မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ကုဋေတစ်သိန်း

ဝီကီရင်းမြစ် မှ

နာမ်ကမ္မဋ္ဌာန်းပိုင်း

ဂေါတမကစေတိယသုတ္တန် ကောက်နုတ်ချက်

အဘိညာယာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ, နော အနဘိညာယ။
သနိဒါနာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ, နော အနိဒါနံ။
သပ္ပါဋိဟာရိယာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ, နော အပ္ပါဋိဟာရိယံ။
တဿ မယှံ ဘိက္ခဝေ အဘိညာယ ဓမ္မံ ဒေသယတော နော အနဘိညာယ,
သနိဒါနံ ဓမ္မံ ဒေသယတော နော အနိဒါနံ,
သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသယတော နော အပ္ပါဋိဟာရိယံ,
ကရဏီယော ဩဝါဒေါ, ကရဏီယာ အနုသာသနီ။
အလဉ္စ ပန ဝေါ ဘိက္ခဝေ တုဋ္ဌိယာ, အလံ အတ္တမနတာယ, အလံ သောမနဿာယ . . . သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဓမ္မော, သုပ္ပဋိပန္နော သံယော . . . .။ (အံ၊၁၊၂၈၀။)

ချစ်သား ရဟန်းတို့ ... ငါဘုရားသည် တရားတော်ကို ..
ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးမှသာလျှင် ဟောကြားတော်မူ၏၊
ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်ဘဲ ဟောကြားတော်မမူ။
ချစ်သား ရဟန်းတို့ ... ငါဘုရားသည် ..
အကြောင်းနိဒါန်းနှင့် တကွသော တရားတော်ကိုသာလျှင် ဟောကြားတော်မူ၏၊
အကြောင်းနိဒါန်း မပါသော တရားမျိုးကို ဟောကြားတော်မမူ။
ချစ်သား ရဟန်းတို့ ... ငါဘုရားသည် ..
ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်ရှိသော တရားမျိုးကိုသာလျှင် ဟောကြားတော်မူ၏၊
ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်မရှိသော တရားမျိုးကို ဟောကြားတော်မမူ။

ချစ်သား ရဟန်းတို့ ... တရားတော်ကို ..
ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးမှသာလျှင် ဟောကြားတော်မူသော,
ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်ဘဲ ဟောကြားတော်မမူသော ..,
အကြောင်းနိဒါန်းနှင့် တကွသော တရားတော်ကိုသာလျှင် ဟောကြားတော်မူသော,
အကြောင်းနိဒါန်းမပါသော တရားမျိုးကို ဟောကြားတော်မမူသော ..,
ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်ရှိသော တရားမျိုးကိုသာလျှင် ဟောကြားတော်မူသော,
ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်မရှိသော တရားမျိုးကို ဟောကြားတော်မမူသော ..ထိုငါဘုရားသည် ..
တစ်ကြိမ်တစ်ခါ ဆိုဆုံးမခြင်း ဩဝါဒ တရားစကားကိုလည်း ပြုအပ်ပြီးလေပြီ၊
ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမခြင်း အနုသာသနီကိုလည်း ပြုအပ်ပြီးလေပြီ။

ချစ်သား ရဟန်းတို့ ... သင်တို့သည် ..
’မြတ်စွာဘုရားသည် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏ ..၊
တရားတော်မြတ်သည် သွာက္ခာတဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏ ..၊
အရိယာသံဃာတော်သည် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏ ..’ဟု ဤသို့လျှင် ...
နှစ်သက်ကျေနပ်စွာ လက်ခံဖို့ရန် သင့်လှသည်သာတည်း၊
နှစ်လို့သော စိတ်ထားရှိဖို့ရန် သင့်လှသည်သာတည်း၊
ရွှင်လန်းဝမ်းမြောက်ခြင်း သောမနဿတရား ထင်ရှားဖြစ်ဖို့ရန် သင့်လှသည်သာတည်း ....။

အပိုင်း (၁) - စိတ်ပိုင်းဆိုင်ရာ သိမှတ်စရာ

ကုဋေတစ်သိန်း

“နာမ်တရားတို့သည်ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အချိန်ကာလ အတွင်း၌ပင် ကုဋေတစ်သိန်းမက ဖြစ်ပြီးလျှင် ချုပ်ပျက်သွားကြ၏၊”[မှတ်စု ၁] – ဤကျမ်းဂန်အဆိုအမိန့်များကို ကိုးကားလျက် “မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်အတွင်းမှာ ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက်နေတဲ့ ဒီနာမ်တရားတွေကို ဘယ်လိုလုပ် ရှုမလဲ”ဟု ကုဋေတစ်သိန်းနှင့် ခဏခဏ ကိုင်အပေါက်ခံနေရသဖြင့် အလွန့်အလွန် မျက်နှာငယ်နေရှာသော, ယနေ့ခေတ် ဝိပဿနာလောကက မျက်နှာသာမပေးသဖြင့် မျက်မှောက်ခေတ်သာသနာဝယ် ချောင်ကြို ချောင်ကြား၌ အသာအယာ ပုကပ်နေရသော, သို့သော် တစ်ချိန်က မျက်နှာပန်း ပွင့်လန်းခဲ့ဖူးသော နာမ်တရားများကို သိမ်းဆည်းရှုပွားရန် အပိုင်းသို့ကား ဆိုက်ရောက်လာခဲ့ပေပြီ ..။ နှလုံးဖြူစင် ယောဂီသူတော်စင် အပေါင်းတို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ....။

နာမ်ကမ္မဋ္ဌာန်း၌ သိမ်းဆည်းနည်း (၃) နည်း

နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ်ရာ၌ = နာမ်တရားတို့ကို စတင်သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌..
၁။ ဖဿကစ၍ သိမ်းဆည်းသောနည်း (ဖဿ ထင်ရှားသော ပုဂ္ဂိုလ်အဖို့)
၂။ ဝေဒနာကစ၍ သိမ်းဆည်းသောနည်း (ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်အဖို့)
၃။ အသိစိတ် = ဝိညာဏ်ကစ၍ သိမ်းဆည်းသောနည်း (အသိစိတ် ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ်အဖို့) ဟု –

ဤသို့လျှင် (၃)နည်း ရှိပေသည်။[မှတ်စု ၂]အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်မျိုး ဖြစ်လျှင် နာမ်ကမ္မဋ္ဌာန်းကို စတင် အားသစ်ရာ၌ အောက်ပါ စည်းကမ်းသတ်မှတ်ချက်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ လိုက်နာပြုကျင့်သင့်လှပေသည်။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်လျှင် သုဝိသုဒ္ဓရူပပရိဂ္ဂဟ = ကောင်းမွန် စင်ကြယ်စွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသူ = သိမ်းဆည်းပြီးသူ ဖြစ်ရပေမည်။ အကြောင်းမူ ခန္ဓာငါးပါးရှိသော သတ္တဝါတို့၏ သန္တာန်ဝယ် စက္ခုအကြည်, သောတအကြည်, ဃာနအကြည်, ဇိဝှါအကြည်, ကာယအကြည်ဟူသော အကြည်ရုပ်တို့ကား စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်ဟူသော နာမ်တရားစုတို့၏ အစဉ်အတိုင်း မှီ၍ဖြစ်ရာ ရုပ်တရားတို့ ဖြစ်ကြ၏၊ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော နာမ်တရားစုတို့သည်လည်း ဘဝင် = မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြရ၏၊

သို့အတွက် ယင်းနာမ်တရားတို့၏ မှီ၍ဖြစ်ရာ ဆိုင်ရာဆိုင်ရာ ဝတ္ထုရုပ်တို့ကိုလည်းကောင်း, ဘဝင်= မနောအကြည် ဓာတ်ကိုလည်းကောင်း မသိမ်းဆည်းတတ်သေး = မရှုတတ်သေးပါက နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းတတ်ရေး ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ရေး ရှုမြင်တတ်ရေးမှာ အလွန် အလှမ်းဝေးလျက်ပင် ရှိနေပေဦးမည် ဖြစ်ပေသည်။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့၏ အကြောင်းပြချက်

“ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် အထက်တွင် တင်ပြထားသော နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း = နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားနည်း (၃)နည်း တို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် သို့မဟုတ် သုံးမျိုးသော အခြင်းအရာတို့ဖြင့် နာမ်တရားတို့သည် ထင်ရှားလာသောကြောင့် ဖြစ်သည်။ ထိုကြောင့် ကောင်းမွန် စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည်သာလျှင် နာမ်တရားတို့ကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ်ပါ။ ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိမ်းဆည်းရသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ်ခြင်းကို မပြုလုပ်ပါနှင့်။ အကယ်၍ ရုပ်တရား တစ်လုံးလောက် အသိဉာဏ်၌ ထင်ရှားလာရုံမျှဖြင့်သော်လည်းကောင်း, ရုပ်တရား နှစ်လုံးလောက် အသိဉာဏ်၌ ထင်ရှားလာရုံမျှဖြင့်သော်လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို ဆက်လက်အားမထုတ်တော့ဘဲ ရုပ်တရားကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို ပယ်စွန့်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ် မိငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏၊

နှိုင်းခိုင်းဖွယ်ရာ ဥပမာမည်သည်ကား –– ဝ သီ ဘော်ငါးတန်သို့ ဆိုက်အောင်သာလျှင် ကောင်းစွာ ပွားများ ထားအပ်သော အောက်အောက်သော စျာန်သည်သာလျှင် အထက်အထက်သော စျာန်၏ အခြေခံအကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏၊ ရအပ်ကာမျှဖြစ်သော အောက်အောက်သော စျာန်သည် အထက် အထက်သော စျာန်၏ အခြေခံအကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် မဖြစ်နိုင်။ ဤဥပမာအတူပင်လျှင် ရုပ်တရားတို့ကို သိမ်းဆည်းတတ်သော ရူပပရိဂ္ဂဟဉာဏ်သည် ကောင်းမွန်စင်ကြယ်မှသာလျှင် အရှုပ်အထွေး ကင်းစင်မှ သာလျှင် အဖုအထစ် ကင်းစင်မှသာလျှင် နာမ်တရားကို သိမ်းဆည်းတတ်သော အရူပပရိဂ္ဂဟဉာဏ်၏ အခြေခံ အကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏၊ ရူပပရိဂ္ဂဟဉာဏ်သည် မစင်ကြယ်သည် ဖြစ်လတ်ဘိ မူကား အရူပပရိဂ္ဂဟဉာဏ်၏ အခြေခံ အကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းတရား မဖြစ်နိုင်။ ထိုကြောင့် ရုပ်တရား နာမ်တရား၏ တစ်စိတ်တစ်ဒေသသည်သော်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်ရှားလတ်သော် ထိုရူပပရိဂ္ဂဟဉာဏ်သည် မစင်ကြယ်သည်သာလျှင် မည်ပေသည်။ များစွာကုန်သော ရုပ်တရား နာမ်တရားတို့သည် အသိဉာဏ်၌ မထင်လာ မမြင်လာလတ်ကုန်ပါမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။ ဤသို့သော အနက်အဓိပ္ပါယ်ကို ထင်ရှားပြတော်မူလိုသည်ဖြစ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၃]က အထက်ပါစကားရပ်ကို မိန့်ဆို သွားတော်မူခြင်း ဖြစ်ပေသည်။”[မှတ်စု ၄]

ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော်[မှတ်စု ၅]ဂါဝီဥပမာသုတ္တန် အမည်ရှိသော သုတ္တန်တစ်ခုကို ဟောကြားထားတော် မူခဲ့၏၊ ထိုသုတ္တန်၌ မညီညွတ်သော တောင်၌ ကျက်စားလေ့ရှိသော မိုက်မဲသော မလိမ္မာသော ကျက်စားရာစားကျက်၌ လိမ္မာကျွမ်းကျင်မှု မရှိသော နွားမတစ်ကောင်အကြောင်းကို ဟောကြားထားတော်မူ၏၊ တောင်၌ ကျက်စားလေ့ရှိနေ သည့် ထိုနွားမိုက်မကား တစ်နေ့တွင် တောင်ထိပ်တစ်နေရာမှ လှမ်းမြော်ကြည့်လိုက်သောအခါ ကြည်လင်အေးမြသော ရေကန်ကြီးတစ်ခုနှင့် ယင်းရေကန်ကြီး၏ ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြည်လျက် တည်ရှိကြသော မြက် သစ်ရွက် အပေါင်းကို တွေ့မြင်ရသဖြင့် ယင်းစိမ်းလန်းစိုပြည်သော မြက်သစ်ရွက်နုတို့ကို စားသုံး၍ ယင်းရေကန်ကြီး၏ အတွင်း၌ တည်ရှိသော ကြည်လင်အေးမြသော ရေတို့ကို သောက်သုံးရန်ဟူသော ဦးတည်ချက်ဖြင့် တောင်ပေါ်မှ ဆင်းသက် လိုက်သောအခါ ရှေ့ခြေကို နင်းကွင်းကောင်းကောင်း၌ ခိုင်ခိုင်ခံ့ခံ့ မနင်းဘဲ နောက်ခြေကို မြှောက်လိုက်၏၊ တောင်ပေါ်မှ ကာပြန်ကျသဖြင့် မိမိ မျှော်လင့်ထားသော မြက် သစ်ရွက်နုတို့ကိုလည်း မစားရဘဲ, ရေကိုလည်း မသောက်ရဘဲ, မူလကြံစည်ခဲ့ရာ တောင်ထိပ်သို့လည်း ပြန်မတက်နိုင် ဖြစ်သွားခဲ့၏၊

ဤဥပမာအတူပင် ယောဂါဝစရ ရဟန်းတော်သည် အောက်အောက်စျာန်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့ကျင့်ဘဲ အထက်အထက်စျာန်သို့ တက်ခဲ့သော် အထက်အထက်စျာန်သို့လည်း မတက်နိုင် ရှိတတ်၏၊ ရပြီး အောက်အောက်စျာန်မှလည်း လျှောကျတတ်၏၊ ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ (အကျယ်ကို ယင်းဂါဝီဥပမာသုတ္တန်တွင် ကြည့်ပါ။)

အလားတူပင် အဋ္ဌကထာဆရာတော်ကလည်း ယင်းဥပမာကိုပင် ဆောင်၍ ဤ၌ သတိပေးထား၏၊ ကောင်းမွန် စင်ကြယ်စွာ ရုပ်ကမ္မဋ္ဌာန်းကို မသိမ်းဆည်းရသေးဘဲ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ်ပါက ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏ဟု သတိပေးထား၏၊ မျှော်လင့်ထားသော နာမ်ကမ္မဋ္ဌာန်းသို့လည်း မတက်နိုင်, ရရှိပြီး ရုပ်ကမ္မဋ္ဌာန်းမှလည်း လျှောကျသွားတတ်၏ဟု ဆိုလို၏၊

သို့သော် ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်လျှင်ကား ယင်းစျာန်သမာဓိ၏ စွမ်းအင်ကြောင့် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့ ဦးဆောင်သည့် စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့က စတင်၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပေ၏၊ သို့သော်.. စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ၌ ယင်းစျာန်နာမ်တရားတို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၆]၌ ညွှန်ကြားထားပေသည်။ တစ်ဖန် ပကိဏ္ဏကသင်္ခါရ = ပြိုးပြွမ်းသော သင်္ခါရ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဆက်လက်သိမ်းဆည်းသည့်အပိုင်း၌ ကာမာဝစရ နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်၏၊ ထိုအခါတွင် ဆိုင်ရာဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်း သိမ်းဆည်းထားပြီး ဖြစ်ဖို့ကား အထူးလိုအပ်ပေသည်။ ထိုကြောင့် အထက်ပါ စည်းကမ်းသတ်မှတ်ချက်မှာ သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိုလ်သာမက သမထယာနိကပုဂ္ဂိုလ်သည်လည်း ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရိုသေမြတ်နိုးစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်ရမည့် ဥပဒေသတစ်ခုပင် ဖြစ်ပေသည်။

ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကိုမျှလည်း လုံးဝမထူထောင်ဘဲ, အထက်ပါ စည်းကမ်းသတ်မှတ်ချက်ကိုလည်း လုံးဝမလိုက်နာဘဲ နာမ်ကမ္မဋ္ဌာန်းကို အားသစ်ခြင်း နာမ်တရားတို့ကို သိမ်းဆည်းရှုပွားခြင်းတည်းဟူသော ဘာဝနာလုပ်ငန်းခွင်ကို ကြိုးပမ်းမိသည် ဖြစ်အံ့၊ ထိုသို့ ကြိုးပမ်းမိသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဘုရားဟောတော်မူသည့် နာမ်တရားများကို ကုဋေတစ်သိန်းနှင့် ကိုင်ပေါက်နေသည့် အုပ်စုတွင် တစ်ဦးအပါအဝင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ကြိုတင်သိမှတ်ထားရန် အချက်နှစ်ရပ်

နာမ်တရားတို့ကို သိမ်းဆည်းရာ၌ မှီရာဝတ္ထုရုပ်၏ အစွမ်းဖြင့်လည်း သိမ်းဆည်းနိုင်၏၊ စက္ခုဒွါရဝီထိ သောတဒွါရ ဝီထိစသော အာယတနဒွါရ၏ အစွမ်းဖြင့်လည်း သိမ်းဆည်းနိုင်၏၊ ထိုနှစ်နည်းတို့တွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၇]က..

“ဤသို့လျှင် ရုပ်ကမ္မဋ္ဌာန်းကို = ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဒွါရ၏ အစွမ်းဖြင့် = အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်၏”ဟု –

ဤသို့ ဖွင့်ဆိုထားတော်မူ၏၊ ယင်းသို့ ညွှန်ကြားရခြင်းမှာ အကြောင်းရှိသည်သာ ဖြစ်၏၊

၁။ စက္ခုဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၂။ သောတဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၃။ ဃာနဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၄။ ဇိဝှါဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၅။ ကာယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၆။ ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,

ဤသို့လျှင် မှီရာဝတ္ထုရုပ်၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခြင်းကား ရောယှက်ရှုပ်ထွေးခြင်း ရှိနေ၏၊ သို့သော် –

၁။ စက္ခုဒွါရဝီထိ နာမ်တရားစု,
၂။ သောတဒွါရဝီထိ နာမ်တရားစု,
၃။ ဃာနဒွါရဝီထိ နာမ်တရားစု,
၄။ ဇိဝှါဒွါရဝီထိ နာမ်တရားစု,
၅။ ကာယဒွါရဝီထိ နာမ်တရားစု,
၆။ မနောဒွါရဝီထိ နာမ်တရားစု,

ဤသို့ အာယတနဒွါရအလိုက် နာမ်တရားစုတို့ကို သိမ်းဆည်းခြင်းကား အနာကုလ = ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏၊ ထိုကြောင့် အဋ္ဌကထာဆရာတော်က စက္ခုဒွါရဝီထိ နာမ်တရားစုစသည့် အာယတနဒွါရ၏အစွမ်းဖြင့်သာ နာမ်တရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားပေသည်။[မှတ်စု ၈]

ထပ်မံရှင်းလင်းချက်

၁။ စက္ခုဝတ္ထုရုပ်ကို မှီ၍ စက္ခုဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၂။ သောတဝတ္ထုရုပ်ကို မှီ၍ သောတဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၃။ ဃာနဝတ္ထုရုပ်ကို မှီ၍ ဃာနဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၄။ ဇိဝှါဝတ္ထုရုပ်ကို မှီ၍ ဇိဝှါဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၅။ ကာယဝတ္ထုရုပ်ကို မှီ၍ ကာယဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၆။ ဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊

ထိုတွင် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟူသော ဝတ္ထုရုပ်ငါးမျိုးကို မှီ၍ဖြစ်သော အသီးအသီးသော နာမ်တရားစုတို့၌ ရောယှက်ရှုပ်ထွေးမှုကား မရှိပေ။ သို့သော် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ပေါ်ကြသော နာမ်တရားစုတို့မှာ အာရုံ (၆)ပါးကို ထိုက်သလို အာရုံယူနေကြသော နာမ်တရားစုတို့ ဖြစ်ကြသဖြင့် ရောယှက် ရှုပ်ထွေးမှုကား ရှိနေ၏၊ ပိုမို၍ သဘောပေါက်ရန် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ကြည့်ပါ။ တစ်ဖန် –

၁။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၂။ သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၃။ ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဃာနဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၄။ ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၆။ ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိ နာမ်တရား,

ဤသို့ အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခြင်းသည်ကား ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏၊ ထိုကြောင့် အဋ္ဌကထာဆရာတော်က အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားရခြင်း ဖြစ်ပေသည်။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်လည်း နာမ်တရားတို့ကို သိမ်းဆည်းလိုပါက, အထူးသဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည်လည်း သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်နေပါမူ ..

၁။ ရုပ်တရားကို သိမ်းဆည်းထားပြီး ဖြစ်ရမည်။
၂။ အာယတနဒွါရအလိုက် သိမ်းဆည်းရမည် – ဟု

ဤဥပဒေသ နှစ်ရပ်ကို ရိုသေစွာ နာယူမှတ်သားပါ။ ဘုရားရှင် ဟောကြားထားတော်မူသည့် နာမ်တရားတို့ကို ကုဋေတစ်သိန်းနှင့် ကိုင်လျက် မပေါက်မိအောင် ကြိုးစားပါ။

သာသနာတော်၌ ဒွါရ အသုံးအနှုန်း နှစ်မျိုး ရှိနေ၏၊ ကာယဒွါရ ဝစီဒွါရ မနောဒွါရဟူသော ဒွါရသုံးပါးတို့ကို ကမ္မဒွါရဟု ခေါ်ဆို၍ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆိုသည်။ ယင်းအာယတနဒွါရအလိုက် ဝီထိစိတ်အစဉ်အတိုင်း နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲ ဟူသော နာမ်ဃန အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရမည်ဟု ဆိုလိုပေသည်။[မှတ်စု ၉] (နာမ်တုံးနာမ်ခဲ နာမ်ဃန (၄)ပါး အကြောင်းအရာကို နောက်ပိုင်းတွင် ရေးသားတင်ပြပါမည်။)

လောကီနာမ်တရားများသာ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၀]တွင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော နာမ်တရားတို့ကို ထုတ်ဆောင်ပြရာ၌ လောကီစိတ်စေတသိက် နာမ်တရားစုတို့သာ ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြထား၏၊ လောကုတ္တရာစိတ်တို့ကား မရရှိသေးသည့်အတွက်ကြောင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်း မသိမ်းဆည်းနိုင်၊ သမထယာနိကပုဂ္ဂိုလ် သည်လည်း မသိမ်းဆည်းနိုင်ပေ။ ဤမိန့်ဆိုချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်[မှတ်စု ၁၁]က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားတော်မူ၏ ..။

“လောကီစိတ် (၈၁)မျိုးလုံးနှင့် ယှဉ်ဖက်သမ္ပယုတ်တရားစုတို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြောင်းကို ဖွင့်ဆိုသော ဤစကားရပ်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်နိုင်သော စိတ်အားလုံးကို သိမ်းကျုံးရေတွက်ပြသည်၏ အစွမ်းဖြင့် ဖွင့်ဆိုသွားတော်မူသော စကားရပ်သာ ဖြစ်၏၊ သို့သော် မဟဂ္ဂုတ်စိတ်တို့သည်ကား စျာန်ရသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌သာလျှင် ထင်ရှားနိုင်ကုန်၏၊”

ဤသို့ ဖွင့်ဆိုထားသောကြောင့် စျာန်ကိုရရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် မဟဂ္ဂုတ်စိတ်တို့ကို ရှုပွားနိုင်ရကား ယင်းစျာန်ကို ရရှိသော စျာနလာဘီပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ မိမိရရှိထားသော စျာန်နာမ်တရားတို့ကိုပါ ထည့်သွင်း၍ သိမ်းဆည်းရှုပွားပါ။ စျာန်ကို မရရှိသော သုက္ခဝိပဿကပုဂ္ဂိုလ်သည်ကား စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားမှုကို ချန်လှပ်ထားနိုင်ပေသည်။ အလားတူပင် ကြိယာဇောတို့သည်လည်း ရဟန္တာ အရှင်မြတ်ကြီးတို့၏ သန္တာန်၌သာလျှင် ဖြစ်နိုင်ခွင့်ရှိသော နာမ်တရားတို့ ဖြစ်ခြင်းကြောင့် ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့သည် ယခုကဲ့သို့ ရုပ်နာမ်ကို သိမ်းဆည်းရာ၌လည်းကောင်း, ဝိပဿနာပိုင်း၌လည်းကောင်း ယင်းကြိယာဇောတို့ကိုလည်း မသိမ်းဆည်း မရှုပွားဘဲ ချန်လှပ်ထားနိုင်ပေသည်။

တစ်ဖန် စိတ်တို့မည်သည် စေတသိက်တို့ မပါဘဲ မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိ၊ အလားတူပင် စေတသိက်တို့သည်လည်း စိတ်မပါဘဲ မိမိတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြကုန်။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း၌ အုပ်စုအလိုက် ယှဉ်တွဲ၍သာ ဖြစ်ကြရပေသည်။ ထိုကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်သည် ဝိပဿနာပိုင်း၌ မိမိ သိမ်းဆည်းရှုပွားရမည့် စိတ်စေတသိက်တို့ကို ကြိုတင်၍ သိထားသင့်ပေသည်။

ကြိုတင်သိမှတ်ဖွယ်ရာများ

စိတ်တို့သည် အကြမ်းအားဖြင့် ခွဲခြားဝေဖန်လိုက်သော် ဝီထိစိတ်နှင့် ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်ဟု နှစ်မျိုးရှိပေသည်။ ထိုတွင် ဝီထိမုတ်စိတ်မှာလည်း ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်ဟု သုံးမျိုး ရှိ၏၊ ထိုတွင် ဘဝတစ်ခုဝယ် ရှေးဦးစွာဖြစ်သော စိတ်သည် .. ဘဝဟောင်းနှင့် ဘဝသစ်ကို ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်ပေးသကဲ့သို့ ဖြစ်သောကြောင့် ပဋိသန္ဓေစိတ်မည်၏၊ ဘဝတစ်ခုဝယ် နောက်ဆုံးပိတ် ဖြစ်ပေါ်သွားသော စိတ်သည် = ဘဝင်စိတ်သည် ဖြစ်ဆဲဘဝမှ ရွေ့လျောကျသွားခြင်းကြောင့် စုတိစိတ် မည်၏၊ ယင်း ပဋိသန္ဓေနှင့် စုတိတို့၏ စပ်ကြားကာလ၌ ဘဝတစ်လျှောက်ဝယ် ဝီထိစိတ်များ မဖြစ်သည့် အချိန်ကာလ၌ ဝိပါက်ခန္ဓာ မပြတ်စဲရေး စိတ်အစဉ် မပြတ်စဲရေးအတွက် ကံအရှိန်ရှိသမျှ တစ်ဘဝလုံး ခန္ဓာအစဉ် မပြတ်စဲရအောင် ဘဝ၏အကြောင်းတရား အဖြစ် ဖြစ်ပေါ်နေသော ပဋိသန္ဓေနှင့် အလားတူသော ဝိပါက်စိတ်သည် ဘဝင်စိတ်မည်၏၊ ယင်းဘဝင်စိတ်သည် ဝီထိစိတ်များ ဖြစ်ပေါ်လာသောအခါ ရပ်စဲ၍ ဝီထိစိတ်များ မဖြစ်သောအခါ တစ်ဖန်ပြန်လည်၍ အကြိမ်များစွာ ဖြစ်နေတတ်ပြန်၏၊ ဘဝတစ်လျှောက်လုံး ဤနည်းနှင်နှင်ချည်းတည်း။ ယင်းဘဝင်စိတ်နှင့် တကွသော ဘဝင်နာမ်တရားစုကို ဝီထိစိတ်တို့ကို သိမ်းဆည်းပြီးသောအခါသို့ ရောက်ရှိပါမှ အထူးသဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ ယောဂီအများစုသည် သိမ်းဆည်း၍ ရရှိနိုင်ပေသည်။ ထိုကြောင့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့က စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဝီထိစဉ်နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေ့ဦးစွာ အောက်ပါ ခြောက်-ခြောက်လီ တရားများကို သိထားသင့်ပေသည်။

  1. ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)
  2. တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
  3. ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာ ဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇၊ စာပိုဒ်၊၆၇၁၊၊)
  4. ယထာ နာမ ဟေဋ္ဌိမစျာနံ သုဘာဝိတံ ဝသီဘာဝံ ပါပိတမေဝ ဥပရိစျာနဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န ပဋိလဒ္ဓမတ္တံ၊ ဧဝံ ရူပပရိဂ္ဂဟော သုဝိသုဒ္ဓေါ နိဇ္ဇဋော နိဂ္ဂုမ္ဗော ဧဝ အရူပပရိဂ္ဂဟဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န အဝိသုဒ္ဓေါ၊ တသ္မာ ရူပါရူပဿ ဧကဒေသေပိ အနုပဋ္ဌိတေ သော အဝိသုဒ္ဓေါ ဧဝ နာမ ဟောတိ၊ ပဂေဝ ဗဟူသု အနုပဋ္ဌိတေသူတိ ဒေဿန္တော အာဟ “သစေ ဟီ”တိအာဒိ။ (မဟာဋီ၊၂၊၃၅၇။)
  5. (အံ၊၃၊၂၁၆။)
  6. (ဝိသုဒ္ဓိ၊၂၊၂၂၂၊၊)
  7. တေဿဝံ ပရိဂ္ဂဟိတရူပဿ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
  8. ကာမံ ဝတ္ထုဝသေနာပိ အရူပဓမ္မာ ပါကဋာ ဟောန္တိ၊ ဒွါရဝသေန ပန ပရိဂ္ဂဟော အနာကုလောတိ ကတွာ ဝုတ္တံ “ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တီ”တိ။ (မဟာဋီ၊၂၊၃၅၂-၃၅၃။)
  9. အာယတနဒွါရဝသေနာတိ အာယတနသင်္ခါတဒွါရဝသေန။ ကမ္မဒွါရနိဝတ္တနတ္ထံ အာယတနဂ္ဂဟဏံ။ (မဟာဋီ၊၂၊၄၁၀၊၊)
  10. လောကုတ္တရစိတ္တာနိ ပန နေဝ သုဒ္ဓဝိပဿကဿ, န သမထယာနိကဿ ပရိဂ္ဂဟံ ဂစ္ဆန္တိ အနဓိဂတတ္တာ။ (ဝိသုဒ္ဓိ၊၂၊၂၂၃၊၊) ဧကာသီတိ လောကိယစိတ္တာနိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
  11. သဗ္ဗသင်္ဂါဟိကဝသေန “ဧကာသီတိ လောကိယစိတ္တာနီ”တိ ဝုတ္တံ။ လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊၃၅၃။)