နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/တဏှာပစ္စယာ ဥပါဒါနံ
တဏှာပစ္စယာ ဥပါဒါနံ = တဏှာဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏၊
ဥပါဒါန် ––- ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်ဟု ဥပါဒါန် (၄)မျိုး ရှိ၏၊
၁။ ကာမုပါဒါန် – အာရုံငါးပါး ကာမဂုဏ်တရားတည်းဟူသော ကာမဝတ္ထု၌ တွယ်တာတပ်မက်တတ်သော တဏှာ သည် ကာမတဏှာ မည်၏၊ ရှေးရှေးသော ကာမတဏှာက အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသဖြင့် မြဲမြံ ခိုင်ခံ့သည်၏ အဖြစ်သို့ ရောက်ရှိလာသော နောက်နောက်သော ကာမတဏှာသည် ကာမုပါဒါန် မည်၏၊[မှတ်စု ၁]
၂။ ဒိဋ္ဌုပါဒါန်––- သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့မှ တစ်ပါးသော နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကိရိယဒိဋ္ဌိ စသော ကံ-ကံ၏အကျိုးတရား မရှိဟု အမှားမှား အယွင်းယွင်း စွဲယူတတ်သော မိစ္ဆာဒိဋ္ဌိ အယူဝါဒမှန်သမျှ၌ ပြင်းပြင်းထန်ထန် စွဲလမ်းသော စွဲမြဲစွာယူသော နောက်နောက်သော ဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန် မည်၏၊
၃။ သီလဗ္ဗတုပါဒါန် – နွားအကျင့် နွားအလေ့ ခွေးအကျင့် ခွေးအလေ့ စသည်ကို ပြုကျင့်ခြင်းဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏, သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်၏ဟု မှားသောအားဖြင့် သုံးသပ်တတ်သော စွဲမြဲစွာ ယူတတ်သော မိစ္ဆာဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်၏၊
၄။ အတ္တဝါဒုပါဒါန်–– အတ္တသည် ရှိ၏ (= အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်သည် ရှိ၏) - ဤသို့စသည်ဖြင့် အတ္တကို ပြောဆိုကြောင်း မိစ္ဆာအယူဝါဒ၌ စွဲမြဲစွာ ယူတတ်သော အယူသည် = ဒိဋ္ဌိသည် အတ္တဝါဒုပါဒါန် မည်၏၊ တရားကိုယ်မှာ မိစ္ဆာဒိဋ္ဌိ စေတသိက်ပင် ဖြစ်သည်။ ဖန်ဆင်းရှင် = ပရမတ္တ = ပရမအတ္တ ရှိ၏၊ အဖန်ဆင်းခံရသော ဇီဝအတ္တ ရှိ၏ဟု စွဲယူသော အယူဝါဒများတည်း။ ခန္ဓာ (၅)ပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း, ငါးပါးလုံးကိုသော်လည်းကောင်း အတ္တဟု စွဲယူတတ်ကြသည်။ သက္ကာယဒိဋ္ဌိ ဟုလည်း ခေါ်၏၊ အတ္တဒိဋ္ဌိဟုလည်း ခေါ်၏၊
ယောဂီသူတော်ကောင်းသည် ဤအပိုင်း၌ အထူးသဖြင့် အနာဂတ်ဘဝအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင် နေသော ကိလေသဝဋ်တို့တွင် အကျုံးဝင်သော တဏှာကြောင့် ဥပါဒါန် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုရမည် ဖြစ်သည်။ အကယ်၍ ယောဂီသူတော်ကောင်းသည် ဓမ္မကထိကနတ်သားဘဝကို ရလိုကြောင်း ရည်ရွယ်၍ ကိလေသဝဋ် ကမ္မဝဋ်တို့ကို ပြုစုပျိုးထောင်နေသည် ဖြစ်အံ့၊ ထိုဓမ္မကထိကနတ်သားဘဝ၌ ရရှိမည့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို တွယ်တာတပ်မက်မှု ကာမတဏှာ အရင်းခံလျက် ကာမုပါဒါန် ဖြစ်ပုံကို = ဓမ္မကထိကနတ်သား ဘဝကို တွယ်တာတပ်မက်မှု ကာမတဏှာကို အရင်းခံလျက် ဓမ္မကထိကနတ်သားဘဝကို စွဲလမ်းနေမှု ကာမုပါဒါန် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါရှုကွက်ကို ရှုရန် ဖြစ်သည်။
၁။ ကာမတဏှာ ဖြစ်ခြင်းကြောင့် ကာမုပါဒါန် ဖြစ်၏၊
ကာမတဏှာက အကြောင်းတရား၊ ကာမုပါဒါန်က အကျိုးတရား။
တစ်နည်း –– ဓမ္မကထိကနတ်သား ထင်ရှား ဧကန် အမှန်ရှိ၏ဟု စွဲယူမှုကား သက္ကာယဒိဋ္ဌိ တစ်မျိုးပင် ဖြစ်သည်။ အချို့အရာ၌ လောကသမညာ အတ္တစွဲ = လောကဝေါဟာရ အသုံးအနှုန်းအတိုင်း ခေါ်ဝေါ်သုံးစွဲနေသော အတ္တစွဲဟုလည်း ခေါ်၏၊ သက္ကာယဒိဋ္ဌိ တစ်မျိုးပင်တည်း။ ယင်းသက္ကာယဒိဋ္ဌိ၌ အခြေစိုက်လျက် ယင်းဓမ္မကထိက နတ်သားဘဝကို တွယ်တာတပ်မက်သော ဓမ္မကထိကနတ်သားဟု စွဲယူသော သက္ကာယဒိဋ္ဌိ = အတ္တဒိဋ္ဌိနှင့် ယှဉ်သော ဘဝတဏှာဖြစ်လျှင် ယင်းဘဝတဏှာကြောင့် အတ္တဝါဒုပါဒါန် ဖြစ်ပုံကို သို့မဟုတ် ဒိဋ္ဌုပါဒါန်ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း ရှုပါ။
၂။ ဘဝတဏှာ ဖြစ်ခြင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏၊ သို့မဟုတ် –– ဘဝတဏှာ ဖြစ်ခြင်းကြောင့် ဒိဋ္ဌုပါဒါန် ဖြစ်၏၊ ဘဝတဏှာက အကြောင်းတရား၊ ဒိဋ္ဌုပါဒါန်က အကျိုးတရား။ ဘဝတဏှာက အကြောင်းတရား၊ အတ္တဝါဒုပါဒါန်က အကျိုးတရား။
ခွဲ၍ရှုပုံ တစ်မျိုး - ရှုကွက်ပုံစံ
(က) ဓမ္မကထိကနတ်သားဘဝ၌ ရရှိမည့် ရူပါရုံကိုပင် လွန်စွာ သာယာလျက် ဖြစ်ပေါ်လာသော ရူပတဏှာသည် ကာမတဏှာ မည်၏၊
( ခ ) ထိုရူပါရုံကိုပင် “မြဲ၏၊ အခါခပ်သိမ်း ထင်ရှား တည်ရှိ၏”ဟု ဖြစ်ပေါ်လာသော သဿတဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရူပတဏှာသည် ဘဝတဏှာ မည်၏၊
( ဂ ) ထိုရူပါရုံကိုပင် “သေလျှင် ပြတ်၏၊ ပျက်စီး၏”ဟု ဖြစ်ပေါ်လာသော ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရူပတဏှာသည် ဝိဘဝတဏှာ မည်၏၊
ဤသို့လျှင် ရူပတဏှာသည် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဟု သုံးမျိုးပြား၏၊ သဒ္ဒတဏှာ။ ပ။ ဓမ္မတဏှာ အသီးအသီးသည်လည်း အလားတူပင် သုံးမျိုးစီ ပြား၏၊
၁။ ရူပ - (ကာမ)တဏှာ ဖြစ်ခြင်းကြောင့် ကာမုပါဒါန် ဖြစ်၏၊
ရူပ - (ကာမ)တဏှာက အကြောင်းတရား၊ ကာမုပါဒါန်က အကျိုးတရား။
၂။ ရူပ - (ဘဝ)တဏှာ ဖြစ်ခြင်းကြောင့် ဒိဋ္ဌုပါဒါန် ဖြစ်၏၊ (သဿတဒိဋ္ဌိ)
ရူပ - (ဘဝ)တဏှာက အကြောင်းတရား၊ ဒိဋ္ဌုပါဒါန်က အကျိုးတရား။
၃။ ရူပ - (ဝိဘဝ)တဏှာ ဖြစ်ခြင်းကြောင့် ဒိဋ္ဌုပါဒါန် ဖြစ်၏၊ (ဥစ္ဆေဒဒိဋ္ဌိ)
ရူပ - (ဝိဘဝ)တဏှာက အကြောင်းတရား၊ ဒိဋ္ဌုပါဒါန်က အကျိုးတရား။
တစ်နည်း – တစ်နည်းအားဖြင့်ကား သဿတဝါဒနှင့် တွဲနေသော ဘဝတဏှာ, ဥစ္ဆေဒဝါဒနှင့် တွဲနေသော ဝိဘဝတဏှာတို့မှာ အတ္တဝါဒအပေါ် အခြေတည်၍ = ထိုရူပါရုံစသည်ကိုပင် အတ္တဟု စွဲယူ၍ ဖြစ်ပေါ်လာသော တဏှာများပင် ဖြစ်ကြသဖြင့် အောက်ပါအတိုင်းလည်း ရှုနိုင်သည်။
၁။ ရူပ - (ဘဝ)တဏှာ ဖြစ်ခြင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏၊
ရူပ - (ဘဝ)တဏှာက အကြောင်းတရား၊ အတ္တဝါဒုပါဒါန်က အကျိုးတရား။
၂။ ရူပ - (ဝိဘဝ)တဏှာ ဖြစ်ခြင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏၊
ရူပ - (ဝိဘဝ)တဏှာက အကြောင်းတရား၊ အတ္တဝါဒုပါဒါန်က အကျိုးတရား။
သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာတို့၌လည်း နည်းမှီ၍ ရှုပါ။ အကယ်၍ ယောဂီသူတော်ကောင်းသည် အနာဂတ်ဝယ် သာသနာပြုနိုင်သည့် ရဟန်းဘဝကို လိုလားတောင့်တ၍ ပါရမီမျိုးစေ့ကို ထူထောင်နေခဲ့လျှင်လည်း ဤဖော်ပြပါ ဓမ္မကထိကနတ်သား ပုံစံကို နည်းမှီ၍ ရှုပါလေ။ သီလဗ္ဗတုပါဒါန်ကား ဗုဒ္ဓသာဝက တပည့်သူတော်စင်တို့၏ သန္တာန်၌ အလွန် ဖြစ်ခဲဖွယ်ရာ ရှိပေသည်။
တဏှာနှင့် ဥပါဒါန်တို့၏ ဝီထိပုံစံ
ရံခါ ပီတိမပါသော ဇောများ တဒါရုံများလည်း ဖြစ်နိုင်သည်။ အနာဂတ်ဘဝအတွက် ပြုစုပျိုးထောင်နေသော ကိလေသဝဋ်အုပ်စုတွင် သေချာစွာ စိုက်ရှုပါ။
သတိပြုရန်
ဤဘဝဝယ် နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်သို့တိုင်အောင် အသိဉာဏ်ပေါက်ရောက်လျက်ရှိသော ယောဂီသူတော်ကောင်း၏ သန္တာန်၌ ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကား အလွန် ဖြစ်ခဲဖွယ်ရာသာ ရှိ၏၊ ကာမုပါဒါန်သာ အဖြစ်များဖွယ်ရာ ရှိပေသည်။ ထိုကြောင့် တဏှာကြောင့် ကာမုပါဒါန် ဖြစ်ပုံရှုကွက် တစ်ခုမျှကိုသာ ရှုလျှင်လည်း လုံလောက်ဖွယ်ရာ ရှိပေသည်။
သို့သော် အစမထင် သံသရာတစ်ခွင်၌ သတ္တဝါတစ်ဦး၏ ရုပ်နာမ် သန္တာန်အစဉ်ဝယ် မဖြစ်ခဲ့ဖူးသော ကိလေသာ, မဖြစ်ခဲ့ဖူးသော ဥပါဒါန်ကား မရှိစကောင်းသည်သာ ဖြစ်၏၊ ထိုကြောင့် အတိတ်အကြောင်းတရားကြောင့် အတိတ် အကျိုးတရားဖြစ်ပုံကို သိမ်းဆည်းသည့်အပိုင်းတွင် ထိုထိုဘဝ၌ ဖြစ်ခဲ့သည့်အတိုင်း တဏှာကြောင့် ဒိဋ္ဌိအမျိုးမျိုး ဥပါဒါန်အမျိုးမျိုးဖြစ်ပုံကို ဖြစ်ခဲ့သည့်အတိုင်းသာ သိမ်းဆည်းရှုပွားလေရာသည်။
- ↑ (အဘိ၊ဋ္ဌ၊၂၊၁၇၂-၁၇၃။ ဝိသုဒ္ဓိ၊၂၊၂၀၄-၂၀၅၊ စာပိုဒ်၊၆၄၅) ၃၆