ရုရုမိဂရာဇဇာတ်
တေရသကနိပါတ်
၉။ ရုရုမိဂဇာတ်
သူ့ကျေးဇူးကို မသိတတ်ခြင်း အကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တဿ ဂါမဝရံ ဒမ္မိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရုရုမိဂဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
ထိုစကားကို ချဲ့ဦးအံ့၊ ရဟန်းတို့သည် ငါ့သျှင်ဒေဝဒတ် ဘုရားသခင်သည် များစွာသော ကျေးဇူးသည် ရှိ၏။ သင်သည်လျှက်လည်း ဘုရားသခင်ကိုမှီ၍ ရဟန်းအဖြစ်ကိုရ၏။ ပိဋကတ်သုံးပုံတို့ကို သင်၏။ လာဘ်ပူဇော် သက္ကာရသို့ ရောက်၏ဟု ဆိုကုန်လတ်သော် ငါ့သျှင်တို့ ဘုရားသည် ငါ့ကို မြက်ဖျားမျှလောက်လည်း ကျေးဇူးမပြု၊ ငါသည် အလိုလိုသာလျှင် ရဟန်းပြု၏။ ငါ့အလိုလိုသာ ပိဋကတ်သုံးပုံတို့ကို သင်၏။ အလိုလို လာဘ်ပူဇော်သက္ကာရသို့ ရောက်၏ဟု ဆို၏။ ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့ ဒေဝဒတ်သည် သူ့ကျေးဇူးကို မသိ၊ ရှေးပြုဘူးသည်ကို မသိဟု ထိုဒေဝဒတ်၏ ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားကို ပြောဆိုကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် သူ့ကျေးဇူးကို မသိတတ်သည်မဟုတ်သေး၊ ရှေး၌လည်း သူ့ကျေးဇူးကို မသိတတ်သည်သာတည်းဟု မိန့်တော်မူ၍ ရှေး၌လည်း ဤဒေဝဒတ်ကို ငါဘုရားလောင်းသည် အသက်ကို ပေးသော်လည်း ဤဒေဝဒတ်သည် ငါ့အား အနည်းငယ်မျှသော ကျေးဇူးကိုလည်း မသိဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကုဋေရှစ်ဆယ်ကြွယ်သော သူဌေးတယောက်သည် သားကိုရ၍ ထိုသားအား မဟာဓနကဟူသော အမည်ကို မှည့်၏။ အတတ်သင်စေသည်ရှိသော် ငါ့သားသည် ပင်ပန်းလတ္တံ့ဟု ကြံ၍ တစုံတခုသော အတတ်ကို မသင်စေ၊ ထိုသူဌေးသားသည် ကခြင်း သီချင်း တီးမှုတ်ခြင်း အစရှိသည်တို့မှ၎င်း၊ ခဲခြင်း, စားခြင်းတို့မှ၎င်း တပါးသော တစုံတခုသော အမှုကို မသိ၊ ထိုသူဌေးသားသည် အရွယ်ရောက်လတ်သော် ထိုသားကို သင့်တင့်လျောက်ပတ်သော မယားနှင့် ထိမ်းမြားပြီးလျှင် မိဘတို့သည် သေကုန်၏။
ထိုသူဌေးသားသည် မိဘတို့သေလွန်သဖြင့် မိန်းမကြူးသောသူ သေသောက်ကြူးသောသူ ကြွေအန်ကြူးသောသူ အစရှိသည်တို့ဖြင့် ခြံရံလျက် အထူးထူးသော ပျက်စီးကြောင်းတို့ဖြင့် အလုံးစုံသော ဥစ္စာတို့ကို ဖျက်ဆီး၍ ကြွေးမြီကိုယူလျက် ကြွေးမြီကိုလည်းမပေးနိုင်၍ မြီရှင်တို့သည် တောင်းကုန်သည်ရှိသော် ကြံ၍ ငါ့အား အသက်ရှင်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တခုတည်းသော ကိုယ်အဖြစ်၌ တဖြစ်ကဲ့သို့ ဖြစ်ပြန်၏။ သေခြင်းသည်လျှင် မြတ်၏ဟု ကြံ၏။ ကြံပြီး၍ ထိုသူဌေးသားသည် မြီရှင်တို့ကို ဆို၏။ သင်တို့ မြီစာရင်းကို ယူ၍လာကြကုန်၊ ငါ့အား ဂင်္ဂါနား၌ မြုပ်ထားအပ်သော မိဘအမွေဖြစ်သော ဥစ္စာသည်ရှိ၏။ ထိုဥစ္စာကို သင်တို့အား ပေးအံ့ဟု ဆိုသည်ရှိသော် ထိုမြီရှင်တို့သည် သူဌေးသားနှင့်တကွ လိုက်ကြကုန်၏။ ထိုသူဌေးသားသည် ဤအရပ်၌ ဥစ္စာကိုမြှုပ်ထား၏ဟု ကြားသကဲ့သို့ဖြစ်၍ ဂင်္ဂါ၌ဆင်း၍ ငါသေအံ့ဟု ပြေး၍ ဂင်္ဂါ၌ ဆင်း၏။
ထိုသူဌေးသားသည် ပြင်းစွာသော ရေအယဉ်ဖြင့် မျှောသည်ရှိသော် သနားဘွယ်သော မြည်တမ်းခြင်းဖြင့် မြည်တမ်း၏။ ထိုအခါ ဘုရားလောင်းသည် ဆတ်မျိုး၌ ဖြစ်၍ အခြံအရံကို စွန့်ပြီးလျှင် တပါးတည်း ဂင်္ဂါမြစ်ကွေ့၌
မွေ့လျော်ဘွယ်ရှိသော အင်ကြင်းပင်နှင့်ရောသော ပွင့်သော သရက်တော၌ ဥပုသ်ဆောက်တည်လျက် နေ၏။ ထိုဘုရားလောင်း၏ ကိုယ်သည် ကောင်းစွာအပြေအပြစ် ပြုအပ်သော ရွှေပျဉ်ချပ်နှင့် တူ၏။ လက်ခြေတို့သည် ချိပ်ရည်ဖြင့် အပြေအပြစ်ပြုသကဲ့သို့ ဖြစ်ကုန်၏။ အမြီးသည် စာမရီသားမြီးနှင့် တူ၏။ ဦးချိုတို့သည် ငွေပန်းဆိုင်းနှင့် တူကုန်၏။ မျက်စိတို့သည် ကောင်းစွာပွတ်အပ်သော ပတ္တမြားလုံး ရွဲလုံးနှင့် တူကုန်၏။ ခံတွင်းနှုတ်သီးသည် စနစ်၍ထားအပ်သော ကမ္ဗလာနီ အိမ့်ကျင့်နှင့် တူ၏။ ဘုရားလောင်း၏ အဆင်းတော်သည် ဤသို့သဘောရှိသည် ဖြစ်၏။
ထိုဘုရားလောင်းသည် ညသန်းခေါင်ယံအခါ ထိုသူဌေးသား၏ သနားဘွယ် ငိုသောအသံကို ကြားလျှင် လူသံသည် ကြား၏။ ငါသည် ထင်ရှားရှိစဉ် မသေစေသတည်းဟု ကြံ၍ နေရာဂူမှထပြီးလျှင် မြစ်နားသို့သွား၍ အို ယောက်ျား မကြောက်လင့်၊ သင့်အား အသက်ကိုပေးအံ့ဟု သက်သာရာ ရစေ၍ ရေအလျဉ်ကို ဖြတ်သကဲ့သို့ သွားပြီးလျှင် ထိုသူဌေးသားကို ကျောက်ကုန်း၌ တင်၍ ကမ်းနားသို့ ရောက်စေပြီးလျှင် မိမိနေရာသို့ ဆောင်ခဲ့၍ နှစ်သိမ့်စေလျက် သစ်သီးကြီးငယ်တို့ကိုပေး၍ နှစ်ရက်သုံးရက်လွန်လျှင် အိုယောက်ျား ငါသည် ဤမှထုတ်၍ ဗာရာဏသီပြည်ခရီး၌ ထားအံ့၊ ဤသို့ ထားသည်ရှိသော် သင်သည် ချမ်းသာစွာ ရောက်လတ္တံ့၊ စင်စစ်သော်ကား သင်သည် ဤမည်သောအရပ်၌ ရွှေအဆင်းနှင့်တူသော ဆတ်သည် နေ၏ဟု ဥစ္စာဟူသော အကြောင်းကြောင့် မင်းအား၎င်း မင်း၏အမတ်ကြီးအား၎င်း မကြားလေလင့်ဟု ဆို၏။ ထိုသူဌေးသားသည် အရှင်ကောင်းပြီဟု ဝန်ခံ၏။ ဘုရားလောင်းသည် ထိုသူဌေးသား၏ ဝန်ခံခြင်းကို ယူပြီးလျှင် သူဌေးသားကို မိမိကျောက်ကုန်း၌ တင်၍ ဗာရာဏသီပြည်ခရီး၌ ချ၍ ပြန်ခဲ့၏။
ထိုသူဌေးသားသည် ဗာရာဏသီပြည်သို့ ဝင်သည်ရှိသော် ထိုနေ့၌ပင်လျှင် ဗာရာဏသီမင်း၏ ခေမာမည်သော မိဖုယားကြီးသည် မိုးသောက်ထအခါ အိပ်မက်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဆတ်မင်းသည် မိမိအား တရား ဟောသည်ကို မြင်မက်၍ ကြံ၏။ ဤသို့သဘောရှိသော ဆတ်မင်းသည် အကယ်၍ မရှိအံ့၊ ငါသည် အိပ်မက်မမြင်မက်ရာ၊ မချွတ်လျှင် ရှိသည်ဖြစ်လတ္တံ့၊ ထိုကြောင့် အရှင်မင်းကြီးအား ငါကြားအံ့ဟု ကြံ၏။ ကြံပြီး၍ မိဖုယားကြီးသည် မင်းသို့ကပ်၍ မြတ်သောမင်းကြီး ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဆတ်မင်းကို မြင်ခြင်းငှာ အလိုရှိ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဆတ်မင်း၏တရားကို နာလိုပါ၏။ ဆတ်မင်းကို အကယ်၍ ရအံ့၊ အကျွန်ုပ်အသကျသည် ရှင်ရာ၏။ ဆတ်မင်းကို အကယ်၍ မရအံ့၊ အကျွန်ုပ်အသကျသည် မရှိပြီဟုတင်လျှောက်၏။
မင်းသည် မိဖုယားကြီးကို နှစ်သိမ့်စေ၍ လူ့ပြည်၌ အကယ်၍ရှိအံ့၊ ရလတ္တံ့ဟု ဆို၍ ပုဏ္ဏားတို့ကို ခေါ်စေပြီးလျှင် ရွှေအဆင်းနှင့်တူသော သားတို့မည်သည် ရှိကုန်မည်လောဟု မေးတော်မူ၍ အရှင်မင်းကြီး - ရှိပါကုန်၏ဟု တင်လျောက်သဖြင့် ကြားရလျှင် တန်ဆာဆင်အပ်သော ဆင်ကျောက်ကုန်းထက်၌ အသပြာတထောင်ကို ရွှေပန်းတောင်း၌ ထည့်၍ တင်ပြီးလျှင် အကြင်သူသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဆတ်မင်းကို ကြားအံ့၊ ထိုသူအား ရွှေပန်းတောင်းနှင့်တကွသော အသပြာထောင်ထုပ်ကို၎င်း, ထိုဆင်ကို၎င်း, ထိုအသပြာတထောင်ထက် အလွန်ကို၎င်း ပေးလိုသည်ဖြစ်၍ ရွှေပေ၌ ဂါထာကို ရေးစေပြီးလျှင် အမတ်တယောက်ကိုခေါ်၍ အချင်းအမတ် - လာလှည့်၊ ငါ၏အမိန့်ဖြင့် ဤဂါထာကိုကိုင်၍ ပြည်၌ နေကုန်သောသူတို့အား ကြားချေလော့ဟု ဆို၍ ဤ ရုရုမိဂဇာတ်၌-
ယော မေ တံ မိဂ မက္ခာသိ၊ မိဂါနံ မိဂမုတ္တမံ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၁၁၇။ ယော၊ အကြင်သူသည်။ မေ၊ ငါ့အား။ မိဂါနံ၊ သားတကာတို့ထက်။ မိဂမုတ္တမံ၊ သားမြတ်ဖြစ်သော။ တံ မိဂံ၊ ထိုဆတ်မင်းကို။ အက္ခာသိ၊ ကြားအံ့။ တဿ၊ ထိုသူအား။ ဂါမဝရံ၊ ရွာဆုကို၎င်း။ အလင်္ကတာ၊ တန်ဆာဆင်အပ်ကုန်သော။ နာရိယော စ၊ မိန်းမတို့ကို၎င်း။ ဒမ္မိ၊ ငါပေးအံ့။
အမတ်သည် ရွှေပေကိုယူ၍ မြို့အလုံး၌ ဘတ်ရွတ်စေ၏။ ထိုအခါ သူဌေးသားသည် ဗာရာဏသီပြည်သို့ ဝင်စဉ်ပင်လျှင် ထိုစကားကိုကြား၍ အမတ်ထံသို့ သွားပြီးလျှင် ဤသို့ သဘောရှိသော ဆတ်မင်းကို ကြားလျှောက်ပါအံ့။ အကျွန်ုပ်ကို အရှင်မင်းကြီးအား ပြပါလော့ဟု ဆို၏။ အမတ်သည် ဆင်ထက်မှဆင်း၍ ထိုသူဌေးသားကို မင်းအထံကို ဆောင်ခဲ့၍ အရှင်မင်းကြီး ဤသူသည် ဆတ်မင်းကို ကြားပါအံ့သတတ်ဟု တင်လျှောက်၏။ မင်းသည် အို ယောက်ျား မှန်၏လောဟု မေးတော်မူသည်ရှိသော် မြတ်သောမင်းကြီး မှန်ပါ၏။ ထို့ကြောင့် အရှင်မင်းကြီးသည် အကျွန်ုပ်အား ထိုဥစ္စာစည်းစိမ်ကို ပေးတော်မူလော့ဟု ဆို၍ တောင်းလိုရကား-
အဟံ တေ မိဂ မက္ခိဿံ၊ မိဂါနံ မိဂမုတ္တမံ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၁၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ မိဂါနံ၊ သားတကာတို့ထက်။ မိဂမုတ္တမံ၊ သားမြတ်ဖြစ်သော။ မိဂံ၊ ဆတ်မင်းကို။ တေ၊ အရှင်မင်းကြီးအား။ အက္ခိဿံ၊ ကြားလျှောက်ပါအံ့။ မယှံ၊ အကျွန်ုပ်အား။ ဂါမဝရံ၊ ရွာဆုကို၎င်း။ အလင်္ကတာ၊ တန်ဆာ ဆင်အပ်ကုန်သော။ နာရိယော စ၊ မိန်းမတို့ကို၎င်း။ ဒေဟိ၊ ပေးတော်မူလော့။
ထိုစကားကိုကြား၍ မင်းသည် ထိုအဆွေ ခင်ပွန်းဖျက်အား နှစ်သက်၍ အို ယောက်ျား ထိုဆတ်မင်းသည် အဘယ်အရပ်၌ နေသနည်းဟု မေးတော်မူ၍ အရှင်မင်းကြီး ဤမည်သောအရပ်၌ နေပါ၏ဟု တင်လျှောက်သည်ရှိသော် ထိုသူကိုပင် ခရီးညွှန်ပြု၍ များစွာသော အခြံအရံဖြင့် ထိုအရပ်သို့ သွား၏။ ထိုအခါ မင်းကို အဆွေခင်ပွန်း ပြစ်မှားတတ်သော သူဌေးသားသည် အရှင်မင်းကြီး စစ်သည်ကို စည်းဝေးစေလော့၊ စစ်သည်သည် စည်းဝေးပြီးသော် လာတော်မူလှည့်ဟု ဆို၍ အရှင်မင်းကြီး ထိုရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဆတ်မင်းသည် ထိုတော၌ နေ၏ဟု လက်ကိုဆန့်၍ ကြားလိုရကား-
ဣန္ဒဂေါပကသဉ္ဆန္နာ ဧတ္ထေသော တိဋ္ဌတေ မိဂေါ။
ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
၁၁၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧတသ္မိံ ဝနသဏ္ဍသ္မိံ၊ ထိုတောအုပ်၌။ အမ္မသာလာ စ၊ သရက်ပင်, အင်ကြင်းပင်တို့သည်လည်း။ ပုပ္ဖိတာ၊ ပွင့်ကုန်၏။ ဘူမိ၊ မြေသည်။ ဣန္ဒဂေါပကသဉ္ဆန္နာ၊ ပိုးပရန်အဆင်းနှင့် တူကုန်သော နီစွာသော မြက်မျိုးတို့ဖြင့် ဖုံးလွှမ်းအပ်၏။ ဧတ္ထ၊ ဤ တော၌။ ဧသော မိဂေါ၊ ထိုဆတ်မင်းသည်။ တိဋ္ဌတေ၊ တည်နေ၏။
မင်းသည် ထိုသူယုတ်၏ စကားကိုကြား၍ အမတ်တို့ကို စေ၏။ ထိုဆတ်မင်းအား ပြေးခြင်းကို မပေးမူ၍ လျင်စွာ လက်နက်စွဲကုန်သော ယောက်ျားတို့နှင့်တကွ တောအုပ်ကို ရံကုန်လော့ဟု စေ၏။ ထိုအမတ်တို့သည် မင်းဆိုတိုင်းပြု၍ တောကို ပဲ့တင်ထပ်စေကုန်၏။ မင်းသည် နှစ်ယောက် သုံးယောက်သော လူနှင့်တကွ တခုသောအရပ်၌ ရပ်၏။ ထို ယောကျ်ားယုတ်သည်လည်း မနီးမဝေးသောအရပ်၌ ရပ်၏။ ဘုရားလောင်းသည် ထိုအသံကိုကြား၍ ကြံ၏။ ဗိုလ်ပါအပေါင်းတို့ အသံသည် များ၏။ ထိုသူယုတ်မှ ဘေးသည် ဖြစ်ရာ၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ထသဖြင့် အလုံးစုံသော ပရိသတ်ကိုကြည့်၍ မင်းနေရာ အရပ်သည်သာလျှင် ငါ့အား ချမ်းသာသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ဤမင်းရှိရာ အရပ်သို့သာလျှင် ငါ သွားခြင်းငှါ သင့်၏ဟု ကြံ၍ မင်းရှိရာသို့ ရှေးရှုသွား၏။ မင်းသည် ထိုဘုရားလောင်းလာသည်ကို မြင်၍ ဆင်ပြောင်အားနှင့်တူသော အားရှိသော ဆတ်မင်းသည် လွှမ်းမိုးသကဲ့သို့ လာ၏ဟု မြားကိုဖွဲ့၍ ဤဆတ်မင်းသည် ထိတ်လန့်သဖြင့် အကယ်၍ ပြေးအံ့၊ ပစ်သဖြင့် အားနည်းသည်ကိုပြု၍ ဖမ်းအံ့ဟု လေးကိုတင်၍ ဘုရားလောင်းသို့ ရှေးရှုသည်ဖြစ်၏။ ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော မြတ်စွာဘုရားသည်-
မိဂေါစ ဒိသွာ ရာဇာနံ၊ ဒုရတာ အဇ္ဈဘာသထ။
ကော နု တေ ဣဒမက္ခာသိ၊ ဧတ္ထေသော တိဋ္ဌတေ မိဂေါ။
ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။
၁၂၀။ ဘိက္ခဝေ၊ ရဟန်းတို့။ သရဇ္ဇုံ၊ ညှို့နှင့်တကွသောလေးကို။ ကတွာန၊ တင်၍။ ဥသုံ၊ မြှားကို။ သန္နယှ၊ ဖွဲ့၏။ ဥပါဂမံ၊ ကပ်လာသော။ ရာဇာနံ၊ မင်းကို။ ဒိသွာ၊ မြင်၍။ မိဂေါ၊ ဆတ်မင်းသည်။ ဒူရတော၊ အဝေးမှ။ အဇ္ဈဘာသထ၊ ဆိုလင့်၏။
၁၂၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာဂမေဟိ၊ ငံ့တော်မူဦးလော့။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ နရိန္ဒ၊ မင်းမြတ်။ မံ၊ အကျွန်ုပ်ကို။ မာ ဝဇ္ဈ၊ မပစ်ပါလင့်။ ဧတ္ထ၊ ဤအရပ်၌။ ဧသော မိဂေါ၊ ထိုဆတ်မင်းသည်။ တိဋ္ဌတေ၊ တည်နေ၏ဟူ၍။ ကော၊ အဘယ်သူသည်။ တေ၊ အရှင်မင်းမြတ်အား။ ဣဒံ၊ ဤအကြောင်းကို။ အက္ခာသိ နု၊ ကြားဘိသနည်း။
မင်းသည် ဘုရားလောင်း သာယာစွာ ပြောဆိုသောစကား၌ တပ်သည်ဖြစ်၍ လေးကိုချပြီးလျှင် ရိုသေစွာရပ်၏။ ဘုရားလောင်းသည်လည်း မင်းကြီးသို့ကပ်၍ သာယာစွာ စကားပြောဆိုခြင်းကို ပြုသဖြင့် တင့်အပ် လျောက်ပတ်သော အရပ်၌ ရပ်၏။ လူများသည် အလုံးစုံသော လက်နက်ကို ချပြီးလျှင် လာလတ်၍ မင်းကို ခြံရံ၏။ ထိုခဏ၌ ဘုရားလောင်းသည် ရွှေဆည်းလည်းကို လှုပ်သကဲ့သို့ သာယာစွာသော အသံဖြင့် မင်းကို ကော နု တေ ဣဒမကြာသိ၊ ဧတ္ထေသော တိဋ္ဌတေ မိဂေါ ဟူသော စကားဖြင့် မေး၏။ ထိုသို့ ဘုရားလောင်း မေးသောခဏ၌ ထိုယုတ်မာသော သူဌေးသားသည် အတန်ငယ်ဆုတ်၍ ထိုအရပ်၌သာလျှင် နေ၏။ မင်းသည် ဤသူသည် ငါ့အား ပြ၏ဟု ဘုရားလောင်းအား ပြောလိုရကား-
သော ယံမေ ဣဒမက္ခာသိ၊ ဧတ္ထေသော တိဋ္ဌတေ မိဂေါ။
ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၂၂။ သမ္မ၊ အဆွေကျင့်မြတ် သားများနတ်။ ပါပစရော၊ ယုတ်မာသော အကျင့်ရှိသော။ ဧသ-သော ပေါသော၊ ဤသူသည်။ အာရကာ၊ ဝေးသောအရပ်၌။ တိဋ္ဌတိ၊ တည်၏။ ဧတ္ထ၊ ဤအရပ်၌။ ဧသော မိဂေါ၊ ဤဆတ်မင်းသည်။ တိဋ္ဌတေ၊ တည်၏ဟူ၍။ သော ယံ၊ ထိုသူယုတ်သည်လျှင်။ မေ၊ ငါ့အား။ ဣဒံ၊ ဤအကြောင်းကို။ အက္ခာသိ၊ ကြားလျှောက်၏။
ထိုစကားကိုကြား၍ ဘုရားလောင်းသည် ထိုအဆွေခင်ပွန်း ပြစ်မှားတတ်သော သူယုတ်မာကို ကဲ့ရဲ့၍ မင်းနှင့်တကွ စကားပြောလိုရကား-
ကဋ္ဌံ နိပ္လဝိတံ သေယျော၊ နတွေဝေကစ္စိယော နရော။
ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၂၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဓ၊ ဤလောက၌။ ဧကစ္စိယာ၊ အချို့ကုန်သော။ နရာ၊ ပညာရှိတို့သည်။ ကဋ္ဌံ၊ ထင်းကို။ နိပ္လဝိတံ၊ ဆယ်တင်ခြင်းသည်။ သေယျော၊ မြတ်၏။ ဧကစ္စိယော၊ အချို့သော။ နရော၊ အဆွေခင်ပွန်း ပြစ်မှားတတ်သောသူကို။ နိပ္လဝိတာ၊ ဆယ်တင်ခြင်းသည်။ နတွေဝ သေယျာ၊ မမြတ်သည်သာတည်း။ ဧဝံ၊ ဤသို့။ ပေါရာဏပဏ္ဍိတာ၊ ရှေးပညာရှိတို့သည်။ သစ္စံ၊ အမှန်ကို။ အာဟံသု ကိရ၊ ဆိုကုန်သတတ်။
ထိုစကားကို ကြား၍ မင်းသည်-
ကိံ ပက္ခီနံ ကိံ ပန မာနုသာနံ။
ဘယံ ဟိ မံ ဝိန္ဒတိ နပ္ပရူပံ၊
သုတွာန တေ မာနုသံ ဘာသမာနံ။
ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၂၄။ ရုရု၊ အဆွေ ဆတ်မင်း။ တွံ၊ သင် ဆတ်မင်းသည်။ ကိံ၊ အသို့နည်း။ မိဂါနံ၊ သားတို့ကို။ ဂရဟသိ နု၊ ကဲ့ရဲသလော။ ပန၊ ထိုသို့ သားတို့ကိုမကဲ့ရဲမူ။ ပက္ခီနံ၊ ငှက်တို့ကို။ ဂရဟသိ နု၊ ကဲ့ရဲသလော။ ပန၊ ထိုသို့မဟုတ်မူ။ မနုဿာနံ၊ လူတို့ကို။ ဂရဟသိ နု၊ ကဲ့ရဲ့သလော။ မာနုသံ ဘာသမာနံ၊ လူ့ဘာသာဖြင့် ဆိုသော။ တေ၊ သင် ဆတ်မင်း၏။ ဝစနံ၊ စကားကို။ သုတွာန၊ ကြားရ၍။ အနပ္ပရူပံ၊ များစွာသော။ ဣမံ ဘယံ ဟိ၊ ဤကြောက်ဘွယ်ကိုလျှင်။ ဝိန္ဒတိ၊ ငါ ရသကဲ့သို့ ထင်၏။
ထို့နောင်မှ ဘုရားလောင်းသည် မြတ်သော မင်းကြီး အကျွန်ုပ်သည် သားငှက် အစရှိသည်တို့အား မကဲ့ရဲ့၊ စင်စစ်သော်ကား လူတို့အားသာလျှင် ကဲ့ရဲ၏ဟု ပြလိုရကား-
မဟောဒကေ သလိလေ သီဃသောတေ။
တတော နိဒါနံ ဘယမာဂတံ မမ။
ဒုက္ခော ဟဝေ ရာဇ အသဗ္ဘိ သင်္ဂမော။
ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။
၁၂၅။ ရာဇ၊ မင်းမြတ်။ မဟောဒကေ သလိလေ၊ များစွာသော ရေရှိသော။ သီဃသောတေ၊ လျင်သော အလျဉ်ရှိသော။ ဝါဟနေ၊ မြစ်ရေအယဉ်၌။ ဝုယှမာနံ၊ မျောသောသူကို။ ယံ ဥဒ္ဓရိံ၊ အကြင်ဆယ်တင်မိ၏။ တတော နိဒါနံ၊ ထိုသို့ ဆယ်တင်မိသောကြောင့်။ မမ၊ အကျွန်ုပ်အား။ ဘယံ၊ ဘေးသည်။ အာဂတံ၊ ရောက်၏။ အသဗ္ဘိ၊ သူတော်မဟုတ် သူယုတ်တို့နှင့်။ သင်္ဂမေ၊ ပေါင်းဖော်ခြင်းသည်။ ဟဝေ၊ စင်စစ်။ ဒုက္ခော၊ ဆင်းရဲစွာ၏။
ထိုစကားကိုကြား၍ မင်းသည် အမျက်ထွက်သဖြင့် ဤသို့ ကျေးဇူးများစွာ ပြုပေသောသူအား ကျေးဇူးကို မသိ၊ ထိုသူယုတ်ကို ပစ်သတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟု ဆို၍ သတ်လိုရကား-
တနုစ္ဆိဒံ ဟဒယေ ဩဿဇာမိ။
ဟနာမိ တံ မိတ္တဒုဗ္ဘိံ အကိစ္စကာရိံ၊
ယော တာဒိသံ ကမ္မကတံ န ဇာနေ။
ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၂၆။ ယော၊ အကြင်သူသည်။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ကမ္မကတံ၊ ပြုအပ်သောကျေးဇူးကို။ န ဇာနေ၊ မသိ။ မိတ္တဒုဗ္ဘီ၊ အဆွေ ခင်ပွန်း ပြစ်မှားတတ်သော။ အကိစ္စကာရိံ၊ မပြုအပ်သည်ကို ပြုလေ့ရှိသော။ တံ၊ ထိုသူယုတ်ကို။ ဟနာမိ၊ သတ်အံ့။ သော အဟံ၊ ထိုငါသည်။ စတုပ္ပတ္တံ၊ မြားလွှလေးခုရှိသော။ ဝိဟင်္ဂမံ၊ ကောင်းကင်သို့ သွားတတ်သော။ တနုစ္ဆိဒံ၊ ကိုယ်ကိုဖောက်ထွင်းနိုင်သော။ ဣမံ၊ ဤမြှားကို။ ဟဒယေ၊ ရင်၌။ ဩဿဇာမိ၊ လွှတ်အံ့။
ထိုနောက်မှ ဘုရားလောင်းသည် ဤသူယုတ်သည် ငါ့ကိုမှီ၍ မပျက်စီးစေသတည်းဟု ကြံ၍ မင်းအား တရားစကားဖြင့် တောင်းပန်လိုရကား-
သန္တော ဝဓံ နပ္ပသံသန္တိ ဇာတု။
ကာမံ ဃရံ ဂစ္ဆတု ပါပဓမ္မော၊
ယဉ္စဿ ဘဋ္ဌံ တဒေတဿ ဒေဟိ။
အဟဉ္စ တေ ကာမကရော ဘဝါမိ။
ဟူသော တဆယ့်တခုမြောက်သော ဤဂါထာကို ဆို၏။
၁၂၇။ ဇနိန္ဒ၊ မင်းမြတ်။ ဓီရဿ၊ ပညာရှိအား၎င်း။ ဗာလဿ၊ သူမိုက်အား၎င်း။ ဟဝေ၊ စင်စစ်။ သန္တော၊ သူတော်ကောင်းတို့သည်။ ဝဓံ၊ သတ်ခြင်းကို။ ဇာတု၊ အကယ်မလွဲသဖြင့်။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ ပါပဓမ္မော၊ ယုတ်မာသော အကျင့်ရှိသောသူသည်။ ကာမံ၊ အလိုအားလျော်စွာ။ ဃရံ၊ မိမိအိမ်သို့။ ဂစ္ဆတု၊ သွားပါစေ။ ယဉ္စ၊ အကြင်ဥစ္စာစည်းစိမ်ကိုလည်း။ အဿ၊ ထိုသူယုတ်အား။ ဒဿာမီတိ၊ ငါပေးအံ့ဟူ၍။ တယာ၊ သင်မင်းကြီးသည်။ ဘဋ္ဌံ၊ ဆိုအပ်၏။ တံ၊ ထိုဆိုအပ်ပြီးသော စည်းစိမ်ကို။ ဧတဿ၊ ထိုသူယုတ်အား။ ဒေဟိ၊ ပေးတော်မူပါလော့။ အဟဉ္စ၊ အကျွန်ုပ်သည်လည်း။ တေ၊ အရှင်မင်းကြီး၏။ ကာမကရော၊ အလိုတော်သို့လိုက်သည်။ ဘဝါမိ၊ ဖြစ်ပါအံ့။
ထိုစကားကို ကြားရလျှင် မင်းသည် နှစ်သက်သည်ဖြစ်၍ ဘုရားလောင်းအား ချီးမွမ်းခြင်းကို ပြုလိုရကား-
ယော ဒုဗ္ဘတော မာနုသဿ န ဒုဗ္ဘိ။
ကာမံ ဃရံ ဂစ္ဆတု ပါပဓမ္မော၊
ယဉ္စဿ ဘဋ္ဌံ တဒေတဿ ဒမ္မိ။
အဟဉ္စ တေ ဂါမဝရံ ဒဒါမိ။
ဟူသော တဆယ့်နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၁၂၈။ ရုရု၊ အဆွေဆတ်မင်း။ အဒ္ဓါ၊ စင်စစ်။ သော၊ ထိုသင်ဆတ်မင်းသည်။ သတံ၊ သူတော်ကောင်း အပေါင်းတို့တွင်။ အညတရော၊ တယောက်ပေတည်း။ မာနုသဿ၊ သူယုတ်မာအား။ န ဒုဗ္ဘိ၊ အတုံ့ပြန်၍ မပြစ်မှားပေ။ ဒုဗ္ဘိတော၊ သင့်ကို ပြစ်မှားသော။ ယော ပါပဓမ္မော၊ အကြင် မကောင်းသော အကျင့်ရှိသောသူသည်။ ကာမံ၊ အလိုအားလျော်စွာ။ ဃရံ၊ အိမ်သို့။ ဂစ္ဆတု၊ သွားပါစေလော့။ ယဉ္စ၊ အကြင်စည်းစိမ်ကိုလည်း။ အဿ၊ ထိုသူယုတ်အား။ ဒဿာမီတိ၊ ငါ ပေးအံ့ဟူ၍။ ဘဋ္ဌံ၊ ဆိုမိ၏။ တံ၊ ထိုစည်းစိမ်ကို။ ဧတဿ၊ ထိုသူယုတ်မာအား။ ဒမ္မိ၊ ငါပေးအံ့။ အဟဉ္စ၊ ငါသည်လျှင်။ တေ၊ သင်ဆတ်မင်းအား။ ဂါမဝရံ၊ ရွာဆုကို။ ဒဒါမိ၊ ပေးအံ့။
ထိုအခါ မင်းကို ဘုရားလောင်းသည် မြတ်သောမင်းကြီး လူတို့မင်းသည်ကား တပါးကို နှုတ်ဖြင့်ဆိုကုန်၏။ တပါးကို ကိုယ်ဖြင့် ပြုကုန်၏ ဟု ဆို၍ မင်းကို စုံစမ်းလိုရကား-
မနုဿဝဿိတံ ရာဇ၊ ဒုဗ္ဗိဇာနတရံ တတော။
ယော ပုဗ္ဗေ သုမနော ဟုတွာ၊ ပစ္ဆာ သမ္ပဇ္ဇတ ဒိသော။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၁၂၉။ ရာဇ၊ မင်းမြတ်။ သိင်္ဂါလာနဉ္စ၊ မြေခွေးတို့၏၎င်း။ သကုဏာနဉ္စ၊ ငှက်တို့၏၎င်း။ ဝဿိတံ၊ မြည်သံကို။ သုဝိဇာနံ၊ သိလွယ်၏။ တတော၊ ထိုမြေခွေးငှက်တို့ အသံထက်။ မနုဿဝဿိတံ၊ လူတို့၏စကားသည်။ ဒုဗ္ဗိဇာနတရံ၊ အလွန် သိနိုင်ခဲ၏။
၁၃၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော ပေါသော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ သုမနော၊ ကောင်းသောစိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ ဉာတိ၊ ဆွေမျိုးတည်း။ ဣတိဝါ၊ ဤသို့၎င်း။ မိတ္တော၊ ချစ်သောသူတည်း။ ဣတိ ဝါ၊ ဤသို့၎င်း။ သခါ၊ အဆွေခင်ပွန်းတည်း။ ဣတိ ဝါ၊ ဤသို့၎င်း။ အပိ၊ စင်စစ်။ စေ မညတိ၊ အကယ်၍ အောက်မေ့အံ့။ သော ပေါသော၊ ထိုသူသည်။ ပစ္ဆာ၊ နောက်၌။ ဒိသော၊ ရန်သူသည်။ သမ္ပဇ္ဇတေ၊ ဖြစ်တတ်၏။
ထိုစကားကိုကြား၍ မင်းသည် အဆွေ ဆတ်မင်း သင့်အား ဤသို့ မအောက်မေ့လင့်၊ ထိုစကားသည် မှန်၏။ ငါသည် မင်းအဖြစ်ကိုသော်လည်း စွန့်ရာ၏။ သင့်အား ပေးသောဆုကို မစွန့်ရာ၊ ငါအား ယုံကြည့်လော့ဟု ဆို၍ ဆုကို ပေးတော်မူ၏။ ဘုရားလောင်းသည် မင်းအထံ၌ ဆုကို ယူသည်ရှိသော် မိမိကိုယ်ကိုအစပြု၍ အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ကိုပေးခြင်းဟူသော ဆုကိုယူ၏။ မင်းသည်လည်း ဆုကိုပေးပြီးလျှင် ဘုရားလောင်းကို နေပြည်တော်သို့ဆောင်၍ မြို့ကို၎င်း, ဘုရားလောင်းကို၎င်း, တန်ဆာ ဆင်စေ၍ - မိဖုယားကြီးအား တရားဟောစေ၏။ ဘုရားလောင်း ဆတ်မင်းသည် မိဖုယားကြီးကို အစပြု၍ မင်းအား၎င်း, မင်းပရိသတ်တို့အား၎င်း သာယာစွာသော လူ့ဘာသာဖြင့် တရားဟော၍ မင်းအား မင်းကျင့်တရား ဆယ်ပါးတို့ဖြင့် ဆုံးမ၍ လူအပေါင်းကိုလည်း ဆုံးမပြီးလျှင် တောသို့ဝင်၍ သားအပေါင်းခြံရံလျက် နေ၏။
မင်းသည် အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ကို ပေးတော်မူ၏ဟု မြို့၌ စည်လည်စေပြီးလျှင် ထိုနေ့မှစ၍ သားငှက်အစရှိသော သတ္တဝါတို့အား တစုံတယောက်သော သူသည် လက်ကိုဆန့်ခြင်းငှါ မဝံ့၊ သားငှက်အပေါင်းသည် လူတို့၏ ကောက်တို့ကို စားသည်ရှိသော် တစုံတယောက်သောသူသည် တားမြစ်ခြင်းငှာ မဝံ့၊ လူများသည် မင်းယင်ပြင်သို့သွား၍ ကြွေးကြော်ကုန်၏။ ထိုအကြောင်းကို ထင်စွာ ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
မိဂါ သဿာနိ ခါဒန္တိ၊ တံ ဒေဝေါ ပဋိသေဓတု။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
ထိုပြည်သူတို့၏ ကြွေးကြော်သံကို ကြား၍ မင်းသည်-
န တွေဝါဟံ ရုရုံ ဒုဗ္ဘေ၊ ဒတွာ အဘယဒက္ခိဏံ။
နတွေဝ မိဂရာဇဿ၊ ဝရံ ဒတွာ မုသာ ဘဏေ။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၁၃၂။ ကာမံ၊ စင်စစ်။ ဇနပဒေါ၊ ဇနပုဒ်သည်။ မာ အသိ၊ မရှိသည်မူလည်း ဖြစ်စေ။ ရဋ္ဌဉ္စာပိ၊ ငါ၏ တိုင်းပြည်သည်လည်း။ ဝိနဿတု၊ ပျက်စီးသည်မူလည်း ဖြစ်စေ။ မိဂရာဇဿ၊ ဆတ်မင်းအား။ အဘယဒက္ခိဏံ၊ ဘေးမဲ့အလှူကို။ ဒတွာ၊ ပေးပြီးလျက်။ အဟံ၊ ငါသည်။ ရုရုံ၊ အဆွေ ဆတ်မင်းကို။ န တွေဝ ဒုဗ္ဘေ၊ မပြစ်မှားပြီ။
၁၃၃။ မေ၊ ငါ့အား။ ဇနပဒေါ၊ ဇနပုဒ်သည်။ မာ အသိ၊ မရှိသည်မူလည်းဖြစ်စေ။ ရဋ္ဌဉ္စာပိ၊ တိုင်းပြည်သည်လည်း။ ဝိနဿတု၊ ပျက်စီးသည်မူလည်းဖြစ်စေ။ အဟံ၊ ငါသည်။ မိဂရာဇဿ၊ အဆွေဆတ်မင်းအား။ ဝရံ၊ ဆုကို။ ဒတွာ၊ ပေးပြီး၍။ မုသာ၊ ချွတ်လွဲသောစကားကို။ နတွေဝ ဘဏေ၊ မဆိုပြီ။
လူများသည် မင်းကြီးဆိုသောစကားကို ကြား၍ တစုံတခုသောစကားကို ဆိုခြင်းငှါ မဝံ့သည်ဖြစ်၍ သွားကြကုန်၏။ ထိုစကားသည် ပြန့်နှံသည်ဖြစ်၍ ထိုစကားကိုကြား၍ ဘုရားလောင်းသည် သားအပေါင်းကို စည်းဝေးစေပြီးလျှင်
ဤနေ့မှစ၍ လူတို့၏ ကောက်တို့ကို မစားကြကုန်လင့်ဟု ဆုံးမ၍ မိမိတို့၏လယ်တို့၌ သစ်ရွက်သစ်ခက် အမှတ်ကို ဆွဲကြကုန်ဟု လူတို့အား ကြွေးကြော်စေ၏။ ထိုလူတို့သည်လည်း ဘုရားလောင်းဆတ်မင်း ဆိုတိုင်း ဆွဲကြကုန်၏။ ထိုသစ်ရွက် သစ်ခက် အမှတ်ဖြင့် ယနေ့ထက်တိုင် သားတို့သည် ကောက်ကို မစားကုန်။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒေဝဒတ်သည် သူ့ကျေးဇူးကို မသိသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် သူ့ကျေးဇူးကို မသိသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ သူဌေးသား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆတ်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
ကျေးဇူးကန်းငြား၊ ထိုသူအား၊ စီးပွားပျက်မည်မှတ်
ကိုးခုမြောက်သော ရုရုမိဂဇာတ်သည် ပြီး၏။
*****