ဖခင်မေတ္တာ
သင်ခန်းစာ (၁၆) ဖခင်မေတ္တာ
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင် လက်ထက်တော်က မဂဓတိုင်းကို ဗိမ္ဗိသာရမင်းကြီး အုပ်ချုပ်ခဲ့၏။ ဗိမ္ဗိသာရ မင်းကြီး၏ မိဖုရားဝေဒေဟီ ကိုယ်ဝန်ရှိလာချိန်တွင် မိဖုရားသည် ဘုရင်ကြီး၏ လက်ယာလက်မောင်း သွေးကို သောက်လိုသော ချင်ခြင်း ပြင်းပြင်းပြပြ ဖြစ်ပေါ်လာ၏။ သို့သော် ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေ၏။ ထိုပြင်းပြသော ချင်ခြင်းကြောင့် မပျော်မရွှင်ဖြစ်ကာ မိဖုရားကြီးသည် တဖြည်းဖြည်း ပိန်ချုံးလာ၏။ ဘုရင်ကြီးက သတိထားမိလာပြီး အကြောင်းရင်းကို အတင်းအကြပ်မေးသောအခါမှ ဖွင့်ဟပြောလိုက်၏။ ဘုရင်ကြီးလည်း ဆေးဆရာကို ချက်ချင်း ခေါ်၍ လက်ရုံးတော်ကို ဖောက်စေကာ လက်မောင်းသွေးကို မိဖုရားကြီးအား တိုက်လေ၏။
မိဖုရားကြီး၏ထိုကဲ့သို့ထူးဆန်းသော ချင်ခြင်းကို ထောက်ဆ၍ ပုရောဟိတ် ပုဏ္ဏားတို့က “ဒီ ကလေးဟာ မမွေးဖွားခင်ကတည်းက ဘုရင်ကြီးရဲ့ ရန်သူ ဖြစ်တယ်၊ အရွယ်ရောက်လာတဲ့ အခါမှာ လည်း ဖခင်ဘုရင်ကြီးကို သတ်လိမ့်မယ်”ဟု နိမိတ်ဖတ်ကြ၏။
ထိုသို့နိမိတ်ဖတ်ချိန်မှစ၍ မိဖုရားကြီးသည် လက်ဖြင့် ဖိနှိပ်၍ ကိုယ်ဝန်ကို ဖျက်ဆီးပစ်ရန် အကြိမ်ကြိမ် ကြိုးစား၏။ မင်းကြီး သိသွားသောအခါ ကိုယ်ဝန်ကို မဖျက်ဆီးနိုင်စေရန် မိဖုရားကြီးကို အစောင့်အရှောက်များစွာဖြင့် ထား၏။ မိဖုရားကြီးသည် မွေးဖွားပြီးပြီးချင်း သတ်ပစ်ရန်လည်း ကြံရွယ် ထား၏။ သို့သော် သားတော်ကလေး မွေးဖွားပြီးပြီးချင်း အစောင့်အရှောက်တို့က အလျင်အမြန် ယူဆောင် သွားကြသောကြောင့် မိဖုရားကြီး၏အကြံ မအောင်ခဲ့ပေ။
မိဖုရားကြီး၏ ထူးဆန်းသော ချင်ခြင်း ဖြစ်ခဲ့စဉ်က ပုဏ္ဏားတို့ ဟောကြားခဲ့သော စကားကို အကြောင်းပြု၍ ထိုကလေးကို “အဇာတသတ် (မမွေးခင်ကပင် ဖခင်၏ ရန်သူ)” ဟု အမည်မှည့်လိုက် ၏။ အဇာတသတ် မင်းသားလေး ပြေးလွှားနိုင်သည့် အရွယ်သို့ ရောက်လာသော အခါမှသာ မိခင်ဝေဒေဟီ မိဖုရားအား မင်းသားလေးကို ပြလေသည်။ ထိုအခါ သားအပေါ်၌ ချစ်သော မိခင် မေတ္တာကြောင့် မင်းသားလေးကို သတ်မပစ်ရက်တော့ချေ။
ဤသို့ဖြင့် အဇာတသတ်မင်းသားသည် အရွယ်ရောက်လာ၏။ တစ်နေ့တွင် အရှင်ဒေဝဒတ်က မင်းသားကို တန်ခိုးအဘိညာဉ်ဖြင့် ဖြားယောင်းပြီး စည်းရုံးသိမ်းသွင်း၏။ ထို့အပြင် မင်းသားကို “မင်းသား ... ဒီခေတ် လူတွေဟာ အသက်တိုကြတယ်၊ ဖခင်ကြီး နတ်ရွာစံတဲ့အခါကျမှ မင်းအဖြစ်ကို ရမယ်ဆိုရင် ခံစားချိန် သိပ်မရှိတော့ဘူး၊ ဒီတော့ ဖခင်ကို သတ်ပြီး မင်းအဖြစ်ကို ရယူသင့်တယ်”ဟု အကြံပေးလေသည်။ အဇာတသတ်မင်းသားလည်း အရှင်ဒေဝဒတ်၏ စကားကိုယုံစားပြီး ခမည်းတော် မင်းကြီးကို သတ်၍ မင်းလုပ်ရန် ကြံစည်လေတော့၏။ ခမည်းတော်မင်းကြီး သိရှိသွားသောအခါ မင်းအဖြစ်ကို လွှဲအပ်ပေးလိုက်လေသည်။
မင်းအဖြစ်ကို ရရှိပြီးနောက် အဇာတသတ်မင်းကို အရှင်ဒေဝဒတ်က “သင်ဟာ လုပ်ရမယ့်ကိစ္စ မပြီးသေးဘဲ ပြီးပြီလို့ ထင်နေတယ်၊ သင် တစ်ခု သိထားရမှာက ... သင့်ဖခင်ကြီး အသက်ရှင်နေခြင်းဟာ သင့်အတွက် အန္တရာယ်ပဲ၊ အချိန်မရွေး သင့်ရဲ့ ထီးနန်းစည်းစိမ် ပြန်ဆုံးရှုံးသွားနိုင်တယ်”ဟု ခြိမ်းခြောက် ပြောဆို၏။ ထိုအခါ အဇာတသတ်မင်းသည် ဖခင်ကြီးကို ချုပ်နှောင်ထားလိုက်လေ၏။
ထိုအချိန်မှစ၍ ဝေဒေဟီမိဖုရားမှတစ်ပါး မည်သူ့ကိုမျှ ခမည်းတော်ကြီးနှင့် တွေ့ခွင့်မပေးတော့ပေ။ အစပိုင်း၌ မိဖုရားကြီးသည် အစာအာဟာရတို့ကို ရွှေခွက်ဖြင့် သယ်ယူ၍ မင်းကြီးအား ကျွေး၏။ ဤကဲ့သို့ အစာအာဟာရ ကျွေးသည်ကို အဇာတသတ်မင်း သိသွားသောအခါ ပိတ်ပင်တားမြစ်လေသည်။ ထို အခါ ဆံထုံးကြား၊ ဖိနပ်ကြားတို့၌ ဝှက်၍သယ်ကာ အစာအာဟာရတို့ကို ကျွေးပြန်၏။ အဇာတသတ်မင်း သိသွားသောအခါ ပိတ်ပင်လိုက်ပြန်သည်။ နောက်ဆုံးတွင် မိဖုရားကြီးသည် စတုမဓူတို့ဖြင့် ကိုယ်ကို သုတ်လိမ်းကာ အပေါ်ရုံကို ဝတ်၍ ဝင်၏။ မင်းကြီးလည်း ဆာလောင်မွတ်သိပ်နေသောကြောင့် မိဖုရား ခန္ဓာကိုယ်ပေါ်ရှိ စတုမဓူတို့ကို လျှာဖြင့် လျက်၍ အသက်ဆက်နေ၏။ ထိုသို့ပြုလုပ်ခြင်းကို သိသောအခါ မိဖုရားကြီးကို မဝင်ရန် ပိတ်ပင်လိုက်၏။ သို့သော် ဗိမ္ဗိသာရမင်းကြီးသည် သောတာပတ္တိဖိုလ်ချမ်းသာကို ခံစား၍ စင်္ကြံလျှောက်နေလေရာ ကိုယ်ခန္ဓာသည် ကြည်လင်တောက်ပလျက် ရှိနေ၏။
နောက်ဆုံးတွင် မင်းကြီး လမ်းမလျှောက်နိုင်စေရန် ခြေဖဝါးကို ဓားဖြင့်ခွဲစေကာ ဆီဆားတို့ဖြင့် သုတ်လိမ်းစေလျက် မီးရဲရဲ၌ ကင်စေ၏။ ထိုညတွင် မင်းကြီးသည် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရပြီး နတ်ရွာစံသွားရရှာလေသည်။ ထိုအချိန်၌ပင် အဇာတသတ်မင်း၏ မိဖုရားကလည်း သားဦးလေးကို ဖွားမြင်လေ၏။ သို့ဖြစ်၍ ပုရောဟိတ်ပုဏ္ဏားတို့တွင် အဇာတသတ်မင်းအား ဆက်သရန် စာချွန်လွှာနှစ်စောင် ရှိနေသည်။ တစ်စောင် က အမင်္ဂလာသတင်းစာချွန်လွှာ ဖြစ်ပြီး တစ်စောင်က မင်္ဂလာသတင်းစာချွန်လွှာ ဖြစ်၏။ ထို့ကြောင့် ပုရောဟိတ်တို့သည် မည်သည့်စာချွန်လွှာကို ရှေးဦးစွာ ဆက်သမည်နည်းဟု အချင်းချင်း တိုင်ပင်ကြ၏။ နောက်ဆုံးတွင် မင်္ဂလာသတင်း စာချွန်လွှာကို ဦးစွာ ဆက်သကြမည်ဟု သဘောတူလိုက်ကြသည်။
အဇာတသတ်မင်းသည် မင်္ဂလာသတင်းစာချွန်လွှာကို ဖတ်ပြီးသည်နှင့်တစ်ပြိုင်နက် သားအပေါ် ၌ သူ၏ချစ်စိတ်သည် ရိုးတွင်းခြင်ဆီအထိ ထိခိုက်သွား၏။ ထိုချစ်စိတ်ကြောင့် ဖခင်ချင်း ကိုယ်ချင်း စာတတ်လာပြီး ထောင်သွင်းအကျဉ်းချထားသော ဖခင်ကြီးကိုလည်း ချက်ချင်းလွှတ်ရန် အမိန့်ပေး လိုက်၏။ ထိုအခါ ပုရောဟိတ်တို့လည်း ဒုတိယ အမင်္ဂလာသတင်း စာချွန်လွှာကို ဆက်သလိုက်ရာ အဇာတသတ်မင်းလည်း ယူကျုံးမရ ဖြစ်ကာ ငိုယိုလျက် မိခင် ဝေဒေဟီ မိဖုရားထံ ပြေးသွား၍ “မယ်တော် အကျွန်ုပ်ရဲ့ ခမည်းတော်ဟာ အကျွန်ုပ် ငယ်စဉ်က အကျွန်ုပ်ကို ချစ်ခင်မြတ်နိုးခဲ့ပါသလား” ဟု မေးလေ၏။
ထိုအခါ ဝေဒေဟီမိဖုရားက “ဟယ် သားမိုက် ... ဘယ်လို ပြောလိုက်တာလဲ၊ မင်းငယ်စဉ်က လက်ချောင်းမှာ “ခူနာ” လို့ခေါ်တဲ့ အနာတစ်ခု ပေါက်တယ်၊ အနာပြည်ကိုက်လို့ မင်းက အမြဲငိုနေတယ်၊ ငိုတာမှ ဘယ်သူမှ ချော့လို့မရဘူး၊ ဒီတော့ တရားသဘင်မှာ ရောက်နေတဲ့ မင့်ဖခင်ဘုရင်ကြီးဆီ ခေါ်သွားကြတယ်၊ မင့်ဖခင်က အနာရှိတဲ့ မင့်လက်ချောင်းကို သူ့ရဲ့ ခံတွင်းထဲမှာ ငုံထားတော့မှ မင်းအငိုတိတ်ပြီး အိပ်သွားတယ်၊ ခဏကြာတဲ့အခါ အနာဟာ မင့်ဖခင်ရဲ့ အာခံတွင်းထဲမှာပဲ ပေါက်သွားတယ်၊ မင့်ဖခင်ဟာ မင်းနိုးသွားမှာစိုးလို့ သွေးပုပ်ပြည်ပုပ်တွေကို ထွေးမပစ်ဘဲ မျိုချလိုက် တယ်။ မင့်ဖခင်ဟာ မင့်ကို အဲဒီလောက်ထိ ချစ်ခဲ့တယ်”ဟု ပြန်ပြောလိုက်လေသည်။
ထိုအခါ အဇာတသတ်မင်းလည်း ဖခင်ဘုရင်ကြီး၏ ကျေးဇူးတရားတို့ကို တစိမ့်စိမ့် တွေး၍ အကြီးအကျယ် နောင်တရကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။ ပြန်ပြင်၍ မရနိုင်သော သူ၏ အမှားအတွက် စိတ်သက်သာရာ ရစေရန် ခမည်းတော်ကြီး၏ ရုပ်ကလာပ်တော်ကို ကောင်းမွန်စွာ ပူဇော်သင်္ဂြိုဟ်လေသည်။
နောက်ပိုင်းတွင် အဇာတသတ်မင်းသည် မြတ်စွာဘုရားရှင်ထံမှ သာမညဖလသုတ်တော်ကို ကြားနာရပြီး ရတနာသုံးရပ်ကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာစစ်စစ် ဖြစ်လာခဲ့လေသည်။
လမ်းပြကြယ် ဖေဖေ
[ပြင်ဆင်ရန်]ဖေ့ဖေ့ကိုပင် အလွန်ရိုသေ ... ကျေးဇူးကြီးပါပေ ...
စားဝတ်နေရေးတွက် ... တို့ကျန်းမာရေးအတွက် ... ငွေရှာပေးလို့နေ ...
သားသမီးတို့ အပေါ်မှာ ... ထာဝစဉ်သာ ... လမ်းပြတဲ့ကြယ်ပမာ ...
အဖေ့မေတ္တာစွမ်းနဲ့ ... တို့ရဲ့ အနာဂတ်ကို ... ပုံဖော်ပေးခဲ့တာ ...။