နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီးအမေး
ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်
တစ်ချိန် .. ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတိုက်တွင် သီတင်းသုံး စံနေတော်မူခိုက် .. ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီးသည် ဘုရားရှင်ထံသို့ ချဉ်းကပ်ကာ သူသိလိုသည့် မေးခွန်းများကို မေးမြန်းလျှောက်ထားခဲ့၏၊ ထိုမေးခွန်းများ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။
အရှင်ဂေါတမ၏ သာသနာတော်၌ အစဉ်အတိုင်း လိုက်နာပြုကျင့်အပ်သည့် ကျင့်စဉ်အရပ်ရပ် ထင်ရှား တည်ရှိပါသလားဟု မေးမြန်းလျှောက်ထားလိုက်၏၊ ထိုအခါ ဘုရားရှင်က အစဉ်အတိုင်း လိုက်နာပြုကျင့်အပ်သည့် ကျင့်စဉ်အရပ်ရပ်ကို အကျဉ်းချုပ်ကာ ..
၁။ ရဟန်းတော်တို့ လိုက်နာပြုကျင့်အပ်သည့် ပါတိမောက္ခသံဝရသီလတည်းဟူသော ဝိနည်းသီလကျင့်စဉ်၊
၂။ မျက်စိ နား နှာ လျှာ ကိုယ် နှလုံးတည်းဟူသော ဒွါရ (၆)ပါး တံခါးကြီး (၆)ပေါက်မှ ရာဂ ဒေါသ မောဟ စသည့် ကိလေသာ အညစ်အကြေးတို့ ဝင်ရောက်မလာနိုင်အောင် မိမိ၏ ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်ကို အမြဲသွတ်သွင်းထားလျက် ဣန္ဒြေတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းတည်းဟူသော ဣန္ဒြိယသံဝရသီလ ကျင့်စဉ်၊
၃။ အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်း၊ ပစ္စဝေက္ခဏာဆင်ခြင်လျက် အစာအာဟာရကို သုံးဆောင်မှီဝဲခြင်း တည်းဟူသော ပစ္စယသန္နိဿိတသီလကျင့်စဉ်၊
၄။ ညဉ့်သုံးယာမ် တစ်ယာမ်သာ အိပ်စက်လျက် ကြွင်းကျန်သော အချိန်ကာလတို့၌ ကမ္မဋ္ဌာန်းတရားကိုသာ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း ဇာဂရိယာနုယောဂကျင့်စဉ်၊
၅။ သတိ၏ တည်ရာ အာရုံဖြစ်ကြကုန်သော သမထကမ္မဋ္ဌာန်းအာရုံနှင့် ဝိပဿနာကမ္မဋ္ဌာန်းအာရုံတို့အပေါ်၌ ခိုင်မြဲသောသတိနှင့် ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်တို့နှင့် ပြည့်စုံအောင် ဖြည့်ကျင့် ရမည့် သတိ-သမ္ပဇဉ်ပိုင်းကျင့်စဉ်၊
၆။ ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်းသို့ ချဉ်းကပ်ကာ ရှေးဦးစွာ သမထကမ္မဋ္ဌာန်းကို အောင်အောင် မြင်မြင် ဖြည့်ကျင့်ရမည့် ကျင့်စဉ်၊ ထိုသို့ကျင့်ရာ၌ ––
၇။ (က) သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့အပေါ်၌ လိုလားတပ်မက်ခြင်း ကာမစ္ဆန္ဒနီဝရဏ၊
( ခ ) သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို ပျက်စီးအောင် ဖျက်ဆီးလိုခြင်း ဗျာပါဒနီဝရဏ၊
( ဂ ) ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်စေတသိက်တို့၏ တက်တက်ကြွကြွ မရှိဘဲ လေးလံ ထိုင်းမှိုင်းနေခြင်း ထိနမိဒ္ဓ နီဝရဏ၊
(ဃ) ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်စေတသိက်တို့ကို စုစည်းလို့ မရနိုင်ဘဲ ပြင်ပအာရုံ အမျိုးမျိုးပေါ်သို့ စိတ်ပျံ့လွင့်နေခြင်း ဥဒ္ဓစ္စနှင့် ပြုပြီးဒုစရိုက် မပြုလိုက်မိသောသုစရိုက်တို့ကို အာရုံပြုကာ နောင်တတစ်ဖန် ပူပန်နေခြင်း ကုက္ကုစ္စတည်းဟူသော နီဝရဏ (ဥဒ္ဓစ္စ + ကုက္ကုစ္စ နီဝရဏ)၊
( င ) ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားစသည်တို့အပေါ်၌ သို့လော သို့လော တွေးတောယုံမှားနေခြင်း ဝိစိကိစ္ဆာနီဝရဏ –
သမထစျာန်နှင့် ဝိပဿနာဉာဏ်တို့ကို ဖြစ်ပေါ်မလာအောင် တားမြစ်နှောင့်ယှက် ပိတ်ပင်နေသည့် ဤနီဝရဏ တရား (၅)ပါးတို့ကို နှိပ်ကွပ်ဖျက်ဆီးကြောင်းဖြစ်သည့် ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်သို့ ဆိုက်အောင် အားထုတ်ရမည့် ကျင့်စဉ်၊
၈။ ထိုစတုတ္ထစျာန်သမာဓိကို ဝိပဿနာဉာဏ်၏ အခြေခံသမာဓိအဖြစ် ထူထောင်ကာ အရဟတ္တဖိုလ်ပေါက် အဆင့်ဆင့် လိုက်နာပြုကျင့်ရမည့် ဝိပဿနာကျင့်စဉ် –
ဤကဲ့သို့ အစဉ်အတိုင်း လိုက်နာပြုကျင့်ရမည့် ကျင့်စဉ်အရပ်ရပ်တို့ ငါဘုရားရှင်၏ သာသနာတော်၌ ထင်ရှား တည်ရှိပါကြောင်းကို ပြန်လည်ကာ မိန့်ကြားတော်မူလိုက်၏၊ ထိုကျင့်စဉ်အရပ်ရပ်တို့ကို အကျဉ်းချုပ်လိုက်လျှင် ထိုကျင့်စဉ်တို့မှာ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့သာ ဖြစ်ကြပေသည်။
ထိုအခါ ဂဏကမောဂ္ဂလ္လာန် ပုဏ္ဏားကြီးက –– “အရှင်ဂေါတမကဲ့သို့သော ဆိုဆုံးမမည့် ဆရာတစ်ဆူကို ရရှိတော်မူကြသည့် တပည့်သာဝကအားလုံးတို့ဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကြပါသလား”ဟု ထပ်မံကာ မေးမြန်းလျှောက်ထားလိုက်၏၊
ထိုအခါ ဘုရားရှင်က “အချို့ကုန်သော တပည့်သာဝကတွေဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကြကြောင်း အချို့ကုန်သော တပည့်သာဝကတွေဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မပြီးစီးစေနိုင်ကြကြောင်း”တို့ကို မိန့်ကြားတော် မူလိုက်၏၊
ထိုအခါ ဂဏကမောဂ္ဂလ္လာန် ပုဏ္ဏားကြီးက “ အရှင်ဂေါတမ... နိဗ္ဗာန်တရားတော်မြတ်သည်လည်း ထင်ရှား တည်ရှိ၏၊ နိဗ္ဗာန်သွားရာ လမ်းသည်လည်း ထင်ရှားတည်ရှိ၏၊ နိဗ္ဗာန်သွားရာ လမ်းကို ညွှန်ကြားပြသတတ်သည့် အရှင်ဂေါတမသည်လည်း ထင်ရှားတည်ရှိ၏၊ ထိုသို့ ထင်ရှားတည်ရှိပါလျက် အချို့ကုန်သော တပည့်သာဝကတွေဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကြပြီး အချို့ကုန်သော တပည့်သာဝကတွေဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မပြီးစီးစေနိုင်ကြခြင်းမှာ မည်ကဲ့သို့သော အကြောင်းကြောင့်ပါနည်း”ဟု[မှတ်စု ၁] ထပ်မံကာ မေးမြန်းလျှောက်ထားလိုက်ပြန်၏၊
ထိုအခါ ဘုရားရှင်က ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီးကို ဤသို့ မေးမြန်းတော်မူလိုက်၏ “ဒကာတော်ပုဏ္ဏား... ဤသာဝတ္ထိပြည်မှ ရာဇဂြိုဟ်သို့ သွားရာလမ်းကို သင်ဒကာတော်ပုဏ္ဏား သိရှိပါသလား”ဟု မေးမြန်းတော်မူလိုက်၏၊ ထိုအခါ ပုဏ္ဏားကြီးက သိရှိပါကြောင်းကို ပြန်လည်ကာ လျှောက်ထားလိုက်၏၊ ထိုအခါ ဘုရားရှင်က ထပ်မံကာ ဤသို့ မေးမြန်းတော်မူလိုက်၏ ..။
“ ဒကာတော်ပုဏ္ဏား...ဆိုကြစို့ ..၊ ယောက်ျား (၂)ယောက်တို့ဟာ သင့်ထံသို့ လာရောက်ကာ ရာဇဂြိုဟ်သို့ သွားရာလမ်းကို မေးမြန်းပြီ ဆိုကြစို့၊ သင်ဒကာတော်ပုဏ္ဏားကလည်း ရာဇဂြိုဟ်သို့ သွားရာလမ်းကို ခရီးလမ်းညွှန် မြေပုံနှင့်တကွ အသေးစိတ် ညွှန်ကြားပြသပေးလိုက်ပြီ ဆိုကြစို့၊ ထိုအခါမှာ တစ်ယောက်သော ယောက်ျားက သင်ညွှန်ကြားပြသလိုက်သည့် ခရီးလမ်းညွှန်မြေပုံအတိုင်း တစ်သွေမတိမ်း လိုက်နာကာ သွားရောက်လိုက်သည့်အတွက် ရာဇဂြိုဟ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပြီ ဆိုကြစို့၊ သို့သော် .. တစ်ယောက်သော ယောက်ျားကား သင်ညွှန်ကြားပြသလိုက်သည့် ခရီးလမ်းညွှန်မြေပုံအတိုင်း မသွားဘဲ ထိပ်တိုက်ဆန့်ကျင်ဘက် လမ်းတစ်ခုကို ယူကာ သွားလိုက်သည့်အတွက် ရာဇဂြိုဟ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် မရောက်ရှိဘူး ဆိုကြစို့ ..။
ဒီနေရာမှာ .. ရာဇဂြိုဟ်လည်း ထင်ရှားတည်ရှိ၏၊ ရာဇဂြိုဟ်သို့ သွားရာလမ်းလည်း ထင်ရှားတည်ရှိ၏၊ ရာဇဂြိုဟ်သို့ သွားရာလမ်းကို ညွှန်ကြားပြသတတ်သည့် သင်ဒကာတော်ပုဏ္ဏားလည်း ထင်ရှားတည်ရှိ၏၊ ထိုသို့ ထင်ရှားတည်ရှိပါလျက် တစ်ယောက်သော ယောက်ျားကသာ ရာဇဂြိုဟ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပြီး တစ်ယောက်သော ယောက်ျားက ရာဇဂြိုဟ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် မရောက်ရှိခြင်းမှာ မည်ကဲ့သို့သော အကြောင်းကြောင့်ပါနည်း”ဟု မေးမြန်းတော်မူလိုက်၏၊
ထိုအခါ ပုဏ္ဏားကြီးက “ အရှင်ဂေါတမ ... တပည့်တော် ဘာတတ်နိုင်မှာလဲ၊ တပည့်တော်ဟာ မဂ္ဂက္ခာယီ (= ရာဇဂြိုဟ်သို့ သွားရာလမ်းကို ညွှန်ကြားပြသတတ်သည့် ခရီးလမ်းညွှန်သူ)သာ ဖြစ်ပါတယ်”ဟု ပြန်လည်ကာ လျှောက်ထားလိုက်၏၊
ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူလိုက်၏ ..။
“အလားတူပဲ ဒကာတော်ပုဏ္ဏား... နိဗ္ဗာန်တရားတော်မြတ်သည်လည်း ထင်ရှားရှိတာ မှန်၏၊ နိဗ္ဗာန်သွားရာ လမ်းသည်လည်း ထင်ရှားရှိတာ မှန်၏၊ နိဗ္ဗာန်သွားရာလမ်းကို ညွှန်ကြားပြသတတ်သည့် ငါဘုရားရှင်လည်း ထင်ရှား ရှိတာ မှန်၏၊ သို့သော် ငါဘုရားရှင်က တပည့်သာဝကတွေကို နိဗ္ဗာန်သွားရာ လမ်းကို ဒီလို တစ်ကြိမ်တစ်ခါ ဆိုဆုံးမပေမဲ့ ဒီလို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမပေမဲ့ အချို့ကုန်သော တပည့်သာဝကတွေသာ နိဗ္ဗာန်တရားတော်မြတ်ကို စင်စစ် ဆုံးဖြတ်ချက် ချနိုင်ကြတယ်၊ စင်စစ် ပြီးစီးစေနိုင်ကြတယ်။ အချို့ကုန်သော တပည့် သာဝကတွေကတော့ စင်စစ် မပြီးစီးစေနိုင်ကြပါဘူး။ ဒကာတော်ပုဏ္ဏား... ဒီနေရာမှာ ငါဘုရားရှင်ဟာ ဘာပြုလုပ်နိုင်မှာလဲ၊ ဒကာတော် ပုဏ္ဏား...တထာဂတဘုရားရှင်ဟာ မဂ္ဂက္ခာယီ (= နိဗ္ဗာန်သို့သွားရာ လမ်းကို ပြောပြတတ်သူ)သာ ဖြစ်ပါတယ်၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဟာ နိဗ္ဗာန်သို့သွားရာ လမ်းကို ဟောကြားပြသတတ်သူသာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကျင့်သူတွေသာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြမှာ ဖြစ်ကြပါတယ်”- ဟု မိန့်ကြားတော်မူလိုက်၏၊[မှတ်စု ၂]
ကျင့်သူတို့သာ လွတ်မြောက်နိုင်ကြပါသည်
တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ စျာယိနော မာရဗန္ဓနာ။[မှတ်စု ၃]
“သင်ချစ်သားတို့ ပြုသင့်ပြုထိုက်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသော လုပ်ငန်းကိစ္စရပ်ကို သင်ချစ်သားတို့ကိုယ်တိုင် အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ ..။ ငါဘုရားရှင်တို့ကတော့ နိဗ္ဗာန်ရောက်ကြောင်း တစ်ကြောင်းတည်းသော လမ်းဖြစ်သည့် သတိပဋ္ဌာန်တရားလေးပါးတည်းဟူသော လမ်းကို တစ်နည်းဆိုရသော် - မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသော လမ်းကို ဟောကြားပြသ ဆိုဆုံးမတတ်သူတို့သာ ဖြစ်ကြ၏၊ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို တကယ်လက်တွေ့ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ကြသည့် အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဟူသော နှစ်မျိုးသော စျာန်တို့ကို ဝင်စားနိုင်သူတို့သည်သာ ကိလေသာ မာရ်စစ်သည်တို့၏ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကြကုန်၏၊”
အာရမ္မဏူပနိဇ္ဈာနစျာန်နှင့် လက္ခဏူပနိဇ္ဈာနစျာန်
ဤနေရာတွင် အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၄]က အာရမ္မဏူပနိဇ္ဈာနစျာန်နှင့် လက္ခဏူပနိဇ္ဈာနစျာန်တို့ကို ဤကဲ့သို့ ရှင်းလင်းတင်ပြထား၏ ..။
“စျာန် - ဟူသည် အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဟု စျာန်(၂)မျိုး ရှိ၏၊ ထို (၂)မျိုးတို့တွင် လောကီစျာန်သမာပတ် (၈)ပါးတို့ကို –– ပထဝီကသိုဏ်းစသော သမထနိမိတ်အာရုံကို ကပ်၍ စိုက်စိုက်စူးစူး ရှုတတ်သောကြောင့် အာရမ္မဏူပနိဇ္ဈာနစျာန် ဟူ၍ ခေါ်ဆို၏၊။ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် လက္ခဏူပနိဇ္ဈာနစျာန် မည်၏၊ ထိုတွင် ဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏၊ ဝိပဿနာဉာဏ်၏ ပြုသင့်ပြုထိုက်သော သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို စူးစူးစိုက်စိုက် ရှုခြင်းလုပ်ငန်းကိစ္စ၏ မဂ်ဉာဏ်ကြောင့် ပြီးစီး ပြည့်စုံ လာရကား မဂ်ဉာဏ်သည် လက္ခဏူပနိဇ္ဈာနစျာန်မည်၏၊ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီး၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု သတ္တိအရှိန်အဝါကို ရရှိသဖြင့် သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟကို အကြွင်းမဲ့ ပယ်သတ်လိုက်၏၊ မသိမှုကို ပယ်သတ်လိုက်သဖြင့် သိမှုသည် ပြီးစီး ပြည့်စုံသွား၏၊ ဤသို့ ပြီးစီး ပြည့်စုံခြင်းကို ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီးပြည့်စုံခြင်းဟု ဆို၏၊ ထိုကြောင့် အရိယမဂ်တရားသည် ကိစ္စသိဒ္ဓိအားဖြင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏ဟု ဆိုလိုပေသည်။ အရိယဖိုလ်တရားသည်ကား နိရောဓသစ္စာအမည်ရသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၏ ဟုတ်မှန်တိုင်းသော သန္တိလက္ခဏာကို ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏၊”[မှတ်စု ၅]
ဤကဲ့သို့သော အာရမ္မဏူပနိဇ္ဈာနစျာန်နှင့် လက္ခဏူပနိဇ္ဈာနစျာန်တို့ကို ဝင်စားနိုင်သူတို့သည်သာလျှင် ကိလေသာ မာရ်စစ်သည်တို့၏ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကြပါသည်ဟု ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်ပေသည်။
- ↑ “ကော နု ခေါ ဘော ဂေါတမ ဟေတု ကော ပစ္စယော ယံ တိဋ္ဌတေဝ နိဗ္ဗာနံ, တိဋ္ဌတိ နိဗ္ဗာနဂါမီ မဂ္ဂေါ, တိဋ္ဌတိ ဘဝံ ဂေါတမော သမောဒပေတာ၊ အထ စ ပန ဘောတော ဂေါတမဿ သာဝကာ ဘောတာ ဂေါတမေန ဧဝံ ဩဝဒီယမာနာ ဧဝံ အနုသာသီယမာနာ အပ္ပေကစ္စေ အစ္စန္တံ နိဋ္ဌံ နိဗ္ဗာနံ အာရာဓေန္တိ, ဧကစ္စေ နာရာဓေန္တီ”တိ။ (ဥပရိပဏ္ဏာသ၊၅၆။)
- ↑ “ဧဝမေဝ ခေါ ဗြာဟ္မဏ တိဋ္ဌတေဝ နိဗ္ဗာနံ, တိဋ္ဌတိ နိဗ္ဗာနဂါမီ မဂ္ဂေါ, တိဋ္ဌာမဟံ သမောဒပေတာ၊ အထ စ ပန မမ သာဝကာ မယာ ဧဝံ ဩဝဒီယမာနာ ဧဝံ အနုသာသီယမာနာ အပ္ပေကစ္စေ အစ္စန္တံ နိဋ္ဌံ နိဗ္ဗာနံ အာရာဓေန္တိ, ဧကစ္စေ နာရာဓေန္တိ။ ဧတ္ထ ကျာဟံ ဗြာဟ္မဏ ကရောမိ? မဂ္ဂက္ခာယီဟံ ဗြာဟ္မဏ တထာဂတော”တိ။ (ဥပရိပဏ္ဏာသ၊၅၇။)
“ဧဝမေဝ ခေါ ဗြာဟ္မဏ တိဋ္ဌတေဝ နိဗ္ဗာနံ, တိဋ္ဌတိ နိဗ္ဗာနဂါမီ မဂ္ဂေါ, တိဋ္ဌာမဟံ သမောဒပေတာ၊ အထ စ ပန မမ သာဝကာ မယာ ဧဝံ ဩဝဒီယမာနာ ဧဝံ အနုသာသီယမာနာ အပ္ပေကစ္စေ အစ္စန္တံ နိဋ္ဌံ နိဗ္ဗာနံ အာရာဓေန္တိ, ဧကစ္စေ နာရာဓေန္တိ။ ဧတ္ထ ကျာဟံ ဗြာဟ္မဏ ကရောမိ? မဂ္ဂက္ခာယီဟံ ဗြာဟ္မဏ တထာဂတော။ မဂ္ဂံ ဗုဒ္ဓေါ အာစိက္ခတိ။ အတ္တနာ ပဋိပဇ္ဇမာနာ မုေဉ္ဇယျု”န္တိ။ (မဟာနိဒ္ဒေသ၊၂၅) - ↑ (ဓမ္မပဒ၊၅၂၊ ဂါထာ-၂၇၆။)
- ↑ စျာနန္တိ ဒုဝိဓံ စျာနံ--- အာရမ္မဏူပနိဇ္ဈာနံ လက္ခဏူပနိဇ္ဈာနန္တိ။ တတ္ထ အဋ္ဌ သမာပတ္တိယော ပထဝိကသိဏာဒိအာရမ္မဏံ ဥပနိဇ္ဈာယန္တီတိ “အာရမ္မဏူပနိဇ္ဈာန”န္တိ သင်္ချံ ဂတာ။ ဝိပဿနာမဂ္ဂဖလာနိ ပန လက္ခဏူပနိဇ္ဈာနံ နာမ။ တတ္ထ ဝိပဿနာ အနိစ္စာဒိလက္ခဏဿ ဥပနိဇ္ဈာနတော လက္ခဏူပနိဇ္ဈာနံ။ ဝိပဿနာယ ကတကိစ္စဿ မဂ္ဂေန ဣဇ္ဈနတော မဂ္ဂေါ လက္ခဏူပနိဇ္ဈာနံ။ ဖလံ ပန နိရောဓသစ္စံ တထလက္ခဏံ ဥပနိဇ္ဈာယတီတိ လက္ခဏူပနိဇ္ဈာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၂၁၁။)
- ↑ စျာနန္တိ ဒုဝိဓံ စျာနံ--- အာရမ္မဏူပနိဇ္ဈာနံ လက္ခဏူပနိဇ္ဈာနန္တိ။ တတ္ထ အဋ္ဌ သမာပတ္တိယော ပထဝိကသိဏာဒိအာရမ္မဏံ ဥပနိဇ္ဈာယန္တီတိ “အာရမ္မဏူပနိဇ္ဈာန”န္တိ သင်္ချံ ဂတာ။ ဝိပဿနာမဂ္ဂဖလာနိ ပန လက္ခဏူပနိဇ္ဈာနံ နာမ။ တတ္ထ ဝိပဿနာ အနိစ္စာဒိလက္ခဏဿ ဥပနိဇ္ဈာနတော လက္ခဏူပနိဇ္ဈာနံ။ ဝိပဿနာယ ကတကိစ္စဿ မဂ္ဂေန ဣဇ္ဈနတော မဂ္ဂေါ လက္ခဏူပနိဇ္ဈာနံ။ ဖလံ ပန နိရောဓသစ္စံ တထလက္ခဏံ ဥပနိဇ္ဈာယတီတိ လက္ခဏူပနိဇ္ဈာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၂၁၁။)