တေမိယဇာတ်တော်ကြီး/အခန်း-၀၃
ဤသို့ စန္ဒာဒေဝီမိဖုရားကြီးသည် ပြည့်စုံသော ကိုယ်ဝန်ရှိသည်ဖြစ်၍ ၁၀-လစေ့လတ်သော် ဘုန်းပညာလက္ခဏာနှင့်ပြည့်စုံသော သားတော်ဘုရားလောင်းကို ဖွားမြင်လေ၏။ ထိုနေ့၌ပင်လျှင် ၅၀၀သော အမှူးအမတ်တို့အိမ်ဝယ်လည်း သတို့သား ၅၀၀တို့ကို ဖွားမြင်လေကုန်၏။
(ဤ ဖွားဖက် ၅၀၀တို့ကား ဘုရားလောင်းနှင့် လဂ်စီးနာရီ နက္ခတ်တူ တစ်ချိန်တည်းဖြစ်သည်မဆို။ “တံ ဒိဝသမေဝ”ဟု ဆိုသောကြောင့် တစ်နေ့တည်းဖွားကြ၍ ဖွားဖက်ဆိုသည်။)
ထိုဘုရားလောင်းမင်းသား ဖွားတော်မူသောနေ့၌ပင်လျှင် အဝန်း ယူဇနာ ၁၀၀၀-ရှိသော ကာသိကရာဇ်တိုင်းအလုံး အုပ်ဖုံးတိမ်လိပ် စိတ်ချမ်းမြေ့ကြောင်း မိုးကောင်းထန်ရွာ၏။
ကာသိကရာဇ်မင်းကြီးသည်လည်း ညီလာခံရာ နန်းရင်ပြင်စမုတ်ဦး၌ မှူးမတ်အပေါင်းခြံရံလျက် မင်း၏ကျက်သရေဖြင့် စံနေစဉ် မိဖုရားကြီး၌ အန္တရာယ်ဥပဒ် ကင်းလွတ်ချမ်းမြေ့စွာ လက္ခဏာစုံလင် ဘုန်းတန်းရှင်သားကောင်း ဖွားမြင်ကြောင်းကို မင်းကြီးအား လျှောက်ထားလာကြကုန်၏။ ထို သားတော်ဖွားမြင်ကြောင်း စကားကို မင်းကြီးကြားလျှင် သားမရစဘူး ရှေးဦးစွာဖြစ်၍ ချစ်ခြင်း ဂေဟသိတမေတ္တာ ရေသီဒါ ကိုယ်လုံး လွှမ်းဖုံးခြင်းကြောင့် အချမ်းဖြင့်တုန်လှုပ်လျက် နှစ်သက်ခြင်းအဆိပီတိ စိမ့်အိနှံ့ဝေ၍ အပေါ်ရေကိုချင်းနင်း အတွင်းရေကိုဖြတ်ချိုး အရိုးကိုဖောက်သီ ခြင်ဆီသို့သွင်းလျက် ကိုယ်တွင်းပီတိ ဖြန့်ချိရစ်ထူးသဖြင့် နှလုံးချမ်းမြေ့ခြင်း ဖြစ်လေ၏။
ဤသို့ သား၌ချစ်ခြင်း ပီတိအဟုန်သည် အလုံးစုံကိုယ်တွင်းတွင် နှံ့စေ၍ မဆံ့ယိုဖိတ် မပိတ်မဆီးနိုင်လတ်သဖြင့် မှူးမတ်အပေါင်းတို့အား “ငါ့သားတော် ယခု ဖွားမြင်လေပြီ။ သင်တို့ နှစ်သက်ကြပါ၏လော”ဟု ဝမ်းမြောက်စကားကိုဆိုလျှင် မင်းလိုလိုက်သာလျှောက်ထိုက်၍ မြှောက်လိုက်သည်မဟုတ်လတ်။ အမတ်အပေါင်းတို့လည်း နှစ်မြို့ခြင်းပီတိ အရှိညီကြလျှင်--
“အရှင်မင်းကြီး၊ အသို့ ကိုယ်တော် အမိန့်ရှိရလေသည် မသိ။ မျိုးမရှိသော လယ်လုပ်သမားသည် စပါးအသက်သခင် နောင်အင်ချို့မည်ကို ကြို၍လန့်သကဲ့သို့ အခန့်မတန် နန်းရံတော်ပျိုးညွန့် မဖွံ့မရှင်လျှင် အသက်သခင်စပါးမျိုး ကိုးကွယ်ရာအရှင် နောင်တင်ဖို့မရ၍ သောကများစွာရှိကာ တောင့်တလျက် နေကြပါသည်။ နေပြည်တော်မှစ၍ တိုင်းမအလုံး မိုးချုန်းသောနိမိတ်ဖြင့် ဘုန်းရိပ်ရေချမ်း ဖျန်းဆွတ်မိုးကာ ကိုးကွယ်ရာနန်းညွန့် ဖွံ့သန်သောကုသိုလ်တော်ရှင် သခင်ကောင်းကိုရ၍ တောင့်တတိုင်းပြည့်ကြွယ်လျက် အဘယ်သူ ဝမ်းမမြောက်ဘဲ ရှိနိုင်ပါအံ့နည်းဘုရား”ဟု လျှောက်ထားကြကုန်၏။
(ဤသို့သောအရာ၌ သတ္တဝါတို့အား သုခတွေ့ဦး, ဒုက္ခတွေ့ဦး ဟူသည်ကို တည်ကြည်စောင့်ချုပ် စိတ်တုန်လှုပ်ခြင်း အလျဉ်းကွာသည်မှာ ရဟန္တာတစ်ပါးတည်းသာ ရှိချေသည်။ တည်ကြည်ကြောင်း ဉာဏ်ဝီရိယ ပိတ်ဖုံး၍ နှလုံး၌ အချမ်း,အပူကို သူတစ်ပါး ထင်ရှားမသိစေခြင်း သမာဓိရှိသူ လျစ်လျူရှုပုထုဇဉ်ပင် ဖြစ်သော်လည်း အလွန်ဖြစ်ခဲ၏ဟု သိအပ်၏။)