မာတိကာသို့ ခုန်သွားရန်

ဓမ္မိကဥပါသကဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၁ - ဓမ္မိကဥပါသကဝတ္ထု

၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မဝိသုဒ္ဓိမတ္တနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သီတင်းသည် ငါးရာတို့၏ အကြီးအကဲဖြစ်၍ တုသိတာနတ်ဘုံသို့ ရောက်သွားသော ဓမ္မိကဥပါသကကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ကတပုညော၊ ကောင်းမှုကို ပြုသောသူသည်။ ဣဓ၊ ဤဘဝ၌။ မောဒတိ၊ ဝမ်းမြောက်ရ၏။ ပေစ္စ၊ နောင်တမလွန်ဘဝ၌။ မောဒတိ၊ ဝမ်းမြောက်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌။ မောဒတိ၊ ဝမ်းမြောက်ရ၏။ သော၊ ထို ကောင်းမှုကို ပြုသောသူသည်။ အတ္တနော၊ မိမိ၏။ ကမ္မဝိသုဒ္ဓိံ၊ စင်ကြယ်သော ကံ (အမှု) ကို။ ဒိသွာ၊ မြင်၍။ မောဒတိ၊ ဝမ်းမြောက်ရ၏။ သော၊ ထိုသူသည်။ ပမောဒတိ၊ အထူးထူး အပြားပြား ဝမ်းမြောက်ရ၏။

စကားပြေ

ကောင်းမှု သုစရိုက်ကို ပြုသူသည် ဤဘဝ နောင်ဘဝတို့တွင် တခုခု သောဘဝ၌ သော်လည်းကောင်း၊ နှစ်ဘဝလုံးတို့၌ သော်လည်းကောင်း မိမိ၏ စင်ကြယ်သော ကံကို မြင်၍ ဝမ်းမြောက်ရ၏။ စင်ကြယ်သော ကံ၏ အကျိုးကို ခံစားရ၍ အလွန် ဝမ်းမြောက်ရ၏။

ကတပုညော— အခါအားလျော်စွာ ဖြစ်ပေါ်လာသော စားဖွယ် သောက်ဖွယ်များနှင့် အဝတ်အထည်စသည်တို့ကို ဆန်းဆန်းကြယ်ကြယ် ပြုလုပ်၍ လှူဒါန်းသူ ရ၏။

ဣဓ မောဒတိ— ငါသည် မကောင်းမှုကို မပြုမိ၊ ကောင်းမှုကိုသာ ပြုခဲ့သည် ဟု သေခါနီးအခါ၌ ဝမ်းမြောက်မှုသည် အကြောင်းကံနှင့် စပ်၍ ဝမ်းမြောက်မှု ဖြစ်သည်။

ပေစ္စ မောဒတိ— မိမိပြုခဲ့သော ကောင်းမှုကံ၏ အကျိုးကို ခံစားရသော် တမလွန်ဘဝ၌ ဝမ်းမြောက်မှု ဖြစ်သည်။

မြေအိုးခွဲ ရွှေအိုးယူ— ဓမ္မိကဥပါသကသည် မြေအိုးနှင့် တူသော လူ့ဘဝကို စွန့်၍ ရွှေအိုးနှင့် တူသော တုသိတာနတ်ပြည်သို့ ပြောင်းရွှေ့သွားသည်။

ပါဠိသဒ္ဒါခက်ဆစ်

ကတပုညော = ကတံ ပုညံ ယေနာတိ ကတပုညော။ ကတ + ပုည + ယ ။
ကမ္မဝိသုဒ္ဓိ = ကမ္မံ ဝိသုဒ္ဓိ ကမ္မဝိသုဒ္ဓိ။ ကမ္မ + ဝိသုဒ္ဓိ။

ဓမ္မိကဥပါသကဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁-ယမကဝဂ်

၁၁-ဓမ္မိကဥပါသကဝတ္ထုပါဠိဂါထာ

၇၀။ ဣဓ မောဒတိ ပေစ္စ မောဒတိ, ကတပုညော ဥဘယတ္ထ မောဒတိ၊
သော မောဒတိ သော ပမောဒတိ,ဒိသွာ ကမ္မဝိသုဒ္ဓိမတ္တနော။

ကတပုညော၊ ပြုအပ်ပြီးသော ကောင်းမှုရှိသူသည်။ ဝါ၊ ကောင်းမှုကို ပြုပြီးသူသည်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ မောဒတိ၊ ဝမ်း မြောက်ရ၏။ ပေစ္စ၊ တမလွန်ဘဝ၌။ မောဒတိ၊ ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန်, ၂တန်သောဘဝ၌။ မောဒတိ၊ ၏။ အတ္တနော၊ မိမိ၏။ ကမ္မဝိသုဒ္ဓိံ၊ ကံ၏ စင်ကြယ်ခြင်းကို။ ဒိသွာ၊ ၍။ ဝါ၊ ကြောင့်။ သော၊ ထိုကောင်းမှုကို ပြုပြီးသူသည်။ မောဒတိ၊ ၏။ သော၊ သည်။ ပမောဒတိ၊ လွန်စွာ ဝမ်းမြောက်ရ၏။ (ပါ-၁၆)

ဓမ္မိကဥပါသကဝတ္ထုဂါထာနိဿယပြီးပြီ။