နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/တစ်ကြောင်းတည်းသောလမ်း
အခန်း (၁)
သဘောတရားရေးရာအပိုင်း
အသာဆုံး အမြတ်ဆုံး တရား
ယာဝတာ ဘိက္ခဝေ ဓမ္မာ သင်္ခတာ ဝါ အသင်္ခတာ ဝါ ..
ဝိရာဂေါ တေသံ ဓမ္မာနံ အဂ္ဂမက္ခာယတိ၊ ယဒိဒံ ...
မဒနိမ္မဒနော ပိပါသဝိနယော အာလယသမုဂ္ဃါတော
ဝဋ္ဋုပစ္ဆေဒေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။
ချစ်သား ရဟန်းတို့ ...
အကြင်ရွေ့လောက်ကုန်သော အကြောင်းတရားတို့သည် ပေါင်းစု၍ပြုပြင်အပ်သည်လည်း ဖြစ်ကုန်သော သင်္ခတတရားတို့သည်လည်းကောင်း ..,
အကြောင်းတရားတို့သည် ပေါင်းစု၍ မပြုပြင်အပ်သည်လည်း ဖြစ်ကုန်သော အသင်္ခတတရားတို့သည်လည်းကောင်း .. ရှိကြကုန်၏၊
ထို သင်္ခတ အသင်္ခတ တရားတို့တွင် ..
ရာဂနှင့် တကွသော သံကိလေသဓမ္မတို့၏ သင်္ခါရတရားတို့၏ ကင်းပြတ်ရာ ပျက်ပြယ်ရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို .. အမြတ်ဆုံးဟူ၍ ဆိုအပ်၏၊
မာနအစရှိသော ယစ်စေတတ်သော တရားတို့၏ ယစ်စေတတ်သည့် သတ္တိကင်းရာ ဖြစ်သော နိဗ္ဗာန်,
ကာမတို့ကို မွတ်သိပ်ဆာလောင်သော တဏှာ၏ ကင်းပျောက်ရာဖြစ်သော နိဗ္ဗာန်,
ငြိတွယ်စရာ ကာမဂုဏ်ငါးပါးတို့ကို အကြွင်းမဲ့ ဖြတ်ရာဖြစ်သော နိဗ္ဗာန်,
ဝဋ်သုံးပါး၏ ပြတ်ရာဖြစ်သော နိဗ္ဗာန်,
တဏှာ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်,
တဏှာ၏ ပျက်ပြယ်ရာ ကင်းရာဖြစ်သော နိဗ္ဗာန်,
တဏှာ၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်,
ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်ရာဖြစ်သော နိဗ္ဗာန် ..
ဤနိဗ္ဗာန်တရားတော်မြတ်သည် အသင်္ခတ တရားတည်း၊
သင်္ခတ အသင်္ခတ တရားတို့တွင် ယင်းအသင်္ခတတရားသည် အသာဆုံး အမြတ်ဆုံး တရားတည်း။
(အံ၊၁၊၃၄၃။ ခု၊၁၊၂၅၄။)
နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။
“ရဟန်းတို့ ... ဤခရီးလမ်းသည် .. သတ္တဝါတို့၏ စိတ်ဓာတ် သန့်ရှင်းစင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို ကျော်လွှားလွန်မြောက်ရန်, ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကို ရရှိရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း .. ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းသည်ကား ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။”[မှတ်စု ၁]
ဘုရားရှင်သည် ဤမဟာသတိပဋ္ဌာနသုတ္တန်နိဒါန်းဝယ် နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းမှာ သတိပဋ္ဌာန်တရား လေးပါးတည်းဟူသော ကျင့်စဉ်ပင် ဖြစ်ကြောင်းကို ကြေညာထားတော်မူခဲ့၏၊ ဤကြေညာချက်အရ နိဗ္ဗာန်သို့သွားရာလမ်းမှာ တစ်ကြောင်းတည်းသော လမ်းသာ ရှိ၏၊ နှစ်လမ်း သုံးလမ်း စသည် မရှိ၊ ကျင့်စဉ်နည်းလမ်း အမျိုးမျိုး မရှိဟု သဘောပေါက်ပါ။ သို့သော် ထိုကဲ့သို့သော တစ်ကြောင်းတည်းသော လမ်းကို လျှောက်သွားရာ၌ မိမိလျှောက်သွားနေသော လမ်းသည် ဘုရားရှင် ညွှန်ကြားထားတော်မူသည့် မှန်ကန်တိကျသည့် သတိပဋ္ဌာန်လမ်းစဉ် ဖြစ်ဖို့ကား အထူးလိုအပ်လှပေသည်။ အကယ်၍ မိမိလျှောက်သွားနေသော လမ်းမှာ ဘုရားရှင် ညွှန်ကြားထားတော် မူသည့် မှန်ကန်တိကျသည့် သတိပဋ္ဌာန်လမ်းစဉ် မဟုတ်ခဲ့ပါမူကား မိမိမျှော်မှန်းထားသည့် နိဗ္ဗာန်ဟူသည့် ပန်းတိုင်သို့ ဆိုက်ရောက်နိုင်မည်ကား မဟုတ်ပေ။[မှတ်စု ၂] ဂဏကမောဂ္ဂလ္လာနသုတ္တန်တွင် လာရှိသော အောက်ပါ ဂဏကမောဂ္ဂလ္လာန် ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို ပြန်လည်ဖြေကြားထားတော်မူသည့် ဘုရားရှင်၏ မိန့်ကြားတော်မူချက် များကို ဆက်လက် ဖတ်ရှုကြည့်ပါ ..။
- ↑ (ဒီ၊၂၊၂၃၀။ မ၊၁၊၇၀။)
- ↑ မှတ်ချက်---- ဤအရာတွင် အထူးသတိပြုရန် အချက်တစ်ရပ် ရှိနေသေး၏၊ ဘုရားရှင်သည် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်စသည့် ထိုထိုသုတ္တန်တို့၌ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ’ အဖြစ် ဟောကြားထားတော်မူခဲ့၏၊ သတိပဋ္ဌာန်လေးပါးကျင့်စဉ်နှင့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တို့မှာ မတူကွဲပြားခြားနားသော ကျင့်စဉ်တရားများ ဖြစ်ကြသည်ဟုကား အယူအဆ မမှားစေလိုပါ။ ယင်းကျင့်စဉ်နှစ်မျိုးတို့၏ ဟောကြားထားတော်မူသည့် ဦးတည်ချက် အနက်အဓိပ္ပါယ်မှာ တူညီလျက်ပင် ရှိနေပေသည်။ သတိပဋ္ဌာန်တရား (၄)ပါးတို့ကို ပွားများအားထုတ်နေခြင်းသည် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပွားများနေခြင်းပင် ဖြစ်၏၊ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပွားများအားထုတ်နေခြင်းသည်လည်း သတိပဋ္ဌာန်တရား (၄)ပါးတို့ကို ပွားများအားထုတ်နေခြင်းပင် ဖြစ်ပေသည်။ စာမျက်နှာ (၁၄၄) တွင် ကြည့်ပါ။