မာတိကာသို့ ခုန်သွားရန်

တေမိယဇာတ်တော်ကြီး/အခန်း-၀၄

ဝီကီရင်းမြစ် မှ
1383တေမိယဇာတ်တော်ကြီး — ၄။ နို့ထိန်းရွေးခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဤသို့ ကာသိကရာဇ်မင်းကြီးသည် မှူးတော်မတ်တော်တို့နှင့် ဝမ်းမြောက်စကားပြောဆိုပြီးလျှင် ဝန်ရှင်တော် မဟာသေနာပတိအမတ်ကြီးကိုခေါ်၍ “အမတ်ကြီး။ ယခု ငါ့သားတော် ဖွားမြင်လေသည်မှာ စကြာရှင်တို့အား ပတ္တမြားရတနာရောက်လျှင် အခြံအရံမြတ်ပေါင်း ၈-သောင်း ၄-ထောင်မပါဘဲ ရှိမည်မဟုတ်။ ငါ့သားတော်အခြံအရံ ဖွားဖက်သူငယ်တော်လည်း ပါလာရမည်။ သားတော်၏ရွေဖော် သူငယ်တော်များအလို့ငှာ အမှူးအမတ်အိမ်တိုင်း မေးမြန်းကြည့်ရှုစေ။ ယနေ့ဖွားသည့် မှူးမတ်သားတို့ကိုတွေ့လျှင် ရေတွက်မှတ်သား၍ ငါ့ထံ စာရင်းတင်စေ”ဟု ခန့်ထားလေ၏။ အမတ်ကြီးလည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ အမှူးအမတ်အိမ်တို့၌ ကြည့်စေသော် ဘုရားလောင်းနှင့် တစ်နေ့တည်းဖွားဖက်ဖြစ်သော မှူးသားမတ်သား ၅၀၀ အရေအတွက်စာရင်းရေး၍ မင်းကြီးအား လျှောက်တင်လေ၏။

ထိုအခါ ကာသိကရာဇ်မင်းကြီးသည် သတို့သား ၅၀၀တို့အား ဆင်ရန် တန်ဆာအစုံတို့နှင့်တကွ နို့ထိန်းတစ်ယောက်စီပေး၍ ကျွေးမွေးပြုစုစေ၏။

သားတော် ဘုရားလောင်းအားကား နို့ထိန်းထားလိုသောကြောင့် အလွန်မြင့်ခြင်း အစရှိသဖြင့် ဒေါသမလွတ်သော နို့ထိန်းသည်တို့ကိုနုတ်ကြဉ်၍ ယဉ်ကျေးလိမ္မာ ရောင်ဝါအဆင်း အမျိုးအရိုးနှင့်ပြည့်စုံစွာ “အာလမ္ဗ” သဒ္ဒါ၏အရ တွဲလျားမကျ လှပရွှင်ပျို နှစ်လိုဖွယ် “ထနာ” လက္ခဏာရှိလျက် မြိန်ဆိမ့်ချိုအေးစွာ နို့ရည်နှင့်ပြည့်စုံသော နို့ထိန်းမိန်းမအရွယ်ရှိ အရေအတွက် ၂-ရာ့ ၄-ကျိပ်တို့ကို ရွေးချယ်စေပြီးလျှင် တစ်နေ့နှင့်တစ်ညဉ့်တွက် တစ်ရက်လျှင် နာရီပေါင်း ၆၀-မှာ တစ်နာရီလျှင် ၄-ယောက်စီခန့်ထား၍၊ တစ်ယောက်ကား မင်းသားငယ်ကို ချီပိုးခြင်း, တစ်ယောက်ကား ရေချိုးခြင်း, တစ်ယောက်ကား တန်ဆာဆင်ခြင်း, တစ်ယောက်ကား မင်းသားငယ်ကို ရွှင်စေခြင်း, ယပ်လေခတ်ခြင်း ကိစ္စ ၄-ပါးတို့ဖြင့် အလှည့်လှည့် ထိန်းယပြုစုစေ၏။

(ဤသို့ဆိုခြင်းကား “ဓာရဏ, နဟာပန, မဏ္ဍန, ဗီဇနကိစ္စာဟိ စတူဟိ ဓာတီဟိ ဝိယ ခတ္တိယကုမာရာ” အစရှိသည်ဖြင့် ပသာဒရုပ်အဖွင့် ဥပမာအရာ၌လာသော ဋီကာပါဌ်နှင့် အညီတည်း။)

ဒေါသမလွတ်သော နို့ထိန်းကား

-အလွန်မြင့်သော မိန်းမ၏ရင်ခွင်၌နေ၍ နို့စို့သောသူငယ်သည် ရင်ခွင်နှင့် စို့ရာအရပ် ကွာလွန်းသဖြင့် လည်တငင်ငင် လှမ်းယူနို့သောက်ရခြင်းများသောကြောင့် သတို့သားငယ်၏လည် ရှည်တတ်၏။ ထိုသို့ဖြစ်၍ မြင့်လွန်းလျှင်လည်း ဒေါသမလွတ်။

-အလုံးနှင့် အရပ် မတန် အလွန်နိမ့်လွန်းသောမိန်းမသည်လည်း ရင်ခွင်နှင့် စို့ရာအရပ် နီးကပ်လွန်းသဖြင့် လူငယ်၏မျက်နှာကို ရင်သားအဖိအထိ များခြင်းကြောင့် သူငယ်၏လည်ကုပ် တိုတတ်သည်ဖြစ်၍ ဒေါသမလွတ်။

-အလွန်ကြုံသော မိန်းမသည်လည်း သူငယ်နေရာ ရင်ခွင်သားမဖြိုး အရိုးသာခုခံသောကြောင့် နို့စို့သူငယ်၏ ပေါင်, တင်ပါး နာကျင်တတ်သည်ဖြစ်၍ ဒေါသမလွတ်။

-ဆူဖြိုးလွန်းသော မိန်းမသည်လည်း အသားတုန်လှုပ်ခြင်းများသောကြောင့် နို့စို့သူငယ်၏ ခြေဆွံ့တတ်သည်ဖြစ်၍ ဒေါသမလွတ်။

-ရင်သားရှည်လွန်းသော မိန်းမသည်လည်း နို့စို့သူငယ်၏နှာတံပေါ်၌ အဖိအထိများခြင်းကြောင့် နှာတံပိစပ် ရှိတတ်သည်ဖြစ်၍ ဒေါသမလွတ်။

-ညိုမည်းလွန်းသော မိန်းမသည်လည်း နို့ရည်အေးလွန်းသောကြောင့် ဒေါသမလွတ်။

-ဖြူလွန်းသောမိန်းမသည်လည်း နို့ရည်ပူလွန်းသောကြောင့် ဒေါသမလွတ်။

-ချောင်းဆိုးနာစွဲသော မိန်းမသည်လည်း ချဉ်စူးသော နို့ရည်ရှိခြင်းကြောင့် ဒေါသမလွတ်။

-ကုတ်ဟီးနာစွဲသော မိန်းမသည်လည်း ခါးခြင်း, စပ်ခြင်း စသည်တို့ဖြင့် များသောနို့ရည်၏အပြစ် များစွာရှိခြင်းကြောင့် ဒေါသမလွတ်။

ဤဒေါသ ၉-ပါး မလွတ်သောမိန်းမတို့ကိုကြဉ်၍ ရင်သား၏လှခြင်း, နို့ရည်၏မြိန်ရှက်ခြင်း ဤလက္ခဏာ ၂-ပါးနှင့် ပြည့်စုံသော မျိုးရိုးသမီး ၂-ရာ့ ၄-ကျိပ်တို့အား များစွာဆုလာဘ်ပေး၍ ထိန်းယစောင့်ရှောက် မွေးမြူစေသတည်း။

ခမည်းတော်မင်းကြီးသည် ဘုရားလောင်းမင်းသားအားလည်း များစွာဆင်ရန် သုံးရန် အလှယ်လှယ် ကြီးကျယ်သောအရာဖြင့် ပြုစုချီးမြှောက်၏။ စန္ဒာဒေဝီ မိဖုရားကြီးအားလည်း သားတော်အား ပေးလတ္တံ့သော အိမ်ရှေ့အရာနှင့်တကွ ကြီးစွာသောဆုဖြင့် မိဖုရားတို့၏ အထွတ်ဖြစ်ဟောင်းတွင် ထပ်လောင်း၍ ချီးမြှောက်ပြန်လေ၏။ မိဖုရားကြီးသည်လည်း ကိုယ်နှင့်တန်သည့် ဆုများကိုသာခံယူ၍၊ မတန်သမျှသောဆုတို့ကို “အရှင်မင်းကြီး လက်တော်တွင်ပင် ရှိပါစေ”ဟု အပ်ထား ဆက်ကပ်ပြန်လေ၏။

ဘုရားလောင်းအား အမည်မှည့်အံ့သောနေ့ ရောက်လတ်သော် လက္ခဏာဖတ်ပုဏ္ဏားတို့အား မင်းရင်ပြင် သဘင်အခင်း၌ နေစေလျက် များစွာ ကျွေးမွေးချီးမြှောက်ခြင်း ပူဇော်သက္ကာရကိုပြုပြီးလျှင် “ဆရာပုရောဟိတ်တို့။ ငါ၏သားတော်၌ လက္ခဏာပါရှိသည်ကိုဆင်ခြင်၍ ထင်မြင်တိုင်းမချွတ် ဥပဒ်အန္တရာယ် မရှင်းမည်, လွတ်ကင်းမည်ကို ဖတ်ကြားလျှောက်ထားကြလော့”ဟု ဆိုတော်မူ၏။

ထိုအခါ လက္ခဏာဖတ်ပုရောဟိတ်တို့သည် မင်းသား၏ လက္ခဏာအလုံးစုံကို ကြည့်ရှုဆင်ခြင်၍ ဘုန်းတန်းရှင်လက္ခဏာ ပြည့်စုံကြောင်း အခြင်းအရာကိုမြင်လျှင် “အရှင်မင်းကြီး၏ သားတော်ကား ပုဏ္ဏားပုရောဟိတ် နိမိတ်ဖတ်လက္ခဏာတတ်တို့ အတပ်ထင်ထင် မြင်ရတွေ့ရခဲသော ဘုန်းတန်းရှင်လက္ခဏာနှင့် ပြည့်စုံ၏။ တစ်စုံတစ်ခုသော အန္တရာယ် အနှောင့်အယှက်လည်း မထင်။ ဤဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို ထားဘိဦး။ ဘုန်းအထူးဆင့်ပြိုးတိုင်း မြင့်မိုး၍စံပယ်လိုလျှင် ကျွန်းငယ် ၅၀၀-စီ အညီရံဝန်းသော ၄-ကျွန်းလုံးသခင် စကြာရှင်ပင်သော်လည်း ဖြစ်ထိုက်၏”ဟု ဖတ်ကြားလျှောက်ထားကြကုန်၏။