နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဈာန်နာမ်တရားတို့ကို သိမ်းဆည်းပုံစနစ်
စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံစနစ်
ဤ အထက်ပါဇယားတွင် ရေးသားတင်ပြထားသော ပထမစျာနသမာပတ္တိဝီထိစသော ဝီထိစိတ်များ၏ အတွင်း၌ တည်ရှိသော စျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုဟူသော အမည်နာမ ပညတ်များကိုကား ယောဂါဝစရပုဂ္ဂိုလ်သည် သိရှိနိုင်မည် မဟုတ်ပါ။ ပရိကံ, ဥပစာ စသော ထိုကဲ့သို့သော အခြင်းအရာ အားဖြင့် ဖြစ်ပေါ်သွားကြသော ဇောစိတ်များအနေဖြင့်သာ သိရှိနိုင်မည် ဖြစ်သည်။ ယင်း ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဇောများမှာ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့အဖို့ မဟာကုသိုလ်ဇောများသာ ဖြစ်ကြ၏၊ ရဟန္တာ အရှင်မြတ်ကြီးများ အဖို့ကား မဟာကြိယာဇောများသာ ဖြစ်ကြ၏၊ ဉာဏ်ထက်မြက်သူ၌ ဥပစာ အနုလုံ ဂေါတြဘုဟု ဥပစာရစျာန်ဇော သုံးကြိမ်သာ ကျသည်။
နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်း လိုလတ်သော် မိမိ သိမ်းဆည်းလိုသော စျာန်ကို ဝင်စားပါ။ ထိုနောင် စျာန်မှထ၍ ဘဝင်မနောအကြည်ဓာတ်နှင့် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော စျာန်၏ အာရုံကို ပူးတွဲသိမ်းဆည်းပါ။ ထိုနောင် စျာန်အင်္ဂါတို့ကို စတင်၍ သိမ်းဆည်းပါ။ အကြိမ်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ဖို့ကား လိုအပ်မည်သာ ဖြစ်သည်။ အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော စျာန်၏အာရုံ သမထနိမိတ်က ယင်းဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ ရှေးရှူကျရောက် လာသောအခါ ယင်းစျာန်အင်္ဂါတို့၏ အကြိမ်များစွာ ဆက်တိုက် စိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုသဖြင့် အောင်မြင်မှုကို ရရှိသောအခါ ..
၁။ အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ,
၂။ ဝေဒနာက စ၍ ဖြစ်စေ,
၃။ ဖဿက စ၍ ဖြစ်စေ –
နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်း ရှုပွားနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် နာမ်တရားတို့ကို တစ်စတစ်စ တိုး၍တိုး၍ (တစ်လုံးစီ တစ်လုံးစီ တိုး၍တိုး၍) စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ်တရားများကို ဉာဏ်မှီသမျှ စိတ္တက္ခဏတိုင်း၌ ကုန်စင်အောင် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ရှေးဦးစွာ စျာန်ကို ဝင်စားပြီးနောက် စျာန်မှ ထလျှင်ထချင်း စျာန်နာမ်တရားတစ်လုံးကို အကြိမ်များစွာ ဖြစ်နေမှုကို မြင်အောင် ရှုပါ။ တစ်ဖန် စျာန်ပြန်ဝင်စားပါ၊ စျာန်မှ ထလျှင် ထချင်း စျာန်နာမ်တရား နှစ်လုံးကို အကြိမ်များစွာ ဖြစ်နေမှုကို မြင်အောင် ရှုပါ။ ဤနည်းဖြင့် စျာန်ဝင်စားလိုက် စျာန်မှ ထကာ စျာန်နာမ်တရားတို့ကို သိမ်းဆည်းလိုက်ဖြင့် စျာန်နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ တိုး၍ သိမ်းဆည်းပါ။ အဘိဓမ္မာအခြေခံပညာ အားကောင်းသူများ ဉာဏ်ထက်မြက်သူများကား ဤမျှဆိုလျှင် သိမ်းဆည်း တတ်မည် ဖြစ်၏၊ သို့သော် အဘိဓမ္မာအခြေခံပညာ အားနည်းသူ ဉာဏ်နုံ့သူ သူတော်ကောင်းတို့သည်ကား ရံခါ သဘောပေါက်ရန် အလွန် ခဲယဉ်းလှသည်ကို တွေ့ရ၏၊ ထိုကြောင့် ဉာဏ်နုံ့သူ သူတော်ကောင်းများအတွက် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို ထပ်မံ၍ ရေးသား တင်ပြအပ်ပါသည်။
ဝိတက်စသော စျာန်အင်္ဂါတို့၏ အပေါင်းအစုကို စျာန်ဟု ခေါ်ဆို၍ ယင်းစျာန်နှင့် ယှဉ်သော စိတ်စေတသိက် တရားစုကို စျာနသမ္ပယုတ္တဓမ္မဟု ခေါ်ဆိုပေသည်။ ယင်းစျာန်နှင့် စျာနသမ္ပယုတ္တဓမ္မတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရမည်ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁]၌ ညွှန်ကြားထားပေသည်။
- ↑ (ဝိသုဒ္ဓိ၊၂၊၂၂၂။)