မာတိကာသို့ ခုန်သွားရန်

စုန္ဒသူကရိကဝတ္ထု

ဝီကီရင်းမြစ် မှ
1129ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၀။ စုန္ဒသူကရိကဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ယမကဝဂ်

၁၀။ စုန္ဒ ဝက်သတ်သမား ဝတ္ထု

ဣဓ သောစတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စုန္ဒမည်သော ဝက်သတ်သမားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စုန္ဒ၏ အသက်မွေး ကြမ်းကြုတ်ပုံ

ထိုစုန္ဒ ဝက်သတ်သမားသည် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ဝက်တို့ကိုသတ်၍ စားသောက်ကာ ရောင်းချကာ အသက်မွေးမြူသတတ်။ ငတ်မွတ်ရှားပါးသောအခါ လှည်းတို့ဖြင့် စပါးကိုယူ၍ ဇနပုဒ်ကြီးငယ် အသွယ်သွယ် အရပ်ရပ်သို့ လှည့်လည်သွားလာပြီးလျှင် တစ်စလယ် နှစ်စလယ်သော အဖိုးမျှဖြင့် ရွာသူရွာသားတို့ မွေးမြူအပ်သော ဝက်တို့ကို ဝယ်ယူစုဆောင်း၍ လှည်းတစ်စီး အပြည့်တင်ယူကာ ပြန်လာပြီးလျှင် အိမ်၏နောက်ဖေး၌ နွားခြံကဲ့သို့ တစ်ခုသောနေရာကို စည်းစောင်းရန်းခြံကာ၍ ထိုခြံ၌ ဝက်ငယ်တို့ကို နေစေသဖြင့် ထိုဝက်ငယ်တို့သည် အထူးထူးသော သစ်ပင်ငယ်တို့ကိုလည်းကောင်း၊ ကိုယ်အညစ်အကြေး မစင်တို့ကိုလည်းကောင်း စားသောက်ကာ ကြီးပွားခြင်းသို့ ရောက်ကြကုန်သည်ရှိသော် အကြင်အကြင်သို့သော ဝက်ကို သတ်ဖြတ်ခြင်းငှာ အလိုရှိ၏။ ထိုထိုသို့သော ဝက်ကို ဝက်သတ်သောနေရာ၌ မလှုပ်နိုင်အောင်ချည်၍ ကိုယ်အသား ပွားစေခြင်းငှာ အထောင့်လေးထောင့်ရှိသော ဆောက်ရိုက် တင်းပုတ်ဖြင့် ပုတ်ခတ်ကာ ဖူးဖူးရောင်အောင်ပြု၍ အသားများလေပြီဟု သိသောအခါ ခံတွင်းကိုဖွင့်၍ အာခေါင်အတွင်း၌ တုတ်တံကို ထောက်ကန်ပြီးလျှင် သံခွက်ဖြင့် ကျိုက်ကျိုက်ဆူသော ရေနွေးကို ခံတွင်းသို့ သွန်းလောင်းလိုက်လေ၏။ ထိုသို့ သွန်းလောင်းအပ်သော ကျိုက်ကျိုက်ဆူသော ရေနွေးသည် ဝမ်းတွင်းသို့ဝင်၍ အစာဟောင်းကို တိုက်လျှောကာ ဆောင်ယူလျက် အောက်အဖို့ဖြင့် ထွက်သွားလေ၏။ အကြင်မျှလောက် အနည်းငယ်မျှသော အစာဟောင်းသည် ရှိသေး၏။ ထိုမျှလောက် ရေနွေးသည် နောက်ကျုသည်ဖြစ်၍ ထွက်လာ၏။ ဝမ်းတွင်း၌ စင်ကြယ်သည်ရှိသော် မနောက်ကျုဘဲ ကြည်လင်သန့်ရှင်းစွာ ထွက်လာ၏။ ထို့နောက်မှ ရေနွေးအကြွင်းကို ဝက်ကျောက်ကုန်းထက်၌ လောင်း၏။ ထိုရေနွေးသည် မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၍ သွား၏။ ထို့နောက်မှ မြက်မီးရှူးဖြင့် အမွေးအမှင်တို့ကို မီးတိုက်၍ ထက်လှစွာသော ဓားသန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်၏။ ကျထွက်ယိုစီးသောသွေးကို အိုးခွက်ဖြင့်ခံယူ၍ သွေးနှင့်အသားကို ရောနှောနယ်လျက် ချက်ပြီးလျှင် သားမယားတို့၏အလယ်၌ နေထိုင်စားသောက်၍ အကြွင်းကို ရောင်းချ၏။ ဤနည်းဖြင့် အသက်မွေးခြင်းကိုပြုသော ထိုစုန္ဒ ဝက်သတ်သမားအား ငါးဆယ့်ငါးနှစ်တို့သည် လွန်လေကုန်၏။ မြတ်စွာဘုရားသည် အနီးဖြစ်သောကျောင်း၌ နေတော်မူပါလျက် တစ်နေ့တစ်ရက်မျှလည်း ပန်းတစ်ဆုပ်မျှ ပူဇော်ခြင်းကိုလည်းကောင်း၊ ဆွမ်းတစ်ယောက်မမျှ လှူခြင်းကိုလည်းကောင်း၊ ထိုမှတစ်ပါး တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှု မည်သည်ကိုလည်းကောင်း မပြုခဲ့ပေ။

မသေမီ ဆင်းရဲခံရပြီး ငရဲကျခြင်း

အခါတစ်ပါး ထိုစုန္ဒ ဝက်သတ်သမားကိုယ်၌ အနာရောဂါသည် ဖြစ်ပေါ်လာလေ၏။ အသက်ရှင်စဉ်ပင်လျှင် အဝီစိ ငရဲမီးပူသည် (တစ်ကိုယ်လုံး ပူလောင်အောင်) ထလာလေ၏။

(အဝီစိငရဲမီးပူ မည်သည်ကား ယူဇနာတစ်ရာထက်၌ တည်၍ ကြည့်သောသူ၏ မျက်စိတို့ကို ဖောက်ခွဲခြင်းငှာ စွမ်းနိုင်သော အပူဖြစ်၏။ ထိုစကား မှန်၏။ သံဖြင့်ပြီးသောမြေ၌လောင်သော ထိုအဝီစိငရဲမီးလျှံသည် ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပျံ့နှံ့၍တည်၏ဟု ဘုရားဟောတော်မူ၏။ အရှင်နာဂသိန်မထေရ်ကား ငရဲမီးသည် ပြကတေ့သော မီးပူသည်ထက် လွန်ကဲ၍ ပူသောကြောင့် ဤဥပမာကို မိန့်တော်မူ၏။ မိလိန္ဒမင်းကြီး- ဥပမာကား တောင်ထွတ်မျှလောက်သော ကျောက်တုံးကိုပင် ငရဲမီး၌ ပစ်ချလိုက်သည်ရှိသော် တစ်ခဏချင်း ကြေမွခြင်းသို့ ရောက်ရာ၏။ သို့ရာတွင် ကံ၏အစွမ်းကြောင့် ငရဲမီး၌ဖြစ်သော သတ္တဝါတို့သည်ကား အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော သတ္တဝါတို့ကဲ့သို့ ကြေမွခြင်း မရှိကြကုန်ဟု မိလိန္ဒမင်းကြီးအား ဟောတော်မူ၏။)

ထိုစုန္ဒ ဝက်သတ်သမားအား ငရဲမီးသည် (တစ်ကိုယ်လုံး ပူလောင်အောင်) ထလတ်သည်ရှိသော် ကံနှင့်တူသော အခြင်းအရာသည် ဖြစ်လေ၏။ ဖြစ်ပုံကား- အိမ်၏အလယ်၌သာလျှင် ဝက်ကဲ့သို့ မြည်တမ်းဟစ်အော်လျက် ပုဆစ်ဒူး နှစ်ဖက်တို့ဖြင့်သာ သွားလာလှည့်လည်၍ အိမ်ရှေ့နံရံ အနောက်နံရံကို လူးလာပြန်ကာ သွားလာနေရ၏။ ထိုအခါ အိမ်၌နေသောသူတို့သည် စုန္ဒကို မြဲစွာဖမ်းဆီး၍ ခံတွင်းကို ပိတ်ကြရကုန်၏။ ထိုသို့ပိတ်ကြသော်လည်း တားမြစ်အံ့သောငှာ မတတ်နိုင်ကြကုန်၊ ကံ၏ အကျိုးမည်သည်ကို ဘုရားတို့အားသော်လည်း မတားမြစ်နိုင်။ ထိုစုန္ဒသည် မြည်တမ်းလျက် ထိုမှဤမှ သွားလာလှည့်လည်၍ နေရကား ထက်ဝန်းကျင် ခုနစ်အိမ်တိုင်အောင်သော လူတို့သည် အိပ်ပျော်ခြင်းကို မရကြလေကုန်၊ သေဘေးဖြင့် ကြံတွေးထိတ်လန့် တုန်လှုပ်သော ထိုစုန္ဒကို အလုံးစုံသော အိမ်နေလူအပေါင်းသည် အိမ်မှ အပသို့ ထွက်သွားမည်ကို တားမြစ်ခြင်းငှာ အကြင်သို့သော အခြင်းအရာဖြင့် အိမ်တံခါး ပိတ်အပ်သည်ရှိသော် အိမ်၏အတွင်း၌ တည်၏။ အပ၌ လှည့်လည်သွားလာခြင်းငှာ မစွမ်းနိုင်။ ထိုသို့သော အခြင်းအရာဖြင့် အိမ်တံခါးတို့ပိတ်၍ အပြင်မှ ခြံရံကာ စောင့်ရှောက်လျက်ရှိ၏။ စုန္ဒ ဝက်သတ်သမားလည်း အိမ်တွင်း၌သာလျှင် ငရဲမီး ပြင်းစွာ ပူလောင်သဖြင့် ဟစ်အော်မြည်တမ်းလျက် ထိုမှဤမှ သွားလာ လှည့်လည်ရရှာ၏။ ဤသို့ ခုနှစ်ရက်တို့ပတ်လုံး လှည့်ပတ်ပြေးသွားကာ နေရပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ သေခြင်းကိုပြု၍ အဝီစိငရဲကြီး၌ ဖြစ်လေ၏။ အဝီစိငရဲကြီးကို ဒေဝဒူတသုတ်ဖြင့် ဖွင့်ပြအပ်၏။

ရဟန်းများ ဘုရားကို လျှောက်ထားခြင်း

ရဟန်းတို့သည် ထိုစုန္ဒ ဝက်သတ်သမား၏ အိမ်တံခါး အနီးအပါးဖြင့် သွားလာကြကုန်သည်ရှိသော် ဝက်ကဲ့သို့ ဟစ်အော်သော ထိုအသံကိုကြား၍ ဝက်မြည်သံဟူ၍သာ အမှတ်ရှိကုန်သဖြင့် ကျောင်းသို့ ရောက်ရှိသောအခါ မြတ်စွာဘုရားအထံ၌ ရိုသေစွာ ထိုင်နေကုန်လျက် ဤသို့ လျှောက်ကြားကုန်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- စုန္ဒ ဝက်သတ်သမား၏ အိမ်တံခါးကို ပိတ်၍ ဝက်တို့ကို သတ်အပ်ကုန်သည်ကား ယနေ့ ခုနစ်ရက်မြောက် ရှိပါပြီ။ ထိုစုန္ဒ ဝက်သတ်သမား၏အိမ်၌ တစ်စုံတစ်ခုသော မင်္ဂလာအမှု ပြုသည်ဖြစ်လတ္တံ့ဟု ထင်မိပါသည်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား- ဤမျှလောက်သော ဝက်တို့ကို သတ်ဖြတ်သော ထိုသူအား တစ်ကြိမ်တစ်ခါမျှ ချစ်ခင်တတ်သော မေတ္တာစိတ်သည်လည်းကောင်း၊ သနားတတ်သော ကရုဏာစိတ်သည်လည်းကောင်း မရှိပါ၊ ဤကဲ့သို့ ကြမ်းတမ်းခက်ထန်လှသောသူကို တပည့်တော်တို့ တစ်ရံတစ်ခါမျှ မတွေ့မမြင်ဖူပါဘုရား”ဟု လျှောက်ကြားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- ထိုစုန္ဒ ဝက်သတ်သမားသည် ဤခုနစ်ရက်တို့၌ ဝက်တို့ကို သတ်ဖြတ်သည် မဟုတ်၊ ထိုသူအား ပြုအပ်သောကံနှင့် အလားတူစွာသော အကျိုးသည် ထင်ရှားစွာ ဖြစ်လာ၏၊ အသက်ရှင်စဉ်ပင်လျှင် အဝီစိငရဲမီးပူသည် ထင်လာ၏၊ ထိုစုန္ဒ ဝက်သတ်သမားသည် ငရဲမီး ပြင်းစွာပူလောင်သဖြင့် ခုနစ်ရက်တို့ပတ်လုံး ဝက်ကဲ့သို့ မြည်တမ်းဟစ်အော်လျက် မိမိ၏နေအိမ်၌ လှည့်ပတ်ပြေးသွားကာ နေရပြီးလျှင် ယနေ့ သေခြင်းကိုပြု၍ အဝီစိငရဲ၌ ဖြစ်လေပြီ”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ယခု ပစ္စက္ခ ဤဘဝ၌ ဤသို့ စိုးရိမ်ပင်ပန်းပြီးလျှင် တမလွန်လောက နောက်ဘဝ၌လည်း စိုးရိမ်ပင်ပန်းရာ အရပ်မှာပင် ဖြစ်ရရှာလေစွတကား”ဟု လျှောက်ကြားသောအခါ “ချစ်သားရဟန်းတို့- ဟုတ်မှန်လှပေ၏၊ မေ့လျော့သောသူ မည်သည်ကား ရဟန်းဖြစ်စေ၊ လူဖြစ်စေ ပစ္စုပ္ပန်တမလွန် နှစ်တန်သော ဘဝတို့၌ စိုးရိမ်ရသည်သာတည်း”ဟု မိန့်တော်မူပြီးလျှင် ဤဂါထာကို ဟောတော်မူ၏။

မကောင်းမှု၏ သဘော

[၁၅] ဣဓ သောစတိ ပေစ္စ သောစတိ၊
ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ဝိဟညတိ၊
ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ဣဓ၊ ပစ္စုပ္ပန်လောက ဤဘဝ၌လည်း။ သောစတိ၊ စိုးရိမ်ရ၏။ ပေစ္စ၊ တမလွန်လောက နောင်ဘဝ၌လည်း။ သောစတိ၊ စိုးရိမ်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘဝ၌။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ အတ္တနော၊ မိမိ၏။ ကမ္မကိလိဋ္ဌံ၊ ညစ်ညူးသော အကုသိုလ် ကံကြမ္မာကို။ ဒိသွာ၊ မြင်၍။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ ဝိဟညတိ၊ ပင်ပန်းရ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

စုန္ဒ ဝက်သတ်သမားဝတ္ထု ပြီး၏။