နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ရုပ်-ရုပ် ဟု ရှုရမည့် အချိန်
ရုပ်-ရုပ် ဟု ရှုရမည့် အချိန်
ယောဂါဝစရပုဂ္ဂိုလ်သည် ယခုအခါ၌ကား (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းနိုင်သောအဆင့် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အဆင့်သို့ကား ရောက်ရှိနေပြီဖြစ်၏၊ ထိုအဆင့်တွင် ယင်းရုပ်တရားအားလုံးတို့၏ ဖောက်ပြန်တတ်သော သဘောလက္ခဏာကို = ရှေ့ကဖြစ်သွားသော ရုပ်တို့၏ ဖြစ်ပုံအခြင်းအရာနှင့် မတူသော နောက်နောက်သော ရုပ်တို့၏ ဖြစ်ပုံအခြင်းအရာဟူသော ရုပ်အစဉ်သန္တတိ၏ မတူကွဲပြားသော ဖြစ်ပုံအခြင်းအရာကို အာရုံပြု၍ ယင်းရုပ်တရားတို့၏ ယင်းကဲ့သို့ ဖောက်ပြန်တတ်သော ရုပ္ပန လက္ခဏာအားဖြင့် တူညီမှု ရှိသောကြောင့် တစ်ပေါင်းတစ်စုတည်းပြု၍ -“ဧတံ ရူပံ= ဤကား ရုပ်တရား”ဟု ရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁]က ညွှန်ကြားလျက်ရှိ၏၊ ယင်းညွှန်ကြားချက်နှင့်အညီ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုအားလုံးကို ခြုံငုံ၍ “ရုပ်တရား ရုပ်တရား”ဟု ရှုရန်အချိန် ဖြစ်သည်။
သို့သော် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးကို မခြုံနိုင် မငုံနိုင် ဖြစ်နေပါက ရှေးဦးစွာ ဒွါရတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော (၆၃)မျိုးသော ရုပ်အစစ် (၅၃-မျိုးသော ရုပ်အစစ်) တို့နှင့် ရနိုင်သမျှ ရုပ်အတုတို့ကို ဖောက်ပြန်တတ်သော ရုပ္ပနသဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်း ပြု၍ ရောနှောခြုံငုံ၍...
၁။ “ဤကား ရုပ်-ရုပ်”ဟုလည်းကောင်း, သို့မဟုတ်
၂။ “ရုပ်တရား-ရုပ်တရား”ဟုလည်းကောင်း, သို့မဟုတ်
၃။ “ရုပ်-ရုပ်”ဟုလည်းကောင်း ရှုပါ။
(၄၂)ကောဋ္ဌာသတို့၌လည်း ကောဋ္ဌာသတစ်ခုစီ၌ ရနိုင်သမျှ ရုပ်အစစ်နှင့် ရုပ်အတုတို့ကို တစ်ပေါင်းတည်း တစ်စုတည်းပြု၍ ရောနှော ခြုံငုံ၍ ယင်းတို့၏ ဖောက်ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်း တစ်စုတည်းပြု၍ နည်းတူ ရှုပါ။
တစ်ဖန် ဒွါရတစ်ခုစီ၌လည်းကောင်း, ကောဋ္ဌာသတစ်ခုစီ၌လည်းကောင်း တည်ရှိသော ရုပ်တရားတို့ကို ပေါင်းစုခြုံငုံ၍ ရှုပွားနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကို ဖောက်ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ရောနှောခြုံငုံ၍ –
၁။ “ဤကား-ရုပ်-ရုပ်” ဟုလည်းကောင်း, သို့မဟုတ်
၂။ “ရုပ်တရား-ရုပ်တရား”ဟုလည်းကောင်း, သို့မဟုတ်
၃။ “ရုပ်-ရုပ်”ဟုလည်းကောင်း ရှုပါ၊ သိမ်းဆည်းပါ။
ဖောက်ပြန်တတ်သော သဘော
ဖောက်ပြန်တတ်သော သဘောဟူသည် ပူမှု အေးမှု စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရုပ်သန္တတိအစဉ်၏ မတူသော ဖြစ်ခြင်း, ပုံစံအမျိုးမျိုးပြောင်းလဲ၍ ဖြစ်ခြင်းကို ဆိုလိုသည်။ အပူဓာတ် အပူရှိန် လွန်ကဲလာသောအခါ အပူဖျား ဖျားသော ရုပ်သန္တတိအစဉ်များ ဆက်တိုက်ဖြစ်နေမှု, အအေးဓာတ် အအေးရှိန် လွန်ကဲလာသောအခါ အအေးနာ နာသော ရုပ်သန္တတိအစဉ်များ ဆက်တိုက်ဖြစ်နေမှုမျိုးကို ဖောက်ပြန်တတ်သော သဘောဟု ဆိုလိုသည်။ အလားတူပင် ထမင်းဆာသောအခါ ဖြစ်ပေါ်နေသော ရုပ်သန္တတိအစဉ်များ ထမင်းဝသောအခါ ဖြစ်ပေါ်နေသော ရုပ်သန္တတိအစဉ်များ တစ်ခုနှင့် တစ်ခု မတူဘဲ ကွဲပြားစွာ ဖြစ်နေမှု ပုံစံအမျိုးမျိုးပြောင်းလဲ၍ ဖြစ်မှုကိုလည်းကောင်း၊ အဆိပ်ပြင်းသော မြွေ အကိုက်ခံရသောအခါ ဖြစ်ပေါ်နေသော ရုပ်သန္တတိအစဉ်များနှင့် မြွေဆိပ်ပြေသွားသောအခါ ဖြစ်ပေါ်နေသော ရုပ်သန္တတိအစဉ်များ မတူဘဲ ကွဲပြားစွာ ဖြစ်နေမှုကိုလည်းကောင်း ဤသို့ စသည်ဖြင့် ရှေးရှေးက ဖြစ်သွားသော ရုပ်သန္တတိအစဉ်များနှင့် နောက်နောက် ဆက်တိုက်ဖြစ်ပေါ်လာသော ရုပ်သန္တတိအစဉ်တို့ မတူဘဲ ကွဲပြားစွာ ဖြစ်နေခြင်းသဘောတရားကိုပင် ဖောက်ပြန်တတ်သော သဘောဟု ဆိုလိုသည်။ သို့သော် ထိုရုပ်သန္တတိအစဉ်အတွင်း၌ တည်ရှိကြသော ပထဝီ အာပေါစသော ပရမတ္ထသဘာဝတရားတို့ကား မိမိတို့၏ မာမှု ယိုစီးမှု .. စသော ကိုယ်ပိုင်သဘာဝလက္ခဏာများ၏ ပြောင်းလဲမှု မရှိသဖြင့် ပရမတ်ဟူသော အမည်ကို ရရှိကြသည်သာ ဖြစ်ပေသည်။
သတိပြုရန် ရုပ်တရားရှုကွက်
၁။ ရုပ်ကလာပ်များကို မမြင်ခင် သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော ဥပစာရသမာဓိသို့ ဆိုက်အောင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်ခိုက်၌ကား “ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်”ဟု ဓာတ်ကြီး လေးပါးကိုသာ ရှုနေပါ။
၂။ ရုပ်ကလာပ်တို့ကို မြင်၍ ရုပ်ကလာပ်တို့ကို ဓာတ်ခွဲရာ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းရာ၌ကား - “ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ စက္ခုပသာဒ” - ဤသို့စသည်ဖြင့် ထိုသို့ ရုပ်ကလာပ်အလိုက် သိမ်းဆည်းရှုပွားပါ။
၃။ ဒွါရတစ်ခု ကောဋ္ဌာသတစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားအားလုံးကိုလည်းကောင်း, (၆)ဒွါရ (၄၂) ကောဋ္ဌာသ ဟူသော တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်တရားအားလုံးကိုလည်းကောင်း ဖောက်ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ရောနှောခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ –
၁။ “ဤကား ရုပ်-ရုပ်”ဟုလည်းကောင်း, သို့မဟုတ်
၂။ “ရုပ်တရား-ရုပ်တရား”ဟုလည်းကောင်း, သို့မဟုတ်
၃။ “ရုပ်-ရုပ်”ဟုလည်းကောင်း သိမ်းဆည်းရှုပွားပါ။
တိုက်တွန်းပါရစေ
မူလပဏ္ဏာသပါဠိတော် မဟာဂေါပါလကသုတ္တန်[မှတ်စု ၂]၌လည်းကောင်း, ယင်းမဟာဂေါပါလကသုတ္တန်အဋ္ဌကထာ[မှတ်စု ၃] ၌လည်းကောင်း ယောဂါဝစရ ရဟန်းတော်သည် –
၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်အားလုံးကို ရုပ် (၂၈)ပါးဟူသော အရေအတွက်အားဖြင့်လည်းကောင်း,
၂။ (က) မည်သည့်ရုပ်တရားများက ကံကြောင့် ဖြစ်သည်။
( ခ ) မည်သည့်ရုပ်တရားများက စိတ်ကြောင့် ဖြစ်သည်။
( ဂ ) မည်သည့်ရုပ်တရားများက ဥတုကြောင့် ဖြစ်သည်။
(ဃ) မည်သည့်ရုပ်တရားများက အာဟာရကြောင့် ဖြစ်သည်။
( င ) မည်သည့်ရုပ်တရားများက အကြောင်းတစ်မျိုးကြောင့် ဖြစ်သည်။
( စ ) မည်သည့်ရုပ်တရားများက အကြောင်းနှစ်မျိုးကြောင့် ဖြစ်သည်။
(ဆ) မည်သည့်ရုပ်တရားများက အကြောင်းသုံးမျိုးကြောင့် ဖြစ်သည်။
( ဇ ) မည်သည့်ရုပ်တရားများက အကြောင်းလေးမျိုးလုံးကြောင့် ဖြစ်သည်။
( စျ ) မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းကြောင့်မျှ မဖြစ် (လက္ခဏရုပ်လေးခုကို ဆိုလိုသည်) ဟု – အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း –
ဤသို့ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မရှုနိုင်ပါက မမြင်နိုင်ပါက မသိနိုင်ပါက မသိမ်းဆည်းနိုင်ပါက မဂ်ဖိုလ် နိဗ္ဗာန်သို့ မဆိုက်ရောက်နိုင်၊ ရှုနိုင်ပါမှ မြင်နိုင်ပါမှ သိနိုင်ပါမှ သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှသာလျှင် မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည်ဖြစ်ကြောင်း လာရှိ၏၊
ထို့ကြောင့် တရားစစ်တရားမှန်ကို လိုလားတောင့်တလျက်ရှိသော နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးကို လိုလား တောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်နေသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် သိသည့်တိုင်အောင် မြင်သည့်တိုင်အောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ပါမှသာလျှင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှသာလျှင် ရုပ် (၂၈)ပါးဟူသော အရေအတွက်ကိုလည်းကောင်း, မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းတရားများကြောင့် ဖြစ်ပေါ်နေရသည်ဟု အကြောင်းသမုဋ္ဌာန်ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိရှိနိုင်မည်ဖြစ်သည်။ အကယ်၍ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် မတွေ့မြင်ခဲ့သော်လည်းကောင်း, တွေ့မြင်လျှင်လည်း ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်ခဲ့သော်လည်းကောင်း ရုပ် (၂၈)ပါးဟူသော အရေအတွက်ကိုလည်းကောင်း, မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းတရားကြောင့် ဖြစ်နေရပါသည်ဟူသော အကြောင်းသမုဋ္ဌာန်ကိုလည်းကောင်း သိရှိနိုင်ရေးမှာ မိုးနှင့် မြေကြီးပမာ အလွန့်အလွန် အလှမ်းဝေးကွာလျက်ပင် ရှိနေပေသည်။ ထို့ကြောင့် ဘုရားရှင် ဆိုလိုသော နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်းကောင်း, ယင်းနိဗ္ဗာန်သို့ ရောက်စေတတ်သော တိကျမှန်ကန်သော ဝိပဿနာ ဉာဏ်တို့ကိုလည်းကောင်း လိုလားတောင့်တခဲ့ပါလျှင် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသည့်အတိုင်း အရေအတွက်အားဖြင့်လည်းကောင်း, အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း နှစ်မျိုးသော အခြင်းအရာအားဖြင့် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်အောင် ကြိုးပမ်းပါလေ။
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်ဘက်က ..
၁။ ရုပ် (၂၈)ပါးဟူသော အရေအတွက်ကိုလည်းကောင်း,
၂။ မည်သည့်ရုပ်တရားက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ဟု အကြောင်းသမုဋ္ဌာန်ကိုလည်းကောင်း –
ဟုတ်တိုင်းမှန်စွာ မသိသော်လည်း ဝိပဿနာဉာဏ်ကိုလည်း ရရှိနိုင်သည်၊ မဂ်ဖိုလ် နိဗ္ဗာန်ကိုလည်း ရရှိနိုင်သည်ဟု အယူအဆရှိနေသည် ဖြစ်အံ့၊ ယောဂါဝစရပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်တော်မြတ်ပိုင်ရှင် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်နှင့် ယှဉ်ပြိုင်၍ စင်ပြိုင်သာသနာတော် တစ်ရပ်ကို ထူထောင်ရတော့မည် ဖြစ်သဖြင့် သဗ္ဗညုတဉာဏ်တော် မြတ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဟောကြားထားတော်မူသော တရားဒေသနာတော်တို့ကို လက်မခံလိုဘဲ ပယ်လှန်လိုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း သဗ္ဗညုတဉာဏ်တော်မြတ်ကြီးထက် သာလွန်၍ အဆင့်မြင့်သော ဉာဏ်တော်ကြီး တစ်ခု ရှိထားပြီးဖြစ်ဖို့ကား အထူး လိုအပ်နေမည်သာ ဖြစ်ပေသည်။
ယောဂါဝစရပုဂ္ဂိုလ်သည် ဤရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြထားသည့်အတိုင်း ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ ထိုထိုဣရိယာပထရှုကွက် ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း သယ်ဆောင်တတ်သော ရုပ်တရား အသယ်ဆောင်ခံရသော ရုပ်တရား၊ တစ်နည်း ပဓာန = ပြဓာန်းသော ရုပ်တရား, အပဓာန = မပြဓာန်းသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ ဆိုင်ရာ ဆိုင်ရာ မှီရာ ဝတ္ထုရုပ်တို့ကို မှီတွယ်၍ ယင်းရုပ်တရားတို့ကိုပင် အာရုံယူကာ ဖြစ်ပေါ်လာကြသည့် နာမ်တရားတို့ကို ဆက်လက်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူရ သိမ်းဆည်းရဦးမည်သာ ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ရေးအတွက် နာမ်ကမ္မဋ္ဌာန်းပိုင်းကို ဆက်လက်ကာ ကြိုးပမ်းပါလေ။