တမ်းပလိတ်:အထူးအကြောင်းအရာ
သူဇာပျို့ ကို ဝန်ကြီး ပဒေသရာဇာက ရေးစပ်ခဲ့သည်။ ဟံသာဝတီရောက်မင်း၏ တိုက်တွန်းချက်အရ ဇင်းမယ်ပဏ္ဏာသလာ သုဓနုကုမာရဇာတ်ကို ပျို့လင်္ကာဖြင့် မြန်မာဘာသာသို့ ပြန်လည်သီကုံးထားခြင်း ဖြစ်သည်။ ပညာရှိတို့က "သူဇာကိုလည်း မပစ်နှင့်၊ စာနုလည်းမချစ်နှင့်" ဟူ၍ ပညာရှိများက မှတ်ချက်ပြုခဲ့ကြသည်။ ရေးသားခဲ့သော ပျို့ (၇) ခုအနက် နောက်ဆုံးတစ်ခုလည်းဖြစ်သည်။
အနုအယဉ်၊ စီလျဉ်ပေါင်းရုံး၊ ရွှေနန်းထုံးကို၊ ယူကျုံးမှတ်သား၊ နှလုံးထားသည်၊ မင်းများ-စိုးများ၊ ထင်ရှားစသည်၊ မျိုးမည်ထူးခြား၊ အပြားပြားလျှင်၊ ယောက်ျားမိန်းမ၊ သိကြအစဉ်၊ လူနှင့်ရှင်တို့၊ ပေါ်ထင်နှံ့လည်၊ ကျွန်ုပ်သည်လျှင်၊ သာကြည်ကုံးသီ၊ နာအီနှစ်လို့၊ မနော်ပျို့က၊ ဘယကုမ္မာ၊ ဒန္တာသီရိ၊ တွင်ရှိမည်ဟူ၊ နုအူအူနှင့်၊ ပြိုင်တူဘက်လွတ်၊ ကြာတတ်ကေသာ၊ မဟာပတိ၊ ခံချိနားမှာ၊ သာသည်ကျူးအောင်၊ ပျို့ခြောက်စောင်ကို၊ ဉာဏ်ရောင်ဖြိုးမောက်၊ ဆိုပြီးနောက်သာ၊ များမကြာခင်၊ ဆက်ကာပင်တည့်၊ မြန်ခွင်ထိပ်မိုး၊ ဆက်စဉ်စိုးသည်၊ နန်းမျိုးညှာလှစ်၊ ဧကရာဇ်တိ၊ စင်စစ်နေကျ၊ ပေးခဲလှသား၊ ကာလပုဆိုး၊ ဖဲမျိုးသုံးထည်၊ ပန်းရည်ဆိုးစွတ်၊ နီတွတ်ထိုမျှ၊ ရေတွက်ကြသို့၊ ထွန်းပလျှံလန်း၊ ရွှေနန်းများရှင်၊ ဘုရင်များမှူး၊ ဘုန်းမြူးရောင်ဝှန်၊ ရွှေဉာဏ်တုလွတ်၊ မြင်တိုင်းတတ်သည်၊ အထွတ်မှန်ကူ၊ ပေးတော်မူမှ၊ စဉ်စူဘန်ပြု၊ သည်ဝတ္ထုကို၊ ယဉ်နုချီးကျူး၊ ပျို့ဦးစီးဟု၊ ကြိုင်မြူးသင်းပျ၊ ဗျာဒိတ်ဟလျက်၊ ရွှင်ပြသာယာ၊ ဝတ္ထုစာကို၊ စေတနာကြည်ဖြူ၊ ကမ်းတော်မူသော်၊ လှမ်းယူချပ်မျှ၊ ရှိခိုးချ၍၊ ဒိဗ္ဗမာလာ၊ ဗျာဒိတ်ကြာကို၊ ထိပ်ချာယဉ်နု၊ ပန်ရရုလျက်၊ ယခုသာကြည်၊ ဆိုအံ့သည်ကား၊ ထူးလည်စီစဉ်၊ အယဉ်အနု၊ ကြိုးမှုရင့်ရာ၊ သေချာမှတ်လို့၊ သူဇာပျို့တည့်၊ နှစ်မြို့ဝမ်းသာ၊ ရွှင်လန်းစွာသည်။ ။ နောင်လာနှစ်သိမ့် မှတ်ရစ်စိမ့်။ . . .