မာတိကာသို့ ခုန်သွားရန်

တိဿတ္ထေရဝတ္ထုဂါထာ -၂

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၅-သုခဝဂ်

၇-တိဿတ္ထေရဝတ္ထု

၂၀၅။ ပဝိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်၌ သီတင်းသုံးနေတော်မူစဉ် တရားဖြင့် ပူဇော်သော တိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တိဿထေရ် ရဟန္တာဖြစ်သည်။

အနက်

ပဝိဝေကရသံ၊ တယောက်တည်းနေခြင်းကြောင့် ဖြစ်ပေါ်လာသော တရားအရသာကို လည်းကောင်း။ ဥပသမဿ၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏။ ရသံ စ၊ အရသာကို လည်းကောင်း။ ပိတွာ၊ သောက်ရသောကြောင့်။ နိဒ္ဒရော၊ ကိုယ်တွင်း၌ ရာဂစသော ပူပန်မှုကင်း၏။ နိပ္ပါပေါ၊ မကောင်းမှုလည်းကင်း၏။ ဓမ္မပီတိရသံ၊ လောကုတ္တရာတရားကိုးပါး၏ အစွမ်းဖြင့် ဖြစ်သော နှစ်သိမ့်မှု ပီတိအရသာကို။ ပိဝံ၊ သောက်ရသောသူသည်။ နိဒ္ဒရော၊ ကိုယ်တွင်း၌ ရာဂစသော ပူပန်မှုကင်း၏။ နိပ္ပါပေါ၊ မကောင်းမှုလည်းကင်း၏။

စကားပြေ

တယောက်တည်းနေခြင်းကြောင့် ဖြစ်ပေါ်လာသော တရားအရသာနှင့် ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်အရသာတို့ကို သောက်ရသူသည် လည်းကောင်း၊ လောကုတ္တရာတရားကိုးပါး၏ အစွမ်းကြောင့် ဖြစ်ပေါ်လာသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် လည်းကောင်း၊ ပူပန်မှုကင်း၏၊ မကောင်းမှုလည်း ကင်း၏။

ပိတွာ— ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းစသည်တို့ကို ပြု၍ အာရုံပြုသော အားဖြင့် မျက်မှောက်ပြုခြင်းကို သောက်သည်ဟု ဆိုပါသည်။
ဥပသမ— ကိလေသာငြိမ်းခြင်းကြောင့် နိဗ္ဗာန်ကို ဥပသမခေါ်ပါသည်။
နိဒ္ဒရော-နိပ္ပါပေါ— ပဝိဝေကရသ ဥပသမရသ နှစ်ပါးကို သောက်သုံးခြင်းဖြင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် ကိုယ်တွင်း၌ ရာဂစသော ပူပန်မှုမရှိခြင်းကြောင့် နိဒ္ဒရ, နိပ္ပါပ ဖြစ်သည်။
လောကုတ္တရာတရားကိုးပါး၏ အစွမ်းဖြင့် ဖြစ်သော ပီတိဟူသော အရသာကို သောက်သော သူသည်လည်း နိဒ္ဒရ, နိပ္ပါပ ဖြစ်သည်။
ဓမ္မပီတိရသံဓမ္မ— အရ၊ လောကုတ္တရာတရားကိုးပါးရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပဝိဝေကရသံ = ပဝိဝေကတော (ဥပ္ပန္နံ) ရသံ ပဝိဝေကရသံ။ ပဝိဝေက + ရသ။ ပဝိဝေကော = ပ + ဝိစ် + ဏ။
နိဒ္ဒရော = နတ္ထိ ဒရော ယဿာတိ နိဒ္ဒရော။ နိ + ဒရ + ယ။
နိပ္ပါပေါ = နတ္ထိ ပါပေါ ယဿာတိ နိပ္ပါပေါ။ နိ + ပါပ + ယ။
ဓမ္မပီတိရသံ = ပီယတေ ပီတိ။ ပီ + တိ။ ပီတိယာ ရသော ပီတိရသော။ ပီတိ + ရသ။ ဓမ္မေန (ဥပ္ပန္နော) ပီတိရသော ဓမ္မပီတိရသော။ ဓမ္မ + ပီတိရသ။

တိဿတ္ထေရဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၅-သုခဝဂ်

၇-တိဿတ္ထေရဝတ္ထုပါဠိဂါထာ

၄၂၀။ ပဝိဝေကရသံ ပိတွာ, ရသံ ဥပသမဿ စ၊
နိဒ္ဒရော ဟောတိ နိပ္ပါပေါ, ဓမ္မပီတိရသံ ပိဝံ။

(ခီဏာသဝေါ ဘိက္ခု၊ အာသဝေါကင်းကွာ, ရဟန္တာသည်။) ပဝိဝေကရသံအပေါင်းအဖော်မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော မဂ်ဖိုလ်ချမ်းသာအရသာကို။ ပိတွာ၊ သောက်သုံးရခြင်းကြောင့်လည်းကောင်း။ ဥပသမဿ၊ ကိလေသာငြိမ်းရာ နိဗ္ဗာန် ၏။ ရသံ၊ အရသာကို။ ပိတွာ စ၊ ကောင်း။ ဓမ္မပီတိရသံ၊ လောကုတ္တရာတရားကိုးပါး ကြောင့်ဖြစ်သော ပီတိတည်းဟူသော အရသာကို။ ပိဝံ (ပိဝန္တော)၊ သောက်သုံးရသည် ၏ အဖြစ်ကြောင့်လည်းကောင်း။ နိဒ္ဒရော၊ ကိလေသာဟူ, အပူမရှိသည်လည်းကောင်း။ နိပ္ပါပေါ၊ မကောင်းမှုမရှိသည်လည်းကောင်း။ ဟောတိ၊ ၏။ (ပါ-၂၀၅)

တိဿတ္ထေရဝတ္ထုပါဠိဂါထာ နိဿယပြီးပြီ။

၁။ပဝိဝေကရသံ။ ။ “ပဝိဝေကတော+ဥပ္ပန္နာ+ရသော ပဝိဝေကရသော”ဟု ပြု၍ ဧကီဘာဝသုခကို ယူ(ဓမ္မ.ဋ္ဌ)၊ ဧကီဘာဝသုခဟူသည် ဈာန်မဂ်ဖိုလ်ချမ်းသာ (ဤ၌ မဂ်ဖိုလ်ချမ်းသာ) တည်း၊ မှန်၏-ဈာန်မဂ်ဖိုလ်ချမ်းသာကို ခံစား၍ သမာပတ်ဝင်စားနေသူသည် ဈာန်မဂ်ဖိုလ်၏ အာရုံ၌ စိတ်စိုက်၍နေသောကြောင့် အခြားသူများစွာနှင့် နေရသော်လည်း တစ်ပါးတည်းလို ဖြစ်ရကား “အနေကောပိ ဧကော ဝိယ ဘဝတီတိ ဧကီဘာဝေါ(သီဋီသစ်၊၂၊၃၃၀)”နှင့်အညီ ဧကီဘာဝဟု ဆိုရ၏။

ဇာ ၊ဋ္ဌ၊၃၊၁၈၃။ ။ ထို၌ “ပဝိဝေကာနံ+ရသော ပဝိဝေကရသော(ကာယစိတ္တဥပဓိ ဟူသော ဝိဝေက၃ပါးတို့၏ အရသာ)”ဟု ပြု၍ ဝိဝေကသုံးပါးကို မှီ၍ဖြစ်သော သောမနဿကို ယူ၏။

သုတ္တနိ၊ဋ္ဌ၊၁၊၃၁၃။ ။ ထို၌ ပဝိဝေကအရ အရဟတ္တဖိုလ်, ပဝိဝေကရသအရ အရဟ- တ္တဖိုလ်နှင့်ယှဉ်သော သုခဝေဒနာကို ယူ၍ “ရသီယတိ အဿာဒီယတီတိ ရသော၊ ပဝိဝေကဿ '+ရသော ပဝိဝေကရသော(ကိလေသာတို့မှ ကင်းဆိတ်သော အရဟတ္တဖိုလ်၏ သာယာဖွယ် သုခ ဝေဒနာအရသာ)”ဟု ပြု၏၊ ဆက်ဥုးအံ့-ထိုအဋ္ဌကထာ၌ ဥပသမရသနှင့် ဓမ္မပီတိရသအရလည်း အရဟတ္တဖိုလ်ရှိ သုခဝေဒနာကိုပင် ယူ၏၊ ထို့ပြင် “ဈာန်နှင့် ကာယဝိဝေကသည် ပဝိဝေကရသ, နိဗ္ဗာန်နှင့် စိတ္တဝိဝေကသည် ဥပသမရသ, ပစ္စဝေက္ခဏာနှင့် ဥပဓိဝိဝေကသည် ဓမ္မပီတိရသ”ဟု ယူသော ကေစိဝါဒကိုလည်း ပြသေး၏။

၂။ ဓမ္မပီတိရသံ။ ။ “ဓမ္မေန+ဥပ္ပန္နာ+ပီတိ ဓမ္မပီတိ၊ ဓမ္မပီတိသင်္ခါတော+ရသော ဓမ္မပီတိရသော(ဓမ္မ.ဋ္ဌ၊ ဇာ၊ဋ္ဌ၊၃၊၁၈၃)”ဟု ပြု၍ လောကုတ္တရာတရား၉ပါးကြောင့်ဖြစ်သော ပီတိတည်းဟူသော အရသာကို ယူ(ဓမ္မ.ဋ္ဌ)၊ ဇာ ၊ဋ္ဌ၊၃၊၁၈၃၌ အရဟတ္တဖိုလ်ပီတိကိုသာ ယူ၏။

သုတ္တနိ၊ဋ္ဌ၊၁၊၃၁၃။ ။ ထို၌ ဓမ္မအရ နိဗ္ဗာန်, ဓမ္မပီတိအရ အရဟတ္တဖိုလ်ပီတိ, ဓမ္မ ပီတိရသအရ အရဟတ္တဖိုလ်ရှိသုခဝေဒနာကို ယူ၍ “ဓမ္မေ+ဥပ္ပန္နာ+ပီတိ ဓမ္မပီတိ၊ ဓမ္မပီတိ- ယာ+ရသော ဓမ္မရသော(နိဗ္ဗာန်တရား၌ဖြစ်သော အရဟတ္တဖိုလ်ပီတိ၏ သာယာဖွယ် သုခ ဝေဒနာအရသာ)”ဟု ပြု၏။

၁။ နိဒ္ဒရော နိပ္ပါပေါ။ ။ “ပိဝန္တောပိ နိဒ္ဒရော နိပ္ပါပေါ စ ဟောတိ(ဓမ္မ.ဋ္ဌ)၊ ပိဝိတွာပိ ကိလေသပရိဠာဟာဘာဝေန နိဒ္ဒရော၊ ပိဝန္တောပိ ပဟီနပါပတ္တာ နိပ္ပါပေါ ဟောတိ(သုတ္တနိ၊ဋ္ဌ၊၁၊၃၁၃)”ဟူသော အဖွင့်များနှင့်အညီ စကို ပိတွာနှင့် တွဲပေးခဲ့သည်၊ “ပဝိဝေကရသံ-ကိုလည်း ကောင်း၊ ဥပသမဿ-၏၊ ရသံ စ-လည်းကောင်း၊ ပိတွာ-ကြောင့်၊ ဓမ္မပီတိရသံ-ကို၊ ပိဝံ (ပိဝန္တော)- သောက်သုံးသူသည်၊ နိဒ္ဒရော-သည်၊ နိပ္ပါပေါ-သည်၊ ဟောတိ”ဟု စကို ဒုတိယန္တပုဒ်များနှင့် တွဲ ၍လည်း ပေးကြ၏၊ “ဒရဏံ ဒရော၊ နတ္ထိ+ဒရော ယဿာတိ နိဒ္ဒရော၊ နတ္ထိ+ပါပံ ယဿာတိ နိပ္ပါပေါ”ဟု ပြု။