တက္ကာရိယဇာတ်
တေရသကနိပါတ်
၈။ တက္ကာရိယဇာတ်
မိမိနှုတ်က မိမိကိုသတ်၍ ဆင်းရဲခြင်းအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဟမေဝ ဒုဗ္ဘာသိတံ ဘာသိ ဗာလော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတက္ကာရိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။
ထိုစကားကို ချဲ့ဦးအံ့။ တခုသော ဝါတွင်း၌ အဂ္ဂသာဝက နှစ်ပါးတို့သည် အပေါင်းအဖော် ဂိုဏ်းတို့ကိုစွန့်၍ ဆိတ်ငြိမ်သောနေခြင်းကို နေလိုသည်ဖြစ်၍ မြတ်စွာဘုရားကို ပန်ကြားပြီးလျှင် ကောသလတိုင်း၌ ကောကာလိက နေရာအရပ်သို့သွား၍ သင့်ကိုမှီ၍ ငါတို့အား ချမ်းသာစွာနေရခြင်းသည် ဖြစ်လတ္တံ့၊ ငါတို့ကိုမှီ၍ သင့်အားလည်း ချမ်းသာစွာ နေရခြင်းသည် ဖြစ်လတ္တံ့၊ ဤဝါတွင်း သုံးလပတ်လုံး ဤအရပ်၌ နေကုန်အံ့ဟု ဆို၏။ ငါ့သျှင်တို့ ငါ့ကိုမှီ၍ သင်တို့၏ ချမ်းသာခြင်းသည်ကား အဘယ်နည်းဟု ဆိုသည်ရှိသော် သင်သည် နှစ်ယောက်ကုန်သော အဂ္ဂသာဝကတို့သည် ဤအရပ်၌ နေကုန်၏ဟု တစုံတယောက်သောသူအား အကယ်၍ မကြားသည်ဖြစ်အံ့၊ ငါတို့သည် ချမ်းသာစွာ နေရကုန်အံ့၊ ဤသည်ကား သင့်ကိုမှီ၍ ငါတို့၏ ချမ်းသာစွာ နေရခြင်းတည်းဟု ဆို၏။ သင်တို့ကိုမှီ၍ ငါ့အား ချမ်းသာစွာ နေရခြင်းသည် အဘယ်နည်းဟု ဆိုသည်ရှိသော် ငါတို့သည် သင့်အားဆုံးမလျက် ဝါတွင်းသုံးလပတ်လုံး တရားကို သင်စေအံ့၊ ဤသည်ကား သင်အား ငါတို့ကိုမှီ၍ ချမ်းသာစွာ နေရခြင်းတည်းဟု ဆိုကုန်၏။ ငါ့သျှင်တို့ အလိုရှိသည်အားလျော်စွာ နေကြကုန်လော့ဟု ထိုကောကာလိကသည် အဂ္ဂသာဝကနှစ်ပါးတို့အား လျောက်ပတ်သော ကျောင်းကို ပေး၏။
ထိုအဂ္ဂသာဝက နှစ်ပါးတို့သည် ဖလသမာပတ် ချမ်းသာဖြင့် ချမ်းသာစွာနေကုန်၏။ တစုံတယောက်သောသူသည် ထိုအဂ္ဂသာဝက နှစ်ပါးတို့ ထိုအရပ်၌ နေသောအဖြစ်ကို မသိ၊ ထိုအဂ္ဂသာဝက နှစ်ပါးတို့သည် ဝါကျွတ်ပြီးသော်
ပဝါရဏာပြုကုန်၍ ငါ့သျှင်ကောကာလိက သင့်ကိုမှီ၍ ချမ်းသာစွာ နေရပေကုန်ပြီ၊ မြတ်စွာဘုရားကို ရှိခိုးခြင်းငှာ သွားကုန်အံ့ဟု ထိုကောကာလိကကို ပန်ကြားကုန်၏။ ကောကာလိကသည် ကောင်းပြီဟု ဝန်ခံပြီးလျှင် အဂ္ဂသာဝက နှစ်ပါးတို့ကို ယူ၍ အနီးဖြစ်သောရွာ၌ ဆွမ်းခံ၍ မထေရ်တို့သည် ဆွမ်းစားခြင်းကိစ္စ ပြီးကုန်လတ်သော် ရွာမှ ထွက်ခဲ့ကုန်၏။ ကောကာလိကသည် ထိုအဂ္ဂသာဝက နှစ်ပါးတို့ကို လွှက်လိုက်ပြီးလျှင် ပြန်ခဲ့၍ လူတို့အား ကြား၏။ ဒါယကာတို့ သင်တို့သည် တိရစ္ဆာန်နှင့် တူကုန်၏။ ဝါတွင်းသုံးလပတ်လုံး အနီးကျောင်း၌ နေကုန်သော အဂ္ဂသာဝက နှစ်ပါးတို့ကို မသိကုန်၊ ယခုအခါ ထိုအဂ္ဂသာဝက နှစ်ပါးတို့သည် ကြွတော်မူကုန်ပြီဟု ကြားသည်ရှိသော် လူတို့သည် အရှင်ဘုရား အဘယ့်ကြောင့် အကျွန်ုပ်တို့အား ကြားတော်မမူကုန်သနည်းဟု ဆို၍ များစွာကုန်သော ထောပတ်ဆီ အစရှိကုန်သော ဆေးတို့ကို၎င်း, အဝတ်သင်္ကန်းတို့ကို၎င်း ယူ၍ မထေရ်တို့သို့ ကပ်ကုန်ပြီးလျှင် ရှိခိုး၍ အရှင်ဘုရားတို့ အကျွန်ုပ်တို့အား သည်းခံတော်မူပါကုန်၊ အကျွန်ုပ်တို့သည် အဂ္ဂသာဝက အဖြစ်ကို မသိပါကုန်၊ ယနေ့မူကား အကျွန်ုပ်တို့သည် အရှင်ကောကာလိကကြား၍ သိပါရကုန်၏။ အကျွန်ုပ်တို့အား သနားတော်မူသဖြင့် ဤထောပတ် ဆီ စသော ဆေး၊ အဝတ်သင်္ကန်းတို့ကို ခံတော်မူပါကုန်ဟု လျှောက်ကုန်၏။
ကောကာကသည်လည်း မထေရ်တို့သည် အလိုနည်းကုန်၏။ ရောင့်ရဲလွယ်ကုန်၏။ ဤဝတ္ထုတို့ကို မိမိတို့ကို့ မယူမူ၍ ငါ့အား ပေးကုန်လတ္တံ့ဟု ကြံ၍ ဒါယကာတို့နှင့်တကွ မထေရ်တိုအထံသို့ သွား၍ မထေရ်မြတ်တို့သည် ဤကောကလိကကို စွဲ၍ လှူသည်၏အဖြစ်ကြောင့် တစုံတခုကိုမျှ ခံတော်မမူကုန်၊ ကောကာလိကအားလည်း မလှူစေကုန်။ ဒါယကာတို့သည် အရှင်ဘုရားတို့ ယခုအခါ မခံကုန်သည်ရှိသော် တဖန် အကျွန်ုပ်တို့အား သနားတော်မူသဖြင့် ဤအရပ်သို့ ကြွတော်မူပါကုန်လော့ဟု တောင်းပန်ကုန်၏။ မထေရ်တို့သည် ဝန်မခံကုန်၊ မြတ်စွာဘုရား အထံတော်သို့သာ ကြွတော်မူကုန်၏။ ကောကာလိကသည် ထိုမထေရ်တို့သည် မိမိတို့ မခံကုန်သည်ရှိသော် ငါ့ကို မလှူစေကုန်ဟု ရန်ငြိုးဖွဲ့၏။ မထေရ်မြတ်တို့လည်း ဘုရားသခင် အထံတော်၌ အတန်ငယ် နေပြီးလျှင် မိမိတို့၏ အခြံအရံဖြစ်ကုန်သော ငါးရာစီရှိကုန်သော ရဟန်းတို့ကိုခေါ်၍ ရဟန်းတထောင်နှင့်တကွ ဒေသစာရီ ကြွတော်မူကုန်သည်ရှိသော် ကောသလတိုင်းသို့ ရောက်ကုန်၏။
ထိုဒါယကာတို့လည်း ခရီးဦးကြိုဆိုခြင်းကို ပြုသဖြင့် မထေရ်တို့ကိုပင့်၍ ထိုဝါဆိုသော ကျောင်းသို့သာလျှင် ဆောင်၍ နေ့တိုင်းနေ့တိုင်း များစွာသော ပူဇော်သက္ကာရကို ပြုကုန်၏။ များစွာသော ဆေး, အဝတ်သင်္ကန်း ပစ္စည်းသည် ဖြစ်၏။ မထေရ်မြတ် နှစ်ပါးတို့နှင့်အတူ လာကုန်သော ရဟန်းတို့သည် သင်္ကန်းတို့ကို စီရင်ဝေဘန်ကုန်သည်ရှိသော် အတူလာသော ရဟန်းတို့အားသာ ပေးကုန်၏။ ကောကာလိကအား မပေးကုန်၊ မထေရ်မြတ် နှစ်ပါးတို့သည်လည်း ကောကာလိကအား မပေးစေကုန်၊ ကောကာလိကသည် သင်္ကန်းကိုမရလျှင် သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ယုတ်မာသောအလိုရှိကုန်၏။ ရှေး၌ ပြုအပ်သောလာဘ်ကို မခံကုန်မူ၍ ယခုအခါ ခံကုန်၏။ ပြည့်ခြင်းငှါ မတတ်နိုင်ကုန်၊ တပါးသောသူတို့ကို မကြည့်ကုန်ဟု မထေရ်မြတ်တို့ကို ဆဲရေးရေရွတ်၏။ မထေရ်မြတ်တို့သည် ဤကောကာလိကသည် ငါတို့ကိုမှီ၍ အကုသိုလ်ကို ပွားစေ၏ဟု အခြံအရံနှင့်တကွ ထိုကျောင်းမှထွက်ခဲ့လျှင် အရှင်ဘုရားတို့ နှစ်ရက်သုံးရက်မျှ နေတော်မူပါကုန်ဦးလော့ဟု လူတို့သည် တောင်းပန်ကုန်သော်လည်း ထိုအရပ်သို့ ပြန်ခြင်းငှါ အလိုမရှိကုန်။
ထိုအခါ တယောက်သော ရဟန်းငယ်သည် ဆို၏။ ဒါယကာတို့ မထေရ်မြတ်တို့သည် အသို့နေကုန်လတ္တံ့နည်း၊ သင်တို့ဆရာ ကောကာလိကသည် ဤကျောင်း၌ မထေရ်မြတ်တို့နေခြင်းကို သည်းမခံနိုင်ကုန်ဟု ဆို၏။ ထိုဒါယကာတို့သည် ကောကာလိကအထံသို့ သွား၍ အရှင်ဘုရား အရှင်ဘုရားတို့သည် မထေရ်မြတ်တို့ ဤကျောင်း၌ နေခြင်းကို သည်းမခံနိုင်ကုန်သတတ်၊ သွားချေကုန်၊ ထိုမထေရ်မြတ်တို့ကို ကန်တော့၍ ပြန်စေကုန်လော့၊ အကယ်၍ မပြန်စေကုန်သည်ဖြစ်အံ့၊ ဤအရပ်မှ ပြေး၍ တပါးသောအရပ်၌ နေလေကုန်ဟု ဆိုကုန်၏။ ထိုကောကာလိကသည် ဒါယကာတို့အား ကြောက်သဖြင့် သွား၍ မထေရ်မြတ်တို့ကို တောင်းပန်၏။ မထေရ်မြတ်တို့သည် ငါ့သျှင် ကောကာလိက သွားလေ၊ ငါတို့သည် မပြန်အံ့ဟုဆို၍ ကြွတော်မူကုန်၏။ ထိုကောကာလိကသည် မထေရ်မြတ်တို့ကို ပြန်စိမ့်သောငှါ မတတ်နိုင်၍ ကျောင်းသို့ ပြန်ခဲ့၏။
ထိုအခါ ဒါယကာတို့သည် အရှင်ကောလိက မထေရ်မြတ်တို့သည် ပြန်ကုန်၏လောဟု မေးကုန်၏။ ဒါယကာတို့ ပြန်စိမ့်သောငှါ မတတ်နိုင်ဟု ဆို၏။ ထိုအခါ ကောကာလိကကို ဤမကောင်းသော အကျင့်သာရှိသော ရဟန်းယုတ်နေသည်ရှိသော် ငါတို့ရွာ၌ သီလကိုချစ်ကုန်သော ရဟန်းတို့သည် မနေကုန်ရာ၊ ထို့ကြောင့် ထိုကောကာလိကကို နှင်ထုတ်ကုန်အံ့ဟု ကြံ၍ အရှင်ကောကာလိက အရှင်သည် ဤကျောင်း၌ မနေလင့်၊ ငါတို့ကိုမှီ၍ အရှင့်အား အဘယ်အကျိုးရှိအံ့နည်းဟု ဆိုကုန်၏။ ထိုဒါယကာတို့သည် နှင်ထုတ်အပ်သည်ဖြစ်၍ သပိတ်သင်္ကန်းတို့ကိုယူ၍ ဇေတဝန် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားသို့ကပ်၍ အသျှင်ဘုရား သာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် မကောင်းသော အလိုရှိကုန်၏။ ယုတ်မာသော အလိုရမ္မက်နိုင်ငံသို့ လိုက်တတ်ကုန်၏ဟု လျှောက်၏။
ထိုအခါ ကောကာလိကကို သဗ္ဗညူမြတ်စွာဘုရားသည် ကောကာလိက ဤသို့ မဆိုပေလင့်၊ ကောကာလိက ဤသို့ မဆိုပေလင့်၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်ညိုစေလော့၊ ထိုသာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် သီလကိုချစ်ကုန်သော ရဟန်းတို့တည်းဟု မြစ်တော်မူ၏။ ထိုသို့ မြစ်တော်မူသော်လည်း ကောကာလိကသည် အရှင်ဘုရား အရှင်ဘုရားတို့သည် အရှင်ဘုရားတို့၏ အဂ္ဂသာဝကတို့အားသာ ယုံကြည်တော်မူ၏။ အကျွန်ုပ်ကား မျက်မှောက်တည်း၊ အကျွန်ုပ်ကို ယုံကြည်တော် မမူကုန်၊ အကျွန်ုပ်သည် မျက်မှောက်မြင်ရ၏။ ထိုသာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ယုတ်မာသော အလိုရှိကုန်၏။ မကောင်းသောအမှုကို ဖုံးလွှမ်းတတ်ကုန်၏။ သီလမရှိကုန်ဟု ဆို၍ သုံးကြိမ်မြောက်အောင် မြတ်စွာဘုရား မြစ်တော်မူသော်လည်း ထိုရှေးအတူသာလျှင် ဆို၍ နေရာမှထပြီးလျှင် သွားလေ၏။
ထိုကောကာလိကသည် ထ၍ သွားစဉ်ပင်လျှင် ထိုကောာလိကကိုယြ၌ မုန်ညင်းစေ့မျှလောက်ကုန်သော အိုင်းအမာတို့သည် ပေါက်ကုန်၍ အစဉ်သဖြင့် ဥသျှစ်သီးမှည့် အတိုင်း အရှည် ရှိသည်ဖြစ်၍ ပေါက်ကွဲ၍ သွေးပြည်တို့သည် ယိုစီးကုန်၏။ ထိုကာကာလိကသည် ကျီးညည်းလျက် ဆင်းရဲခြင်းဝေဒနာသို့ ရောက်သည်ဖြစ်၍ ဇေတဝန် ကျောင်းတော် တံခါးမုတ်၌ အိပ်၏။ ကောကာလိကသည် အဂ္ဂသာဝက နှစ်ပါးတို့ကို အမျက်ထွက်၏ဟု ဗြဟ္မာ့ပြည်တိုင်အောင် တပြိုင်နက် အုတ်အုတ် ကျက်ကျက် ဖြစ်၏။ ထိုအခါ ကောကာလိက၏ ဥပဇ္ဈာယ်ဖြစ်သော တုရိသမည်သော ဗြဟ္မာသည် ထိုအကြောင်းကိုသိ၍ မထေရ်မြတ်တို့ကို ကန်တော့စေအံ့ဟု ကြံ၍ ဗြဟ္မာ့ပြည်မှ လာလတ်ပြီးလျှင် ကောင်းကင်၌ရပ်၍ ကောကာလိက သင်သည် ကြမ်းကြုတ်သောအမှုကို ပြု၏။ အဂ္ဂသာဝကတို့ကို ကြည်ညိုစေလော့ဟု ဆို၏။ ငါ့သျှင် သင်သည် အဘယ်သူနည်းဟု မေး၏။ ငါ တုရိသဗြဟ္မာတည်းဟု ဆိုသည်ရှိသော် ငါ့သျှင် မြတ်စွာဘုရားသည် သင့်ကို အနာဂါမ်ဟူ၍ ဆိုတော်မူသည် မဟုတ်လော၊ အနာဂါမ်သည်လည်း ဗြဟ္မာ့ပြည်မှ ဤလူ့ပြည်သို့ မပြန်သည် မဟုတ်လော့ဟု ဆို၍ သင်သည် တံမြက်ချေးစွန့်ရာ၌ ပြိတ္တာဖြစ်လတ္တံ့ဟု မဟာဗြဟ္မာကို ခြိမ်းမောင်း၏။ ထိုတုရိသဗြဟ္မာသည် ထိုကောကာလိကကို မိမိစကားကို ယူစိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ သင့်စကားဖြင့် သင့်အားသာလျှင် ထင်လတ္တံ့ဟု ဆို၍ သုဒ္ဓါဝါသဘုံသို့လျှင် သွား၏။ ကောကာလိကသည်လည်း သေ၍ ပဒုမငရဲ၌ ဖြစ်၏။
ထိုကောကာလိကသည် ပဒုမငရဲ၌ ဖြစ်ရသော အဖြစ်ကိုသိ၍ သဟမ္ပတိဗြဟ္မာမင်းသည် မြတ်စွာဘုရားအား လျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့အား ကြားတော်မူ၏။ ရဟန်းတို့သည် ကောကာလိက၏ ကျေးဇူးမဲ့ ဖြစ်သော ကဲ့ရဲ့စကားကို ပြောကုန်လျက် တရားသဘင်၌ စကားကိုဖြစ်စေကုန်၏။ ငါ့သျှင်တို့ ကောကာလိကသည် အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်တို့ကို ဆဲရေးသဖြင့် မိမိနှုတ်ကိုမှီ၍ ပဒုမငရဲ၌ ဖြစ်သတတ်ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ကောကာလိကသည် ယခုအခါ၌ သာလျှင် မိမိစကားသည် မိမိကိုယ်ကို သတ်အပ်သည်ဖြစ်၍ မိမိနှုတ်ကိုမှီ၍ ဆင်းရဲကိုခံရသည် မဟုတ်သေး၊ ရှေး၌လည်း ဤကောကာလိကသည် မိမိနှုတ်ကိုမှီ၍ ဆင်းရဲကို ခံရဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား ပိင်္ဂလအမည်ရှိသော အစွယ်ခေါခေါထွက်သော ပုရောဟိတ် ပုဏ္ဏားသည် ရှိ၏။ ထိုပုရောဟိတ်ပုဏ္ဏား၏ ပုဏ္ဏေးမသည် ပုဏ္ဏားတယောက်နှင့် လွန်ကျူးသော အကျင့်ကို ကျင့်၏။ ထိုသယောက်လင်သည်လည်း လင်ကြီးပုရောဟိတ်နှင့် တူသည်သာတည်း၊ ပုရောဟိတ်သည် ပုဏ္ဏေးမကို အဖန်တလဲလဲ မြစ်သော်လည်း မြစ်ခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ကြံ၏။ ငါ၏ရန်သူကို လက်ဖြင့် သတ်ခြင်းငှါ မတတ်ကောင်း။ ဥပါယ်တမျဉ်ဖြင့် ထိုရန်သူကို သတ်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုပုရောဟိတ်သည် မင်းသို့ကပ်၍ တင်လျောက်၏။ မြတ်သောမင်းကြီး အရှင်မင်းကြီးမြို့တော်သည် ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မြတ်သောမြို့တည်း၊ အရှင်မင်းကြီးသည်လည်း မင်းမြတ်တည်း၊ ဤသို့ မင်းမြတ်ဖြစ်ပါလျက် အရှင်မင်းကြီးမြို့တော် တောင်တံခါးသည် မကောင်းသဖြင့် ယှဉ်သည်ဖြစ်၍ မင်္ဂလာမရှိဟု ဆိုသည်ရှိသော် ဆရာ ယခု အသို့ပြုရအံ့နည်းဟု မေးသည်ရှိသော် မင်္ဂလာပြု၍ ယှဉ်စေအပ်၏ဟု လျောက်၏။ အဘယ်ကို ရခြင်းငှါ သင့်မည်နည်းဟု ဆိုသည်ရှိသော် တံခါးဟောင်းကိုပယ်၍ မင်္ဂလာနှင့်ယှဉ်သော သစ်တို့ကိုယူ၍ မြို့ကိုစောင့်ကုန်သော နတ်တို့အား ပူဇော်သက္ကာ ဗလိနတ်စာကို ပေး၍ မင်္ဂလာနက္ခတ်ဖြင့် တည်စေခြင်းငှါ သင့်၏ဟု လျှောက်၏။ ထိုသို့တပြီးကား ဤသို့ ဆရာဆိုတိုင်း ပြုလေကုန်ဟု ဆို၏။
ထိုအခါ ဘုရားလောင်းသည် တက္ကာရိယမည်သော လုလင်ဖြစ်၍ ထိုပိင်္ဂလပုရောဟိတ်၏ အထံ၌ အတတ်ပညာကို သင်၏။ ပိင်္ဂလပုရောဟိတ်သည် တံခါးဟောင်းကိုပယ်၍ တံခါးသစ်ကို တည်စေပြီးလျှင် မင်းကိုလျှောက်၏။ အရှင်မင်းကြီး တံခါးသည် ပြီးပြီ၊ နက်ဖြန် နက္ခတ်သည် ကောင်း၏။ ထိုနက္ခတ်ကောင်းကို မလွန်စေမူ၍ ဤဗလိနတ်စာကို ပြု၍ တံခါးကို တည်စေခြင်းငှာ သင့်၏ဟု လျှောက်သည်ရှိသော် ဆရာ ဗလိနတ်စာအလို့ငှါ အဘယ်ကိုရခြင်းငှါ သင့်မည်နည်းဟု မေး၏။ အရှင်မင်းကြီး တံခါးတော်သည် တန်ခိုးကြီး၏။ တန်ခိုးကြီးသော နတ်တို့သည် စောင့်အပ်၏။ အစွယ်ခေါခေါ ထွက်သော မျက်စိကြော့သွေးရှိသော မိဘနှစ်ပါးမှ စင်ကြယ်သော ပုဏ္ဏားတယောက်ကို သတ်၍ ထိုပုဏ္ဏား၏ အသားအသွေးဖြင့် ဗလိနတ်စာကို ပြု၍ ကိုယ်ကို အောက်သို့ချ၍ တံခါးကို တည်ထားအပ်၏။ ဤသို့ တည်ထားသည်ရှိသော် အရှင်မင်းကြီးတို့၏၎င်း၊ မြို့တော်၏၎င်း အစီးအပွား ဖြစ်လတ္တံ့ဟု လျှောက်၏။ မင်းသည် ဆရာ ကောင်းပြီ၊ ဤသို့သဘောရှိသော ပုဏ္ဏားကိုသတ်၍ တံခါးတည်လေလော့ဟု ဆိုသည်ရှိသော် ထိုပုရောဟိတ်သည် နှစ်သက်ဝမ်းသာသော စိတ်ရှိသည်ဖြစ်၍ နက်ဖြန် ရန်သူ၏ ပျက်စီးသည်ကို မြင်ရလတ္တံ့ဟု အားထုတ်ခြင်းရှိသည်ဖြစ်၍ မိမိအိမ်သို့ သွားပြီးလျှင် နှုတ်ကိုစောင့်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အဆောတလျင် မယားကို ဟယ် အယုတ်မ ဤနေ့မှစ၍ အဘယ်သူနှင့်တကွ နင်မွေ့လျော်လတ္တံ့နည်း၊ နက်ဖြန် နင်၏ သယောက်လင်ကို သတ်၍ ဗလိနတ်စာကို ငါပြုအံ့ဟု ဆို၏။ အပြစ်မရှိသောသူကို အဘယ်ကြောင့် သတ်ရအံ့နည်းဟု မေးသည်ရှိသော် ငါတို့အရှင်မင်းကြီးသည် မျက်စိ ကြောသွေးရှိ၍ အင်္ဂါချို့သော ပုဏ္ဏား၏ အသားအသွေးဖြင့် ဗလိနတ်စာကိုပြု၍ မြို့တော်တံခါးကို တည်လော့ဟု မိန့်တော်မူ၏။ နင်၏ သယောက်လင်ဖြစ်သော ပုဏ္ဏားသည် မျက်စိကြော့သွေး ရှိ၏။ အင်္ဂါချို့၏။ ထိုနင့်လင်ကိုသတ်၍ ဗလိနတ်စာကို ငါပြုအံ့ဟု ဆို၏။
ထိုပုဏ္ဏေးမသည် သယောက်လင် အထံသို့ စေ၏။ မင်းသည် မျက်စိကြောင်တက် အစွယ် ခေါခေါထွက်သော ပုဏ္ဏားကိုသတ်၍ ဗလိနတ်စာ ပြုလိုသတတ်၊ အကယ်၍ အသက်ရှင်လိုသည် ဖြစ်အံ့၊ တပါးလည်း ဖြစ်ကုန်သော
သင်နှင့်တူကုန်သော ပုဏ္ဏားတို့ကိုယူ၍ အခါရှိစဉ်ကလျင် ပြေးလေလော့ဟု စေလိုက်၏။ ထိုသယောက်လင် ပုဏ္ဏားသည် ပုဏ္ဏေးမဆိုတိုင်း ပြု၏။ အလုံးစုံသောမြို့မှ အလုံးစုံကုန်သော မျက်စိကြောင်တက် အစွယ်ခေါခေါထွက်သော ပုဏ္ဏားတို့သည် ပြေးကုန်၏ဟု မြို့၌ ထင်ရှားဖြစ်၏။ ပုရောဟိတ်သည် ရန်သူပြေးသောအဖြစ်ကို မသိ၍ နံနက်စောစောကလျှင် မင်းသို့ကပ်၍ အရှင်မင်းကြီး ဤမည်သောအရပ်၌ မျက်စိ ကြောင်သည်ဖြစ်၍ အစွယ်ခေါခေါ ထွက်သော ပုဏ္ဏားသည် ရှိ၏။ ထိုပုဏ္ဏားကို ဖမ်းစေတော်မူလော့ဟု လျှောက်၏။ မင်းသည် အမတ်တို့ကို စေ၏။ ထိုအမတ်တို့သည် မမြင်ကုန်သည်ဖြစ်၍ ပြန်ခဲ့၍ ပြေးသတတ်ဟု ကြားလျောက်ကုန်၏။ တပါးသောအရပ်၌ စုံစမ်းကြလေကုန်ဟု ဆို၍ အလုံးစုံသောမြို့ကို စုံစမ်းလတ်သော်လည်း မမြင်ကုန်။
ထို့နောင်မှ တဖြည်းဖြည်း စုံစမ်းကြကုန်ဟု ဆိုသည်ရှိသော် အရှင်မင်းကြီး၏ ပုရောဟိတ်ကိုထား၍ ထိုပုရောဟိတ်မှ တပါးသော ဤသို့ သဘောရှိသော ပုဏ္ဏားသည် မရှိပါဟု ဆိုကုန်၏။ ပုရောဟိတ်ကို သတ်ခြင်းငှါ မတတ်ကောင်းဟု ဆိုသည်ရှိသော် အရှင်မင်းကြီး အသို့ဆိုသနည်း၊ ပုရောဟိတ်၏ အကြောင်းကြောင့် ယခုတံခါးကို မတည်သည်ရှိသော် မြို့တော်မလုံသည်ဖြစ်လတ္တံ့၊ ဆရာဆိုသည်မှာ ယနေ့ နက္ခတ်ကို လွန်သည်ရှိသော် ဤနေ့မှ တနှစ်လွန်သဖြင့် နက္ခတ်ကောင်းကို ရလတ္တံ့ဟု ဆို၏။ တနှစ်ပတ်လုံး မြို့တော်တံခါး မပြီးသည်ရှိသော် ရန်သူတို့ အခွင့်ရလတ္တံ့၊ ထို့ကြောင့် ထိုပုရောဟိတ်ကို သတ်၍ တပါးသော လိမ်မာသော ပုဏ္ဏားကို ဗလိနတ်စာပြုစေ၍ တံခါးကို တည်စေကုန်အံ့ဟု လျှောက်၏။ တပါးသော ဆရာပုရောဟိတ်နှင့်တူသော ပညာရှိသော ပုဏ္ဏားသည် ရှိပါမည်လောဟု မေး၏။ အရှင်မင်းကြီး ထိုပုရောဟိတ်၏ တပည့်ဖြစ်သော တက္ကာရိယမည်သော လုလင်သည် ရှိ၏။ ထို တက္ကာရိယလုလင်အား ပုရောဟိတ် အရာကို ပေး၍ မင်္ဂလာကို ပြုတော်မူပါလော့ဟု တင်လျှောက်ကုန်၏။
မင်းသည် ထိုတက္ကာရိယလုလင်ကို ခေါ်စေ၍ မြတ်နိုးတနာ ပြုစေပြီးလျှင် ပုရောဟိတ်အရာကို ပေး၍ အမတ်တို့ဆိုတိုင်း ပြုစိမ့်သောငှါ စေတော်မူ၏။ ထိုတက္ကာရိယလုလင်သည် များစွာသော အခြံအရံဖြင့် မြို့တံခါးသို့သွား၏။ ပုရောဟိတ်ကို မင်းအာဏာဖြင့် နှောင်ဖွဲ့၍ ဆောင်ကုန်၏။ ဘုရားလောင်း တက္ကာရိယလုလင်သည် တံခါးတိုင် တည်အံ့သောငှါ အရာ၌ တွင်းကိုတူးစေ၍ တင်းတိမ်ကို ကာရံပြီးလျှင် အစောင့်ထား၍ ဆရာနှင့်တကွ တင်းတိမ်တွင်း၌ တည်၏။ ဆရာသည် တွင်းကိုကြည့်၍ မိမိတည်ရာကို မရသည်ဖြစ်၍ မိမိအကျိုးငှါ ပြီးစေသည် ဖြစ်၏။ ထိုသို့ မိမိအကျိုးငှာ ပြီးစေပါသော်လည်း မိုက်သောကြောင့် နှုတ်ကိုစောင့်ခြင်းငှာ မတတ်နိုင်၍လျှင် မိန်းမယုတ်အား ငါ ပြောမိ၏။ ထို့ကြောင့် မိမိသည်ပင် မိမိအား သတ်ခြင်းငှါ ဆောင်၏ဟု ဘုရားလောင်းကို ခေါ်၍ မိမိအပြစ်ကို ကြားလိုရကား-
ဘေကာဝ ရညေ အဟိ မဝှါယမာနော။
တက္ကာရိယေ သောဗ္ဘမှိ အဟံ ပတာမိ၊
န ကိရေဝ သာဓုတျတိဝေလံ ဘာဏိ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၁၀၄။ တက္ကာရိယေ၊ တက္ကာရိယလုလင်။ အရညေ၊ တော၌။ ဘေကော၊ ဖားသည်။ အဟိံ၊ မြွေကို။ အဝှါယမာနော ဣဝ၊ ခေါ်သကဲ့သို့။ အဟမေဝ၊ ငါသည်သာလျှင်။ ဗာလော၊ မိုက်သည်ဖြစ်၍။ ဒုဗ္ဘာသိတံ၊ နှုတ်မစောင့်သော စကားကို။ ဘာသိ၊ ဆိုမိ၏။ အဟံ၊ ငါသည်။ သောဗ္ဘမှိ၊ တွင်း၌။ ပတာမိ၊ ကျရလတ္တံ့။ အတိဝေလံ၊ ဆိုသင့်သောအခါကိုလွန်၍။ ဘာဏိ၊ ဆိုသောသူသည်။ န သာဓုတိ ဧဝ၊ မကောင်းသည် သာတည်းဟု။ ကိရ၊ သူဟောင်းတို့စကားကို ကြားရဘူး၏။
ထို့နောင်မှ ဘုရားလောင်းသည် အပြစ်ကိုပြ၍ ဆရာအား ကဲ့ရဲလိုရကား-
ဗန္ဓံ ဝဓံ သောက ပရိဒ္ဒဝဉ္စ။
အတ္တာနမေဝ ဂရဟာသိ ဧတ္ထ၊
အာစရိယ တံ နိက္ခဏန္တိ သောဗ္ဘေ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၀၅။ အာစရိယ၊ ဆရာပိင်္ဂလ ပုရောဟိတ်။ အတိဝေလံ၊ အခါမှလွန်၍။ ဘာဏီ၊ ဆိုသော။ မစ္စော၊ သတ္တဝါသည်။ ဗန္ဓံ၊ နှောင်ဖွဲ့ခြင်းသို့၎င်း။ ဝဓံ၊ သတ်ခြင်းသို့၎င်း။ သောကံ၊ စိုးရိမ်ခြင်းသို့၎င်း။ ပရိဒ္ဒဝဉ္စ၊ ငိုကြွေးခြင်းသို့၎င်း။ ပပ္ပေါတိ၊ ရောက်ရ၏။ ဧတ္ထ၊ ဤအကြောင်း၌။ အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ဂရဟာသိ၊ ကဲ့ရဲလော့။ သောဗ္ဘေ၊ တွင်း၌။ တံ၊ သင်ဆရာကို။ တေန၊ ထိုသို့ နှုတ်မစောင့်ခြင်းကြောင့်။ နိက္ခဏန္တိ၊ မြှုပ်ကုန်လတ္တံ့။
ဤသို့သော စကားကိုဆို၍ ဆရာ နှုတ်ကိုမစောင့်၍ သက်သက် ဆရာသည်သာလျှင် ဆင်းရဲခြင်းသို့ ရောက်သည်မဟုတ်သေး၊ ဆရာမှ တပါးသောသူသည်လည်း ဆင်းရဲဘူးသည်သာလျှင်တည်းဟု ဆို၍ လွန်လေပြီးသော အကြောင်းကိုဆောင်၍ ပြ၏။
ဆရာ ကြားရသည်ကား ရှေးအခါ ဗာရာဏသီပြည်၌ ကာဠီမည်သော ပြည့်တန်ဆာမသည် ရှိ၏။ ထိုပြည့်တန်ဆာမ၏ မောင်သည် တုဏ္ဍိလမည်၏။ ထိုကာဠီသည် တနေ့လျှင် ဥစ္စာတထောင်ကို ရ၏။ မောင် တုဏ္ဍိလသည်ကား မိန်းမကြူး၏။ သေသောက် ကြူး၏။ အန်လောင်း ကြူး၏။ ထိုကာဠီသည် မောင်တုဏ္ဍိလအား ဥစ္စာကို ပေး၏ ထိုတုဏ္ဍိလသည် ရတိုင်း ရတိုင်းသော ဥစ္စာကို ဖျက်ဆီး၏။ ထိုကာဠီသည် မောင်တုဏ္ဍိလကို မြစ်ခြင်းငှာ မတတ်နိုင်၊ ထိုတုဏ္ဍိလသည် တနေ့သ၌ ကြွေအန်လောင်းသဖြင့် ရှုံးသည်ဖြစ်၍ ဝတ်သောပုဆိုးတို့ကို ရှုံးပြန်စေပြီးလျှင် အပိုင်းအပိုင်း ပြတ်သော သင်ဖြူးပုဆိုးတို့ကို ဝတ်၍ နှမကာဠီအိမ်သို့ လာ၏။ ကာဠီသည်လည်း ကျွန်မတို့ကို စေ၏။ တုဏ္ဍိလလာသောအခါ တစုံတခုကိုမျှ မပေးမူ၍ လည်၌ကိုင်သဖြင့် နှင်ထုတ်ကြကုန်လော့ဟု စေ၏။ ထိုကျွန်မတို့သည် ကာဠီဆိုတိုင်း ပြုကုန်၏။ ထိုတုဏ္ဍိလသည် တံခါးရင်း၌ ငိုလျက် ရပ်၏။
ထိုအခါ သူဌေးသား တယောက်သည် အခါခပ်သိမ်း ကာဠီထံသို့ ဥစ္စာတထောင်ကို ဆောင်လျက် လာစဉ် မြင်၍ တုဏ္ဍိလ အဘယ့်ကြောင့် ငိုသနည်းဟုမေး၏။ အရှင်ကြွေအန်ရှုံး၍ ကျွန်ုပ်နှမထံသို့ လာ၏။ အကျွန်ုပ်ကို ကျွန်မတို့သည် လည်၌ကိုင်၍ နှင်ထုတ်ကုန်၏ဟု ဆို၏။ ထိုသူဌေးသားသည်လည်း သင် နေရစ်လော့၊ သင့်နှမအား ငါဆိုအံ့ဟု ဆို၍ ထိုသူဌေးသားသည် လာလတ်၍ သင့်မောင်သည် အပိုင်းအပိုင်းပြတ်သော သင်ဖြူးပုဆိုးကိုဝတ်၍ ရပ်လျက်ငို၏။ အဝတ်ပုဆိုးတို့ကို တုဏ္ဍိလအား အဘယ့်ကြောင့် မပေးသနည်းဟု ဆို၏။ ငါသည် မပေး၊ စင်စစ်သော်ကား သင့်အား ချစ်ခြင်းရှိအံ့၊ သင်သည် ပေးလော့ဟု ဆို၏။
ပြည့်တန်ဆာမတို့၏အိမ်၌ ထုံးစံကား ဆောင်ခဲ့သော ဥစ္စာတထောင်မှ ငါးရာသော ဥစ္စာတို့သည် ပြည့်တန်ဆာမအား ဖြစ်ကုန်၏။ ငါးရာသော ဥစ္စာတို့သည် အဝတ် ပန်းနံ့သာဘိုး ဖြစ်ကုန်၏ ဤသည်ကား ပြည့်တန်ဆာမတို့ အိမ်၌ အကျင့်တည်း။
လာတိုင်းလာတိုင်းသော ယောက်ျားတို့သည် ထိုအိမ်၌ ရအပ်သော ပုဆိုးတို့ကိုဝတ်၍ ညဉ့်၌ နေ၍ နက်ဖြန်နေ့၌ သွားသည်ရှိသော် ထိုပုဆိုးကိုထားခဲ့၍ ဆောင်ခဲ့သော ပုဆိုးတို့ကို ဝတ်၍ သွား၏။ ထို့ကြောင့် သူဌေးသားသည် ကာဠီပေးသော ပုဆိုးတို့ကိုဝတ်၍ မိမိပုဆိုးတို့ကို တုဏ္ဍိလအား ပေး၏ တုဏ္ဍိလသည်ဝတ်၍ ဟစ်ကြွေးကြုံးဝါးလျက် သေတင်းကုပ်သို့ ဝင်လေ၏။ ကာဠီသည်လည်း ကျွန်မတို့ကို စေ၏။ နက်ဖြန် သူဌေးသား သွားသောအခါ ပုဆိုးတို့ကို လုယက်ကြကုန်ဟု စေ၏။ ထိုကျွန်မတို့သည် သူဌေးသား ထွက်သောအခါ ထိုမှဤမှပြေးကုန်၍ လုယက်ကုန်လျက် ပုဆိုးတို့ကိုယူ၍ သူဌေးသား ယခု သွားလေလော့ဟု ဆို၍ အဝတ်မရှိသည်ကို ပြု၍ လွှတ်လိုက်ကုန်၏။ ထိုသူဌေးသားသည် ကိုယ်ချည်းသာလျှင် ထွက်ခဲ့ရ၏။ လူများသည် ပြက်ရယ်ပြု၏။ ထိုသူဌေးသားသည် ရှက်သည်ဖြစ်၍ ငါသည်ပင်လျှင် ဤအမှုကို ပြုအပ်၏။ ငါသည်လျှင် မိမိနှုတ်ကို စောင့်အံ့သောငှါ မတတ်နိုင်ဟု ငိုကြွေး၏။ ထိုအကြောင်းကို ပြခြင်းငှာ-
ကရေယ သ ဘာတရံ ကာဠိကာယ။
နဂ္ဂေါဝဟံ ဝတ္ထယုဂဉ္စ ဇီနော၊
အယံပိ အတ္ထော ဗဟု တာဒိသောဝ။
ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
၁၀၆။ တုဏ္ဍိလံ၊ တုဏ္ဍိလကို။ အဟံ ဧဝ၊ ငါသည်လျှင်။ ကိ၊ အဘယ့်ကြောင့်။ အနုပုစ္ဆိံ၊ မေးမိသနည်း။ သော အဟံ၊ ထိုငါသည်။ ကာဠိကာယ၊ ကာဠီ၏။ ဘာတရံ၊ မောင်ကို။ ကရေယျ၊ ပျူငှါပြုမိ၏။ ဝတ္ထယုဂဉ္စ၊ ပုဆိုးအစုံမှလည်း။ ဇီနော - ပရာဇိတော၊ ရှုံးသည်ဖြစ်၍။ အဟံ ဧဝ၊ ငါသည်လျှင်။ နဂ္ဂေါ၊ အဝတ်မရှိ ကိုယ်ချည်းရှိခဲ့ပြီ။ အယံပိ အတ္ထော၊ ဤအကြောင်းသည်လည်း။ ဗဟု၊ များသောအားဖြင့်။ တာဒိသောဝ၊ ဆရာနှင့်တူသည်သာတည်း။
ဆရာ - အကြောင်းတပါးလည်း ဗာရာဏသီပြည်၌ ဆိတ်ကျောင်းသားတို့ မေ့လျော့စဉ် ကျက်စားရာ၌ ဆိတ်နှစ်ခုတို့သည် ခတ်ကုန်သည်ရှိသော် တခုသော နွားမြီးဆွဲငှက်သည် ဤဆိတ်တို့သည် ဦးခေါင်းကွဲ၍ သေကုန်လတ္တံ့၊
ငါမြစ်အံ့ဟု ကြံ၍ ဦးရီးတို့ မခတ်ကြကုန်လင့်ဟု မြစ်၍ ထိုဆိတ်တို့သည် မိမိ၏ စကားကိုမယူမူ၍ ခတ်ကြကုန်စဉ်လျှင် ဆိတ်တို့၏ ကျောက်ကုန်း၌၎င်း, ဦးခေါင်း၌၎င်း နေလျက် တောင်းပန်၍ မြစ်ခြင်းငှာ မတတ်နိုင်လျှင် ထိုသို့ တပြီးကား ငါ့ကိုသတ်၍ ခတ်ကြကုန်လော့ဟုဆို၍ ဆိတ်နှစ်ခုတို့၏ ဦးခေါင်းကြားသို့ ဝင်၏။ ထိုဆိတ်နှစ်ခုတို့သည် အချင်းချင်း ခတ်ကြကုန်သည်သာတည်း၊ ထိုနွားမြီးဆွဲငှက်သည် ကျောက်ပျဉ်၌ ကြိတ်သကဲ့သို့ မိမိသည် ပြုအပ်သော အမှုဖြင့်လျှင် ပျက်စီးခြင်းသို့ ရောက်၏။ ဤအကြောင်းကိုလည်း ပြခြင်းငှာ-
မဏ္ဍန္တရံ အစ္စုပတီ ကုလိင်္ဂေါ။
သော ပိသိတော မေဏ္ဍသိရေဟိ တတ္ထ၊
အယံပိ အတ္ထော ဗဟု တာဒိသောဝ။
ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။
၁၀၇။ အယုဇ္ဈမာနော၊ မခတ်စေလိုသော။ ယော ကုလိင်္ဂေါ၊ အကြင်နွားမြီးဆွဲငှက်သည်။ ယုဇ္ဇမာနေန၊ ဆိတ်နှစ်ကောင် ခတ်သည်ရှိသော်။ မေဏ္ဍန္တရံ၊ ဆိတ်နှစ်ကောင်တို့၏ အကြားသို့။ အစ္စုပတိ၊ ဝင်၏။ သော၊ ထိုနွားမြီးဆွဲ ငှက်သည်။ မေဏ္ဍသိရေဟိ၊ ဆိတ်တို့၏ ဦးခေါင်း နှစ်ခုတို့ဖြင့်။ ပိသိတော၊ ကြိတ်အပ်သည်ဖြစ်၍။ တတ္ထ၊ ထိုအရပ်၌။ မတော၊ သေ၏။ အယံပိ အတ္ထော၊ ဤအကြောင်းသည်လည်း။ ဗဟု၊ များစွာ။ တာဒိသောဝ၊ ဆရာနှင့် တူသည်သာတည်း။
ဆရာ အကြောင်းတပါးကိုလည်း ဆိုဦးအံ့၊ ဗာရာဏသီပြည်၌ နေကုန်သော ကျောင်းသားတို့သည် အသီးသီးသော ထန်းပင်ကိုမြင်၍ တယောက်သောသူကို ထန်းသီးအလို့ငှါ ထန်းပင်သို့ တက်စေကုန်၏။ ထိုသူသည် ထန်းသီးတို့ကို ချသည်ရှိသော် တခုသော မြွေဟောက်သည် တောင်ပို့မှ ထွက်၍ ထန်းပင်သို့ တက်၏။ ထန်းပင်အောက်၌ တည်သောသူတို့သည် လှံတံတို့ဖြင့် ပုတ်ခတ်ကုန်လျက် မြစ်ခြင်းငှာ မတတ်နိုင်ကုန်၊ ထိုသူတို့သည် မြွေ ထန်းပင်သို့တက်၏ဟု ထန်းပင်ထက်ကလူအား ကြားကုန်၏။ ထိုသူသည် ကြောက်သည်ဖြစ်၍ ပြင်းစွာသော အသံကို ပြု၏။ အောက်ကနေသော သူတို့သည် ခိုင်ခံ့သော ပုဆိုးတထည်ကို အနားစွန်းလေးထောင့်တို့၌ ကိုင်၍ ဤပုဆိုးပေါ်သို့ ခုန်လော့ဟု ဆိုကုန်၏။ ထိုသူခုန်လတ်သည်ရှိသော် လေးယောက်ကုန်သော လူတို့၏အကြား ပုဆိုးလယ်၌ ကျ၏။ ထိုသူ၏အဟုန်ကို တားမြစ်ခြင်းငှါ မတတ်နိုင်၍ အချင်းချင်း ဦးခေါင်းတို့ဖြင့် ခတ်မိလျှင် ဦးခေါင်းတို့သည် ကွဲကုန်သည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်လေ၏။ ဤအကြောင်းကိုလည်း ပြလို၍-
ဧကဉ္စ ပေါသံ အနုရက္ခမာနာ။
သဗ္ဗေ တေ ဘိန္နသိရာ သယိံသု။
အယမ္ပိ အတ္ထော ဗဟု တာဒိသောဝ။
ဟူသော ငါးခုမြောက်သော ဤဂါထာကိုဆို၏။
၁၀၈။ ဧကဉ္စပေါသံ၊ လူတယောက်ကို။ အနုရက္ခမာနာ၊ စောင့်ရှောက်လိုကုန်သည်ဖြစ်၍။ စတုရော ဇနာ၊ လေးယောက်ကုန်သောလူတို့သည်။ ပေါတ္ထကံ၊ ပုဆိုးကို။ အဂ္ဂဟေသုံ၊ လေးထောင့်ကိုင်ကုန်၏။ တေ သဗ္ဗေ၊ ထိုအလုံးစုံသော သူတို့သည်လျှင်။ ဘိန္နသိရာ၊ အချင်းချင်းဝှေ့၍ ဦးခေါင်းကွဲကုန်သည်ဖြစ်၍။ သယိံသု၊ အသက်သေသဖြင့် အိပ်ရကုန်၏။ ဗဟု၊ များစွာ။ အယမ္ပိ အတ္ထော၊ ဤအကြောင်းသည်လည်း။ တာဒိသောဝ၊ ဆရာနှင့်တူသည်သာတည်း။
ဆရာ အကြောင်းတပါးကိုလည်း ဆိုဦးအံ့၊ ဗာရာဏသီပြည်၌ နေကုန်သော ဆိတ်ကို ခိုးတတ်ကုန်သော သူတို့သည် ညဉ့်အခါ တခုသောဆိတ်ကို ခိုးကုန်၍ နေ့အခါ တော၌ စားကုန်အံ့ဟု ဆိတ်ကို မမြည်စိမ့်သောငှါ နှုတ်သီးကိုစည်း၍ ဝါးချုံ၌ ထားကုန်၏။ တဖန် မိုးသောက်သောနေ့၌ စားအံ့သောငှါ သွားကုန်သည်ရှိသော် လက်နက်ကို မေ့၍ လာခဲ့ကုန်၏။ ထိုသူတို့သည် ဆိတ်ကိုသတ်သဖြင့် အသားကို ချက်၍ စားကုန်အံ့၊ လက်နက်ကို ဆောင်ခဲ့ကုန်လော့ဟု ဆိုသည်ရှိသော် တယောက်သောသူ၏ လက်၌လည်း လက်နက်ကိုမမြင်၍ လက်နက်နှင့် ကင်းသဖြင့် ဤဆိတ်ကိုသတ်၍ အသားကိုယူခြင်းငှာ မတတ်ကောင်း၊ ထိုဆိတ်ကို လွှတ်ကြကုန်လော့၊ ထိုဆိတ်အား ကောင်းမှုသည် ရှိ၏ဟု ဆို၍ လွှတ်ကုန်၏။ ထိုအခါ တယောက်သော ကျူထရံသည်သည် ဝါးကိုယူပြီး၍ တဖန်လည်း လာလတ်၍ ယူဦးအံ့ဟု ထရံသည်သည် လက်နက်ကို ဝါးရုံကြား၌ထား၍ သွား၏။ ဆိတ်သည် ခိုးသူတို့လက်မှ လွတ်သည်ဖြစ်၏ဟု ဝမ်းမြောက်လျက် ဝါးရုံအရင်း၌ ကစားမြူးတူးလတ်သော် နောက်ခြေတို့ဖြင့်ကန်၍ လက်နက်ကိုကျစေ၏။ ခိုးသူတို့သည် လက်နက်သံကို ကြား၍ စုံစမ်းကုန်လတ်သော် ထိုလက်နက်ကိုမြင်၍ ဝမ်းမြောက်ကုန်သည်ဖြစ်၍ ဆိတ်ကိုသတ်၍ စားကုန်သတတ်၊ ထိုဆိတ်သည်လည်း မိမိပြုသောအမှုဖြင့်သာလျှင် သေ၏ဟု ဤအကြောင်းကိုလည်း ပြုခြင်းငှါ-
အဝေက္ခိပန္တီ အသိ မဇ္ဈဂစ္ဆိ။
တေနေဝ တဿ ဂလယာ ဝိကန္တုံ၊
အယမ္ပိ အတ္ထော ဗဟု တာဒိသောဝ။
ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၀၉။ ယထာ၊ အကြင်အခြင်းဖြင့်။ အဇာ၊ ဆိတ်သည်။ အဝေက္ခိပန္တီ၊ ကစားမြူးတူးလျက် နောက်ခြေတို့ကို ကြောက်ကန်ပစ်ချမိသည်ဖြစ်၍။ ဝေဠုဂုမ္ဗသ္မိံ၊ ဝါးချုံ၌။ ဗဒ္ဓံ၊ ဖွဲ့ထားသော။ အသိံ၊ သန်လျက်ကို။ အဇ္ဈဂစ္ဆိ၊ ကန်ကြောက်မိ၏။ တေနေဝ၊ ထိုသန်လျက်ဖြင့်သာလျှင်။ တဿ၊ ထိုဆိတ်၏။ ဂလယာ၊ လည်၌။ ဝိကန္တုံ၊ သတ်ဖြတ်ကုန်၏။ ဗဟု၊ များစွာ။ အယမ္ပိ အတ္ထော၊ ဤအကြောင်းသည်လည်း။ တဒိသောဝ၊ ဆရာနှင့် တူသည်သာတည်း။
ဤသို့သော စကားကိုဆို၍ မိမိစကားကို စောင့်ရှောက်သဖြင့် နှိုင်းချင့်ဆင်ခြင်၍ဆိုသော သူတို့မည်သည်ကား သေခြင်းဆင်းရဲခြင်းမှ လွတ်ကုန်၏ဟု ပြအံ့သောငှါ ဤကိန္နရီဝတ္ထုကို ဆောင်၍ ပြပြန်၏။
ဆရာ ဗာရာဏသီပြည်၌နေသော မုဆိုးတယောက်သည် ဟိမဝန္တာသို့သွား၍ တခုသော ဥပါယ်တမျဉ်ဖြင့် လင်မယားဖြစ်ကုန်သော ကိန္နရာနှစ်ခုတို့ကို ဖမ်းပြီးလျှင် ဆောင်ခဲ့၍ မင်းအားဆက်၏။ မင်းသည် မမြင်ဘူးသော ကိန္နရာတို့ကို မြင်ရလျှင် အလွန်နှစ်သက်သည်ဖြစ်၍ အမောင်မုဆိုး ကိန္နရာတို့၏ ဂုဏ်ကျေးဇူးကား အဘယ်နည်းဟု မေးတော်မူ၏။ အရှင်မင်းကြီး ထိုကိန္နရာတို့သည် သာယာသော အသံဖြင့် သီတတ်ကုန်၏။ နှစ်သက်ဘွယ် ကတတ်ကုန်၏။ လူတို့သည် ဤသို့ သီခြင်း, ကခြင်းငှါ၎င်း မသိပါဟု လျှောက်သည်ရှိသော် မင်းသည် မုဆိုးအား များစွာသော ဆုလာဘ်ကို ပေးတော်မူ၍ ဤကိန္နရာတို့ကို က, သီစေကုန်လော့ဟု ဆို၏။ ကိန္နရာတို့သည် အကယ်၍ ငါတို့သည် သီ, က ကုန်သည်ရှိသော် သဒ္ဒါကို ပြည့်စုံစွာ သီခြင်းငှါ မတတ်နိုင်ကုန်သည် ဖြစ်အံ့၊ အသီမကောင်းဟူ၍ ငါတို့ကို ကဲ့ရဲ့ကုန်လတ္တံ့၊ သတ်သော်လည်း သတ်ကုန်လတ္တံ့၊ စကားများစွာဆိုသော သူအားသည်း မုသာဝါဒ ဖြစ်တတ်၏ ဟု ထိုကိန္နရာတို့သည် မုသာဝါဒမှ ကြောက်ကုန်သောကြောင့် မင်းကြီးသည် အဖန်တလဲလဲဆိုသော်လည်း ကခြင်း, သီချင်းကို မပြုကုန်၊ မင်းသည် အမျက် ထွက်၍ ကိန္နရာတို့ကို သတ်ပြီးလျှင် အသားကိုချက်၍ ဆောင်ခဲ့ကုန်လော့ဟု စေလိုရကား-
မိဂါ ဣမေ အတ္ထဝသံဂတာ မေ။
ဧကဉ္စ နံ သာယမာသေ ပစန္တု၊
ဧကံ ပုနပ္ပါတရာသေ ပစန္တု။
ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၁၀။ ဣမေ၊ ဤကိန္နရာတို့သည်။ န ဒေဝါ၊ နတ်မဟုတ်ကုန်။ ဂန္ဓဗ္ဗပုတ္တာ၊ ဂန္ဓဗ္ဗနတ်သားမဟုတ်ကုန်။ ဣမေ၊ ဤကိန္နရာတို့သည်။ မိဂါ၊ တိရစ္ဆာန်တို့တည်း။ ဣမေ၊ ဤကိန္နရာတို့ကို။ အတ္ထဝသံဂတာ၊ မုဆိုးတို့သည် အကျိုးလို၍ ငါသို့ ရောက်စေကုန်၏။ ဧတေသု၊ ထိုနှစ်ကောင်သော ကိန္နရာတို့တွင်။ ဧကဉ္စ၊ တကောင်ကိုကား။ သာယမာသေ၊ ညစာအလို့ငှါ။ ပစန္တု၊ ချက်လေကုန်။ ဧကဉ္စ၊ တကောင်ကိုကား။ ပုနပ္ပါတရာသေ၊ နက်ဖြန် နံနက်စာအလို့ငှာ။ ပစန္တု၊ ချက်လေကုန်။
မင်းကြီးဆိုသော ထိုစကားကိုကြား၍ ကိန္နရီမသည် ကြံ၏။ မင်းသည် အမျက်ထွက်၏။ မချွတ်လျှင် ငါတို့ကို သတ်လတ္တံ့၊ ယခုအခါ စကားပြောဆိုအံ့သောအခါတည်းဟု ကြံ၍ စကားပြောဆိုလိုရကား-
ကလမ္ပိ နာဂ္ဃန္တိ သုဘာသိတဿ။
ဒုဗ္ဘာသိတံ သင်္ကမာနော ကိလေသော၊
တသ္မာ တုဏှီ ကိံပုရိသာ န ဗာလျာ။
ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၁၁။ ရထေသဘ၊ ရထားစီးခြင်း မင်းတကာတို့ထက် မြတ်တော်မူသော။ မန္ဒိရိဿရ၊ ရွှေနန်းရှင်။ သတံသဟဿာနိ၊ တသိန်းကုန်သော။ ဒုဗ္ဘာသိတာနိ၊ မကောင်းသဖြင့် ဆိုအပ်သော စကားတို့သည်။ သုဘာသိတဿ၊ ကောင်းစွာဆိုအပ်သော စကား၏။ ကလမ္ပိ၊ တဆယ့်ခြောက်စိတ် စိတ်၍ တစိတ်ကိုမျှလည်း။ နာဂ္ဃန္တိ၊ မထိုက်ကုန်။ ဒုဗ္ဘာသိတံ၊ မကောင်းသဖြင့် ဆိုအပ်သောစကားကို။ သင်္ကမာနော၊ ပြောဆိုသည်ရှိသော်။ ကိလေသော၊ ညစ်ညူးတတ်၏။ တသ္မာ၊ ထို့ကြောင့်။ ကိံပုရိသာ၊ လူလောတွေးဘွယ် တောသူမယ် ကိန္နရီမတို့သည်။ တုဏှီ၊ ဆိတ်ဆိတ်နေကုန်၏။ ဗာလျာ၊ မသိမလိမ္မာ မိုက်ခြင်းရာဖြင့်။ န တုဏှီ၊ ဆိတ်ဆိတ် မနေကုန်။
မင်းသည် ကိန္နရီမအား နှစ်သက်သည်ဖြစ်၍ ထိုကိန္နရီမကို လွှတ်လိုရကား-
ဂိရိံ ဝရံ ဟိမဝန္တံ နယန္တု။
ဣမဉ္စ ခေါ ဒေန္တု မဟာနသာယ၊
ပါတောဝ နံ ပါတရာသေ ပစန္တု။
ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဆို၏။
၁၁၂။ ယာ ဧသာ၊ အကြင်ကိန္နရာမသည်။ မေ၊ ငါ့အား။ ဗျာကာသိ၊ စကားပြောဆို၏။ ဧတံ၊ ထိုကိန္နရာမကို။ ပမုဉ္စထ၊ လွှတ်ကြကုန်။ ဟိမဝန္တံ၊ ဟိမဝန်အမည်ရှိသော။ ဂိရိံဝရံ၊ တောင်မြတ်သို့။ နယန္တု၊ ပို့လေကုန်။ ဣမဉ္စ ခေါ၊ ဤကိန္နရာဖိုကိုကား။ မဟာနသာယ၊ စားတော်ချက်အား။ ဒေန္တု၊ ပေးလေကုန်။ ပါတောဝ၊ နံနက်စောစောလျှင်။ နံ၊ ထို ကိန္နရာဖိုကို။ ပါတရာသေ၊ နံနက်စာအလို့ငှါ။ ပစန္တု၊ ချက်လေစေကုန်။
ကိန္နရာဖိုသည် မင်း၏စကားကို ကြားလတ်သော် ဤမင်းသည် မပြောဆိုသော် ငါ့ကို သတ်လတ္တံ့၊ ထို့ကြောင့် ငါသည် ယခုအခါ ပြောဆိုခြင်းငှာ သင့်၏ဟု ကြံ၍ စကားပြောလိုရကား-
တွံ နာထောသိ မဟာရာဇ၊ နာထောဟံ ဘရိယာယ စ။
ဒွိန္နမညတရံ ဉတွာ၊ မုတ္တော ဂစ္ဆေယျ ပဗ္ဗတံ။
ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဆို၏။
၁၁၃။ နရိန္ဒ၊ လူများသေဌ်နင်း နတ်ရှင်မင်း။ ပသဝေါ၊ အခြေလေးချောင်းရှိသော မြက်ကိုစားသော ကျွဲနွား အစရှိသော သားတို့သည်။ ပဇ္ဇုန္နနာထာ၊ မိုဃ်းလျှင်ကိုးကွယ်ရာ ဖြစ်ကုန်၏။ အယံ ပဇာ၊ ဤလူဖြစ်သော သတ္တဝါတို့သည်။ ပသုနာထာ၊ ကျွဲ နွားအစရှိသော သားလျှင် မှီခိုရာဖြစ်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ အရှင်မင်းကြီးသည်။ မမ၊ အကျွန်ုပ်၏။ နာထော၊ ကိုးကွယ်ရာ မှီခိုရာသည်။ အသိ၊ ဖြစ်တော်မူပါလော့။ အဟံ စ၊ အကျွန်ုပ်သည်ကား။ ဘရိယာယ၊ ကိန္နရီသက်ထား ငယ်မျောက်သား၏။ နာထော၊ ကိုးကွယ်ရာသည်။ အမှိ၊ ဖြစ်ပါ၏။ ဒွိန္နံ၊ နှစ်ယောက်ကုန်သော အကျွန်ုပ်တို့တွင်။ အညတရံ၊ တယောက်ယောက်ကို။ မတံ၊ သေသည်ကို။ ဉတွာ၊ သိ၍။ မုတ္တော၊ သေခြင်းမှ လွတ်သောသူသည်။ ပဗ္ဗတံ၊ ဟိမဝန္တာတောင်သို့။ ဂစ္ဆေယျ၊ သွားရာ၏။
ကိန္နရာဖိုသည် ဤသို့သော စကားကိုဆို၍ မြတ်သောမင်းကြီး အကျွန်ုပ်တို့သည် စကားမပြောလိုသောကြောင့် ဆိတ်ဆိတ်နေသည် မဟုတ်ကုန်၊ စင်စစ်သော်ကား စကားများခြင်း၌ အပြစ်ကိုမြင်၍ စကားမဆိုပါကုန်ဟု ဆို၍ စကားများသောအပြစ်ကို ပြလိုရကား-
နာနာ ဇနာ သေဝိတဗ္ဗာ ဇနိန္ဒ။
ယေနေဝ ဧကော လဘတေ ပသံသံ၊
တေနေဝ အညော လဘတေ နိန္ဒိတာရံ။
သဗ္ဗော လောကော စိတ္တဝါသမှိ စိတ္တေ။
ပစ္စေကစိတ္တာ ပုထု သဗ္ဗသတ္တာ၊
ကဿီဓ စိတ္တဿ ဝသေန ဝတ္တေ။
ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။
၁၁၄။ ရဋ္ဌဝဍ္ဎန၊ တိုင်းပြည်သူတို့၏ အစီးအပွားကို ဆောတော်မူတတ်သော။ ဇနိန္ဒ၊ လူများအထွတ် ပြည်ကြီးနတ်။ ဝေ၊ စင်စစ်။ နိန္ဒာ၊ ကဲ့ရဲ့ခြင်းမည်သည်ကို။ န သုပရိဝဇ္ဇယေထ၊ လွယ်သဖြင့် ကင်းလွတ်အောင် ရှောင်ကြဉ်အံ့သောငှါ မတတ်နိုင်သည်သာတည်း။ နာနာ ဇနာ၊ အထူးထူးသော အလိုဆန္ဒရှိကုန်သော လူတို့သည်။ သေဝိတဗ္ဗာ၊ မှီဝဲအပ်ကုန်သော။ ယေနေဝ၊ အကြင် သီလအစရှိသော ဂုဏ်ကျေးဇူးကြောင့်သာလျှင်။ ဧကော၊ တယောက်သောသူသည်။ ပသံသံ၊ ချီးမွမ်းခြင်းကို။ လဘတေ၊ ရ၏။ တေနေဝ၊ ထိုသီလအစရှိသော ဂုဏ်ကျေးဇူးကြောင့်သာလျှင်။ အညော၊ တယောက်သောသူသည်။ နိန္ဒိတာရံ၊ ကဲ့ရဲ့ခြင်းကို။ လဘတေ၊ ရ၏။
၁၁၅။ သဗ္ဗော၊ အလုံးစုံသော။ လောကော၊ လူအပေါင်းသည်။ ပရိစိတ္တော၊ ယုတ်သောအမှု မြတ်သောအမှုအားဖြင့် မိမိတို့ စရိုက်အားလျော်စွာ။ အတိစိတ္တော၊ အလွန်မြတ်သော စိတ်ရှိတတ်၏။ သဗ္ဗော၊ အလုံးစုံသော။ လောကော၊ လူသည်။ စိတ္တဝါသမှိ၊ စိတ်အလိုသည်။ စိတ္တေ၊ ဆန်းကြယ်သောစိတ်ဖြစ်လတ်သော်။ ပုထူ၊ များစွာကုန်သော။ သဗ္ဗသတ္တာ၊ အလုံးစုံသော သတ္တဝါတို့သည်။ ပစ္စေကစိတ္တာ၊ အသီးအသီး စိတ်ရှိကုန်၏။ ဣဓ၊ ဤလူ့ရွာ၌။ ကဿ၊ အဘယ်သူ၏။ စိတ္တဝသေန၊ စိတ်အလိုဖြင့်။ ဝတ္တေ၊ ကျင့်နိုင်အံ့နည်း။
မင်းသည် ကိန္နရာဖိုသည် ဟုတ်မှန်သော စကားကိုသာလျှင် ဆို၏။ ကိန္နရာဖိုသည် အလွန်ပညာရှိ၏ဟု ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ ကိန္နရာဖိုအား ချီးမွမ်းလိုရကား-
ယော ဒါနိ ဗျာကာသိ ဘယဿ ဘီတော။
သော ဒါနိ မုတ္တော သုခိတော အရောဂေါ။
ဝါစာကိရေ ဝတ္ထဝတီ နရာနံ။
ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။
၁၁၆။ ဘော၊ အချင်းတို့။ ကိံပုရိသော၊ ကိန္နရာဖိုသည်။ အဘာဏီ၊ မပြောဆိုလိုသည် ဖြစ်၍။ တုဏှီ၊ ဆိတ်ဆိတ်နေသည်။ အဟု၊ ဖြစ်ပြီ။ ယော၊ အကြင်ကိန္နရာဖိုသည်။ ဒါနိ ဣဒါနိ၊ ယခုအခါ၌။ ဘယဿ၊ သေဘေးမှ။ ဘီတော၊ ကြောက်သည်ဖြစ်၍။ ဗျာကာသိ၊ စကားပြောဆို၏။ သော၊ ထိုကိန္နရာဖိုသည်။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ သုခိတော၊ ချမ်းသာစွာ။ အရောဂေါ၊ အနာကင်းလျက်။ မုတ္တော၊ သေဘေးမှ လွတ်၏။ နရာနံ၊ လူတို့အား။ ဝါစာကိရေဝ၊ သင့်သောအခါ၌ မှန်ကန်စွာ ဆိုအပ်သော စကားသည်သာလျှင်။ အတ္ထဝတီ၊ အစီးအပွားကို ဆောင်တတ်၏။
မင်းသည် ကိန္နရာဖိုကို ရွှေချိုင့်၌ နေစေပြီးလျှင် ထိုမုဆိုးကိုပင် ခေါ်စေ၍ အချင်းမုဆိုး သွားချေ၊ ဖမ်းယူရာ အရပ်၌သာလျှင် လွှတ်ချေလော့ဟု ဆို၍ လွှတ်စေ၏။
ဘုရားလောင်းသည်လည်း ဆရာ ဤသို့ ကိန္နရာသည် နှုတ်ကိုစောင့်၍ ဆိုခွင့်ရောက်သောအခါ ကောင်းစွာဆိုအပ်သော စကားကြောင့်လျှင် သေဘေးမှ လွတ်၏။ ဆရာသည်ကား မကောင်းသဖြင့် ဆိုသောကြောင့် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ရ၏ဟု ဤပုံသက်သေကို ဖော်ပြပြီး၍ ဆရာ မကြောက်လင့်၊ ကျွန်ုပ်သည် ဆရာ့အသက်ကို ပေးအံ့ဟု ဆို၍ သက်သာရာ ရစေ၏။ စင်စစ်သော်ကား ဆရာတို့သည် နှုတ်စောင့်ပါကုန်ဟု ဆို၍ နက္ခတ်ယှဉ်ခြင်းကို မရသေးဟု ဆို၍ ထိုနေ့ကို လွန်စေပြီး၍ သန်းခေါင်ယံ အတွင်း၌ ဆိတ်သေတခုကို ယူစေ၍ ဆရာ အမှတ်မရှိသော အရပ်သို့သွား၍ အသက်မွေးလေလော့ဟု ဆိုပြီးလျှင် တစုံတယောက်သောသူကို မသိစေမူ၍ လွှတ်လိုက်ပြီးလျှင် ဆိတ်သားဖြင့် ဗလိနတ်စာကိုပြု၍ မြို့တော်တံခါးကို တည်စေ၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် ကောကာလိကသည် မိမိစကားဖြင့် မိမိကိုယ်ကို သတ်သည်မဟုတ်သေး၊ ရှေး၌လည်း သတ်ဘူးပြီဟု မိန့်တော်မူ၍ ရဟန်းတို့ ယခုအခါ ကောကာလိကသည် ထိုအခါ မျက်စိကြောင်တက် အစွယ်ခေါခေါထွက်သော ပိင်္ဂလမည်သော ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ တက္ကာရိယလုလင် ပုဏ္ဏားပညာရှိ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
နှုတ်မစောင့်ငြား၊ ရန်ထောင်လွှား၊ ပျက်ပြားထိုသူပင်
ရှစ်ခုမြောက်သော တက္ကာရိယဇာတ်သည် ပြီး၏။
*****