မာတိကာသို့ ခုန်သွားရန်

တိတ္ထိယဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၉-ဓမ္မဋ္ဌဝဂ်။ ၈-တိတ္ထိယဝတ္ထု

၂၆၈။ န မောနေန မုနိ ဟောတိ၊ မူဠှရူပေါ အဝိဒ္ဒသု။
ယော စ တုလံဝ ပဂ္ဂယှ၊ ဝရမာဒါယ ပဏ္ဍိတော။
၂၆၉။ ပါပါနိ ပရိဝဇ္ဇေတိ၊ မုနိ တေန သော မုနိ။
ယော မုနာတိ ဥဘော လောကေ၊ မုနိ တေန ပဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းစားဇရပ်စသည်တို့၌ ဘာမျှမပြောပဲ ဆိတ်ဆိတ်နေသော မုနိအမည်ခံနေကြသော တိတ္ထိတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

မောနေန၊ ဆိတ်ဆိတ်နေကာမျှဖြင့်။ မုနိ၊ မုနိမည်သည်။ န ဟောတိ၊ မဖြစ်နိုင်။ မူဠှရူပေါ၊ တွေဝေသော သဘောရှိသော။ အဝိဒ္ဒသု၊ အသိအလိမ္မာ ဉာဏ်ပညာမရှိသူသည်။ ဟောတိ၊ ဖြစ်၏။ ယော ပဏ္ဍိတော၊ အကြင်ပညာရှိသည်။ တုလံ၊ ချိန်ခွင်ကို။ ပဂ္ဂယှ၊ ကိုင်၍။ တုလယတိ ဣဝ၊ လိုတိုးပိုလျော့၍ ချိန်စက်သကဲ့သို့။ ဝရံ၊ သီလစသော ကုသိုလ်အမြတ်တရားကို။ အာဒါယ၊ ယူ၍။ ပါပါနိ၊ မကောင်းမှုတို့ကို။ ပရိဝဇ္ဇေတိ၊ ကြဉ်ရှောင်၏။ သော၊ ထိုပညာရှိသည်။ မုနိ၊ မုနိမည်၏။ တေန၊ ထို့ကြောင့်။ သော၊ ထိုပညာရှိသည်။ မုနိ၊ မုနိမည်၏။ ယော၊ အကြင်သူသည်။ ဥဘော လောကေ၊ အဇ္ဈတ္တ ဗဟိဒ္ဓခန္ဓာနှစ်ပါးတို့ကို။ မုနာတိ၊ သိ၏။ တေန၊ ထိုသို့ ခန္ဓာနှစ်မျိုးတို့ကို သိသောကြောင့်။ မုနိ၊ မုနိဟူ၍။ ပဝုစ္စတိ၊ ဆိုထိုက်၏။

စကားပြေ

စကားမပြောပဲ ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမမည်။ တွေဝေသော သဘောရှိသည်ဖြစ်၍ အသိအလိမ္မာ ပညာဉာဏ်မရှိသူသာ ဖြစ်နိုင်သည်။ ပညာရှိသည် ချိန်ခွင်ကိုကိုင်ကာ လိုတိုးပိုလျော့၍ ချိန်စက်သကဲ့သို့ သီလစသော ကုသိုလ်အမြတ်တရားတို့ကို တိုးယူ၍ အကုသိုလ်တို့ကို ကြဉ်ရှောင် လျှော့ချပြီးလျှင် အဇ္ဈတ္တ ဗဟိဒ္ဓခန္ဓာတို့ကို သိသောသူကိုသာ မုနိဟု ဆိုထိုက်၏။

မုနိ

တိတ်တိတ် ဆိတ်ဆိတ်နေခြင်းဟူသော မောနေယျအကျင့်ကို ကျင့်သူကို မုနိဟု မခေါ်နိုင်၊ ချိန်ခွင်ကို ကိုင်ဆောင်သောသူသည် ပိုနေလျှင် နုတ်၍ လိုလျှင် ထည့်သကဲ့သို့ အကြင်သူသည် အကုသိုလ်ယူသော အပိုကို နုတ်ပြီး လိုသော ကုသိုလ်ကို ဖြည့်စွက်ကာ သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿန ဟူသော အမြတ်ကို ယူ၍ အကုသိုလ်ကို ကြဉ်ရှောင်၏။ ခန္ဓာစသော လောကကို ချိန်ခွင်သို့ တင်၍ နှိုင်းချိန်သကဲ့သို့ ဤကား အဇ္ဈတ္တခန္ဓာ ဤကား ဗဟိဒ္ဓခန္ဓာ စသော သဘောကို သိသောသူသည် မုနိမည်၏။
န မောနေန မုနိ— မောနေယျအကျင့်ဟု ဆိုအပ်သော မဂ်ဉာဏ်ကို မောနေန ဆိုသင့်သော်လည်း ဤ၌ ဆိတ်ဆိတ်နေမှုကို မောနေန ဟု ဆိုသည်။

ပါဠိသဒ္ဒါခက်ဆစ်

မောနေန = မုနိနော ကမ္မံ မောနံမုနိ + ဏ။
မူဠှရူပေါ = မူဠာနိ ရူပါနိ ဧတဿာတိ မူဠှရူပေါမူဠှ + ရူပ + ဧတ။ မူဠှ = မုတ် + တ။ အဝိဒ္ဒသု = န ဝိဒ္ဒသု အဝိဒ္ဒသု။ န + ဝိဒ္ဒသုဝိဒ္ဒသု = ဝိဒတိ ဇာနာတီတိ ဝိဒ္ဒသု။ ဝိဒ် + ဒသု။ တုလံ = တလတိ သင်္ဃာဋေသု ပတိဋ္ဌတီတိ တုလာ။ တလ် + အ။ (အ-ကို ဥ ပြု) တုလယတိ မိနာတိ ဧတာယတိ တုလာ။ တုလ် + အ။
တိတ္ထိယဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၉-ဓမ္မဋ္ဌဝဂ်

၈-တိတ္ထိယဝတ္ထုပါဠိဂါထာ

၄၉၉။ န မောနေန မုနီ ဟောတိ, မူဠှရူပေါ အဝိဒ္ဒသု၊
ယော စ တုလံဝ ပဂ္ဂယှ, ဝရမာဒါယ ပဏ္ဍိတော။
၅၀၀။ ပါပါနိ ပရိဝဇ္ဇေတိ, သ မုနိ တေန သော မုနိ၊
ယော မုနာတိ ဥဘော လောကေ, မုနိ တေန ပဝုစ္စတိ။

မူဠှရူပေါ၊ တွေဝေသူ၏အဖြစ်ဟူသော သဘောရှိသော။ အဝိဒ္ဒသု၊ ပညာမရှိ သူသည်။ မောနေန၊ ဆိတ်ဆိတ်နေခြင်းမျှကြောင့်။ ဝါ၊ ဆိတ်ဆိတ်နေကာမျှဖြင့်။ မုနိ၊ မုနိမည်သည်။ န ဟောတိ၊ မဖြစ်။ [ဂါထာ၌ ဆန်းကြောင့် ဒီဃပြု၍ “မုနီ”ဟု ရှိသည်။ “မောနေန၊ ကြောင့်။ မုနိ၊ သည်။ န ဟောတိ၊ မဖြစ်။ မူဠှရူပေါ၊ သော။ အဝိဒ္ဒသု၊ သည်။ (ဟောတိ၊ ၏။) ”ဟု တစ်နည်းပေး။] ၊ အနွယကား။ တုလံ၊ ချိန်ကို။ ပဂ္ဂယှ၊ မြှောက်ချီ၍။ (ဌိတောတည်သူသည်။ ဟရတိ ဣဝ၊ ပိုရာကို ပယ်နုတ်သကဲ့သို့လည်းကောင်း။ ပက္ခိပတိ ဣဝ၊ လိုရာကို ဖြည့်စွက်သကဲ့သို့လည်းကောင်း။ ဧဝမေဝ၊ သာလျှင်။) ယော ပဏ္ဍိတောအကြင်ပညာရှိသည်။ (ပါပံ၊ မကောင်းမှုကို။ ဟရတိ၊ ပယ်ရှား၏။ ကုသလံ၊ ကုသိုလ်ကို။ ပရိပူရေတိ၊ ပြည့်စေ၏။ ဧဝံ ကရောန္တော၊ ဤသို့ ပြုလျက်။) ဝရံ၊ သီလသမာဓိပညာ ဝိမုတ္တိဝိမုတ္တိဉာဏဒဿနဟူသော မြတ်သောတရားကို။ အာဒါယ၊ ယူ၍။ (ပါ-၂၆၈) [အဋ္ဌကထာဖွင့်နှင့် နီတိဓာတုနိ-၂-၈၂အတိုင်း ပေးသည်။ “ယော စ”၌ စကို ပက္ခန္တရယူ၍ “စမုနိမမည်သည်မှတစ်ပါး မုနိမည်ကြောင်းကား”ဟု နီတိဓာတုနိ-၂-၈၂၌ ပေး၏။]

ပါပါနိ၊ မကောင်းမှုတို့ကို။ ပရိဝဇ္ဇေတိ၊ ကြဉ်ဖယ်၏။ သ (သော ပဏ္ဍိတော)၊ ထိုပညာရှိသည်။ မုနိ၊ မုနိမည်၏။ (ကသ္မာ၊ ကြောင့်။ သော၊ ထိုပညာရှိသည်။ မုနိ၊ မုနိ မည်သနည်း?) တေန၊ ထိုမကောင်းမှုများ, ကြဉ်ဖယ်ရှားခြင်းကြောင့်။ သော၊ ထိုပညာရှိ သည်။ မုနိ၊ မည်၏။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ လောကေ၊ ခန္ဓာစသော လောက၌။ ဥဘော၊ တွင်းပနှစ်ဖြာ, ခန္ဓာစသော, အနက်သဘောတို့ကို။ မုနာတိ၊ သိ၏။ တေန၊ ထိုကြောင့်။ (သော၊ ထိုပုဂ္ဂိုလ်ကို။) မုနိ၊ မုနိဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။ (ပါ-၂၆၉)

၁။သင်္ခါယ။ ။ သင်္ခါယတိ သမ္မဒေဝ ပရိစ္ဆိန္ဒတိ ဧတာယာတိ သင်္ခါ၊ ဉာဏန္တိ အာဟ “သင်္ခါယာတိ ဉာဏေနာ”တိ (သံ၊ဋီ၊၁၊၂၈၀)။ [ တွာပစ္စယန္တယူ၍ “သင်္ခါယ-သိ၍၊ စရတိ”ဟု ပေးခြင်းမှာ ဤအဖွင့်နှင့် မညီပါ။]

တိတ္ထိယဝတ္ထုဂါထာနိဿယပြီးပြီ။