မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဝေဒနာပစ္စယာ တဏှာ

ဝီကီရင်းမြစ် မှ

ဝေဒနာပစ္စယာ တဏှာ = ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏၊

တဏှာ (၆) မျိုး – ဝေဒနာ (၆)မျိုးကြောင့် ဖြစ်သော တဏှာမှာ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာဟု (၆)မျိုး ပြား၏၊[မှတ်စု ၁]

ထိုတဏှာတို့တွင် တစ်မျိုးတစ်မျိုးသော တဏှာသည် ဖြစ်ပုံအခြင်းအရာအားဖြင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဟု သုံးမျိုးစီ ပြား၏၊ မှန်ပေသည် –– ရူပတဏှာသည်ပင်လျှင် အကြင်အခါ၌ စက္ခုဒွါရဝယ် ထင်ခြင်းသို့ ရောက်ရှိလာသော ရူပါရုံကို ကာမဿာဒ = ဝတ္ထုကာမကို လွန်စွာ သာယာခြင်း၏ အစွမ်းဖြင့် လွန်စွာ သာယာလျက် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ကာမတဏှာ မည်၏၊

အကြင်အခါ၌ကား ထိုရူပါရုံသည်ပင်လျှင် မြဲ၏ အခါခပ်သိမ်း ထင်ရှား ရှိ၏ဟု ဤသို့ ဖြစ်ပေါ်လာသော သဿတဒိဋ္ဌိနှင့် အတူတကွ ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ဘဝတဏှာ မည်၏၊ မှန်ပေသည် သဿတဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရာဂကို ဘဝတဏှာဟူ၍ ဆိုအပ်၏၊

တစ်ဖန် အကြင်အခါ၌ ထိုရူပါရုံသည်ပင်လျှင် သေလျှင်ပြတ်၏ ပျက်စီး၏ဟု ဤသို့ဖြစ်ပေါ်လာသော ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွ ဖြစ်၏၊ ထိုအခါ၌ ယင်း ရူပတဏှာသည် ဝိဘဝတဏှာ မည်၏၊ မှန်ပေသည် ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရာဂကို ဝိဘဝတဏှာဟူ၍ ဆိုအပ်၏၊ သဒ္ဒတဏှာ စသည်တို့၌လည်း ဤနည်းအတိုင်း မှတ်ပါ၊၊[မှတ်စု ၂]

ဘဝတဏှာ –– ရူပါရုံကိုဖြစ်စေ, သဒ္ဒါရုံစသော အာရုံကိုဖြစ်စေ အတ္တဟု စွဲယူ၍ ထိုအတ္တသည် - “မြဲ၏”ဟု ယူတတ်သော ဒိဋ္ဌိကို = သဿတဒိဋ္ဌိကို ဘဝဟု ခေါ်၏၊ ထိုဘဝနှင့် အတူတကွဖြစ်သော တဏှာသည် ဘဝတဏှာ မည်၏၊[မှတ်စု ၃]

ဝိဘဝတဏှာ––- အာရုံ (၆)ပါး တစ်ပါးပါးကို အတ္တဟု စွဲယူ၍ ထိုအတ္တသည် အမြဲမဖြစ်, သေလျှင် ပြတ်၏ဟု ယူတတ်သော ဒိဋ္ဌိကို = ဥစ္ဆေဒဒိဋ္ဌိကို ဝိဘဝဟု ခေါ်၏၊ ထိုဝိဘဝနှင့် အတူတကွဖြစ်သော တဏှာသည် ဝိဘဝတဏှာ မည်၏၊[မှတ်စု ၄]

ကံ၏ အကျိုးတရားကို အလွန် လိုလားတောင့်တသော ပတ္ထနာ၏ အစွမ်းဖြင့် သတ္တဝါတို့သည် ကံတို့ကိုလည်း ပြုစုပျိုးထောင်ကြ၏၊ ထို့ကြောင့် စက္ခုဒွါရဝီထိစသော ထိုထိုဝီထိများ၏ အတွင်း၌ တည်ရှိကြသော ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့နှင့် ယှဉ်သော ဝိပါက်ဝေဒနာတို့ကသာ လောဘမူစိတ္တုပ္ပါဒ်များတွင် ပါဝင်သော တဏှာ = လောဘအား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ထူးထူးကဲကဲ ကျေးဇူးပြု၍ အာဝဇ္ဇန်း ဝုဋ္ဌော ဇော ဝေဒနာတို့က သာမညအားဖြင့်သာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု မူလဋီကာ[မှတ်စု ၅]နှင့် အနုဋီကာ[မှတ်စု ၆]တို့က ဖွင့်ဆိုထားကြ၏၊

ထိုသို့ ဖွင့်ဆိုထားသဖြင့် အကြောင်းဝေဒနာနှင့် အကျိုးတဏှာတို့မှာ ဝီထိစိတ်အစဉ်တစ်ခုအတွင်း၌လည်း ဖြစ်နိုင်၍ ဝီထိစိတ်အစဉ် ခြားလျက်လည်း ဖြစ်နိုင်၏ဟု မှတ်ပါ။ သို့အတွက် အကြောင်းတရားဘက်တွင် တည်ရှိသော စက္ခုသမ္ဖဿဇာ ဝေဒနာအရ စက္ခုဒွါရဝီထိအတွင်း၌ စိတ္တက္ခဏအသီးအသီးနှင့် ယှဉ်သော ဝေဒနာနှင့် ရူပါရုံကိုပင် ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိများအတွင်း၌ တည်ရှိသော စိတ္တက္ခဏအသီးအသီးနှင့် ယှဉ်သော ဝေဒနာများ ကိုပင် ရူပါရုံကို တပ်မက်တွယ်တာသည့် ရူပတဏှာ၏ အကြောင်းတရားအဖြစ် ထိုက်သလို အရကောက်ယူပါ။ သဒ္ဒတဏှာစသည်၏ အကြောင်းရင်းဖြစ်သော သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါ။

အကြောင်းတရားဘက်၌ ဝိပါက်ဝေဒနာကိုသာ ပဓာန ကောက်ယူရသဖြင့် အကြောင်းဝေဒနာနှင့် အကျိုး တဏှာတို့မှာ များသောအားဖြင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ မဖြစ်ဘဲ စိတ္တက္ခဏတစ်ခုသော်လည်းကောင်း, များစွာသော်လည်းကောင်း, ဝီထိပေါင်းများစွာသော်လည်းကောင်း ဝေးကွာမှု ကွာခြားမှု ရှိကောင်းရှိနိုင်မည်ကို သတိပြုပါ။

အနာဂတ်ဝဋ္ဋကထာ

ဤအပိုင်းကား ဝဋ္ဋကထာ = သံသရာဝဋ်လည်ပတ်ပုံကို ပြဆိုရာအပိုင်း ဖြစ်သဖြင့် ယောဂီသူတော်ကောင်း၏ သန္တာန်ဝယ် အနာဂတ်ဘဝ တစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော စီမံကိန်းများနှင့်သာ သက်ဆိုင်သော အပိုင်းဖြစ်သည်။ သို့အတွက် အနာဂတ်ဘဝသစ် တစ်ခုခုအတွက် ရည်ရော်မျှော်မှန်း၍ ဖြစ်ပေါ်ခံစားနေရသော ဝေဒနာကြောင့် အနာဂတ်ဘဝသစ်ခန္ဓာ ဘဝသစ်အာရုံကို တွယ်တာတပ်မက်သည့် တဏှာဖြစ်ပုံကိုသာ ပဓာနထား၍ ရှုပါ။ ဤတဏှာနှင့်တကွ နောက်တွင် ဆက်လက် ဖော်ပြမည့် ဥပါဒါန် ကမ္မဘဝတို့မှာ နိဗ္ဗာန်မရမီ စပ်ကြားကာလ၌ ရရှိနိုင်မည့် အနာဂတ်ဘဝ တစ်ခုခုကို ရည်မျှော်၍ ပြုစုပျိုးထောင်နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားပိုင်းသာ ဖြစ်ကြသည်။ သို့အတွက် ယောဂီသူတော်ကောင်းသည် မိမိ၏ အနာဂတ်ဘဝအတွက် ပြုစုပျိုးထောင်နေသော (အဝိဇ္ဇာ) တဏှာ ဥပါဒါန် (သင်္ခါရ) ကံတို့ကိုသာ ပဓာနထား၍ ရှုပါ။

ရှုကွက်ပုံစံအချို့

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ရူပတဏှာ ဖြစ်၏၊
စက္ခုသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ရူပတဏှာက အကျိုးတရား။
၂။ သောတသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် သဒ္ဒတဏှာ ဖြစ်၏၊
သောတသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ သဒ္ဒတဏှာက အကျိုးတရား။
၃။ ဃာနသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ဂန္ဓတဏှာ ဖြစ်၏၊
ဃာနသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ဂန္ဓတဏှာက အကျိုးတရား။
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ရသတဏှာ ဖြစ်၏၊
ဇိဝှါသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ရသတဏှာက အကျိုးတရား။
၅။ ကာယသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ဖောဋ္ဌဗ္ဗတဏှာ ဖြစ်၏၊
ကာယသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ဖောဋ္ဌဗ္ဗတဏှာက အကျိုးတရား။
၆။ မနောသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ဓမ္မတဏှာ ဖြစ်၏၊
မနောသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ဓမ္မတဏှာက အကျိုးတရား။

ဓမ္မတဏှာ – ဓမ္မတဏှာဟူသည် အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ - ဟူသော အာရုံ (၅)ပါးမှ ကြွင်းသော စိတ်စေတသိက် ရုပ်တရားတို့နှင့် ပညတ်အာရုံ အမျိုးမျိုးအပေါ်တွင် တွယ်တာတပ်မက်သည့် တဏှာတည်း။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့် ဇယားအတန်းများဝယ် တစ်တန်းတစ်တန်း၌ အနည်းဆုံး တစ်ချက်စီ ရှုပါ။ ဒွါရ (၆)ပါးလုံး၌ ထိုက်သလို ရှုပါ။

ရဟန္တာ အရှင်မြတ်တို့၏ သန္တာန်၌ကား

ဝေဒနာပစ္စယာ စာပိ၊ ယသ္မာ နာနုသယံ ဝိနာ။
ဟောတိ တသ္မာ န သာ ဟောတိ၊ ဗြာဟ္မဏဿ ဝုသီမတော။
[မှတ်စု ၇]

= ဆက်၍ ဆိုဦးအံ့ ..။ ယသ္မာ = အကြင်အကြောင်းကြောင့်။ ဝေဒနာပစ္စယာ = ဝေဒနာဟူသော အကြောင်းတရား ထင်ရှားရှိသည်။ သမာနာပိ = ဖြစ်ပါသော်လည်း။ အနုသယံ = အရိယမဂ်တရားဖြင့် မပယ်ရှား ရသေးသည့်အတွက် အငုပ်ဓာတ်အနေ ကိန်းဝပ်တည်နေသည့် အနုသယဝေဒနာကို။ ဝိနာ = ကြဉ်ဖယ်ထား၍။ တဏှာ = ထိုထိုဘဝ ထိုထိုအာရုံကို တွယ်တာ တပ်မက်တတ်သည့် တဏှာတရားသည်။ န ဟောတိ = ပရိယုဋ္ဌာန အနေအားဖြင့် စိတ်အစဉ်ဝယ် ထင်ရှား ဖြစ်ပေါ်မလာနိုင်။ တသ္မာ = ထိုကြောင့်။ ဝုသီမတော = ကျင့်သုံးအပ်ပြီးသော မဂ္ဂဗြဟ္မစရိယ တည်းဟူသော မွန်မြတ်သော အကျင့်ရှိသော။ ဗြာဟ္မဏဿ = မကောင်းမှု အကုသိုလ် များထိုထိုကို မျှောအပ်ပြီးသော ရဟန္တာအရှင်မြတ်၏ သန္တာန်၌။ သာ = ထိုတဏှာသည်။ န ဟောတိ = ဥပါဒ် ဌီ ဘင်အနေ ထင်ရှား မဖြစ်နိုင်တော့ပေ။

“ဝေဒနာဟူသော အကြောင်းရှိတိုင်း တဏှာဖြစ်တမ်း”ဟု ဆိုလျှင် “ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌လည်း ဝေဒနာကြောင့် တဏှာဖြစ်သည်”ဟု မှတ်ရတော့မည်လောဟု စောဒနာဖွယ်ရှိသောကြောင့် –– ဝေဒနာပစ္စယာ စာပိ-စသော အထက်ပါ ဂါထာကို အဋ္ဌကထာများက မိန့်ဆိုတော်မူကြခြင်း ဖြစ်၏၊ –– ဝေဒနာကြောင့် တဏှာဖြစ်ရာ၌ ခန္ဓာအစဉ်ဝယ် အနုသယဓာတ်အဖြစ်ဖြင့် ကိန်းဝပ်တည်နေသော တဏှာရှိသူ၏ သန္တာန်၌သာ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားစွာ ဖြစ်ပေါ်လာခြင်း ပရိယုဋ္ဌာနတဏှာ ဖြစ်နိုင်၏၊ နဂိုမူလက အနုသယတဏှာကုန်ပြီးသော အရိယမဂ္ဂဘာဝနာတည်းဟူသော အလွန် မွန်မြတ်သော ကျင့်စဉ်ကို ကျင့်သုံးပြီးသော ရဟန္တာအရှင်မြတ်တို့၏ ရုပ်နာမ်သန္တာန်အစဉ်၌ကား ဝေဒနာကြောင့် တဏှာ မဖြစ်နိုင်ပါ ဟူလို။

  1. (အဘိ၊၂၊၁၄၃။)
  2. (အဘိ၊ဋ္ဌ၊၂၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၂။)
  3. (ဘဝတီတိ ဘဝေါ။ ဘဝေါတိ ပဝတ္တာ ဒိဋ္ဌိ ဘဝဒိဋ္ဌိ။ ဘဝေန သဟဂတာ တဏှာ ဘဝတဏှာ။)
  4. (န ဘဝတီတိ ဝိဘဝေါ၊ ဝိဘဝေါတိ ပဝတ္တာ ဒိဋ္ဌိ ဝိဘဝဒိဋ္ဌိ၊ ဝိဘဝေန သဟဂတာ တဏှာ ဝိဘဝတဏှာ။)
  5. ယသ္မာ ဝါတိအာဒိနာ န ကေဝလံ ဝိပါကသုခဝေဒနာ ဧဝ၊ တိဿောပိ ပန ဝေဒနာ ဝိပါကာ ဝိသေသေန တဏှာယ ဥပနိဿယပစ္စယော, အဝိသေသေန ဣတရာ စာတိ ဒေဿတိ။ (မူလဋီ၊၂၊၁၂၀။)
  6. ကမ္မဖလာဘိပတ္ထနာဝသေန သတ္တာ ကမ္မာနိပိ အာယူဟန္တီတိ သာတိသယံ တဏှာယ ဝိပါကဝေဒနာ ဥပနိဿယော၊ န တထာ ဣတရာတိ အာဟ “ဝိပါကာ ဝိသေသေန။ ပ။ အဝိသေသေန ဣတရာ စာ”တိ။ ဣတရာတိ အဝိပါကာတိ အတ္ထော။ (အနုဋီ၊၂၊၁၃၂။)
  7. (အဘိ၊ဋ္ဌ၊၂၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၃။)