ဆရာ့ကျေးဇူး ကန်းသူ
သင်ခန်းစာ (၁၈) ဆရာ့ကျေးဇူး ကန်းသူ
[ပြင်ဆင်ရန်]ဗာရာဏသီပြည်တွင် “ဂုတ္တိလ” အမည်ရှိ နာမည်ကျော် စောင်းပညာရှင် တစ်ဦးရှိ၏။ သူသည် မျက်မမြင် မိဘနှစ်ပါးကို စောင်းပညာဖြင့် လုပ်ကျွေးနေသူ ဖြစ်သည်။
တစ်နေ့တွင် “မူသိလ” အမည်ရှိ လူငယ်တစ်ယောက်သည် စောင်းဆရာကြီး ဂုတ္တိလထံတွင် စောင်းပညာသင်ယူရန် ရောက်လာ၏။ ထိုအချိန်တွင် အိမ်၌ ဆရာဂုတ္တိလ မရှိပေ။ မူသိလသည် ဆရာဂုတ္တိလကို စောင့်နေစဉ် ဆရာ၏ စောင်းကို ယူ၍ တီးကြည့်၏။ ဆရာဂုတ္တိလ၏ မျက်မမြင် မိဘနှစ်ပါးတို့က စောင်းကို ကြွက်ကိုက်နေသည်ဟု ထင်ကာ ကြွက်ကို မောင်း၏။ ထိုအခါ မူသိလက စောင်းပညာကို သင်ယူရန် ရောက်လာခြင်းဖြစ်ကြောင်း ပြောလေသည်။
ဆရာဂုတ္တိလ ပြန်ရောက်လာသောအခါ သူ၏စောင်းကို မူသိလ ယူတီးထားသည်ကို သိရှိသွား ကာ “အင်း ... ဒီလူငယ်ဟာ ခွင့်မတောင်းဘဲ ငါ့စောင်းကို ယူတီးတယ်ဆိုတော့ လက်ဆော့တတ် သူပဲ ဖြစ်ရမယ်”ဟု တွေးမိပြီး တပည့်အဖြစ် လက်မခံလိုကြောင်း ပြော၏။ ထိုအခါ မူသိလက မျက် မမြင် မိဘနှစ်ပါး၏ ခြေတို့ကို ကိုင်၍ သူ့ကို တပည့်အဖြစ် လက်ခံအောင် ပြောပေးရန် အကြိမ်ကြိမ် တောင်းပန်လေသည်။ ဆရာဂုတ္တိလလည်း မိဘများ၏ စကားကို မလွန်ဆန်လိုသဖြင့် လက်ခံလိုက်၏။ သို့သော် စိတ်ထားကောင်းသူပီပီ ဆရာစား မချန်ဘဲ အတတ်ပညာအားလုံးကို သင်ကြားပေးသည်။ မူသိလကလည်း ပညာကို ကြိုးကြိုးစားစား သင်ယူခဲ့ရာ မကြာမီပင် ... စောင်းပညာအားလုံးကို သင်ယူတတ်မြောက်သွား၏။
စောင်းပညာအားလုံး တတ်မြောက်သွားသောအခါ မူသိလက “ငါ့ဆရာလည်း အိုနေပြီ၊ ဒီတော့ ဗာရာဏသီပြည်မှာပဲ အခြေချရရင် ကောင်းမယ်”ဟု ကြံစည်၍ မင်းကြီးထံ ခစားလိုကြောင်း ဆရာ ဂုတ္တိလအား ပြောပြ၏။ ဆရာဂုတ္တိလကလည်း တပည့်အလိုကျ လျှောက်တင်ပေးရာ မင်းကြီးက “သင့်ကို ပေးသည့် လစာအောက် တစ်ဝက်လျှော့၍ မူသိလအား ပေးမည်”ဟု ပြောသည်။ ထိုအကြောင်းကို ဆရာဂုတ္တိလက မူသိလအား ပြောပြ၏။
ထိုအခါ မူသိလက “ဆရာ ... ကျွန်တော်လည်း ဆရာလောက် တတ်တာပဲ၊ ဒါ့ကြောင့် ဆရာ့လစာနဲ့ အတူတူရမှသာ မင်းကြီးထံမှာ ခစားနိုင်မယ်”ဟု ပြန်ပြော၏။ ဆရာဂုတ္တိလလည်း ထိုအကြောင်းကို မင်းကြီးအား ပြန်လည် လျှောက်တင်လိုက်သည်။
ထိုအခါ မင်းကြီးက “ဒီလိုဆိုရင် မူသိလအနေနဲ့ ဆရာလောက် တတ်ကြောင်းပြဖို့ လိုတယ်” ဟု ဆရာဂုတ္တိလကို ပြော၏။ မူသိလကလည်း ပြမည်ဖြစ်ကြောင်း ပြောသဖြင့် ဆရာတပည့် စောင်းပညာ ပြိုင်ပွဲ ဖြစ်လာသည်။ ထိုအခါ မင်းကြီးက မူသိလကို ခေါ်၍ “သင်ဟာ ဆရာနဲ့ ပြိုင်မယ်ဆိုတာ တကယ် လား၊ ဆရာနဲ့ ပြိုင်တယ်ဆိုတာဟာ မလုပ်သင့်တဲ့ အလုပ်ဖြစ်တယ်”ဟု ပြော၍ တားမြစ်သော်လည်း မူသိလက လက်မခံပေ။
ပြိုင်ပွဲနေ့ နီးလာသည်နှင့်အမျှ ဆရာဂုတ္တိလသည် “ငါက အသက်ကြီးပြီ၊ စွမ်းရည်တွေလည်း လျော့ လာပြီ၊ ပြည့်စုံအောင် စွမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး၊ တပည့်ဆိုတာ ရှုံးလည်း အကြောင်းမဟုတ်ဘူး၊ ဆရာက ရှုံးရင်သာ အရှက်ရမယ်၊ အရှက်ကွဲရမယ့်အစား သေရတာကမှ ကောင်းမယ်”ဟု တွေးပြီး တောထဲသွားကာ မိမိကိုယ်ကို သတ်သေရန် ကြံစည်လေ၏။ တောထဲသို့ ရောက်သောအခါ သေရမည်ကို ကြောက်သဖြင့် ပြန်လာခဲ့သည်။ တစ်ဖန် မိမိကိုယ်ကို သတ်သေရန် တောထဲ သွားပြန်၏။ ထိုသို့ သွားလိုက်ပြန်လိုက် လုပ်နေသည်မှာ လူသွားလမ်းပင် ဖြစ်လာ၏။
ဆရာဂုတ္တိလ၏ ဖြစ်ကြောင်းစုံလင်ကို သိကြားမင်း သိသွားရာ “မြတ်သော စောင်းဆရာ .. မကြောက်ပါနဲ့၊ ဆရာ့ကို ကျွန်ုပ် ကယ်ပါ့မယ်၊ ဆရာ စောင်းတီးတဲ့အခါ စောင်းကြိုးတစ်ချောင်းကို ဖြတ်ပြီးတီးပါ၊ ကြိုးဖြတ်လိုက်ပေမယ့် ဆရာ့စောင်းသံ မချို့ယွင်းစေရဘူး၊ ဒီလိုလုပ်တာကို ဆရာ့တပည့် မြင်ရင် သူလည်း ကြိုးဖြတ်ပြီး တီးလိမ့်မယ်၊ အဲဒီအခါ သူ့စောင်းသံဟာ ချို့ယွင်းသွား လိမ့်မယ်၊ ဆရာက နောက်ထပ် ကြိုးတစ်ချောင်း ဖြတ်ပါ၊ သူလည်း လိုက်ဖြတ်လိမ့်မယ်။ ဒီလိုနည်းနဲ့ တစ်ချောင်း ပြီးတစ်ချောင်း ဖြတ်ပါ၊ စောင်းကြိုးအားလုံး ကုန်တဲ့အခါ စောင်းရိုးသက်သက်ကိုသာ တီးပါ၊ ဆရာ့ စောင်းက အသံထွက်နေပါလိမ့်မယ်၊ ဒါဆိုရင် ဆရာ အနိုင်ရပြီပေါ့”ဟု အကြံပေးလိုက်၏။
ပြိုင်ပွဲနေ့ရောက်သောအခါ မင်းရင်ပြင်တွင် တိုင်းသူပြည်သားများလည်း လာရောက် နားထောင် ကြသည်။ ဆရာဂုတ္တိလလည်း သိကြားမင်း မှာထားသည့်အတိုင်း ပြုလုပ်သည့်အခါ တပည့်မူသိလ မည်သို့မျှ မတတ်နိုင်ဘဲ အရှုံးကြီး ရှုံးသွားလေ၏။ တိုင်းသူပြည်သားများကလည်း “တပည့်ယုတ် ... ဆရာနဲ့ထပ်တူ လခလိုချင်လို့ ဆရာကို ပြိုင်ရသလား၊ ကိုယ့်အရည်အချင်းကို ကိုယ်မသိတတ်ပါလား” ဟု ဆိုကာ ဝိုင်းဝန်းပြစ်တင် မောင်းထုတ်လိုက်လေ၏။ မူသိလလည်း ဗာရာဏသီပြည်တွင် မနေရဲ တော့ဘဲ ထွက်ပြေးသွားလေသည်။
မြတ်သောဆရာ
[ပြင်ဆင်ရန်]တပည့်ရင်သွေးများ နွေးထွေးစွာကြိုဆို
ကောင်းကျိုးညွှန်ရာ မြတ်သောဆရာ။
လောကအလယ် ပွဲလယ်တင့်တယ်အောင်
ပညာနို့ရည်တိုက်ကျွေးကာ အသိဉာဏ်တွေ ဖွင့်ပေးတဲ့ မြတ်သောဆရာ။
ဝါသနာ ကရုဏာ စေတနာပိုကာ ကြီးမားမေတ္တာ ကုဋေကုဋာ
အနန္တဂိုဏ်းဝင် ကျေးဇူးရှင် စံနမူနာ မြတ်သောဆရာ။