မာတိကာသို့ ခုန်သွားရန်

မတူသည်ကို တုမိသူ

ဝီကီရင်းမြစ် မှ
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၇။ မတူသည်ကို တုမိသူ
2493ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၁၇။ မတူသည်ကို တုမိသူဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၇) မတူသည်ကို တုမိသူ

[ပြင်ဆင်ရန်]

တစ်ခါတုန်းက တောအုပ်ကြီးတစ်ခု၌ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော မြေခွေးတစ်ကောင် ရှိ၏။ တစ်နေ့တွင် မြေခွေးသည် အစာရှာထွက်စဉ် ခြင်္သေ့တစ်ကောင်နှင့် ရင်ဆိုင်တိုးမိသည်။ ခြင်္သေ့ရန်မှ မလွတ်နိုင်တော့မှန်း သိလိုက်သည့်အတွက် မြေခွေးသည် ထိတ်ထိတ်လန့်လန့်ဖြင့် ခြင်္သေ့ရှေ့၌ တုပ်ဝပ်ရှိခိုးလိုက်၏။ ခြင်္သေ့က “ဘာလုပ်တာလဲ”ဟု မေးရာ မြေခွေးက “အရှင်ခြင်္သေ့မင်း အား အနီးကပ် ပြုစုလုပ်ကျွေးချင်လို့ပါ”ဟု ပြန်ပြောလိုက်၏။ ခြင်္သေ့ကလည်း ခွင့်ပြုလိုက်သည်။

ထို့နောက် ခြင်္သေ့က သူနေထိုင်သော ကျောက်ဂူကြီးအတွင်းသို့ မြေခွေးကို ခေါ်သွားပြီး စားကြွင်း စားကျန်များကို ကျွေး၏။ ဤသို့ဖြင့် မြေခွေးသည် မကြာမီပင် ဝဖြိုးလာသည်။မြေခွေးသည် နေ့စဉ် နေ့တိုင်း တောင်ထိပ်သို့ သွား၍ တောင်ခြေ၌ သွားလာကျက်စားနေသော သားကောင်တို့ကို စောင့် ကြည့်ပြီး သူစားချင်သော သားကောင်ကို မှတ်သား၍ သတင်းပို့ရ၏။ ခြင်္သေ့က ထိုသားကောင်ကို သွားရောက်ဖမ်းဆီးပြီး ကိုယ်တိုင်လည်း စား၏၊ မြေခွေးကိုလည်း ကျွေး၏။

ဤသို့နေလာခဲ့ရာမှ ရက်အတန်ကြာလာသောအခါ မြေခွေးသည် ကိုယ့်ကိုယ်ကိုအထင်ကြီးလာပြီး ခြင်္သေ့နှင့် တာဝန်လဲလှယ်လိုစိတ် ဖြစ်လာ၏။ ထို့ကြောင့် “ငါ့မှာလည်း ခြေလေးချောင်း ရှိနေတာပဲ၊ ဘာ့ကြောင့် သူများ ကျွေးနေတာကိုပဲ ထိုင်စားနေရမှာလဲ၊ ခြင်္သေ့လိုပဲ ငါလည်း ဆင်စတဲ့ သားကောင် တွေကို ကိုယ်တိုင် သတ်ပြီး စားမယ်”ဟု အကြံဖြစ်သည်။ ထိုအကြံကို ခြင်္သေ့အား ပြောလိုက်၏။

ထိုအခါ ခြင်္သေ့က “မဖြစ်နိုင်ဘူး၊ ဆင်ကို ဖမ်းယူစားသောက်နိုင်တဲ့ မြေခွေးဆိုတာ လောကမှာ မရှိဘူး၊ ဒါ့ကြောင့် မလုပ်ပါနဲ့” ဟု တားမြစ်၏။ သို့သော် မြေခွေးက လက်မခံခဲ့ပေ။ နောက်ဆုံး၌ ခြင်္သေ့ သည် မြေခွေးကို ဆန္ဒရှိသည့်အတိုင်း လုပ်ရန် ခွင့်ပေးလိုက်၏။ ထို့နောက် ခြင်္သေ့သည် တောင်ထိပ် သို့ သွားကာ တောင်ခြေ၌ မုန်ယိုနေသော ဆင်တစ်ကောင်ကို မှတ်သား၍ ပြန်လာပြီး မြေခွေးထံ သတင်းပို့လိုက်၏။ မြေခွေးလည်း ဂူမှ ထွက်၍ ခြင်္သေ့ကဲ့သို့ သုံးကြိမ် ဟိန်းဟောက်လိုက်သည်။ သို့ရာတွင် ခြင်္သေ့သံ ထွက်မလာဘဲ ခွေးဟောင်သံသာ ထွက်လာခဲ့၏။ သို့သော် ဟန်မပျက် ဆင်ဖမ်းရန် မာန်အပြည့်ဖြင့် ဆက်လက် ထွက်ခွာသွားခဲ့သည်။

မြေခွေးသည် ဆင်ကို မြင်သောအခါ ဆင်၏ ဦးခေါင်းပေါ်သို့ ကျအောင် ခုန်လိုက်၏။ သို့သော် ဆင်၏ ခြေရင်း၌သာ ကျလေသည်။ ထိုအခါ ဆင်သည် စိတ်ဆိုးမာန်ဆိုးဖြင့် မြေခွေး၏ ခေါင်းကို နင်းချေလိုက်ရာ မြေခွေး၏ ခေါင်းသည် မှုန့်မှုန့်ညက်ညက် ကြေသွား၏။ ဤသို့ဖြင့် မိမိကိုယ်ကို အထင်ကြီးပြီး မတူသည်ကို တုမိသော မြေခွေးသည် မရှုမလှ ပျက်စီးရလေတော့သည်။

မတူတာကို တုမိသူ

[ပြင်ဆင်ရန်]

အလုပ်ဟူသမျှ ... ဂုဏ်ရှိစွ
သို့သော် နေရာမှန်ပါမှ။
ခြင်္သေ့မင်းက မာန်ဟုန်ဟုန်
တောလုံး ဖိန့်ဖိန့်တုန်။
မြေခွေးပုံက ကုပ်ချောင်းချောင်း
ဆင်ကိုဖမ်းဖို့ သူချောင်းမြောင်း။
မိမိအကြောင်း ပိုကဲစွာ
အထင်ကြီးတဲ့ မြေခွေးမှာ။ သေကြေကာ ဘဝပျက်ဆီး
မတူသည်ကို တုမိပြီး။