မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပထမဈာန်နာမ်တရား (၃၄)

ဝီကီရင်းမြစ် မှ

အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုသော ပထမစျာန်နာမ်တရား (၃၄)

၁။ အသိစိတ် = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ရယူခြင်းသဘော၊
[ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ – ဟူသော မူလဋီကာ[မှတ်စု ၁]နှင့် အညီတည်း။]
၂။ ဖဿ= အာနာပါနပဋိဘာဂနိမိတ် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ)၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော (ရသ)၊
၃။ ဝေဒနာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ (= ဝမ်းမြောက်ဝမ်းသာ) ခံစားခြင်းသဘော၊ (ပထမစျာန်၌ သောမနဿဝေဒနာတည်း။)
၄။ သညာ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို မှတ်သားခြင်းသဘော၊
၅။ စေတနာ = အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော၊
၆။ ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော၊ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်တည်ငြိမ်နေခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊
၇။ ဇီဝိတ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊
၈။ မနသိကာရ = အာနာပါနပဋိဘာဂနိမိတ် အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှလုံးသွင်းခြင်းသဘော၊
၉။ ဝိတက် = အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ရှေးရှု တင်ပေးခြင်း သဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို ကြံစည်ခြင်းသဘော၊
၁၀။ ဝိစာရ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း (= ဆုပ်နယ်ခြင်း) သဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်၍ ထပ်၍ ယူခြင်းသဘော၊
၁၁။ အဓိမောက္ခ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊
၁၂။ ဝီရိယ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ သမ္ပယုတ်တရားတို့ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း သဘော၊
= သမ္ပယုတ်တရားတို့ကို အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ရောက်အောင် ချီးပင့်ပေးခြင်း သဘော၊[မှတ်စု ၂]၁၃။ ပီတိ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်ခြင်းသဘော၊
၁၄။ ဆန္ဒ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို သိလိုခြင်း (= သမ္ပယုတ်တရားတို့ ဖြစ်လိုခြင်း) သဘော၊
၁၅။ သဒ္ဓါ = အာနာပါနစျာန်သမာဓိသိက္ခာ = အာနာပါနစျာန်သမာဓိကျင့်စဉ်ကို ယုံကြည်မှုသဘော၊
၁၆။ သတိ= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို မမေ့ပျောက်ခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊
၁၇။ ဟိရိ= မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊
၁၈။ ဩတ္တပ္ပ= မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊
၁၉။ အလောဘ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်မကပ်ငြိခြင်း, မတပ်မက်ခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို ငါ့ဟာဟု မစွဲယူခြင်းသဘော၊
၂၀။ အဒေါသ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊
ဝီရိယသို့ တိုင်အောင်သော စိတ်+စေတသိက် (၁၂)လုံး ဖြစ်သည်။
၂၁။ တတြမဇ္ဈတ္တတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊ (စိတ်ဓာတ် တက်ကြွမြင့်မောက်မှု = မာန, စိတ်ဓာတ်ကျဆင်းမှု = ထိန+မိဒ္ဓတို့ဘက်သို့ ဘာဝနာစိတ်ကို မရောက်အောင် ဘာဝနာအာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော။)
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို လျစ်လျူရှုခြင်းသဘော၊
၂၂။ ကာယပဿဒ္ဓိ= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊
၂၃။ စိတ္တပဿဒ္ဓိ= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ငြိမ်းအေးခြင်းသဘော၊
၂၄။ ကာယလဟုတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော၊
၂၅။ စိတ္တလဟုတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်လျင်မြန် ပေါ့ပါးခြင်းသဘော၊
၂၆။ ကာယမုဒုတာ= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့ နူးညံ့ပျော့ပျောင်းခြင်းသဘော၊
၂၇။ စိတ္တမုဒုတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်နူးညံ့ပျော့ပျောင်းခြင်းသဘော၊
၂၈။ ကာယကမ္မညတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့ ခံ့ညားခြင်းသဘော၊
၂၉။ စိတ္တကမ္မညတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ခံ့ညားခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊
၃၀။ ကာယပါဂုညတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်း သဘော၊
အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ ကျွမ်းကျင်လိမ္မာခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ ကိလေသာ အနာကင်းခြင်းသဘော၊
၃၁။ စိတ္တပါဂုညတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ ကျွမ်းကျင်လိမ္မာခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ ကိလေသာ အနာကင်းခြင်းသဘော၊
၃၂။ ကာယုဇုကတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ မာယာ-သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၃၃။ စိတ္တုဇုကတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ မာယာ-သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၃၄။ ပညာ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထွင်းဖောက် သိမြင်ခြင်းသဘော၊

နာမပရိဂ္ဂဟဉာဏ်

စျာန်နာမ်တရားတို့သည် ယေဘုယျ = များသောအားဖြင့် ပဋိဘာဂနိမိတ်ကိုသာ အာရုံပြုရိုး ဓမ္မတာ ရှိကြ၏၊ အာနာပါနကမ္မဋ္ဌာန်း၌ စျာန်နှင့် စျာနသမ္ပယုတ် နာမ်တရားတို့သည် အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏၊ အရိုးစုပဋိကူလမနသိကာရကမ္မဋ္ဌာန်း၌ စျာန်နှင့် စျာနသမ္ပယုတ်တရားတို့သည် အရိုးစု ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏၊ ဩဒါတ = အဖြူကသိုဏ်း၌ စျာန်နှင့် စျာနသမ္ပယုတ်နာမ်တရားတို့သည် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏၊ မေတ္တာကမ္မဋ္ဌာန်း၌ သတ္တဝါ ပညတ်အာရုံ, အသုဘကမ္မဋ္ဌာန်း၌ အသုဘအလောင်းကောင်၏ ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏၊ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အာနာပါန ကမ္မဋ္ဌာန်း, အရိုးစုပဋိကူလမနသိကာရကမ္မဋ္ဌာန်း, အဖြူကသိုဏ်း, စတုရာရက္ခကမ္မဋ္ဌာန်းတို့ကိုသာ စျာန်ပိုင်းတွင် ရှုထားသူ ဖြစ်ပါက သိမ်းဆည်းရှုပွားရမည့် စျာန်နာမ်တရားများမှာ အောက်ပါအတိုင်း ဖြစ်၏၊ –

၁။ အာနာပါနကမ္မဋ္ဌာန်း၌ - ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်၊
၂။ အရိုးစုပဋိကူလမနသိကာရ၌ - ပထမစျာန်၊
၃။ အဖြူကသိုဏ်း၌ - ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်၊
၄။ မေတ္တာကမ္မဋ္ဌာန်း၌ - ပထမစျာန် ဒုတိယစျာန် တတိယစျာန်၊
၅။ အသုဘကမ္မဋ္ဌာန်း၌ - ပထမစျာန်၊

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်း (၁၀)ပါးလုံးကိုလည်းကောင်း, ကသိုဏ်း တစ်ပါး တစ်ပါး၌ သမာပတ် (၈)ပါးစီကိုလည်းကောင်း ပွားများထားပြီးသူဖြစ်ပါက ယင်းသမာပတ် (၈)ပါးလုံးတို့မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းတွင် ပါဝင်နေပေသည်။ အရူပစျာန်တို့၌ နာမ်တရား အရေအတွက်မှာ (၃၁)လုံးပင် ဖြစ်၏၊ စတုတ္ထစျာန်နှင့် အရေအတွက်ချင်းကား တူညီသည်၊ စတုတ္ထစျာန်ဇယားအတိုင်း သိမ်းဆည်းရှုပွားပါ။ ကြွင်းကျန်သော ကမ္မဋ္ဌာန်းတို့တွင် ကရုဏာကမ္မဋ္ဌာန်း မုဒိတာကမ္မဋ္ဌာန်း နှစ်မျိုးကလွဲလျှင် ကျန်ကမ္မဋ္ဌာန်းတို့၌ နည်းတူ သဘောပေါက်ပါ။ ကရုဏာကမ္မဋ္ဌာန်း မုဒိတာကမ္မဋ္ဌာန်းတို့ကား တတိယစျာန်အထိ ပေါက်နိုင်၏၊ ထိုကြောင့် ကရုဏာကမ္မဋ္ဌာန်း၌ ယခင် အာနာပါနစျာန် နာမ်တရားတို့တွင် ကရုဏာတစ်လုံးတိုး၍, မုဒိတာကမ္မဋ္ဌာန်း၌ မုဒိတာတစ်လုံးတိုး၍ (၃၅-၃၃- ၃၂)လုံးသော နာမ်တရားတို့ ဖြစ်ကြသည်။

ယင်း စျာန်နာမ်တရားတို့ကို ဇယားတွင် ဖော်ပြထားသည့်အတိုင်း သိမ်းဆည်းရှုပွားရမည်ဖြစ်သည်။ ဒုတိယစျာန် စသည့် အထက်ပိုင်းစျာန်တို့၏ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟူသော ဥပစာရဇောများအခိုက်၌ ဝိတက်-ဝိစာရ များသည် ယှဉ်လျက် ရှိကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာ[မှတ်စု ၃]၌ ဖွင့်ဆိုထား၏၊ စတုတ္ထစျာန်၏ ဥပစာရအခိုက်၌လည်း ပီတိမယှဉ်ပေ။[မှတ်စု ၄]

အာနာပါန ပထမစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုပါက ရှေးဦးစွာ ယင်းအာနာပါနပထမစျာန်ကို ဝင်စားပါ။ ထိုပထမစျာန်မှ ထ၍ ယင်းပထမစျာန်၏ စျာန်အင်္ဂါငါးပါးတို့ကို စတင်သိမ်းဆည်းပါ။ စျာန်အင်္ဂါငါးပါးတို့၏ အကြိမ်များစွာ အဆက်မပြတ် ဆက်တိုက် ဖြစ်နေမှုကို မြင်အောင် သိမ်းဆည်းရှုပွားပါ။ အားမရ ဖြစ်နေပါက တစ်ဖန် အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အာနာပါနပထမစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ ထိုစျာန်မှ ထလျက်..

၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ ရှိရာ နှလုံးအိမ်အတွင်းသို့ အာရုံယူလိုက်သောအခါ ..
၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို တွေ့ရှိနေမည် ဖြစ်သည်။
၃။ ထိုအခါတွင် စျာန်အင်္ဂါတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ၊ ရှုကြည့်ပါ။

ထိုအချိန်တွင် စျာန်မှ ထစဖြစ်၍ ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ လွယ်လွယ်နှင့် ပျောက်မသွားဘဲ ဘဝင်မနောအကြည်ဓာတ်ကို လှမ်းအာရုံ ယူလိုက်သောအခါ ယင်းဘဝင်မနောအကြည်ဓာတ်တွင် ယင်းအာနာပါန ပဋိဘာဂနိမိတ်ကို တွေ့မြင်နေဦးမည်သာ ဖြစ်သည်။ ဤစနစ်အတိုင်း ထပ်ကာထပ်ကာ လေ့ကျင့်သော် ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားနေခြင်း ဖြစ်သဖြင့် စျာန်အင်္ဂါများ၏ အကြိမ် များစွာ ဖြစ်နေမှုကို သိမ်းဆည်းရှုပွား၍ ရရှိလာမည် ဖြစ်ပေသည်။ တရားစစ်မှူး အဦးအခိုင် ဖြစ်တော်မူပေသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ရိုသေလေးမြတ်စွာ လိုက်နာကျင့်သုံးသွားသော ရှေးထုံးဟောင်း ဥပဒေသကြီး တစ်ခုပင် ဖြစ်ပေသည်။ ရှေးဦးစွာ အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အာနာပါနပထမစျာန်ကို ပြန်ဝင်စားပါ။ ထို့နောင် အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ, ဖဿက စ၍ ဖြစ်စေ စျာန်နာမ်တရားတို့ကို စတင် သိမ်းဆည်းရမည် ဖြစ်သည်။ ရှေ့ဦးစွာ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းပါက အသိစိတ် တစ်လုံးတည်း အကြိမ်များစွာ ဆက်တိုက်ဖြစ်နေမှုကို မြင်အောင်လေ့ကျင့်ပါ။ (ဝေဒနာ သို့မဟုတ် ဖဿက စ၍ သိမ်းဆည်းရာ၌လည်း နည်းတူ မှတ်ပါ၊၊) အောင်မြင်မှုကို ရရှိခဲ့သော် တစ်ဖန် စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထကာ ထလျှင်ထချင်း အသိစိတ် ဖဿ နှစ်လုံး နှစ်လုံး အကြိမ်များစွာ ဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် တစ်ဖန် စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထကာ ထလျှင်ထချင်း အသိစိတ် ဖဿ ဝေဒနာ သုံးလုံး သုံးလုံး, အသိစိတ် ဖဿ ဝေဒနာ သညာ လေးလုံး လေးလုံး, အသိစိတ် ဖဿ ဝေဒနာ သညာ စေတနာ ငါးလုံး ငါးလုံး ဤသို့ စသည်ဖြင့် တစ်စတစ်စ တိုး၍တိုး၍ သိမ်းဆည်းပါ။ နောက်ဆုံး မနောဒွါရာဝဇ္ဇန်း၌ (၁၂ )လုံး, ဇောအသီးအသီး၌ (၃၄)လုံးစီ အကြိမ်များစွာ ဆက်တိုက်ဖြစ်မှုကို ဉာဏ်ဖြင့်မြင်အောင် လေ့ကျင့်ပါ။ စျာန်ကို အကြိမ်ကြိမ် ဝင်စား၍ စျာန်မှ ထတိုင်းထတိုင်း နာမ်တရား တစ်လုံးစီတစ်လုံးစီ တိုးကာ သိမ်းဆည်းပါ။[မှတ်စု ၅] အောင်မြင်မှုကို ရရှိခဲ့သော် –

မနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (၁၂ )လုံး, ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟူသော ဥပစာရဇောနှင့်တကွ စျာန်ဇောများ၌ စိတ္တက္ခဏတိုင်းဝယ် (၃၄)လုံးသော နာမ်တရားတို့၏ ပြိုင်တူယှဉ်တွဲ၍ (၃၄)လုံးပေါင်း အကြိမ်များစွာ ဆက်တိုက်ဖြစ်မှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ – ဤ နာမ်တရားအားလုံးသည် အာနာပါန ပဋိဘာဂနိမိတ်တည်းဟူသော အာရုံဘက်သို့ ရှေးရှူ ညွတ်ကိုင်းရှိုင်းနေသောကြောင့် အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော အနက်သဘောအားဖြင့် နာမ် – ဟူ၍ = နာမ်တရား နာမ်တရား – ဟူ၍ ပိုင်းခြားမှတ်သားပါ၊ သိမ်းဆည်းပါ။[မှတ်စု ၆]

သတိပြုရန် ဝါဒကွဲများ

အနုပဒသုတ္တန်တွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပထမစျာန်နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုရာ၌ ပါဠိတော်ဝယ် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဖဿ ဝေဒနာ သညာ စေတနာ စိတ္တ ဆန္ဒ အဓိမောက္ခ ဝီရိယ သတိ ဥပေက္ခာ (= တတြမဇ္ဈတ္တတာ ) မနသိကာရဟု နာမ်တရား (၁၆)လုံးတို့ကိုသာ သရုပ်ထုတ်၍ တိုက်ရိုက်ဟောကြားထားတော်မူ၏၊ အဋ္ဌကထာ[မှတ်စု ၇]၌လည်း – သောဠသ ဓမ္မာ - ဟုပင် သာမညအားဖြင့် နာမ်တရား (၁၆)မျိုးကို သိမ်းဆည်းရှုပွားကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊ သို့သော် အာစရိယဓမ္မပါလ အမည်ရတော်မူသော ဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ်[မှတ်စု ၈]က ဝဒန္တိဝါဒ, အပရေဝါဒ နှစ်မျိုး ခွဲ၍ အောက်ပါအတိုင်း ဖွင့်ဆိုသွားတော် မူ၏၊

ဝဒန္တိဝါဒ – ဤအရာ၌ (၁၆)မျိုးသော စျာနဓမ္မတို့ကိုသာလျှင် တိုက်ရိုက်ယူ၍ ဟောကြားတော်မူခြင်း ဖွင့်ဆိုတော်မူခြင်းမှာ ထို (၁၆)မျိုးသော တရားတို့ကိုသာလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြား မှတ်သားအပ်သည်၏ အဖြစ်ကြောင့်တည်း။ ထိုအခါဝယ် ထို အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ ထို (၁၆)မျိုးသော တရားတို့သည်သာလျှင် ထင်ရှား တည်ရှိနေကုန်၏၊ အခြားသော စျာနဓမ္မတရားတို့သည် ထင်ရှား မတည်ရှိကြကုန်ဟု ဆရာမြတ်ကြီးတို့က မိန့်ဆိုတော်မူကြကုန်၏၊

အပရေဝါဒ– ဤပထမစျာန်နာမ်တရားတို့၌ ဝီရိယနှင့် သတိကား ဝီရိယိန္ဒြေ သတိန္ဒြေ အမည်ရှိသည့် ဣန္ဒြေထိုက်သော တရားတို့ ဖြစ်ကြ၏၊ ဣန္ဒြေထိုက်သော ဝီရိယနှင့် သတိကို တိုက်ရိုက် သရုပ်ထုတ်ဆောင်၍ ယူဆောင် လျက် ဟောကြားတော်မူခြင်းဖြင့် ဣန္ဒြေဖြစ်ပုံခြင်း တူညီမှုရှိသောကြောင့် သဒ္ဓါနှင့် ပညာတို့ကိုလည်း ယူပြီးသာလျှင် ဖြစ်၏၊ ဟောပြီးသာလျှင် ဖြစ်၏၊ (လက္ခဏာဟာရနေတ္တိနည်းတည်း)။ သတိသည် သောဘဏစိတ်တို့၌သာ အမြဲယှဉ် သဖြင့် ဧကန် အပြစ်ကင်းစင်သော တရားဓမ္မတစ်ခု ဖြစ်၏၊ အပြစ်ကင်းသော သတိကို တိုက်ရိုက် သရုပ်ထုတ်ဆောင်၍ ယူဆောင်လျက် ဟောကြားတော်မူခြင်းဖြင့်ပင်လျှင် ဧကန် အပြစ်ကင်းစင်သည့် သဘောအားဖြင့် တူညီသောကြောင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ကာယလဟုတာ စိတ္တလဟုတာ ကာယမုဒုတာ စိတ္တမုဒုတာ ကာယကမ္မညတာ စိတ္တကမ္မညတာ ကာယပါဂုညတာ စိတ္တပါဂုညတာ ကာယုဇုကတာ စိတ္တုဇုကတာ ဟူသော အစုံအစုံအားဖြင့် ဟောကြားထားအပ်ကုန်သော ယုဂဠစေတသိက် (၆)စုံတို့ကိုလည်းကောင်း, အလောဘ အဒေါသတို့ကိုလည်းကောင်း ယူပြီးသာလျှင် ဖြစ်၏၊ ဟောပြီးသာလျှင်ဖြစ်၏၊ ထိုတရားတို့၏လည်း စျာန်စိတ္တုပ္ပါဒ်၌ အကျုံးဝင်သော တရားတို့ ဖြစ်ခြင်းကြောင့်တည်း။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း စျာနဓမ္မတို့ကို သာမညအားဖြင့် တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား မှတ်သားလျက် ဝိပဿနာကို အားထုတ်တော်မူသည်သာ ဖြစ်၏၊ ထိုကြောင့် ထို (၁၆)မျိုးသော တရားတို့မှ ကြွင်းကျန် ကုန်သော စျာနဓမ္မတရားတို့သည်လည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ မထင်လာကြပါကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်းဟု အပရေဆရာမြတ်တို့က မိန့်ဆိုတော်မူကြသည်။

“အကြင် အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း, ထေရဝါဒကိုလည်းကောင်း နောက်ဆုံးထား၍ ဖွင့်ဆိုထား၏၊ ထိုနောက်ဆုံးထား၍ ဖွင့်ဆိုထားသော ဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် ပမာဏအားဖြင့် မှတ်သားပါ”[မှတ်စု ၉] ဟူသော စာပေယူဆပုံ စည်းကမ်းသတ်မှတ်ချက်အရ ဋီကာဆရာတော်သည် အပရေဝါဒကို နောက်ထား၍ ဖွင့်ဆိုထားသဖြင့် ထိုအပရေဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် မှတ်သားရမည် ဖြစ်သည်။ အပရိဇာနနသုတ္တန်များနှင့် အညီပင်တည်း။

ဤသို့လျှင် စျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကုန်သော နာမ်တရားတို့ကို သိမ်းဆည်းပြီးနောက် ဆက်လက် ပြုကျင့်ရမည့် လုပ်ငန်းခွင်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၀]၌ အောက်ပါအတိုင်း ဆက်လက် ညွှန်ကြားထားပြန်၏၊

နာမ်နှင့် ရုပ်ကို ပိုင်းခြားယူပါ

“စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ လောကဥပမာအားဖြင့် ယောက်ျားတစ်ဦးသည် အိမ်အတွင်း၌ မြွေကို တွေ့မြင်ခဲ့သော် ထိုမြွေ၏ နောက်သို့ အစဉ်လိုက်လျက် ကြည့်သည်ရှိသော် ထိုမြွေ၏ ကိန်းဝပ်တည်နေရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤယောဂါဝစရပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို –– ‘ဤ နာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်နေသနည်း’ဟု ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လတ်သော် ရှာဖွေကြည့်လတ်သော် ထိုနာမ်တရား၏ မှီရာ ဟဒယဝတ္ထုရုပ်ကို တွေ့မြင်လေ၏၊ ထို့နောင် ယင်းဟဒယဝတ္ထုရုပ်၏ မှီရာ ဘူတရုပ် ဓာတ်ကြီး လေးပါးတို့ကိုလည်းကောင်း, ယင်းဘူတရုပ် ဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်ပေါ်နေကြကုန်သော ဟဒယဝတ္ထုရုပ်မှ ကြွင်းကျန်သော ဥပါဒါရုပ်တို့ကိုလည်းကောင်း ဤရုပ်တရားအားလုံးကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဤအလုံးစုံသော ရုပ်တရားကို ဖောက်ပြန် တတ်သော အနက်သဘောအားဖြင့် ရုပ်ဟု ပိုင်းခြားမှတ်သား၏၊ ထိုနောင် ..

၁။အာရုံသို့ ညွတ်တတ်သော သဘောလက္ခဏာရှိသော တရားကား နာမ်,
၂။ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ် –– ဟု
အကျဉ်းအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သား၏၊”

ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက်အရ စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် စျာန်နာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိသော (၆၃)မျိုးသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက် သိမ်းဆည်း၍ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားရမည် ဖြစ်သည်။ စက္ခုဒွါရဝီထိ စသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိများ၏ အတွင်း၌တည်ရှိသော ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းပြီးရာအခါ၌လည်း ယင်းနာမ်တရားတို့၏ မှီရာ ဆိုင်ရာ ဆိုင်ရာ ဒွါရ၌ တည်ရှိသော ရုပ်တရားတို့ကိုလည်း သိမ်းဆည်း၍ နာမ်နှင့် ရုပ်ကို ပိုင်းခြားမှတ်သားရမည်သာဟု မှတ်ပါ။ (ဒွါရ ၆-ပါး၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်များကို ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများ[မှတ်စု ၁၁]တွင် ကြည့်ပါ။)

ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရား တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းရမည် ဖြစ်သည်။ ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်ပါက ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟု အာရုံ (၆)မျိုး ပြားပေသည်။ ထိုအာရုံ (၆)ပါးတို့တွင် ဓမ္မာရုံ အမည်ရသည့် ပသာဒရုပ် (၅)ပါး, သုခုမရုပ် (၁၆)ပါးတို့ကို အာရုံယူ၍ ဖြစ်ပေါ် လာကြသော မနောဒွါရိကဇောဝီထိစိတ်အစဉ်က စ၍ သိမ်းဆည်းလျှင် ပို၍ လွယ်ကူပေသည်။ ဝီထိစိတ်အမျိုးအစား အရေအတွက် နည်းပါးသောကြောင့် ဖြစ်၏၊ ယင်းဓမ္မာရုံ အမည်ရသည့် ရုပ်တရားတို့တွင် ရုပ်အစစ် (၁၁)လုံး, ရုပ်အတု (၁၀)လုံး ရှိ၏၊ သို့သော် အမျိုးသားယောဂီသည် အဇ္ဈတ္တ၌ ဣတ္ထိဘာဝရုပ်ကို, အမျိုးသမီးယောဂီသည် ပုရိသဘာဝရုပ်ကို ရှု၍ မရနိုင်သဖြင့် အဇ္ဈတ္တ၌ ရုပ်အစစ် (၁၀)လုံးကိုသာ အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရား တို့ကို သိမ်းဆည်းရှုပွားရန် ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစုခြုံငုံကာ ရုပ်တရားအားလုံးကို ရှုရမည် ဖြစ်ပေသည်။ (ဥပရိပဏ္ဏာသဋီကာ[မှတ်စု ၁၂]အဖွင့်နှင့် အညီတည်း။)

ထိုသို့ရှုရာ၌ ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ယင်းမနောဒွါရဝီထိများတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်း၏ ဆုံးဖြတ်ချက်က ယောနိသောမနသိကာရ ဖြစ်လျှင် (= အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်လျှင်) ကုသိုလ်ဇောများပါဝင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်၍ အယောနိသောမနသိကာရဖြစ်က (= အာရုံကို နည်းမှားလမ်းမှား နှလုံး သွင်းနေပါက) အကုသိုလ်ဇောများပါဝင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ဤတွင် ယောနိသောမနသိကာရ အယောနိသောမနသိကာရအကြောင်းကို အကျဉ်းချုပ်၍ ရှင်းလင်းတင်ပြပေအံ့..။

ယောနိသော မနသိကာရ - အယောနိသော မနသိကာရ

ယောနိသောမနသိကာရ ဟူသည် ..
၁။ “ဤကား ဒုက္ခအရိယသစ္စာတရားတည်း”ဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏၊
၂။ “ဤကား ဒုက္ခသမုဒယအရိယသစ္စာတရားတည်း”ဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏၊
၃။ “ဤကား ဒုက္ခနိရောဓအရိယသစ္စာတရားတည်း”ဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏၊
၄။ “ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် = မဂ္ဂအရိယသစ္စာတရားတည်း”ဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏၊ –
ဤကဲ့သို့သော နှလုံးသွင်းမှုမျိုးကို ယောနိသောမနသိကာရ = နည်းမှန်လမ်းမှန် နှလုံးသွင်းမှုဟု ခေါ်ဆို၏၊[မှတ်စု ၁၃]

ထိုတွင် ယောနိသောမနသိကာရမည်သည်ကား မဂ် ဖိုလ် နိဗ္ဗာန်စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း ဟုတ်သောအားဖြင့် အာရုံကို စိတ်၌ထားခြင်း, အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်းတည်း။

၁။ အနိစ္စဖြစ်သော ခန္ဓာငါးပါး၌ အနိစ္စဟုလည်းကောင်း,
၂။ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌ ဒုက္ခဟုလည်းကောင်း,
၃။ အနတ္တဖြစ်သော ခန္ဓာငါးပါး၌ အနတ္တဟုလည်းကောင်း,
၄။ အသုဘဖြစ်သော ခန္ဓာငါးပါး၌ အသုဘဟုလည်းကောင်း –

ဤသို့စသော နည်းဖြင့်လည်းကောင်း, သစ္စာလေးပါးနှင့် လျော်သောအားဖြင့်လည်းကောင်း ဘဝင်စိတ်ကို အကြင် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် အဖန်ဖန် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် နှလုံး သွင်းတတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို ကောင်းစွာ ဆောင်တတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို စိတ်၌ ထားတတ်သော အာဝဇ္ဇန်းသည် ရှိ၏၊

ဤကဲ့သို့ နှလုံးသွင်းတတ်သော အာဝဇ္ဇန်းသည် ယောနိသော မနသိကာရ မည်၏၊[မှတ်စု ၁၄]

ထိုတွင် အယောနိသော မနသိကာရ ဟူသည် အဘယ်နည်း?
၁။ အနိစ္စဖြစ်သော ခန္ဓာငါးပါး၌ နိစ္စဟုလည်းကောင်း,
၂။ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌ သုခဟုလည်းကောင်း,
၃။ အနတ္တဖြစ်သော ခန္ဓာငါးပါး၌ အတ္တဟုလည်းကောင်း,
၄။ အသုဘဖြစ်သော ခန္ဓာငါးပါး၌ သုဘဟုလည်းကောင်း –

ဤသို့လျှင် မဂ် ဖိုလ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏အကြောင်း မဟုတ်သောအားဖြင့် စိတ်၌ထားခြင်း နည်းမှားလမ်းမှား နှလုံးသွင်းခြင်းတည်း။ တစ်ဖန် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ဖို့ရန် မလျော်သောအားဖြင့် ဘဝင် စိတ်ကို အကြင် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် အဖန်ဖန် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် အာရုံကို နှလုံးသွင်းတတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို ကောင်းစွာ ဆောင်ထားတတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို စိတ်၌ ထားတတ်သော အာဝဇ္ဇန်းသည် ရှိ၏၊ ဤကဲ့သို့ နည်းမှားလမ်းမှား နှလုံးသွင်းတတ်သော အာဝဇ္ဇန်းကို အယောနိသော မနသိကာရ ဟူ၍ ဆိုအပ်၏၊[မှတ်စု ၁၅]

ဤ အထက်ပါ ရှင်းလင်းချက်များနှင့် အညီ – ရုပ်တရားဟုလည်းကောင်း, နာမ်တရားဟုလည်းကောင်း, အကြောင်းတရားဟုလည်းကောင်း, အကျိုးတရားဟုလည်းကောင်း, အနိစ္စတရားဟုလည်းကောင်း, ဒုက္ခတရားဟု လည်းကောင်း, အနတ္တတရားဟုလည်းကောင်း, အသုဘတရားဟုလည်းကောင်း ရုပ်နာမ် ပရမတ်အာရုံကို နှလုံး သွင်းခြင်းသည် ယောနိသောမနသိကာရပင်တည်း။ ရူပါရုံကို ရူပါရုံဟုလည်းကောင်း, ရုပ်တရားဟုလည်းကောင်း, အနိစ္စတရားဟုလည်းကောင်း, ဒုက္ခတရားဟုလည်းကောင်း, အနတ္တတရားဟုလည်းကောင်း, အသုဘတရားဟု လည်းကောင်း နှလုံးသွင်းမှုများသည်လည်း ယောနိသောမနသိကာရပင်တည်း။ ရုပ်နာမ် အားလုံးတို့၌ နည်းတူ သဘောပေါက်ပါ။

  1. (မူလဋီ၊၁၊၈၇။)
  2. မှတ်ချက်---- မနောဒွါရာဝဇ္ဇန်း၌ စေတသိက် (၁၂)လုံး ဟူသည်မှာ ဤအထက်ပါ နာမ်တရား (၃၄)မျိုးတို့တွင် အသိစိတ်မှသည်
  3. ပုဗ္ဗဘာဂေ ပရိကမ္မဥပစာရစိတ္တာနိ သဝိတက္ကသဝိစာရာနိ သပ္ပီတိကာနိ ... (အဘိ၊ဋ္ဌ၊၂၊၂၃၇။)
  4. အယံ ပန ဝိသေသော၊ ယသ္မာ သုခဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ အာသေဝနပစ္စယေန ပစ္စယော န ဟောတိ၊ စတုတ္ထဇ္ဈာနေ စ အဒုက္ခမသုခါယ ဝေဒနာယ ဥပ္ပဇ္ဇိတဗ္ဗံ၊ တသ္မာ တာနိ ဥပေက္ခာဝေဒနာသမ္ပယုတ္တာနိ ဟောန္တိ။ ဥပေက္ခာသမ္ပယုတ္တတ္တာယေဝ စေတ္ထ ပီတိပိ ပရိဟာယတီတိ။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)
  5. မှတ်ချက်---- ဤ၌ကား စျာန်ကို ဝင်စားလိုက် စျာန်နာမ်တရားတို့ကို သိမ်းဆည်းလိုက်, တစ်ဖန် စျာန်ကို ဝင်စားလိုက် စျာန်နာမ်တရားတို့ကို သိမ်းဆည်းလိုက်- ဤသို့ ကြိမ်ဖန်များစွာ ပြုလုပ်ဖို့ လိုအပ်ပါသည်။ စျာန်မှ ထပြီးစ၌သာလျှင် စျာန်နာမ်တရားတို့မှာ အသိဉာဏ်၌ ထင်ရှားသောကြောင့် ဖြစ်၏၊ မထင်ရှားတိုင်း စျာန်ကို ပြန်ဝင်စားရန် မမေ့ပါနှင့်။
  6. ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
  7. (မ၊ဋ္ဌ၊၄၊၆၀။)
  8. သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု, န သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု, န ဣတရေတိ ဝဒန္တိ။ ဝီရိယ-သတိဂ္ဂဟဏေန စေတ္ထ ဣန္ဒြိယဘာဝသာမညတော သဒ္ဓါ-ပညာ, သတိဂ္ဂဟဏေနေဝ ဧကန္တာနဝဇ္ဇဘာဝ သာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ, အလောဘာဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေန စ ဓမ္မာ ဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံသူတိ န သက္ကာ ဝတ္တုန္တိ အပရေ။ (မ၊ဋီ၊၃၊၂၇၇။)
  9. ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)
  10. တတော ယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော “ဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီ”တိ ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ, ဘူတနိဿိတာနိ စ သေသုပါဒါယ ရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။ တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
  11. စာမျက်နှာ (၂၇၃-၂၇၈။)
  12. ပရသန္တာနာဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော---- (မ၊ဋီ၊၃၊၂၇၄-၂၇၅။)
  13. သော “ဣဒံ ဒုက္ခ”န္တိ ယောနိသော မနသိ ကရောတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယောနိသော မနသိ ကရောတိ၊ “အယံ ဒုက္ခနိရောဓော”တိ ယောနိသော မနသိ ကရောတိ၊ “အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယောနိသော မနသိ ကရောတိ။ (မ၊၁၊၁၁-၁၂။)
  14. တတ္ထ ယောနိသော မနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော၊ အနိစ္စာဒီသု အနိစ္စန္တိအာဒိနာ ဧဝ နယေန သစ္စာနုလောမိကေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ ယောနိသော မနသိကာရောတိ။ (မ၊ဋ္ဌ၊၁၊၆၆။)
  15. တတ္ထ ကတမော အယောနိသော မနသိကာရော၊ “အနိစ္စေ နိစ္စ”န္တိ အယောနိသော မနသိကာရော၊ “ဒုက္ခေ သုခ”န္တိ အယောနိသော မနသိကာရော၊ “အနတ္တနိ အတ္တာ”တိ အယောနိသော မနသိကာရော၊ “အသုဘေ သုဘ”န္တိ အယောနိသော မနသိကာရော၊ သစ္စဝိပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ အယောနိသော မနသိကာရော။ (အဘိ၊၂၊၃၈၇-၃၈၈။)
    အယောနိသော မနသိကာရောတိ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော၊ အနိစ္စေ နိစ္စန္တိ ဒုက္ခေ သုခန္တိ အနတ္တနိ အတ္တာတိ အသုဘေ သုဘန္တိ အယောနိသော မနသိကာရော ဥပ္ပထမနသိကာရော။ သစ္စပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ အယောနိသော မနသိကာရောတိ။ (မ၊ဋ္ဌ၊၁၊၆၆-၆၇။)
    စိတ္တဿ အာဝဋ္ဋနာတိအာဒီနိ သဗ္ဗာနိပိ အာဝဇ္ဇနေဿဝ ဝေဝစနာနေဝ။
    အာဝဇ္ဇနဥှိ ဘဝင်္ဂစိတ္တံ အာဝဋ္ဋေတီတိ စိတ္တဿ အာဝဋ္ဋနာ။ (အဘိ၊ဋ္ဌ၊၂၊၄၈၂။)