မာတိကာသို့ ခုန်သွားရန်

ဇဋိလဗြာဟ္မဏဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၆-ဗြာဟ္မဏဝဂ်။ ၁၀-ဇဋိလဗြာဟ္မဏဝတ္ထု

၃၉၃။ န ဇဋာဟိ န ဂေါတ္တေန၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။
ယမှိ သစ္စဉ္စ ဓမ္မော စ၊ သော သုစီ သော စ ဗြာဟ္မဏော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆံကျစ်ထုံး၍ အနွယ်ဇာတ်အားဖြင့် ဗြာဟ္မဏဟု မိမိကိုယ်ကို ခေါ်ရန်သင့်ကြောင်း လျှောက်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဇဋာဟိ၊ ဆံကျစ်ထုံးခြင်းတို့ဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏသည်။ န၊ မဖြစ်နိုင်။ ဂေါတ္တေန၊ အနွယ်အားဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏသည်။ န၊ မဖြစ်နိုင်။ ဇစ္စာ၊ ဇာတိအားဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏသည်။ န၊ မဖြစ်နိုင်။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ သစ္စာဉာဏ်သည်လည်းကောင်း။ ဓမ္မော စ၊ ကိုးပါးသော လောကုတ္တရာတရားသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ သုစီ စ၊ စင်ကြယ်သူလည်း။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဗြာဟ္မဏော စ၊ ဗြာဟ္မဏသည်လည်း။ ဟောတိ၊ ဖြစ်၏။

စကားပြေ

ဆံကျစ်ထုံးခြင်းတို့ဖြင့်လည်းကောင်း အနွယ်အားဖြင့်လည်းကောင်း ဇာတ်အားဖြင့်လည်းကောင်း ဗြာဟ္မဏ မဖြစ်နိုင်။ သစ္စာဉာဏ်နှင့် လောကုတ္တရာတရား ကိုးပါးရှိသူသာ စင်ကြယ်သူလည်းဖြစ်၏ ဗြာဟ္မဏလည်း ဖြစ်၏။

ယမှိ သစ္စဉ္စ ဓမ္မော စ—သစ္စာလေးပါးတို့ကို ၁၆-ပါးသော အခြင်းအရာတို့ဖြင့် ထိုးထွင်းလျက်တည်သော သစ္စာဉာဏ်သည် သစ္စ မည်၏။ လောကုတ္တရာတရား ကိုးပါးသည် ဓမ္မ မည်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဇစ္စာ = ဇာယနံ ဇာတိ။ ဇန+တိ။

ဇဋိလဗြာဟ္မဏဝတ္ထုပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၆-ဗြာဟ္မဏဝဂ်

၁၀-ဇဋိလဗြာဟ္မဏဝတ္ထုပါဠိဂါထာ

၆၉၀။ န ဇဋာဟိ န ဂေါတ္တေန, န ဇစ္စာ ဟောတိ ဗြာဟ္မဏော၊
ယမှိ သစ္စဉ္စ ဓမ္မော စ, သော သုစီ သော စ ဗြာဟ္မဏော။

ဇဋာဟိ၊ ဆံကျစ်တို့ကြောင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏသည်။ န (ဟောတိ)၊ မဖြစ်။ ဂေါတ္တေန၊ အနွယ်ကြောင့်။ ဗြာဟ္မဏော၊ သည်။ န (ဟောတိ)၊ မဖြစ်။ ဇစ္စာ၊ အမျိုးဇာတ် ကြောင့်။၁ ဗြာဟ္မဏော၊ သည်။ န (ဟောတိ)၊ မဖြစ်။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ သစ္စာလေးပါးကိုသိသော သစ္စဉာဏ်သည်လည်းကောင်း။ ဓမ္မော စ၊ လောကုတ္တရာ တရားကိုးပါးသည်လည်းကောင်း။ (အတ္ထိ၊ ၏။) သော၊ ထိုပုဂ္ဂိုလ်သည်။ သုစိ၊ စင်ကြယ် သူသည်လည်း။ (ဟောတိ၊ ၏။) သော၊ သည်။ ဗြာဟ္မဏော စ၊ ဗြာဟ္မဏသည်လည်း။

(ဟောတိ-၏။) (ပါ-၃၉၃) [ဂါထာ၌ ဆန်းကြောင့် ဒီဃဖြင့် “သုစီ”ဟုရှိသည်။] ဇဋိလဗြာဟ္မဏဝတ္ထုဂါထာနိဿပြီးပြီ။

၁။ဇစ္စာ။ ။ ဇာယတိ ဧတာယ ခတ္တိယာဒိသမညာတိ ဇာတိ(ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၇)၊ ဇာတိ နောင် ဟိတ်အနက်၌ နာဝိဘတ်သက်၊ “အာ ပတော”ဟူသော ယောဂဝိဘာဂဖြင့် နာကိုအာပြု, ဣကိုယပြု, တျကိုစပြု, စဒွေဘော်လာ, ဇာ၌ ရဿပြု(ရူ-၈၇၊၁၄၇)။