မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အာသီသကထာ

ဝီကီရင်းမြစ် မှ

ရည်သန်တောင့်တ အာသီသ

ဘုရားရှင်၏ စစ်မှန်သည့် သဒ္ဓမ္မသုံးဖြာ သာသနာတော်ကြီး ထွန်းလင်းတောက်ပရေး

တစ်ချိန်တွင် .. အသျှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးသည် ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူကာ “အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ရောက်ရှိတော်မူကြသည့် ရဟန္တာအရှင်မြတ်တို့၏ အရေအတွက် များပြားရခြင်း၏ အကြောင်းနှင့် နည်းပါးရခြင်း၏ အကြောင်းတို့ကို” ဘုရားရှင်အား မေးမြန်းလျှောက်ထားတော်မူခဲ့၏၊ ယင်းမေးခွန်းတို့၏ အဖြေများကို လည်းကောင်း၊ သဒ္ဓမ္မအမည်ရသည့် ဘုရားရှင်၏ တရားစစ် တရားမှန်တို့သည် သဒ္ဓမ္မပ္ပဋိရူပကအမည်ရသည့် တရား အတုအယောင်တို့ လွှမ်းမိုးလာသောအခါ ကွယ်ပျောက်သွားနိုင်ကြောင်းကိုလည်းကောင်း ဘုရားရှင်က “သဒ္ဓမ္မပ္ပဋိရူပက သုတ္တန်”တွင် ဤသို့ ဖြေကြားထားတော်မူခဲ့၏၊ ယင်းသဒ္ဓမ္မပ္ပဋိရူပကသုတ္တန်ကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

သဒ္ဓမ္မပ္ပဋိရူပကသုတ္တန်

တပည့်တော် အာနန္ဒာသည် ဘုရားရှင်၏ ထံတော်မှောက်မှ သဒ္ဓမ္မပ္ပဋိရူပကသုတ္တန် တရားဒေသနာတော်ကို ဤသို့လျှင် နာခံမှတ်သားဆောင်ထားလိုက်ရပါသည် အရှင်ဘုရား ..။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် အနာထပိဏ်ကျောင်းဒါယကာ၏ အရံဖြစ်သော ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူ၏၊ ထိုအခါ .. အသျှင်မဟာကဿပ မထေရ်မြတ်သည် ဘုရားရှင်၏ ထံတော်မှောက်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို အလွန် ရိုသေစွာ ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် .. ဘုရားရှင်အား ဤစကားကို လျှောက်ထားတော်မူခဲ့၏ ..။

“မြတ်စွာဘုရား ...ရှေးက သိက္ခာပုဒ်တို့သည် အလွန်နည်းလှသည်သာလျှင် ဖြစ်ကုန်၏၊ များစွာကုန်သော ရဟန်းတော်တို့သည်လည်း အရဟတ္တဖိုလ်၌ တည်တော်မူကြကုန်၏၊ ထိုကဲ့သို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာ ဘုရား၊

မြတ်စွာဘုရား ... ယခုအခါ၌ သိက္ခာပုဒ်တို့သည်လည်း အလွန်များပြားကြသည်သာလျှင် ဖြစ်ကုန်၏၊ အလွန် နည်းပါးသည်သာလျှင် ဖြစ်ကုန်သော ရဟန်းတော်တို့သည်လည်း အရဟတ္တဖိုလ်၌ တည်တော်မူကြကုန်၏၊ ထိုကဲ့သို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာဘုရား ..”ဟု လျှောက်ထားတော်မူ၏၊

ချစ်သား ကဿပ ... ထိုအရာသည် ဤသို့ပင် ဖြစ်ပေ၏၊ သတ္တဝါတို့သည် ဆုတ်ယုတ်ကုန်သည်ရှိသော် သူတော်ကောင်းတရားသည် ကွယ်ပသည်ရှိသော် သိက္ခာပုဒ်တို့သည်လည်း အလွန်များပြားကြသည်သာလျှင် ဖြစ်ကုန်၏၊ အလွန်နည်းပါးသည်သာလျှင် ဖြစ်ကုန်သော ရဟန်းတို့သည်လည်း အရဟတ္တဖိုလ်၌ တည်ကြကုန်၏၊

ချစ်သား ကဿပ ...အကြင်မျှလောက်သော ကာလပတ်လုံး လောက၌ သူတော်ကောင်းတရား အတုအယောင် သည် မဖြစ်ပေါ်လာသေး၊ ထိုမျှလောက်သော ကာလပတ်လုံး မှန်ကန်သော သူတော်ကောင်းတရားသည် မကွယ်ပသေး သည်သာလျှင် ဖြစ်၏၊ ချစ်သား ကဿပ ...အကြင်အခါ၌ကား လောက၌ သူတော်ကောင်းတရားအတုအယောင်သည် ဖြစ်ပေါ်၏၊ ထိုအခါ၌ မှန်ကန်သော သူတော်ကောင်းတရား၏ ကွယ်ပခြင်းသည်လည်း ထင်ရှားဖြစ်ပေါ်လာပေ၏၊

ချစ်သား ကဿပ ... ဥပမာသော်ကား အကြင်မျှလောက်သော ကာလပတ်လုံး လောက၌ ရွှေအတုသည် မဖြစ်ပေါ်လာသေး၊ ထိုမျှလောက်သော ကာလပတ်လုံး ရွှေအစစ်သည် မကွယ်ပသေးသည်သာလျှင် ဖြစ်၏၊ ချစ်သား ကဿပ ... အကြင်အခါ လောက၌ ရွှေအတုသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ရွှေအစစ်၏ ကွယ်ပခြင်း သည်လည်း ဖြစ်ပေါ်လာပေ၏၊ ချစ်သား ကဿပ ... ဤအတူသာလျှင် အကြင်မျှလောက်ကာလပတ်လုံး လောက၌ သူတော်ကောင်းတရား အတုအယောင်သည် မဖြစ်ပေါ်လာသေး၊ ထိုမျှလောက်ကာလပတ်လုံး .. မှန်ကန်သော သူတော်ကောင်းတရားသည် မကွယ်ပသေးသည်သာလျှင် ဖြစ်၏၊ ချစ်သား ကဿပ ... အကြင်အခါ လောက၌ သူတော်ကောင်းတရား အတုအယောင်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုအခါ၌ မှန်ကန်သော သူတော်ကောင်းတရား၏ ကွယ်ပခြင်းသည်လည်း ထင်ရှားဖြစ်ပေါ်လာပေ၏၊

ချစ်သား ကဿပ ... ပထဝီဓာတ်သည် မှန်ကန်သော သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ အာပေါဓာတ်သည် မှန်ကန်သော သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ တေဇောဓာတ်သည် မှန်ကန်သော သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ ဝါယောဓာတ်သည် မှန်ကန်သော သူတော်ကောင်းတရားကို မကွယ် ပျောက်စေနိုင်။ စင်စစ်သော်ကား အကြင်ယောကျ်ားတို့သည် ဤသူတော်ကောင်းတရားကို ကွယ်ပျောက်စေကုန်၏၊ မဂ်ဖိုလ် နိဗ္ဗာန်မှ အချည်းနှီးဖြစ်ကြကုန်သော ထိုယောကျ်ားတို့သည် ဤသာသနာတော်၌သာ ထင်ရှားဖြစ်ပေါ်လာကြကုန်၏၊ “လှေသည် ဝန်ကို ယူဆောင်ခြင်းဖြင့်သာလျှင် နစ်မြုပ်ရသကဲ့သို့” ချစ်သား ကဿပ ... မှန်ကန်သော သူတော်ကောင်း တရား၏ ကွယ်ပျောက်ခြင်းသည်ကား မဖြစ်နိုင်ပေ။

ချစ်သား ကဿပ ... အောက်အဖို့သို့ သက်ရောက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်း တရား မှေးမှိန်ခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏၊ အဘယ်ငါးမျိုးတို့နည်းဟူမူ –– ချစ်သား ကဿပ ... ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောကျ်ား ဥပါသိကာမိန်းမတို့သည် ..

၁။ မြတ်စွာဘုရား၌ မရိုသေ, မတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၂။ တရားတော်၌ မရိုသေ, မတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၃။ သံဃာတော်၌ မရိုသေ, မတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၄။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ဝိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၌ မရိုသေ, မတုပ်ဝပ် ကုန်သည်ဖြစ်၍ နေကုန်၏၊
၅။ စျာန်သမာပတ် ရှစ်ပါးတည်းဟူသော သမာဓိတရားတော်၌ မရိုသေ, မတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊

ချစ်သား ကဿပ ... အောက်အဖို့သို့ သက်ရောက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်း တရား မှေးမှိန်ခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏၊

ချစ်သား ကဿပ ... ဤတရား ငါးမျိုးတို့သည် မှန်ကန်သော သူတော်ကောင်းတရား၏ တည်တံ့ခြင်းငှာ မမှေးမှိန်ခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏၊ အဘယ်ငါးမျိုးတို့နည်းဟူမူ –– ချစ်သား ကဿပ ... ဤသာသနာတော်၌ ရဟန်းယောကျ်ား ရဟန်းမိန်းမ ဥပါသကာယောကျ်ား ဥပါသိကာမိန်းမတို့သည် ..

၁။ မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၂။ တရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၃။ သံဃာတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၄။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ဝိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၌ ရိုသေတုပ်ဝပ် ကုန်သည်ဖြစ်၍ နေကုန်၏ (= အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကုန်၏)၊
၅။ စျာန်သမာပတ် ရှစ်ပါးတည်းဟူသော သမာဓိတရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏ (= အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကုန်၏)၊

ချစ်သား ကဿပ ... ဤတရား ငါးမျိုးတို့သည် မှန်ကန်သော သူတော်ကောင်းတရား၏ တည်တံ့ခြင်းငှာ မမှေးမှိန်ခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏ဟု ဟောကြားတော်မူ၏၊[မှတ်စု ၁]

ဤအရာတွင် သဒ္ဓမ္မ သုံးဖြာ သာသနာတော်နှင့် သဒ္ဓမ္မပ္ပဋိရူပက = သူတော်ကောင်းတရားအတုအယောင် သုံးမျိုးတို့ကို ယင်းသုတ္တန်အဋ္ဌကထာ[မှတ်စု ၂]က ရှင်းလင်းဖွင့်ဆိုထားပါသည်။

၁။ အဓိဂမသဒ္ဓမ္မ= အရိယမဂ်ဉာဏ် (၄)ပါး, အရိယဖိုလ်ဉာဏ် (၄)ပါး, ပဋိသမ္ဘိဒါဉာဏ် (၄)ပါး, အဘိညာဏ် (၆)ပါး, စျာန်သမာပတ် (၈)ပါး၊

၂။ ပဋိပတ္တိသဒ္ဓမ္မ = အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ပဋိသမ္ဘိဒါဉာဏ် အစရှိသည့် အဓိဂမသဒ္ဓမ္မတရားတော်ကို ရရှိရေးအတွက် ကျင့်ရမည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ဝိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၊

၃။ ပရိယတ္တိသဒ္ဓမ္မ = ယင်းသိက္ခာသုံးရပ် အကျင့်မြတ်ကို မှန်မှန်ကန်ကန် တိတိကျကျ ဖော်ပြထားသည့် ဘုရားရှင်၏ ပရိယတ်တရားတော် –

ဤသို့လျှင် သဒ္ဓမ္မ သုံးဖြာ လာရှိပေသည်။ ယင်းသဒ္ဓမ္မ သုံးဖြာကို ကွယ်ပျောက်စေတတ်သည့် သဒ္ဓမ္မပ္ပဋိရူပက = သူတော်ကောင်းတရားအတုအယောင် သုံးမျိုးလည်း လာရှိပေသည်။

၁။ အဓိဂမသဒ္ဓမ္မပ္ပဋိရူပက = မဂ်ဉာဏ်အတု ဖိုလ်ဉာဏ်အတု စသည့် အတုအယောင်များ = ဩဘာသ စသည့် ဥပက္ကိလေသတရား (၁၀)ပါးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် အစစ်အဖြစ် အယူအဆ မှားယွင်းမှု၊ (ဥပက္ကိလေသ တရား (၁၀)ပါးအကြောင်းကို ဝိပဿနာပိုင်း[မှတ်စု ၃]တွင် ကြည့်ပါ။)

၂။ ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပက = ဘုရားရှင်၏ တရားတော်နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သည့် မမှန်ကန်သည့် သီလကျင့်စဉ်, မမှန်ကန်သည့် သမာဓိကျင့်စဉ်, မမှန်ကန်သည့် ဝိပဿနာပညာကျင့်စဉ်၊

၃။ ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက = မမှန်ကန်သည့် သီလကျင့်စဉ်, မမှန်ကန်သည့်သမာဓိကျင့်စဉ်, မမှန်ကန်သည့် ဝိပဿနာ ပညာကျင့်စဉ်တို့ကို ညွှန်ကြားပြသနေသည့်၊ ဘုရားရှင်၏ မှန်ကန်သည့် ပရိယတ်တရားတော်နှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်နေသည့် အတုအယောင် သီလကျင့်စဉ်, အတုအယောင် သမာဓိကျင့်စဉ်, အတုအယောင် ဝိပဿနာပညာကျင့်စဉ်တရားများ –

ဤသို့လျှင် မှန်ကန်သည့် သဒ္ဓမ္မကျင့်စဉ် သုံးမျိုးရှိသကဲ့သို့ မမှန်ကန်သည့် သူတော်ကောင်းတရားအတုအယောင် သဒ္ဓမ္မပ္ပဋိရူပက ကျင့်စဉ်သုံးရပ်လည်း ရှိနေပေသည်။ အတုအယောင် သဒ္ဓမ္မပ္ပဋိရူပက ကျင့်စဉ်များ လွှမ်းမိုးဖိစီးလာသော အခါ မှန်ကန်သည့် သဒ္ဓမ္မ သုံးဖြာ သာသနာတော်ကြီးသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားနိုင်မည် ဖြစ်ပေသည်။

သစ္စသံယုတ်ပါဠိတော် သီသပါဝနသုတ္တန်[မှတ်စု ၄]တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ဘုရားရှင်၏ တရားတော်များကို အကျဉ်းချုပ်လိုက်ပါက အရိယသစ္စာလေးရပ် တရားမြတ်တို့သာ ဖြစ်ကြသည်။ ယင်းအရိယသစ္စာ လေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရေးအတွက် ညွှန်ကြား ပြသနေသည့် ပရိယတ်တရားတော်တို့ကား မှန်ကန်သည့် ပရိယတ္တိသဒ္ဓမ္မတရားတော်များသာ ဖြစ်ကြသည်။ ယင်းပရိယတ္တိ သဒ္ဓမ္မတရားတော်က ညွှန်ကြားပြသထားသည့်အတိုင်း မှန်မှန်ကန်ကန် တိတိကျကျ လိုက်နာကျင့်သုံးနေသည့် သီလ ကျင့်စဉ် သမာဓိကျင့်စဉ် ဝိပဿနာပညာကျင့်စဉ်တို့ကား မှန်ကန်သည့် ပဋိပတ္တိသဒ္ဓမ္မတရားတော်များပင် ဖြစ်ကြသည်။ ယင်းကဲ့သို့ မှန်ကန်သည့် ပဋိပတ္တိသဒ္ဓမ္မတရားတော်ကို တကယ်လက်တွေ့ ဖြူဖြူစင်စင် ဖြည့်ကျင့်ခြင်းကြောင့် ဖြစ်ပေါ် လာရသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် အစရှိသည့် အဓိဂမတရားတော်တို့သည်ကား မှန်ကန်သည့် အဓိဂမသဒ္ဓမ္မ တရားတော်များပင် ဖြစ်ကြပေသည်။

ဘုရားရှင် ညွှန်ကြားပြသထားတော်မူသည့် ဒုက္ခအရိယသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်ပရမတ် တရား+နာမ်ပရမတ်တရားတို့ကို ဘုရားရှင်၏ တပည့်သာဝကတစ်ဦးသည် ရှု၍ မရနိုင်ဟု ညွှန်ကြားပြသနေသော ညွှန်ကြားချက်တို့ကား ပရိယတ်အတုအယောင် ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားတို့ပင် ဖြစ်ကြသည်။ တစ်ဖန် အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်[မှတ်စု ၅]တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်သည်ကား သမုဒယအရိယသစ္စာတရားပင် ဖြစ်သည်။ ယင်းကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်အကျဉ်းချုပ်မှာ ... “အတိတ်အကြောင်းတရားငါးပါး ထင်ရှား ဖြစ်ခြင်းကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းတရားငါးပါး ထင်ရှားဖြစ်ခြင်းကြောင့် အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံ” –– တို့ပင်တည်း။[မှတ်စု ၆] ယင်းဖြစ်စဉ်ကား ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားသုံးသပ်ရမည့် လုပ်ငန်းခွင်ပင် ဖြစ်ပေသည်၊ ဆရာ့အပြောနှင့် ပါးစပ်ဟကာ အလွမ်းကြီးလွမ်းရမည့် လုပ်ငန်းခွင်မျိုးလည်းမဟုတ်ပေ။ အကယ်၍ အတိတ်သည် ဖြစ်ပြီးပြီ မရှိတော့ပြီဖြစ်၏၊ အနာဂတ်သည်လည်း မဖြစ်ပေါ်လာသေး မရောက်ရှိလာသေး၊ သို့အတွက် အတိတ်-အနာဂတ်ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ မရနိုင်ဟု ညွှန်ကြားနေကြသည်ဖြစ်အံ့၊ ယင်းညွှန်ကြားချက်တို့မှာ ပရိယတ်အတုအယောင် ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားတို့ပင် ဖြစ်ကြသည်။

တစ်ဖန် ယင်းတိတ္ထာယတနသုတ္တန်[မှတ်စု ၇]တွင်ပင် ယင်းကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ချုပ်စဉ်ကိုလည်း နိရောဓအရိယသစ္စာတရားဟု ဘုရားရှင်က ဟောကြားထားတော်မူခဲ့၏၊ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ[မှတ်စု ၈] ဆရာတော်ကလည်း နောက်အနာဂတ်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် အရဟတ္တမဂ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်းသမုဒယအရိယသစ္စာတရားတို့၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သော အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် ပရိနိဗ္ဗာန စုတိအခိုက်တွင် အကျိုး ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခအရိယသစ္စာတရားတို့၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သော အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုကို ဆိုလိုပါကြောင်း ကိုလည်း ရှင်းပြထားတော်မူ၏၊ ဤနိရောဓအရိယသစ္စာတရားကို ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဥဒယဗ္ဗယဉာဏ် ကဲ့သို့သော ဝိပဿနာဉာဏ်ဖြင့်[မှတ်စု ၉] ထိုးထွင်းသိမြင်အောင် ရှုပွားရမည့် ကျင့်စဉ်ပင် ဖြစ်ပေသည်။ သို့သော် အကယ်၍ ကျင့်စဉ်တစ်ခုက အနာဂတ်သည်လည်း မဖြစ်ပေါ်လာသေး မရောက်ရှိလာသေးအတွက် အနာဂတ်ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ မရနိုင်ဟု ညွှန်ကြားနေသည်ဖြစ်အံ့၊ ယင်းညွှန်ကြားချက်မှာလည်း ပရိယတ်အတုအယောင် ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက တရားပင် ဖြစ်ပေသည်။ ယင်းပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားကို အမှီပြု၍ အလွဲလွဲ အချော်ချော် ကျင့်နေသည့် ကျင့်စဉ် မှာလည်း ပဋိပတ်အတုအယောင် ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားပင် ဖြစ်ပေသည်။ ယင်း ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားတို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော အဓိဂမတရားမှာလည်း တကယ့်အဓိဂမ = အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် အစစ် မဖြစ်နိုင်သည့်အတွက် အဓိဂမအတုအယောင် အဓိဂမသဒ္ဓမ္မပ္ပဋိရူပကတရားပင် ဖြစ်ပေသည်။

ယင်း ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပက အဓိဂမသဒ္ဓမ္မပ္ပဋိရူပကတရားတို့ ထွန်းလင်းတောက်ပ လာပါက ဘုရားရှင် ဟောကြားပြသဆိုဆုံးမထားတော်မူခဲ့သည့် စစ်မှန်သည့် ပရိယတ္တိသဒ္ဓမ္မ ပဋိပတ္တိသဒ္ဓမ္မ အဓိဂမသဒ္ဓမ္မ တရားတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်ပေသည်။ ထိုကဲ့သို့ မပျောက်ကွယ်နိုင်စေရန်, စစ်မှန်သည့် သဒ္ဓမ္မသုံးဖြာ သာသနာတော်ကြီး ထွန်းလင်းတောက်ပလာစေရန် ရည်သန်တောင့်တလျက် ကျမ်းစာအုပ်အဖြစ် ရိုက်နှိပ်လိုသူတို့၏ လျှောက်ထားတောင်းပန်ချက်အရ ဤကျမ်းစာကို ပုံနှိပ် လှူဒါန်းခြင်း ဖြစ်ပါသည်။

တရားစစ် တရားမှန်ကို ..
လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်ကောင်း သူမြတ်လောင်း အပေါင်းတို့သည်လည်း ... မမှန်ကန်သည့် ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပက အဓိဂမသဒ္ဓမ္မပ္ပဋိရူပကတရားတို့ မထွန်းလင်း မတောက်ပနိုင်အောင် ..,
ဘုရားရှင်၏ စစ်မှန်သည့် ပရိယတ္တိသဒ္ဓမ္မ ပဋိပတ္တိသဒ္ဓမ္မ အဓိဂမသဒ္ဓမ္မတရားတို့ ထွန်းလင်း တောက်ပလာအောင် ..
ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် .........။

ဖားအောက်တောရဆရာတော်

  1. (သံ၊၁၊၄၂၂-၄၂၃။)
  2. (သံ၊ဋ္ဌ၊၂၊၁၈၆-၁၈၉။)
  3. (စာမျက်နှာ၊၇၉၈။)
  4. (သံ၊၃၊၃၈၃၊ စာပိုဒ်၊၁၁၀၁။)
  5. (အံ၊၁၊၁၇၈။)
  6. (စာမျက်နှာ၊၂၄-၂၇-တွင် ကြည့်ပါ။)
  7. (အံ၊၁၊၁၇၈။)
  8. အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အနာဂတဘဝဿ ပစ္စယဘူတာယ ဣမသ္မိံ ဘဝေ အဝိဇ္ဇာယ အရဟတ္တမဂ္ဂဉာဏေန နိရောဓေ ကတေ ပစ္စယာဘာဝါ အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတီတိ အတ္ထော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၆။)
    အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)
  9. (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။ မဟာဋီ၊၂၊၄၂၃-၄၂၄။)