မာတိကာသို့ ခုန်သွားရန်

တယောဇနပဗ္ဗဇိတဝတ္ထု

ဝီကီရင်းမြစ် မှ
1319ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁။ တယောဇနပဗ္ဗဇိတဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ပိယဝဂ်

၁။ တယောဇနပဗ္ဗဇိတဝတ္ထု

အယောဂေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုံးဦးသော ရဟန်းပြုသောသူတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မခွဲနိုင်ကြသောသူ သုံးယောက်

သာဝတ္ထိပြည်၌ တစ်ဦးသောအမျိုးဝယ် အမိအဖတို့အား ချစ်ခင်အပ်သည်ဖြစ်၍ နှလုံးကို ပွားစေတတ်သော တစ်ယောက်တည်းသော သတို့သားသည် ရှိသတတ်၊ ထိုသတို့သားသည် တစ်နေ့သ၌ အိမ်၌ ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ အနုမောဒနာတရားဟောခြင်းကို ပြုကြကုန်သော ရဟန်းတော်တို့၏ တရားစကားကို ကြားနာရသဖြင့် ရဟန်းပြုလိုသည် ဖြစ်သောကြောင့် မိခင်ဖခင်တို့ကို တောင်းပန်လေ၏။ မိခင်ဖခင်တို့သည် ခွင့်မပြုကြလေကုန်၊ ထိုသတို့သားအား “ငါကား မိခင်ဖခင်တို့၏ မမြင်ကြကုန်စဉ်သာလျှင် အပသို့သွား၍ ရဟန်းပြုတော့အံ့”ဟု ဤသို့သော အကြံဖြစ်လေ၏။ ထိုအခါ သတို့သား၏ ဖခင်သည် ပြင်ပသို့ ထွက်သွားသည်ရှိသော် “ဤသားကို စောင့်ရှောက်လေလော့”ဟု မိခင်ကို အပ်နှံခဲ့လေ၏၊ မိခင်သည် ပြင်ပသို့ ထွက်သွားသော်လည်း ဖခင်ကို လက်ခံစေလေ၏။ ထိုအခါ တစ်နေ့သ၌ ဖခင် ပြင်ပသို့သွားသည်ရှိသော် မိခင်သည် “သားကို စောင့်ရှောက်အံ့”ဟု တံခါးပေါင် တစ်ဖက်ကိုမှီပြီး တံခါးပေါင်တစ်ဖက်ကို ခြေတို့ဖြင့် ဖိကန်သဖြင့် မြေ၌ထိုင်လျက် ချည်ကို ငင်၏၊ ထိုသတို့သားသည် “ဤမိခင်ကို လှည့်စား၍ သွားအံ့”ဟု ကြံလျက် “မိခင်- အတန်ငယ် ဖယ်ပေးပါ၊ ကိုယ်လက် သုက်သင်ခြင်းကို ပြုပါရစေဦး”ဟု ဆိုခြင်းကြောင့် ထိုမိခင်သည် ခြေတို့ကို ကွေးလိုက်သည်ရှိသော် ထွက်၍ လျင်မြန်စွာ ကျောင်းသို့ သွားပြီးလျှင်၊ ရဟန်းတို့၏အထံသို့ ချဉ်းကပ်သဖြင့် “အရှင်ဘုရားတို့- တပည့်တော်ကို ရဟန်းပြုပေးတော်မူကြပါဘုရား”ဟု တောင်းပန်၍ ထိုရဟန်းတို့၏အထံ၌ ရဟန်းပြုလေ၏။ ထိုအခါ ထိုသတို့သား၏ ဖခင်သည် ပြန်လည်လာ၍ “ငါ့သား အဘယ်မှာနည်း”ဟု မိခင်ကို မေးလေ၏။ “အရှင်- ဤအရပ်၌ ရှိပါသည်”ဟု ဆိုလျှင် ဖခင်သည် “ငါ့သား အဘယ်မှာ ရှိသနည်း”ဟု လိုက်လံကြည့်ရှုရာ သတို့သားကို မတွေ့မြင်ရလေသောကြောင့် “ကျောင်းသို့သွားသည် ဖြစ်လတ္တံ့”ဟု နှလုံးပြုလျက် ကျောင်းသို့ လိုက်သွားသည်ရှိသော် ရဟန်းဖြစ်နေသော သားကို မြင်ရလျှင် ငိုကြွေးမြည်တမ်းလျက် “ချစ်သား- အဘယ့်ကြောင့် ဖခင်ကို နှိပ်စက်ဖျက်ဆီးဘိသနည်း”ဟု ဆို၍ “ငါ့သား ရဟန်းပြုသည်ရှိသော် ယခုအခါ ငါသည် အိမ်၌နေသဖြင့် အဘယ်အမှုကို ပြုလုပ်ရအံ့နည်း၊ အဘယ်အကျိုး ရှိတော့အံ့နည်း”ဟု မိမိကိုယ်တိုင်လည်း ရဟန်းတို့၏အထံ၌ တောင်းပန်၍ ရဟန်းပြုလေ၏။

ထိုအခါ သတို့သား၏မိခင်သည် “ငါ၏သားသည် လည်းကောင်း၊ လင်ယောက်ျားသည်လည်းကောင်း အဘယ့်ကြောင့် ကြာမြင့်ကြရကုန်ဘိသနည်း”ဟု တွေးတောလျက် “အသို့နည်း၊ ကျောင်းသို့သွား၍ ရဟန်းပြုလေသလော”ဟု ထိုသားအဖတို့ကို လိုက်လံကြည့်ရှုလိုသည်ဖြစ်၍ ကျောင်းသို့ လိုက်သွားသည်ရှိသော် သားအဖနှစ်ဦးလုံးတို့ပင် ရဟန်းပြုနေကြသည်တို့ကို မြင်ရလျှင် “ဤသူတို့၏ ရဟန်းပြုသောအခါ ငါ့အား အိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ကြံ၍ မိမိကိုယ်တိုင်လည်း ဘိက္ခုနီမကျောင်းသို့ သွားသဖြင့် ရဟန်းပြုလေ၏၊ ထိုသုံးဦးသော သူတို့သည် ရဟန်းပြုပြီးကြကုန်သော်လည်း တခြားစီဖြစ်ခြင်းငှာ ကင်း၍နေခြင်းငှာ မတတ်နိုင်ကြကုန်၊ ရဟန်းတို့၏ကျောင်း၌လည်းကောင်း၊ ဘိက္ခုနီမတို့၏ ကျောင်း၌လည်းကောင်း တစ်ပေါင်းတည်းသာလျှင် နေကြ၍ စကားပြောကြားလျက် နေ့ကို ကုန်လွန်စေကြကုန်၏၊ ထိုသုံးဦးသောသူတို့သည် ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ကိုလည်းကောင်း နှောင့်ယှက်နှိပ်စက်ကြကုန်၏။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် ထိုသုံးဦးသောသူတို့၏ ပြုပုံအမူအရာကို မြတ်စွာဘုရားအား လျောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် ထိုသုံးဦးသောသူတို့ကို ခေါ်စေတော်မူပြီးလျှင် “သင်တို့သည် ဤသို့ ပြုကြကုန်၏ဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မှန်လှပါသည် ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “အဘယ့်ကြောင့် ဤသို့ ပြုကြကုန်ဘိသနည်း၊ ဤအမူအရာသည် ရဟန်းတို့ အားထုတ်သင့်သော အမူအရာ မဟုတ်”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား တပည့်တော်တို့သည် တခြားစီဖြစ်ခြင်းငှာ မတတ်နိုင်ကြပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏၊ “ရဟန်းပြုသောအခါမှစ၍ ဤသို့ ပြုခြင်းသည် မသင့်၊ ချစ်အပ်သော သတ္တဝါ,သင်္ခါရတို့ကို မမြင်ရခြင်းသည်လည်းကောင်း၊ မချစ်အပ်သော သတ္တဝါ,သင်္ခါရတို့ကို မြင်ရခြင်းသည်လည်းကောင်း ဆင်းရဲခြင်းသာလျှင် ဖြစ်၏။ ထို့ကြောင့် သတ္တဝါတို့၌လည်းကောင်း၊ သင်္ခါရတို့၌လည်းကောင်း တစ်စုံတစ်ခုသော ချစ်ခြင်းကိုလည်းကောင်း၊ မချစ်ခြင်းကိုလည်းကောင်း ပြုခြင်းငှာ မသင့်”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၀၉] အယောဂေ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မဉ္စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတတ္တာနုယောဂိနံ။

[၂၁၀] မာ ပိယေဟိ သမာဂဉ္ဆိ၊ အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

[၂၁၁] တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

အယောဂေ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်း၌။ ဝါ၊ ဝေသိယာဂေါစရစသော အဂေါစရခြောက်ပါးကို မှီဝဲခြင်း၌။ အတ္တာနံ၊ မိမိကိုယ်ကို။ ယုဉ္ဇ ယုဉ္ဇန္တော၊ အားထုတ်လေ့ရှိထသော။ ယောဂသ္မိံ၊ သင့်သောအားဖြင့် နှလုံးသွင်းခြင်း၌။ အယောဇယံ- အယောဇယန္တော၊ အားမထုတ်လေ့ရှိသော။ အတ္ထံ၊ အဓိသီလစသော သိက္ခာသုံးပါး အကျိုးတရားကို။ ဟိတွာ၊ ပယ်စွန့်၍။ ပိယဂ္ဂါယီ၊ ကာမဂုဏ်ငါးဖြာ စုံမက်စရာကို လွန်ကဲစွာ စွဲလမ်းလေ့ရှိသောသူသည်။ အတ္တာနုယောဂိနံ၊ မိမိကိုယ်ကို ကောင်းစွာ အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်တို့အား။ ပိဟေတိ၊ တောင့်တ၏။

ပိယေဟိ၊ ချစ်အပ်ကုန်သော သတ္တဝါ,သင်္ခါရတို့နှင့်။ ကုဒါစနံ၊ တရံတဆစ်မျှ။ မာ သမာဂဉ္ဆိ၊ မပေါင်းဖော်လင့်။ အပ္ပိယေဟိ၊ မချစ်အပ်သော သတ္တဝါ,သင်္ခါရတို့နှင့်။ ကုဒါစနံ၊ တရံတဆစ်မျှ။ မာ သမာဂဉ္ဆိ၊ မပေါင်းဖော်လင့်။ ပိယာနံ၊ ချစ်အပ်သော သတ္တဝါ,သင်္ခါရတို့ကို။ အဒဿနံ၊ ကွေကွင်းသဖြင့် မမြင်ရခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲ၏။ အပ္ပိယာနံ၊ မချစ်အပ်သော သတ္တဝါ,သင်္ခါရတို့ကို။ ဒဿနံ၊ ချဉ်းကပ်သဖြင့် မြင်ရခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲ၏။

တသ္မာ၊ ထို့ကြောင့်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော သတ္တဝါ,သင်္ခါရကို။ ပိယံ၊ ချစ်ခြင်းကို။ န ကယိရာထ၊ မပြုရာ။ ဟိ၊ ထိုစကားသင့်စွ။ ပိယာပါယော၊ ချစ်သောသူတို့နှင့် ကွေကွင်းခြင်းသည်။ ပါပကော၊ ယုတ်မာ၏။ ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့အား။ ပိယာပ္ပိယံ၊ ချစ်ခြင်း,မုန်းခြင်းသည်။ နတ္ထိ၊ မရှိ။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အား။ ဂန္ထာ၊ အဘိဇ္ဈာစသော ကာယဂန္ထတို့သည်။ န ဝိဇ္ဇန္တိ ၊ မရှိကုန်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ထိုသုံးဦးသော သူတို့သည်ကား “ငါတို့ကား တသီးတခြား ဖြစ်ခြင်းငှာ (ကင်း၍ နေခြင်းငှာ) မတတ်နိုင်ကြကုန်”ဟု လူထွက်၍ အိမ်သို့သာလျှင် ပြန်သွားကြလေကုန်၏။

တယောဇနပဗ္ဗဇိတဝတ္ထု ပြီး၏။