ရာဓတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၆-ပဏ္ဍိတဝဂ်
၁-ရာဓတ္ထေရဝတ္ထု
၇၆။ နိဓီနံဝ ပဝတ္တာရံ၊ ယံ ပဿေ ဝဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အပြစ်ကိုပြ၍ ဆုံးမသော်လည်း အမျက်မထွက်ပဲ ဆိုဆုံးမသွယ်ခသော ရာဓထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။
အနက်
ဝဇ္ဇဒဿိနံ၊ အပြစ်ကိုဖော်ပြတတ်သော။ နိဂ္ဂယှဝါဒိံ၊ နှိပ်ချ၍ ဆုံးမလေ့ရှိသော။ မေဓာဝိံ၊ ပညာရှိကို။ နိဓိနံ၊ မြှုပ်ထားသောရွှေအိုးကို။ ပဝတ္တာရံ ဣဝ၊ ပြောကြားလာသူကဲ့သို့။ ယံ ပဿေ၊ အကြင်ရှုရာ၏။ တာဒိသံ၊ ထိုကဲ့သို့သဘောရှိသော။ ပဏ္ဍိတံ၊ ပညာရှိကို။ ဘဇေ၊ ဆည်းကပ်ရာ၏။ တာဒိသံ၊ ကို။ ဘဇမာနဿ၊ ဆည်းကပ်သောသူအား။ သေယျော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ပါပိယော၊ ယုတ်ညံ့သည်။ န ဟောတိ၊ မဖြစ်။
စကားပြေ
အပြစ်ကို ဖော်ပြ၍ နှိပ်ချဆုံးမလေ့ရှိသော ပညာရှိကို မြှုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ် ဆည်းကပ်သူအား မယုတ်ညံ့သည့်အပြင် တဆင့်ထက်တဆင့် မြင့်မြတ်လာနိုင်သည်။
နိန္ဒံ —အရ မြေ၌မြှုပ်ထားသော ရွှေအိုး ငွေအိုး ပတ္တမြားအိုး အစရှိသည် ရ၏။
ပဝတ္တာရံ —အရ ဆင်းဆင်းရဲရဲ အသက်မွေးရသော လူဆင်းရဲကို သနားသဖြင့် ခေါ်ပြီးလျှင် ချမ်းသာစွာ အသက်မွေးရန် ပြအံ့ဟု ရွှေအိုးငွေအိုးထားရာအရပ်ကို ခေါ်ဆောင်၍ ဤရွှေအိုး ငွေအိုးကိုယူ၍ ချမ်းသာစွာ အသက်မွေးလော့ဟု ပြောကြားသူတို့ရ၏။
ဝဇ္ဇဒဿိ —အရ (၁) ချွတ်ယွင်းချက် မလျောက်ပတ်ချက်တို့ကို သံဃာ့အလယ်၌ဖိနှိပ်ချုပ်ချယ်အံ့ဟု အပြစ်ကိုရှာသောသူ။ (၂) မသိသော အရာကို သိစေရန် သိပြီးသော အရာကို ရှင်းလင်းစေရန် သီလစသည် တိုးပွားစေရန် အပြစ်ကိုကြည့်၍နေသူ၊ ၂-မျိုးတွင် ၂-နံပါတ် ပုဂ္ဂိုလ်ကို ယူရမည်။
နိဂ္ဂယှဝါဒိ— အပြစ်ရှိသည်ကို အပြစ်ရှိသည့်အတိုင်း ပြောဆိုခြိမ်းခြောက်၍ ဒဏ်ထားခြင်း ကျောင်းမှနှင်ထုတ်ခြင်းကို ပြုသောသူသည် နိဂ္ဂယှဝါဒိမည်၏။ ချွတ်ယွင်းသောအမှုကို မြင်လျက် ဤသူသည် ငါ့အား ရိုသေစ္စာပြုစု၏။ အပြစ်ကိုပြောဆိုကာ ငါ့ကိုမပြုစုပဲ နေလိမ့်မည်ဟု ပြောဆိုခြင်းငှာ မဝံ့သောသူသည် နိဂ္ဂယှဝါဒိ မမည်။
ဆုံးမလွယ်သူ— ရဟန်းတော်များသည် ရာဓထေရ်ကဲ့သို့ ဆုံးမလွယ်သူ ဖြစ်ရမည်။ အပြစ်ပြ၍ ဆုံးမသော်လည်း စိတ်မဆိုးရ၊ ဩဝါဒပေးသူကို ရွှေအိုးပြသူကဲ့သို့ ထင်မှတ်ရမည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၇။)
ပါဠိသဒ္ဒါခက်ဆစ်
နိန္ဒံ = နိဓိ + ဣဝ ။ နိဓိ = နိဓီယတိ ဣတိ နိဓိ။ နိ + ဓာ + ဣ။
ပဝတ္တာရံ = ပဝစတိ ဣတိ ပဝတ္တာ။ ပ + ဝစ် + တု။
ဝဇ္ဇဒဿိနံ = ဝဇ္ဇံ ပဿတိ သီလေန ဣတိ ဝဇ္ဇဒဿီ။ ဝဇ္ဇ + ဒိသ် + ဏီ။
နိဂ္ဂယှဝါဒိ = နိဂ္ဂယှ ဝဒတိ သီလေန ဣတိ နိဂ္ဂယှဝါဒီ။ နိဂ္ဂယှ + ဝဒ် + ဏီ။
ပါပိယော = ပါပါနံ ဝိသေသော ပါပိယော။ ပါပ + ဣယ။
ရာဓတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၆-ပဏ္ဍိတဝဂ်
၁-ရာဓတ္ထေရဝတ္ထုအဋ္ဌကထာဂါထာ
ကောသလံ သေနာ’သန္တုဋ္ဌံ, ဇီဝဂ္ဂါဟံ အဂါဟယိ။
အလီနစိတ္တံ၊ အလီနစိတ္တမင်းသားကို။ နိဿာယ၊ မှီ၍။ ပဟဋ္ဌာ၊ ရွှင်လန်းနေသော။ (တစ်နည်း) ပဟဋ္ဌာ၊ သည်။ (ဟုတွာ၊ ၍။) မဟတီ၊ များစွာသော။ စမူ၊ စစ်သည်အပေါင်းသည်။ သေန၊ မိမိပိုင်စံ, တိုင်းနိုင်ငံဖြင့်။ အသန္တုဋ္ဌံ၊ မတင်းတိမ်နိုင်သော။ ကောသလံ၊ ကောသလမင်းကို။ (ဟတ္ထိနာ၊ ဆင်အာဇာနည်ကို။) ဇီဝဂ္ဂါဟံ၊ အရှင်လတ်လတ်ဖမ်းယူခြင်းမည်အောင်။ အဂါဟယိ၊ ဖမ်း ယူစေပြီ။ (ဋ္ဌ-၁၃၅)
ဇီဝဂ္ဂါဟံ။ ။ ဂဟဏံ ဂါဟော၊ ဇီဝဿ+ဂါဟော ဇီဝဂ္ဂါဟော(မောဂ်ပံ-၅, ၆၃)၊ ဇီဝေန သဒ္ဓိံ ဂါဟော ဇီဝဂ္ဂါဟော-အသက်နှင့်တကွ ဖမ်း ယူခြင်း(ဇာ၊ဋီ၊သစ်၊၁၊၂၁၆၊ ၃၇၇)၊ ကြိယာဝိသေသနအနက်၌ ဒုတိယာ သက်၊ မောဂ်နိ၊၂၊၂၄၄၌ “ဇီဝဂ္ဂါဟံ-အရှင်လတ်လတ် ဖမ်းယူခြင်းကို၊ အဂါဟယိ-ဖမ်းယူပြီ”ဟု ပေး၏။ [ဇီဝဂ္ဂါဟံ ...ကြိယာဝိသေသနေန သိဒ္ဓံ (မောဂ်-၅, ၆၃)။ “အမာဒီ”တိ သမာသော(မောဂ်ပံ-၅, ၆၃)။]
ဘာဝယံ ကုသလံ ဓမ္ဓံ, ယောဂက္ခေမဿ ပတ္တိယာ၊
ပါပုဏေ အနုပုဗ္ဗေန, သဗ္ဗသံယောဇနက္ခယံ။
(သာ စမူ ယထာ၊ ထိုစစ်သည်အပေါင်းကဲ့သို့။) ဧဝံ၊ ဤ အတူ။ နိဿယသမ္ပန္နော၊ (ဗုဒ္ဓဗုဒ္ဓသာဝကဟူသော) အမှီကောင်း နှင့် ပြည့်စုံသော။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော ဝီရိယ ရှိသော။ ဘိက္ခု၊ သီလဖြူစင်, ရဟန်းရှင်သည်။ ယောဂက္ခေမဿ၊ ယောဂလေးပါးတို့ဖြင့် ဘေးကုန်ရာနိဗ္ဗာန်သို့။ ပတ္တိယာ၊ ရောက် ခြင်းငှာ။ ကုသလံ၊ အပြစ်မရှိသော။ ဓမ္မံ၊ ဗောဓိပက္ခိယတရား ၃၇-ပါးကို။ ဘာဝယံ၊ ဖြစ်စေလသော်။ [(တစ်နည်း) ယောဂက္ခေမဿ၊ သို့။ ပတ္တိယာ၊ ငှာ။ ကုသလံ၊ သော။ ဓမ္မံ၊ ကို။ ဘာဝယံ၊ ဖြစ်စေသော။ ဘိက္ခု၊ သည်။] အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။ သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့၏ကုန်ရာ အရဟတ္တဖိုလ်, နိဗ္ဗာန် သို့။ ပါပုဏေ (ပါပုဏာတိ)၊ ရောက်နိုင်၏။ (ဋ္ဌ-၁၃၆)
သဗ္ဗသံယောဇနက္ခယံ။ ။ ခီယိံသု သံယောဇနာ ဧတ္ထာတိ ခယော၊ (အရဟတ္တဖိုလ်)၊ ခီယန္တိ သံယောဇနာ ဧတ္ထာတိ ခယော၊ (နိဗ္ဗာန်)၊ သဗ္ဗေ+ သံယောဇနာ သဗ္ဗသံယောဇနာ၊ သဗ္ဗသံယောဇနာနံ+ခယော သဗ္ဗသံယောဇနက္ခယော၊-ဇာ၊ဋ္ဌ၊၂၊၂၁၊ သီဋီသစ်၊၂၊၁၅၅။
ရာဓတ္ထေရဝတ္ထုပါဠိဂါထာ
နိဂ္ဂယှဝါဒိံ မေဓာဝိံ, တာဒိသံ ပဏ္ဍိတံ ဘဇေ၊
တာဒိသံ ဘဇမာနဿ, သေယျော ဟောတိ န ပါပိယော။
ဝဇ္ဇဒဿိနံ၊ (အသိအကျင့်, တိုး၍တင့်ဖို့, ချီးမြှင့်လိုမှု,) အပြစ်ရှုလေ့ရှိသော။ နိဂ္ဂယှဝါဒိံ၊ အပြစ်အရ, နှိပ်ချဆုံးမလေ့ရှိ သော။ မေဓာဝိံ၊ တရားခပင်း, ထိုးထွင်းမြင်သိ, ဓမ္မောဇပညာရှိ သော။ ယံ (ပဏ္ဍိတံ)၊ အကြင်ဆရာသခင်, ပညာ့ရှင်ကို။ ပဿေ (ပဿေယျ)၊ တွေ့မြင်အံ့။ တာဒိသံ၊ ထိုကဲ့သို့ရှုအပ်သော။ ပဏ္ဍိတံ၊ ဆရာသခင်, ပညာ့ရှင်ကို။ နိဓီနံ၊ ထိုထိုအရပ်, မြှုပ်ထားအပ် သော ရွှေအိုးတို့ကို။ ပဝတ္တာရံ ဣဝ၊ ညွှန်ကြားပြောပြသူကိုကဲ့ သို့။ ဘဇေ (ဘဇေယျ)၊ ချဉ်းကပ်ရာ၏။ တာဒိသံ၊ ထိုကဲ့သို့ ရှုအပ် သော။ ပဏ္ဍိတံ၊ ဆရာသခင်, ပညာ့ရှင်ကို။ ဘဇမာနဿ၊ ချဉ်း ကပ်သူအား။ သေယျော၊ မြတ်သည်။ ဝါ၊ ကြီးပွားခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ပါပိယော၊ အထူးသဖြင့် ယုတ်ညံ့သည်။ ဝါ၊ ဆုတ်ယုတ်ခြင်းသည်။ န ဟောတိ၊ မဖြစ်။ [ယံကို ကိရိယာပရာမသန ယူ၍ “ဝဇ္ဇဒဿိနံ၊ သော။ နိဂ္ဂယှဝါဒိံ၊ သော။ မေဓာဝိံ၊ ကို။ နိဓီနံ၊ တို့ကို။ ပဝတ္တာရံ ဣဝ၊ သို့။ ယံ ပဿေ၊ အကြင်ရှုထိုက်၏။ (တေန ဒဿနေန၊ ထို သို့ရှု ထိုက်ခြင်းကြောင့်။) တာဒိသံ၊ သော။ ပဏ္ဍိတံ၊ ကို။ ဘဇေ၊ မှီဝဲလော” ဟု ပေးကြသေး၏။] (ပါ-၇၆)
နိဂ္ဂယှဝါဒိံ။ ။ ဓမ္မေန ဝိနယေန သတ္ထုသာသနေန နိဂ္ဂယှ နိဗ္ဗိ- သေဝနံ ကတွာ ဝဒတိ သီလေနာတိ နိဂ္ဂယှဝါဒီ၊ ဥပါဒါယ ပဝတ္တံ ရူပံ ဥပါဒါရူပန္တိ တွာလောပတပ္ပုရိသသမာသော ဝိယ နိဂ္ဂယှဝါဒိန္တိ အတွာ လောပတပ္ပုရိသသမာသောပိ သမ္ဘဝတိ၊-ဓမ္မဋီ။
ဘဇမာနဿ။ ။ ကစ္စည်းရူပသိဒ္ဓိအလို သေယျသဒ္ဒါနှင့်ယှဉ်ရာ ဝယ် သိလာဃသုတ်၌ စသဒ္ဒါဖြင့် သမ္ပဒါန်မှည့်၍ သမ္ပဒါနေ စတုတ္ထီဖြင့် စတုတ္ထီသက်၊ မောဂ်-၂၊၂၅သုတ်အလိုကား သာမီအနက်၌ ဆဋ္ဌီသက်ကာ “ဘဇမာနဿ-၏၊ ဝါ-မှာ၊ သေယျော-သည်၊ ဟောတိ”ဟု ပေး။
ရာဓတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။