မာတိကာသို့ ခုန်သွားရန်

ဓမ္မဓဇဇာတ် -၂

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၈၄။ ဓမ္မဓဇဇာတ် (၆-၁-၉)
1527ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၃၈၄။ ဓမ္မဓဇဇာတ် (၆-၁-၉)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဆက္ကနိပါတ် - အဝါရိယဝဂ်

၉။ ဓမ္မဓဇဇာတ်

သူတော်ယောင် ကျီးမိုက်အကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓမ္မံ စရထ ဉာတယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဓမ္မဓဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်အံ့ဖွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကိုအကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ သဗ္ဗညူ မြတ်ဘုရားသည် ရဟန်းတို့... ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဖွယ် သရဲကို ဖြစ်စေသည် မဟုတ်သေး၊ ရှေး၌လည်းအံ့ဖွယ်သရဲကို ဖြစ်စေသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ငှက်အမျိုး၌ ဖြစ်၍ အရွယ်ရောက်သည်ရှိသော် ငှက်အပေါင်းခြံရံလျက် သမုဒ္ဒရာ၏ အလယ် ကျွန်းငယ်၌ နေ၏။ ထိုအခါ ကာသိတိုင်း၌ နေကုန်သော ကုန်သည်တို့သည် ဒိသာကာက ကျီးကိုယူ၍ လှေဖြင့် သမုဒ္ဒရာသို့ သွားကုန်၏။

ကျီးငှက်သူတော်ယောင်ဆောင်၍

သမုဒ္ဒရာအလယ်၌ လှေပျက်သည်ရှိသော် ဒိသာကာကကျီးသည် ထိုကျွန်းငယ်၌ ရောက်၍ ဤငှက်အပေါင်းသည် များ၏။ ငါသည်အံ့ဖွယ် သရဲသော အမှုကိုပြု၍ ထိုငှက်တို့၏ အဥတို့ကိုလည်းကောင်း, သားငှက်တို့ကိုလည်းကောင်း စားခြင်းငှာသင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုကျီးသည် သက်၍ ငှက်အပေါင်း၏ အလယ်၌ ခံတွင်းကိုဖွင့်၍ ခြေတစ်ဖက်ဖြင့်သာ မြေ၌ရပ်၏။ အရှင်အရှင်သည် အဘယ်အမည်ရှိသနည်းဟု ငှက်တို့သည် မေးအပ်သည်ရှိသော် “ငါသည် ဓမ္မိကမည်၏”ဟု ဆို၏။ အဘယ်ကြောင့် ခြေတစ်ဖက်ဖြင့်သာ ရပ်သနည်း ဟု မေး၏။ ငါသည် နှစ်ခုမြောက် ခြေတို့ကို ချသည်ရှိသော် မြေသည် ဆောင်အံ့သောငှာ မတတ်နိုင်ကုန်လတ္တံ့ ဟု ဆို၏။ အဘယ့်ကြောင့် ခံတွင်းကို ဖွင့်၍ ရပ်သနည်းဟု မေး၏။ ငါသည် တစ်ပါးသော အစာကို မစား၊ လေကိုသာလျှင် စား၏ ဟု ဆို၏။

ဤသို့ဆိုပြီးသော ထိုငှက်တို့ကို ခေါ်၍ သင်တို့အား အဆုံးအမကို ပေးအံ့။ ထိုအဆုံးအမကို နားထောင်ကြကုန်လော့ဟု အဆုံးအမကို ပေးသည်၏ အစွမ်းအားဖြင့်-

၆၅။ ဓမ္မံ စရထ ဉာတယော၊ ဓမ္မံ စရထ ဘဒ္ဒံ ဝေါ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိစ။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၆၅။ ဉာတယော၊ အဆွေအမျိုးဖြစ်ကုန်သော ငှက်တို့။ တုမှေ၊ သင်တို့သည်။ ဓမ္မံ၊ ကာယသုစရိုက် အစရှိသော တရားကို။ စရထ၊ ကျင့်ကြကုန်လော့။ ဓမ္မံ၊ ကာယသုစရိုက် အစရှိသော တရားကို။ စရထ၊ အဖန်တလဲလဲ ကျင့်ကြကုန်လော့။ ဝေါ၊ သင်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဓမ္မစာရီ၊ တရားကို ကျင့်သောသူသည်။ အသ္မိံ လောကေ စ၊ ဤလောက၌ လည်းကောင်း။ ပရမှိ လောကေ စ၊ တမလွန်ဘဝ၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ သေတိ၊ အိပ်ရ၏။

ငှက်တို့ ယုံကြည်ကြပြီ

ငှက်တို့သည် ဤကျီးသည်အံ့ဖွယ်သရဲကို ပြုသဖြင့် အဥတို့ကို စားအံ့သောငှာ ဤသို့ဆို၏ဟု မသိ၍ ထိုကျီးကို ချီးမွမ်းကြကုန်သည်ဖြစ်၍-

၆၆။ ဘဒ္ဒကော ဝတ ယံ ပက္ခီ၊ ဒိဇော ပရမဓမ္မိကော။
ဧကပါဒေန တိဋ္ဌန္တော၊ ဓမ္မမေဝါနူသာသတိ။

ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆၆။ ဒိဇော၊ နှစ်ကြိမ်ဖြစ်သော။ အယံ ပက္ခီ၊ ဤကျီးသည်။ ဘဒ္ဒကောဝ တ၊ ကောင်းစွတကား။ ပရမ ဓမ္မိကော၊ မြတ်သော အကျင့်သဘောရှိစွတကား။ ဧကပါဒေန၊ ခြေတစ်ဖက်ဖြင့်။ တိဋ္ဌန္တော၊ ရပ်လျက်။ ဓမ္မမေဝ၊ တရားကိုသာလျှင်။ အနုသာသတိ၊ ပြောဆို ဆုံးမပေ၏။

ကျီးယုတ် ငှက်ဥတို့ကိုစားခြင်း

ငှက်တို့သည် သီလမရှိသော ထိုကျီအား ယုံကြည်၍ ထိုကျီးကို အရှင်... အရှင်သည် တပါးသော အစာကို မယူသတတ်၊ လေကိုသာလျှင် စားသတတ်။ ထို့ကြောင့် ငါတို့၏ အဥကိုလည်းကောင်း၊ သားငယ်တို့ကိုလည်းကောင်း ကြည့်ရစ်လော ဟူ၍ အစာရှာ သွားကုန်၏။ ယုတ်မာသောကျီးသည် ငှက်တို့သွားသောကာလ၌ အဥတို့ကိုလည်းကောင်း, သားငယ်တို့ကိုလည်းကောင်း ဝမ်းပြည့်အောင်စား၍ ထိုငှက်တို့ လာသောကာလ၌ ငြိမ်သက်သည်ဖြစ်၍ ခံတွင်းကိုဖွင့်၍ ခြေတစ်ဖက်ဖြင့် ရပ်၏။ ငှက်တို့သည် လာကုန်၍ သားငယ်ကို မမြင်ကုန်လတ်သော် အဘယ်သူ စားသနည်းဟု ကျယ်သော အသံဖြင့် မြည်ကုန်၏။ ဤကျီးသည် တရားစောင့်၏ ဟု တွေးတောခြင်းကိုမျှလည်း မပြုကုန်။

ငှက်မင်း တွေးပြီ

ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် ဤအရပ်ဝယ် ရှေး၌ တစ်စုံတစ်ခုသော ဘေးရန်သည် မရှိ၊ ဤကျီး၏ လာသောကာလမှစ၍ ဖြစ်၏။ ထိုကျီးကို စုံစမ်းခြင်းငှာ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ငှက်တို့နှင့်အတူ အစာရှာအံ့သောငှာ သွားသကဲ့သို့ ပြု၍ ပြန်၍ ပုန်းကွယ်ရာ အရပ်၌ တည်၏။ ကျီးသည်လည်း ငှက်တို့ကို ရွံရှားခြင်း ကင်းသည်ဖြစ်၍ အဥတို့ကိုလည်းကောင်း, သားငယ်တို့ကို လည်းကောင်း စား၍ တစ်ဖန်သွား၍ ခံတွင်းဝကိုဖွင့်၍ ခြေတစ်ဖက်ဖြင့် ရပ်၏။

ကျီးယုတ်ကို ထိုးသတ်ကြ

ငှက်မင်းသည် ငှက်တို့ လာကုန်လတ်သော် ခပ်သိမ်းကုန်သော ငှက်တို့ကို စည်းဝေးစေ၍ ငါသည် သင်တို့ သားငယ်တို့၏ ရန်သူကို စုံစမ်း သည်ရှိသော် ဤယုတ်မာသော ကျီးသည် စားသည်ကို မြင်၏။ ထိုကျီးကို သတ်ကြကုန်လော့ ဟု ငှက်အပေါင်းတို့ကို ခေါ်၍ ထိုကျီးကို ခြံရံစေ၍ အကယ်၍ ပြေးအံ့၊ ထိုကျီးကို ဖမ်းကြကုန် ဟု ဆို၍-

၆၇။ နာဿ သီလံ ဝိဇာနာထ၊ အနညာယ ပသံသထ။
ဘုတွာ အဏ္ဍဉ္စ ပေါတဉ္စ၊ ဓမ္မောဓမ္မောတိ ဘာသတိ။
၆၈။ အညံ ဘဏတိ ဝါစာယ၊ အညံ ကာယေန ကုဗ္ဗတိ၊
ဝါစာယ နော စ ကာယေန၊ န တံ ဓမ္မံ အဓိဋ္ဌိတော။
၆၉။ ဝါစာယ သခိလော မနော ဝိဒုဂ္ဂေါ၊
ဆန္နော ကူပသယောဝ ကဏှသပ္ပေါ။
ဓမ္မဓဇော ဂါမနိဂမာသု သာဓု၊
ဒုဇ္ဇာနော ပုရိသေန ဗာလိသေန။
၇၀။ ဣမံ တုဏ္ဍေဟိ ပက္ခေဟိ၊ ပါဒါ စိမံ ဝိဟေဌထ။
ဆဝဉှိမံ ဝိနာသေထ၊ နာယံ သံဝါသနာရဟော။

ဟူကုန်သော ဤဂါထာတို့ကို ဆို၏။

၆၇။ ဘော သကုဏာ၊ အိုငှက်တို့။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုကျီး၏။ သီလံ၊ သီလကို။ န ဝိဇာနာထ၊ မသိကြကုန်။ အနညာယ၊ မသိသည်ဖြစ်၍။ ပသံသထ၊ ချီးမွမ်းကြကုန်၏။ အဏ္ဍဉ္စ၊ အဥကိုလည်းကောင်း။ ပေါတဉ္စ၊ သားငယ်ကိုလည်းကောင်း။ ဘုတွာ၊ စား၍။ ဓမ္မောဓမ္မောတိ၊ တရား တရားဟူ၍။ ဘာသတိ၊ ဆို၏။

၆၈။ ဝါစာယ၊ နှုတ်ဖြင့်။ အညံ၊ တစ်ပါးကို။ ဘဏတိ၊ ဆို၏။ ကာယေန၊ ကိုယ်ဖြင့်။ အညံ၊ တစ်ပါးကို။ ကုဗ္ဗတိ၊ ပြု၏။ ဝါစာယ၊ နှုတ်ဖြင့်။ ဓမ္မံ၊ တရားကို။ ကရောတိ၊ ကျင့်၏။ ကာယေန စ၊ ကိုယ်ဖြင့်ကား။ နော စ ကရောတိ၊ မကျင့်။ တံ ဓမ္မံ-တသ္မိံ ဓမ္မေ၊ ထိုတရား၌။ န အဓိဋ္ဌိတော၊ မတည်။

၆၉။ ဝါစာယ၊ စကားဖြင့်။ သခိလော၊ ပြေပြစ်၏။ မနော၊ စိတ်ဖြင့်။ ဝိဒုဂ္ဂေါ၊ ဝင်နိုင်ခက်၏။ ဆန္နော၊ တွင်းသည် ဖုံးလွှမ်းအပ်သော။ ကူပသယော၊ တွင်း၌တည်သော။ ကဏှသပ္ပေါဝ၊ မြွေဟောက်ကဲ့သို့။ ဓမ္မဓဇော၊ ဓမ္မဓဇသည်။ ဂါမနိဂမာသု၊ ရွာ နိဂုံး အစရှိသည်တို့၌။ သာဓု၊ သူတော်ကောင်း ဟူ၍။ သမ္ဘာဝိတော၊ ထင်ရှားဖြစ်၏။ အယံ၊ ယုတ်မာသော ဤငှက်ကို။ ဗာလိသေန၊ မိုက်သော။ ပုရိသေန၊ ယောကျ်သည်။ ဒုဇ္ဇာနော၊ သိနိုင်ခဲ၏။

၇၀။ ဣမံ၊ ဤကျီးကို။ တုဏ္ဍေဟိ စ၊ နှုတ်သီးတို့ဖြင့်လည်းကောင်း။ ပက္ခေဟိ စ၊ အတောင်တို့ဖြင့်လည်းကောင်း။ ပါဒါ စ၊ မိမိ ခြေတို့ဖြင့်လည်းကောင်း။ ဝိဟေဌထ၊ ညှဉ်းဆဲကြကုန်လော့။ ဣမံ ဆဝံ၊ ဤယုတ်မာသော ကျီးကို။ ဝိနာသေထ၊ ဖျက်ဆီးကြကုန်လော့။ ဟိ သစ္စံ၊ မှန်၏။ အယံ၊ ဤကျီးသည်။ သံဝါသံ၊ ငါတို့နှင့် အတူတကွ နေခြင်းကို။ န အရဟော၊ မထိုက်။

ကျီးယုတ် သေရပြီ

ဤသို့ဆို၍လည်း ငှက်မင်းသည် မိမိသည်လျှင် ခုန်၍ ထိုကျီး၏ ဦးခေါင်ကို နှုတ်သီးဖြင့် ထိုး၏။ ကြွင်းကုန်သာ ငှက်တို့သည် နှုတ်သီး ခြေ အတောင်တို့ဖြင့် ခတ်ကုန်၏။ ထိုကျီးသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါအံ့ဖွယ်သရဲကို ဖြစ်စေသော ရဟန်းသည် ထိုအခါ ကျီးဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငှက်မင်းဖြစ် ဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ကတရား၊ လက်ကားရား၊ မှောက်မှားပျက်တတ်သည်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဓမ္မဓဇဇာတ်သည် ပြီး၏။

*****