အတ္ထဒဿီဗုဒ္ဓဝင်
၁၄-အတ္ထဒဿီဗုဒ္ဓဝင်
ပိယဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် (ဘုရားသုံးဆူတို့ ပွင့်တော်မူရာဖြစ်၍ ၀ရကပ်ကမ္ဘာပင် ဖြစ်သော်လည်း စိတ်ကြည်လင်ဖွယ် စင်ကြယ်သော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသောကြောင့် မဏ္ဍကပ်ဟူ၍ ခေါ်ဆိုသင့်သော) ထိုကမ္ဘာ၌ပင် လူတို့၏ အသက်တမ်း အနှစ် (၉၀၀၀၀) ကိုးသောင်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ လူတို့အသက် အနှစ်တသိန်းတမ်းသို့ ရောက်သောအခါ အတ္ထဒဿီမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည် ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌
၄၃၅
စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ သောဘဏနေပြည်တော် သာဂရမင်းကြီး၏ သုဒဿနာအမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ သုစိန္ဓနအမည်ရှိသော ဥယျာဉ်တော်၌ ဖွားမြင်တော်မူ၏။
အလောင်းတော်မင်းသား ဖွားမြင်တော်မူသောအခါ၌ ဆွေမျိုးအဆက်ဆက် ဆင်းသက်လာကာ ရှည်မြင့်စွာသော ကာလကပင် မြေအတွင်း သိုမှီးမြှုပ်နှံထားသဖြင့် မြှုပ်နှံရာဒေသကို မမှတ်မိနိုင်အောင် ရှိနေကြသော မြေမြှုပ်ဥစ္စာ ဘဏ္ဍာတို့ကို ပိုင်ရှင်တို့သည် မြှုပ်နှံထားရင်းနေရာကို သိမြင် ပြန်လည်ရရှိကြသောကြောင့် အလောင်းမင်းသားကို အမည်မှည့်သောနေ့တွင် အတ္ထဒဿီမင်းသားဟူ၍ အမည်မှည့်ကြလေ ကုန်သည်။
ထီးနန်းစိုးစံတော်မူခြင်း
အလောင်းတော် အတ္ထဒဿီမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) အမရဂိရိရွှေနန်းဆောင်၊ (၂) သုဂိရိရွှေနန်းဆောင်၊ (၃) ဝါဟနရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ ဝိသာခါဒေဝီ မိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၃၃၀၀၀) သုံးသောင်းသုံးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၁ဝဝဝဝ) တသောင်းတို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။
တောထွက်တော်မူခြင်း
အလောင်းတော် အတ္ထဒဿီမင်းသား ထီးနန်းစိုးစံတော်မူစဉ် နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီး၍ ဝိသာခါဒေဝီ မိဖုရားကြီးမှ
၄၃၆
သေလအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ သုဒဿနအမည်ရှိသော မြင်းကိုစီးကာ တောထွက်၍ ရဟန်းပြုတော်မူ၏။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ ကိုးကုဋေသော ယောက်ျားတို့ ရဟန်းပြုကြလေသည်။
ဘုရားဖြစ်တော်မူခြင်း
အတ္ထဒဿီမြတ်စွာဘုရား အလောင်းတော်သည် ထိုကိုးကုဋေသော ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ရှစ်လကြာအောင် ကျင့်ပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ သုစိန္ဓရအမည်ရှိသော နဂါးမအား ပသပူဇော်ရန် ချိုမြိန်သော ဃနာနို့ထမင်းကို လူအပေါင်း ယူဆောင်လာကြရာ နဂါးမသည် ထိုဃနာနို့ထမင်းကို မိမိမသုံးဆောင်ပဲ ပူဇော်ပသလာသော လူအများအား မိမိကိုယ်ကို ထင်ရှားပြကာ ရွှေခွက်နှင့်တကွ ဘုရားအလောင်းတော်အား လှူဒါန်းဆက်ကပ်လေသည်၊ ထိုသို့ နဂါးမလှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်း၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ မဟာရုစိ အမည်ရှိသော နဂါးမင်း လှူဒါန်းအပ်သည့် သမန်းမြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (စကား)ပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၅၃) ငါးဆယ့် သုံးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်ပယ်နှင်၍ သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
တရားပွဲကြီး သုံးကြိမ်
အတ္ထဒဿီ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (စကား)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင်
၄၃၇
တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူလတ်သော် ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဖက်ဖြစ်ကြသည့် ကိုးကုဋေသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ “ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့”ဟု ကြံစည် ဆုံးဖြတ်တော်မူပြီးလျှင် “ယခုအခါ ထိုရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု တဖန် ဆင်ခြင်တော်မူပြန်သော် အနောမမြို့၏အနီး အနောမဥယျာဉ်ကြီး၌ နေကြသည်ကို မြင်တော်မူပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်၍ ထိုရဟန်းတို့နေရာ အနောမဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွတော်မူ၏။
ထိုအခါ ကိုးကုဋေသော ရဟန်းတို့သည် အတ္ထဒဿီမြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ကြ၍ ကြည်ညိုလှသောစိတ်ဖြင့် ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ဝတ်ကြီးဝတ်ငယ်ကို ပြုစုကာ မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့်လျောက်ပတ်ရာက နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်နှင့် ရဟန်းပြုဖက်ဖြစ်ကြသည့် ကိုးကုဋေသော ရဟန်းတို့ကို အစအဦးပြုကာ တရားနာ လာရောက်ကြသော နတ်လူအပေါင်းတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ ကုဋေတသိန်းသော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။
ထို့နောက် အခါတပါး၌ အတ္ထဒဿီ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့ ခရီးဒေသစာရီ ကြွချီတော်မူ၍ ထိုနတ်ပြည်၌ နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရား ဟောကြားတော်မူသည်ရှိသော် နတ်ဗြဟ္မာပေါင်း ကုဋေတသိန်းတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။
၄၃၈
ထို့နောက် အခါတပါး၌ အတ္ထဒဿီမြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် ကပိလ၀တ်နေပြည်တော် ခမည်းတော်မင်းကြီးထံသို့ ကြွသွားတော်မူကာ ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူသကဲ့သို့ ခမည်းတော် သာဂရမင်းကြီး၏စံရာ သောဘဏမြို့သို့ ကြွသွားတော်မူပြီးလျှင် ခမည်းတော် သာဂရမင်းကြီး အမှူးရှိသော ဆွေတော်မျိုးတော် အပေါင်းတို့အား တရားဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ ကုဋေတသိန်းမျှသော လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။
**********
သာဝကအစည်းအဝေးကြီး သုံးကြိမ်
ပဌမသန္နိပါတ
အတ္ထဒဿီ မြတ်စွာဘုရား၏ သာဝကအစည်းအဝေးကြီး သုံးကြိမ်ရှိရာ ပဋ္ဌမအကြိမ်၌ သုစန္ဒကမြို့တွင် (အဂ္ဂသာဝကအလျာ ဖြစ်ကြသည့်) သန္တအမည်ရှိသော မင်းသားနှင့် ဥပသန္တအမည်ရှိသော ပုရောဟိတ်သားတို့သည် ဗေဒင်သုံးပုံနှင့်တကွ အလုံးစုံသော အယူအမျိုးမျိုးတို့၌ အနှစ်သာရကို မရနိုင်ကြောင်း သိမြင်ကြ၍ မြို့တော်လေးမျက်နှာ တံခါးလေးပေါက်တို့၌ ပညာရှိလေးယောက်တို့နှင့်တကွ ရဲရင့်သောလူများကို “သင်တို့သည် ပညာရှိသော ရဟန်းပုဏ္ဏားကို မြင်သော်၎င်း ကြားသော်၎င်း ငါတို့ထံမှောက် လာရောက်လျှောက်ထားကြရမည်”ဟု မှာကြားကာ အစောင့်ထားကြကုန်၏။
ထိုအခါ လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော အတ္ထဒဿီ မြတ်စွာဘုရားသည် နောက်ပါ တပည့်သံဃာအပေါင်းနှင့်တကွ သုစန္ဒကမြို့သို့ ဒေသစာရီ ကြွချီ ဆိုက်ရောက်တော်မူလာရာ အစောင့်ထားအပ်သော သူတို့သည် မင်းသားနှင့် ပုရောဟိတ်သားတို့ထံ သွားရောက်ကာ မြတ်စွာဘုရား သုစန္ဒကမြို့သို့ ကြွချီ ဆိုက်ရောက်တော်မူလာကြောင်း လျှောက်ထားကြသောအခါ
၄၃၉
သန္တမင်းသားနှင့် ဥပသန္တ ပုရောဟိတ်သားတို့သည် ထိုအကြောင်းကို ကြားရလျှင် အလွန်ရွှင်လန်း ၀မ်းမြောက်သော စိတ်ရှိကြ၍ အခြံအရံ တထောင်တို့နှင့်တကွ အဆောတလျင် မြို့ပြင်သို့ထွက်ကြ၍ မြတ်စွာဘုရားကို ခရီးဦးကြိုဆိုမှု အရိုအသေရှိခိုးမှု ပင့်ဖိတ်မှုပြုပြီးလျှင် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော သံဃာတော်အား အသဒိသမဟာဒါနကြီး ပေးလှူပြီးနောက် ခုနှစ်ရက်မြောက်သောနေ့၌ အလုံးစုံ မြို့နေသူ လူအပေါင်းတို့နှင့် အတူတကွ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားကို နာကြားကြကုန်၏။ ထိုနေ့၌ ကိုးသောင်းရှစ်ထောင်သော လူအပေါင်းတို့သည် မြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်တော်မူသည်တွင် ဧဟိဘိက္ခု ရဟန်းဖြစ်ကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်သည်။ ထိုရဟန်းပရိသတ်တို့၏ အလယ်၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။
ဒုတိယသန္နိပါတ
ထို့နောက် အခါတပါးဝယ် အတ္ထဒဿီ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ သားတော်ဖြစ်တော်မူသော အရှင်သေလရဟန်းအား တရားဟောတော်မူသည်ရှိသော် ရှစ်သောင်းရှစ်ထောင်သော လူတို့သည် သဒ္ဓါတရားဖြစ်ပွါးကာ မြတ်စွာဘုရားအထံ ရဟန်းအဖြစ်ကို တောင်းခံသည်တွင် မြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်တော်မူ၍ ဧဟိဘိက္ခု ရဟန်းဖြစ်ကြပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏၊ ထိုရဟန်းပရိသတ်တို့၏ အလယ်၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။
တတိယသန္နိပါတ
တဖန် မဟာမင်္ဂလာ တရားတော်ကို နာကြားရန် ရောက်ရှိကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အစည်းအဝေးဖြစ်သည့်
၄၄၀
တပို့တွဲလပြည့်နေ့တွင် နတ်လူအပေါင်းတို့အား တရားတော်ကို ဟောတော်မူ၍ ခုနှစ်သောင်း ရှစ်ထောင်သော သူတို့ကို အရဟတ္တဖိုလ်သို့ ရောက်စေပြီးလျှင် ထိုရဟန်းတို့၏ အစည်းအဝေး၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။
**********
ဂေါတမမြတ်စွာဘုရားအလောင်း သုသီမရသေ့ဖြစ်၍ ဗျာဒိတ်ခံယူခြင်း
ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် စမ္ပကအမည်ရှိသောမြို့၌ သုသီမအမည်ရှိသော တလောကလုံးက သူတော်ကောင်းကြီးဟူ၍ သမုတ်အပ်, သိမှတ်အပ်သည့် ပုဏ္ဏားသူကြွယ်ကြီး ဖြစ်ပြီးလျှင် မိမိ၏ စည်းစိမ်ဥစ္စာအစုစုကို ဆင်းရဲနွမ်းညှိုးသူ ကိုးကွယ်ရာမဲ့သူ အထီးကျန်သူ ခရီးသွားသူ စသည်တို့အား စွန့်ကြဲလှူဒါန်း ပေးကမ်းခဲ့၍ ဟိမဝန္တာ၏အနီးသို့ သွားပြီးလျှင် ရှင်ရသေ့ပြုလုပ်ကာ သမာပတ်ရှစ်ပါး အဘိညာဉ်ငါးပါးတို့ကို ဖြစ်ပွါးစေလျက် တန်းခိုးအာနုဘော် ကြီးမားထက်မြက်သော ရသေ့သူမြတ်ဖြစ်၍ လူများအပေါင်းအား ကုသိုလ်တရားတို့၏ အပြစ်မရှိသည်၏ အဖြစ်ကို၎င်း, အကုသိုလ်တရားတို့၏ အပြစ် ရှိသည်၏ အဖြစ်ကို၎င်း ဟောကြားဖော်ပြ၍ မြတ်စွာဘုရား ပွင့်တော်မူမည့်အခါကို ငံ့ဆိုင်းစောင့်မျှော် တည်နေတော်မူ၏။
ထိုမှ နောက်အခါ၌ အတ္ထဒဿီ မြတ်စွာဘုရားသည် လောက၌ ဖြစ်ပွင့်တော်မူ၍ သုဒဿနမြို့တော်ကြီးဝယ် ပရိသတ်ရှစ်ပါးအလယ်၌ အမြိုက်တရားမိုဃ်း စွေဖြိုး ရွာသွန်းတော်မူသည်ရှိသော် အလောင်းတော် သုသီမရှင်ရသေ့သည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ နတ်ပြည်သို့ သွားရောက်ပြီးလျှင် နတ်၌ဖြစ်သော ထင်ရှားပန်း ပဒုမာကြာပန်း ပင်လယ်ကသစ်ပန်း စသည်တိုကို တာဝတိံသာနတ်ပြည်မှ ဆောင်ယူခဲ့၍ မိမိ၏ တန်းခိုးအာနုဘော်ကို ပြလိုသည်ဖြစ်၍ ကိုယ်ထင်ရှားပြပြီးလျှင်
၄၄၁
လေးကျွန်းအနှံ့ ရွာသွန်းသော မိုဃ်းကြီးပမာ အရပ်လေးမျက်နှာတို့၌ ပန်းမိုယ်းကြီး ရွာစေလျက် ထက်ဝန်းကျင် ပန်းတို့ဖြင့် ချယ်လယ်အပ်သော ပန်းမဏ္ဍပ်ကြီးကို ပြုလုပ် တည်ဆောက်ကာ ပူဇော်ဖွယ်ဖြစ်သည့် အထွတ်ဝ၌ အပေါ်မှ ကုံးတပ်ကာ အတင့်အတယ် စီမံထားသောတိုင် ရွှေကွန်ရက် စသည်တို့ကိုလည်း ပန်းဖြင့် ချယ်လယ်အပ်သည်ကိုပြု၍ နတ်၌ဖြစ်သော ထင်ရှားပန်း (မန္ဒာရဝနတ်ပန်း) ထီးကြီးဖြင့် မြတ်စွာဘုရားကို ပူဇော်လေသည်။ အတ္ထဒဿီ မြတ်စွာဘုရားသည်လည်း အလောင်းတော် သုသီမရှင်ရသေ့ကို “ဤသုသီမရှင်ရသေ့သည် နောင်သောအခါ ကမ္ဘာ တထောင့်ရှစ်ရာထက်၌ ဂေါတမအမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။
အတ္ထဒဿီ မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော်သူမြတ်သည် ရွှင်လန်းဝမ်းမြောက်ကာ အမှတ်တမဲ့ (ပေါ့လျော့စွာ)နေရမည်ကို လန့်ကြောက်သော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။
မြို့တော်စသည်ကို ပြဆိုချက်
အတ္ထဒဿီ မြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ သောဘဏမြို့တော်ဖြစ်၍ ခမည်းတော်မှာ သာဂရမင်းကြီး, မယ်တော်မှာ သုဒဿနာဒေဝီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။
ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၁ဝဝဝဝ) တသောင်းဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ အမရဂိရိရွှေနန်းဆောင်, သုဂိရိရွှေနန်းဆောင်, ဝါဟနရွှေနန်းတောင်တို့ ဖြစ်ကုန်၏။
၄၄၂
အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ (၃၃၀၀၀) သုံးသောင်း သုံးထောင်သော မောင်းမမိဿံ အခြံအရံရှိသည့် ဝိသာခါဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ သေလမင်းသား ဖြစ်သည်။
နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသော ယာဉ်မှာ သုဒဿနအမည်ရှိသော မြင်းယာဉ်ဖြစ်၍ ရှစ်လကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။
အဂ္ဂသာဝကအစုံတို့မှာ သန္တမထေရ်နှင့် ဥပသန္တမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ အဘယမထေရ် ဖြစ်လေသည်။
အဂ္ဂသာဝိကာ အစုံတို့မှာ ဓမ္မာထေရီမနှင့် သုဓမ္မာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ စကားပင်ဗောဓိ ဖြစ်လေသည်။
မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ နကုလသူဌေးနှင့် နိသဘသူဌေးတို့ ဖြစ်ကြ၍ မြတ်သောအလုပ်အကျွေး ဒါယိကာမတို့မှာ မကိလာဥပါသိကာမနှင့် သုနန္ဒာဥပါသိကာမတို့ ဖြစ်ကြသည်။
အတုမရှိသော မြတ်စွာဘုရားတို့နှင့်သာ တူတော်မူသော အတ္ထဒဿီ မြတ်စွာဘုရားသည် အရပ်တော် အတောင် (၈၀) ရှစ်ဆယ်မြင့်လျက် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့၎င်း, နက္ခတ် ကြယ်တာရာအပေါင်းတို့၏ မင်းဖြစ်သော လပြည့်ဝန်းကြီးကဲ့သို၎င်း တင့်တယ်လှပေ၏။
အတ္ထဒဿီ မြတ်စွာဘုရား၏ (တန်းခိုးဖြင့် မဖန်ဆင်းရပဲ) ပင်ကိုယ်ပကတိ ထွက်နေသော ကုဋေရာပေါင်းများစွာ အရောင်အင်အားရှိသည့် ရောင်ခြည်တော်တို့သည် အထက်အောက် အရပ်ဆယ်မျက်နှာ တယူဇနာတိုင်တိုင် အမြဲပျံ့နှံ့ကွန့်မြူးကုန်၏။ (အလိုတော်ရှိ၍ အဓိဋ္ဌာန်တော်မူလျှင် ကုဋေရာပေါင်းများစွာ စကြဝဠာတို့သို့ ထွန်းပနိုင်၏။)
အလုံးစုံသော သတ္တဝါတို့ထက် မြတ်တော်မူသော အတ္ထဒဿီ မြတ်စွာဘုရားသည် မျက်စိငါးပါးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍
၄၄၃
အနှစ်တသိန်းတို့ ကာလပတ်လုံး လောက၌ တည်နေတော်မူ၏။ (အသက်တမ်း အနှစ်တသိန်းဖြစ်၍ အနှစ်တသိန်းကာလပတ်လုံး တည်နေသည်ဟု ဆိုသည်။ စင်စစ်ကား အသက်တမ်း၏ ငါးပုံ့ လေးပုံ အနှစ်ရှစ်သောင်း သက်တော်တည်နေသည်ဟု မှတ်ယူရာ၏။)
အတ္ထဒဿီ မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ အတုမရှိသော တရားအလင်းရောင်ကို ဟောပြထွန်းပစေပြီး၍ မီးစာကုန်သဖြင့် ငြိမ်းအေးသွားသော မီးတောက်ကြီးကဲ့သို့ မမြဲသောသဘောသို့ရောက်ကာ ပရိနိဗ္ဗာန် စံတော်မူလေပြီ။
စေတီတော်
ဤသို့လျှင် မာရ်ငါးပါးကို အောင်မြင်တော်မူပြီးသော အတ္ထဒဿီ မြတ်စွာဘုရားသည် အနောမ အမည်ရှိသော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ဓာတ်တော်များမှာ ရှေး၌ ဆိုအပ်ပြီးသည့်နည်းအတူ အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ် အမြွာမြွာ ကွဲပြားကြပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းတခွင် အနှံ့အပြား တည်ရှိကြ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူကြလေကုန်သတည်း။
**********