်းသော အကျင့်သည်။ အညာ ဟိ (အညာ ဧဝ)၊ နိဗ္ဗာန်ရောက်ကြောင်း, အကျင့်ကောင်းမှ, ရွဲ့စောင်းသောအား, တစ်မျိုးတစ်ခြားသာ တည်း။ နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းသည်။ အညာ ဟိ၊ ဂုဏ်လာဘ်မျှော်ကိုး, အကျင့်ဆိုးမှ, တစ်မျိုးတစ်ခြား သာတည်း။ ဧဝံ၊ ဤသို့။ ဧတံ၊ ဤအကျင့်၂မျိုးကို။ အဘိညာယ၊ သိ၍။ ဗုဒ္ဓဿ၊ သိရန်မှန်က, မကျန်ရအောင်, လုံးဝသိမြင်, ဘုရားရှင်၏။ သာဝကော၊ အဆုံးအမကို လိုက်နာသော။ ဘိက္ခု၊ ရဟန်းသည်။ သက္ကာရံ၊ ကောင်းစွာပြုအပ်, အဓမ္မိကလာဘ်ကို။ န အဘိနန္ဒေယျ၊ မနှစ်သက်ရာ။ ဝိဝေကံ၊ ကာယစိတ္တဥပဓိဝိဝေ ကကို။ ဝါ၊ ပေါင်းဖော်ကိလေသ, သင်္ခါရဟု, သုံးဝကင်းဝေး, ငြိမ်း ချမ်းရေးကို။ အနုဗြူဟယေ၊ တိုးပွားစေရာ၏။ (ပါ-၇၅)

သာဝကော။ ။ ပဋိသံ၊ဋ္ဌ၊၁၊၁၉၀အလို “သဝနန္တေ ဇာတဋ္ဌေန” ဖြင့် “သက္ကစ္စံ သုဏာတီတိ သာဝကော”ဟုပြု၍ အာဂတပ္ဖလသာဝက (အရိယာသာဝက)ကို ယူ၏၊ ထို၌ “ဩဝါဒါနုသာသနိံ ဝါ သဝနဋ္ဌေန” ဟူသော နောက်နည်းမပါ၊ နီတိဓာတု-၂၄၂ကား ဝိဂြိုဟ်ပြဟု ယူ၍ “သဝ- နန္တေ(အရိယာယ ဇာတိယာ)+ဇာတော သာဝကော-ကြားနာရသော အဆုံး၌ အရိယာဇာတ်အားဖြင့် ဖြစ်သူ”ဟုပြု၏၊ သဝနန္တပုဒ်, ဏပစ္စည်း၊ နန္တကို ကပြုဟုကြံ၊ “သဝနဋ္ဌေန”အဖွင့်အလို “ဩဝါဒံ သုဏာတီတိ သာဝကော” ဟုပြု၍ အနာဂတပ္ဖလသာဝက (ပုထုဇဉ်သာဝက)ကို ယူ ရန် နီတိဓာတု ဆို၏၊ ဤ၌ကား ၂မျိုးလုံးကို ယူရာ၏။

ဝနဝါသီတိဿသာမဏေရဝတ္ထုဂါထာနိဿယပြီးပြီ။

ဗာလဝဂ်ဂါထာနိဿယပြီးပြီ။