မာတိကာသို့ ခုန်သွားရန်

ဓမ္မဒဿီဗုဒ္ဓဝင်

ဝီကီရင်းမြစ် မှ
1524မဟာဗုဒ္ဓဝင် — ၁၅- ဓမ္မဒဿီဗုဒ္ဓဝင်မင်းကွန်းဆရာတော်

၁၅-ဓမ္မဒဿီဗုဒ္ဓဝင်

     အတ္ထဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် (ဘုရားသုံးဆူတို့ ပွင့်တော်မူရာဖြစ်၍ ၀ရကပ်ကမ္ဘာပင် ဖြစ်သော်လည်း စိတ်ကြည်လင်ဖွယ် စင်ကြယ်သော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသောကြောင့် မဏ္ဍကပ်ဟူ၍ ခေါ်ဆိုသင့်သော) ထိုကမ္ဘာ၌ပင် လူတို့၏အသက်တမ်း အနှစ် (၁၀၀၀၀၀) တသိန်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ လူတို့အသက် အနှစ်တသိန်းတမ်းသို့



၄၄၄

ရောက်သောအခါ ဓမ္မဒဿီမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ သရဏနေပြည်တော် သရဏအမည်ရှိသော မင်းကြီး၏ သုနန္ဒာဒေဝီ မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ သရဏအမည်ရှိသော မင်းဥယျာဉ်၌ ဖွားမြင်တော်မူ၏။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှား ဖြစ်ပေါ်ကုန်၏။)

အလောင်းတော်မင်းသား ဖွားမြင်တော်မူခါစ၌ပင် ငြင်းခုံမှု အရပ်ရပ်တို့ကို ပညတ်ဆုံးဖြတ်ရာ ဓမ္မသတ် ကျမ်းစာတို့၌ တရားနှင့်မလျော်သော ပညက်ချက်တို့သည် အလိုလို ကွယ်ပျောက်ကြကုန်၍ တရားနှင့်လျော်သော ပညတ်ချက်တို့သည်သာ တည်ရှိ ကျန်ရစ်ကြကုန်၏။ ထို့ကြောင့် မင်းသား၏အမည်ကို မှည့်သောအခါ နိမိတ်ဖတ် ပညာရှိတို့နှင့်တကွ ဆွေမျိုးအပေါင်းတို့က ဓမ္မဒဿီမင်းသားဟူ၍ အမည်မှည့်ကြလေကုန်သည်။

ထီးနန်း စိုးစံတော်မူခြင်း

     အလောင်းတော် ဓမ္မဒဿီမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) အရဇ ရွှေနန်းဆောင်၊ (၂) ဝိရဇ ရွှေနန်းဆောင်၊ (၃) သုဒဿန ရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ ဝိစိကောဠိ အမည်ရှိသော မိဖုရားကြီး အမှူးပြုသည့် မောင်းမအပေါင်း (၄၃ဝဝဝ) လေးသောင်း သုံးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း(၈ဝဝဝ) ရှစ်ထောင်တို့ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။



၄၄၅

တောထွက်တော်မူခြင်း

     အလောင်းတော် ဓမ္မဒဿီမင်းသားသည် ထီးနန်းစိုးစံတော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး၍ ဝိစိကောဠိ မိဖုရားကြီးမှ ပုညဝဍ္ဎနအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ နတ်သားအတူ သိမ်မွေ့တော်မူသည်ဖြစ်၍ နတ်၏စည်းစိမ်ကဲ့သို့သော စည်းစိမ်ကို ခံစားတော်မူလျက် သန်းခေါင်ယံအခါဝယ် အိပ်ရာမှထ၍ ကြက်သရေရှိသောအိပ်ရာ၌ ထိုင်နေတော်မူရင်းကပင် အိပ်ပျော်ခြင်းသို့ ရောက်ကြသည့် မောင်းမမိဿံတို့၏ ဖောက်ပြန်သော အမူအရာအမျိုးမျိုးကို မြင်ရလေလျှင် သံဝေဂကြီးစွာရ၍ တောထွက်တော်မူရန် စိတ်အကြံ ဖြစ်သည်၏ အခြားမဲ့၌ပင် အလောင်းတော်၏စံရာ သုဒဿန ရွှေနန်းပြာသာဒ်သည် ကောင်းကင်အပြင်သို့ ပျံတက်ကာ စစ်အင်္ဂါလေးပါးဖြင့် ခြံရံအပ်လျက် ဒုတိယနေမင်းကဲ့သို့၎င်း နတ်ဗိမာန် ကဲ့သို့၎င်း သွား၍ မျက်နှာပန်းဗောဓိပင်၏ အနီး၌ပင်လျှင် မြေသို့သက်၍ တည်လေသည်။

     အလောင်းတော်သည် ဗြဟ္မာလှူဒါန်း ကြာသင်္ကန်းကို ဆင်မြန်းတော်မူကာ ရဟန်းပြုတော်မူ၍ ပြာသာဒ်ထက်မှ ဆင်းသက်တော်မူကာ မနီးမဝေး၌ ရပ်တည်တော်မူလေ၏၊ ပြာသာဒ်တော်သည် တဖန် ကောင်းကင်ခရီးဖြင့်သွား၍ ဗောဓိပင်ကို အတွင်းပြုလျက် မြေ၌တည်လေ၏။ အခြံအရံနှင့်တကွသော မင်းမိန်းမတို့သည် ပြာသာဒ်မှ ဆင်းကြ၍ ဂါဝုတ်ဝက်မျှ (တာပေါင်းရှစ်ရာမျှ) ဝေးကွာသောအရပ်သို့ သွား၍နေကြကုန်၏။ ထိုသို့ တည်ရှိကြသော လူအပေါင်းတို့အနက် မိန်းမတို့ကိုချန်ထား၍ ကြွင်းကျန်သော ယောက်ျား ဟူသမျှတို့သည် အလောင်းတော်ကို အတုလိုက် (အားကျ)ကာ ရဟန်းပြုကြကုန်၏၊ ထိုသို့ အတုလိုက် (အားကျ)ကာ ရဟန်းပြုကြသူပေါင်းမှာ ကုဋေတသိန်းမျှ ရှိကြ၏။

ဘုရားဖြစ်တော်မူခြင်း

     ဓမ္မဒဿီမြတ်စွာဘုရား အလောင်းတော်သည် ဒုက္ကရစရိယာ ခုနှစ်ရက်ကြာ ကျင့်ပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌



၄၄၆

ဝိစိကောဠိ မိဖုရားကြီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ ဆီးတောကြီး (ဇီးပင်တောကြီး)အတွင်း၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ သီရိဝဍ္ဎနအမည်ရှိသော မုယောခင်းစောင့် (ဂျုံခင်းစောင့်သူ)သည် လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့၍ မဟာဗောဓိ (မျက်နှာပန်း)ပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၅၃) ငါးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ ရှေးဆိုအပ်ပြီးသော နည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူသည်။

တရားပွဲကြီး သုံးကြိမ်

     ဓမ္မဒဿီမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (မျက်နှာပန်း)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော် မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစားဆင်ခြင်တော်မူလတ်သော် ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဖက်ဖြစ်ကြသည့် ကုဋေတသိန်းသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ “ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့”ဟု ကြံစည်ဆုံးဖြတ်တော်မူပြီးလျှင် ရှေးနည်းအတူ မဟာဗောဓိပင်မှ (၁၈) တဆယ့်ရှစ်ယူဇနာ ဝေးကွာသည့် (လောကီဈာန်ပျံရသေ့များ ကောင်းကင်မှ သက်ဆင်းကျရောက်ရာဖြစ်၍ ဣသိပတန အမည်တွင်သော) မိဂဒါဝုန်တောအရပ်၌ ထိုရဟန်းတို့ နေကြသည်ကို မြင်တော်မူလျှင် ထိုတောသို့ ခဏခြင်း ကြွသွားတော်မူလေသည်။

     ထိုအခါ ကုဋေတသိန်းသော ရဟန်းတို့သည် ဓမ္မဒဿီမြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးကပင် မြင်ကြ၍ ကြည်ညိုလှသောစိတ်ဖြင့် (ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း) ဝတ်ကြီးဝတ်ငယ်ကို



၄၄၇

ပြုစုကာ မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့်လျောက်ပတ်ရာက နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို အစအဦးပြုကာ တရားနာ လာရောက်ကြသော နတ်လူတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ ကုဋေတသိန်းသော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ တဂရအမည်ရှိသောမြို့ဝယ် သဉ္ဇယအမည်ရှိသော မင်းသည် ကာမဂုဏ်တို့၌ အပြစ်ကို၎င်း တောထွက်ခြင်း၌ အကျိုးကို၎င်း မြင်၍ ရှင်ရသေ့ပြုလုပ်လေ၏၊ ထိုသဉ္ဇယမင်းကြီး ရသေ့ပြုသည်ကို အတုလိုက် (အားကျ)ကာ ကုဋေကိုးဆယ်သော သူတို့သည် ရသေ့ပြုကြကုန်၏။ ထိုအလုံးစုံသော ရသေ့သူမြတ်တို့သည် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးကို ရကြကုန်သည်ချည်း ဖြစ်ကုန်၏။ ထိုအခါ ဓမ္မဒဿီ မြတ်စွာဘုရားသည် ထိုရသေ့တို့၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်၏ အဖြစ်ကို မြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူပြီးလျှင် သဉ္ဇယရသေ့၏ ကျောင်းသင်္ခမ်းသို့ ရောက်တော်မူသည်ရှိသော် ကောင်းကင်၌ ရပ်တည်တော်မူ၍ ထိုရသေ့၏အလိုဆန္ဒ အာသယဓာတ်နှင့် လိုက်လျောသင့်တင့်သော တရားကို ဟောကြားတော်မူ၍ ထိုရသေ့တို့အား ဓမ္မစက္ခုခေါ် မဂ်ဉာဏ်အမြင်ကို ရစေတော်မူလေသည်။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ နတ်တို့ကို အစိုးရသော သိကြားမင်းသည် မိမိအခြွေအရံ ပရိသတ်နှင့်တကွ တရားတော်ကို နာလိုသည်ဖြစ်၍ မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် တရားတော်ကို ဟောကြားတော်မူသည်တွင် ကုဋေရှစ်ဆယ်သောသူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********



၄၄၈

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     ဓမ္မဒဿီ မြတ်စွာဘုရား၏ သာဝကအစည်းအဝေးကြီး သုံးကြိမ်ရှိရာ ပဌမအကြိမ် ဓမ္မဒဿီမြတ်စွာဘုရားသည် သရဏမြို့တော်တွင် ကိုယ်တော်မြတ်နှင့် ဖတူမိကွဲဖြစ်ကြသည့် အဂ္ဂသာဝကအလျာ ပဒုမမင်းသားနှင့် ဖုဿဒေဝမင်းသားတို့ကို အခြံအရံ ပရိသတ်တို့နှင့်တကွ ရဟန်းပြုစေပြီးလျှင် ထိုမြို့မှာပင် ဝါကပ်တော်မူ၏။ ဝါကျွတ်သောအခါ ထိုဝါဦးမှာ ရဟန်းပြုကြ၍ ဝါတွင်း၌ ရဟန္တာဖြစ်ကြသည့် ကုဋေတသိန်း သော ရဟန်းတို့၏အလယ်၌ ဝိသုဒ္ဓိပဝါရဏာကို ပြုတော်မူသည်။

(ဤကား ပဋ္ဌမ သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ ဓမ္မဒဿီ မြတ်စွာဘုရားသည် အဘိဓမ္မာတရား ဟောကြားတော်မူပြီးလျှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းတော်မူ၏၊ ထိုအခါ ကုဋေတရာသောရဟန်းတို့ စည်းဝေးမိကြကုန်၏။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ ဓမ္မဒဿီ မြတ်စွာဘုရားသည် သုဒဿနာရာမ ကျောင်းတိုက်ကြီးတွင် ဓုတင်တဆယ့်သုံးပါးတို့၏ ဂုဏ်ကျေးဇူး အာနိသင်ကို ဟောပြ၍ ဟာရိတအမည်ရှိသော မဟာသာဝက ရဟန္တာအရှင်မြတ်ကို ဓုတင်ဆောင်အရာ၌ ဧတဒဂ် ထားတော်မူ၏။ ထိုအခါ ကုဋေရှစ်ဆယ်သော ရဟန်းတို့၏ အစည်းအဝေးကြီး၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********



၄၄၉

ဂေါတမမြတ်စွာဘုရားအလောင်း သိကြားမင်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် နတ်တို့ကိုအစိုးရသော သိကြားမင်းဖြစ်၍ စတုမဟာရာဇ် တာဝတိံသာ တည်းဟူသော နတ်ပြည်နှစ်ပြည်ရှိ နတ်အပေါင်းတို့ခြံရံကာ ဓမ္မဒဿီ မြတ်စွာဘုရားထံမှောက် လာရောက်ပြီးလျှင် နတ်၌ဖြစ်သော နံ့သာပန်း စသည်တို့ဖြင့်၎င်း နတ်၌ဖြစ်သော တူရိယာမျိုးတို့ဖြင့်၎င်း မြတ်စွာဘုရားကို ပူဇော်၏။ ထိုအခါ ဓမ္မဒဿီ မြတ်စွာဘုရားသည် အလောင်းတော် သိကြားမင်းကို “ဤသိကြားမင်းသည် နောင်သောအခါ ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံ ဖြစ်သည်။)

     ဓမ္မဒဿီမြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားရလျှင် အလောင်းတော် သိကြားမင်းသည် အလွန်ကြည်ညိုသော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

မြို့တော်စသည်ကို ပြဆိုချက်

     ဓမ္မဒဿီမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ သရဏမြို့တော်ဖြစ်၍ ခမည်းတော်မှာ သရဏမင်းကြီး, မယ်တော်မှာ သုနန္ဒာဒေဝီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၈ဝဝဝ) ရှစ်ထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ အရဇရွှေနန်းဆောင်, ဝိရဇရွှေနန်းဆောင်, သုဒဿန ရွှေနန်းဆောင်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ (၄၃၀၀၀) လေးသောင်းသုံးထောင်သော မောင်းမမိဿံ အခြံအရံရှိသည့် ဝိစိကောဠိဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ ပုညဝဍ္ဎနမင်းသား ဖြစ်သည်။



၄၅၀

     နိမိတ်ကြီးလေးပါးတို့ကိုမြင်၍ တောထွက်တော်မူသော ယာဉ်မှာ ပြာသာဒ်ယာဉ် ဖြစ်ပြီးလျှင် ခုနှစ်ရက်ကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     အဂ္ဂသာဝကအစုံတို့မှာ ပဒုမမထေရ်နှင့် ဖုဿဒေဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သုနေတ္တမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ ခေမာထေရီမနှင့် သစ္စနာမာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာဗောဓိပင်မှာ မျက်နှာပန်းပင်ဗောဓိ ဖြစ်လေသည်။

(ဤဗောဓိပင်အရာဝယ် အဋ္ဌသာလိနီအဋ္ဌကထာ၌ “ရတ္တင်္ကုရရုက္ခောဗောဓိ”ဟူ၍ ရှိသောကြောင့် “သံသတ်ပင်”ဟူ၍လည်း ရှေးဆရာတို့ မြန်မာ ပြန်ဆိုတော်မူကြသည်။)

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သုဘဒ္ဒသူဌေးနှင့် ကဋိဿဟသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာတို့မှာ သာဠိယာဥပါသိကာမနှင့် ကဠိယာဥပါသိကာမတို့ ဖြစ်ကြသည်။

     အတုမရှိသော မြတ်စွာဘုရားတို့နှင့်သာ တူတော်မူသော ဓမ္မဒဿီ မြတ်စွာဘုရားသည် အတောင် (၈၀) ရှစ်ဆယ် အရပ်တော်မြင့်လျက် တသောင်းသော လောကဓာတ်၌ တန်ခိုးတော်ဖြင့် အလွန်ပင် တင့်တယ်တော်မူ၏။

     ဓမ္မဒဿီ မြတ်စွာဘုရားသည် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့၎င်း, ကောင်းကင်တလျှောက် ထွန်းတောက်သော လျှပ်ပန်းလျှပ်နွယ်ကဲ့သို၎င်း, မွန်းတည့် နေဝန်းကဲ့သို့၎င်း တင့်တယ်တော်မူပေ၏။

     အတုမရှိသော တန်းခိုးတော်နှင့် ပြည့်စုံတော်မူသော ထိုဓမ္မဒဿီ မြတ်စွာဘုရား၏ အသက်တော်သည် အသက်တမ်းနှင့် အညီအမျှရှည်၏၊ လောက၌ အသက်တမ်း တည်ရှိနေသော အနှစ်တသိန်းတို့ ကာလပတ်လုံး စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ဓမ္မဒဿီမြတ်စွာဘုရားသည် တည်နေတော်မူ၏။



၄၅၁

     တလောကလုံး၌ မိမိ၏ တန်းခိုးတော်ရောင် ဉာဏ်တော်ရောင်တို့ကို အထင်အရှား ပြတော်မူပြီးလျှင် သာသနာတော်ကိုလည်း အညစ်အကြေးကင်းစင်အောင် ပြုတော်မူကာ (ကောင်းကင်၌ ထွန်းပပြီးလျှင် ချုပ်ဝင်၍သွားသော လဝန်းကဲ့သို့) တပည့်သားတော်များနှင့်တကွ ဓမ္မဒဿီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံ ချုပ်ငြိမ်းတော်မူလေပြီ။

စေတီတော်

     ဤသို့လျှင် ကြီးမြတ်သော ဝီရိယရှိတော်မူသော ဓမ္မဒဿီမြတ်စွာဘုရားသည် သာလဝတီမြို့ သာလာရာမအရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုအရာမ်ကြီး အတွင်း၌ပင်လျှင် တည်ထားအပ်သော ဓမ္မဒဿီမြတ်စွာဘုရား၏ စေတီတော်ကြီးမှာ သုံးယူဇနာ အမြင့်ရှိလေသည်။

ဓမ္မဒဿီဗုဒ္ဓဝင် ပြီး၏။

**********