မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်

ဝီကီရင်းမြစ် မှ

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်

ဘုရားရှင်သည် ဤ ‘ဒိဋ္ဌေ ဒိဋ္ဌမတ္တံ’ ကျင့်စဉ်ကို မာလုကျပုတ္တသုတ္တန်[မှတ်စု ၁], ဗာဟိယသုတ္တန်[မှတ်စု ၂]တို့၌ ဟောကြား ထားတော်မူခဲ့၏၊ ယင်းကျင့်စဉ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။

၁။ ရူပါရုံသည် မြင်အပ်သောကြောင့် ဒိဋ္ဌ မည်၏၊
၂။ စက္ခုဝိညာဏ်နှင့် တကွ ထိုစက္ခုဒွါရိကဝီထိအတွင်း၌ တည်ရှိသော ဝိညာဏ်ဟူသမျှ (ထိုရူပါရုံကို ဆက်လက် အာရုံယူသည့် မနောဒွါရိကဝိညာဏ်ဟူသမျှ)သည် ရူပါရုံကို မြင်တတ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏၊ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ..

၁။ မြင်အပ်သော ရူပါရုံ, မြင်တတ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု, (ဒိဋ္ဌ)
၂။ ကြားအပ်သော သဒ္ဒါရုံ, ကြားတတ်သော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု, (သုတ)
၃။ တွေ့အပ်သော ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, တွေ့တတ်သော ဃာနဒွါရဝီထိ မနောဒွါရဝီထိ, ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ, ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု, (မုတ)
၄။ သိအပ်သော ဓမ္မာရုံ, သိတတ်သော မနောဒွါရဝီထိ နာမ်တရားစု, (ဝိညာတ) –

ဤ ရုပ်+နာမ်တရားတို့ကို ရှေ့ဦးစွာ သိမ်းဆည်းပါ။ သိမ်းဆည်းပြီးနောက် ယင်း ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို ဖြစ်စေတတ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်း ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပါ။ ဤသို့ ကျင့်သုံးနိုင်ခဲ့သော် ယောဂီသူတော်ကောင်း၏ သန္တာန်၌ ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို အကြောင်းပြု၍ ရာဂ ဒေါသ မောဟတို့ ဖြစ်ခွင့် မရှိနိုင်တော့ပေ။ ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို အကြောင်းပြု၍ မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်တို့သာ အဆက်မပြတ် ဖြစ်ပေါ်နေပေလိမ့်မည်။ ထိုဝိပဿနာဉာဏ်များသည် အရိယမဂ်သို့တိုင်အောင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သော် ယောဂီ သူတော်ကောင်းသည် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်ကို ပြည့်ပြည့်စုံစုံ ကျင့်သုံးပြီးပင် ဖြစ်ပေသည်။[မှတ်စု ၃]

သို့သော် အချို့အချို့သော ဆရာမြတ်တို့ကား “မြင်လျှင် မြင်သည့် နေရာမှာသာ စိတ်ကို ထားပါ၊ နောက်ထပ် ဒီအာရုံပေါ်မှာ စိတ်တွေ မဖြစ်ပါစေနဲ့”ဟု ဆိုဆုံးမကြ၏၊ ဤအချက်နှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်းတင်ပြ လိုပေသည်။

“ဧကန်အားဖြင့် စက္ခုဝိညာဏ်စိတ်သည်သာလျှင် ရူပါရုံကို မြင်ခြင်း ဒဿနကိစ္စကို ပြီးစီးစေနိုင်၏”။[မှတ်စု ၄] “မြင်လျှင် မြင်သည့်နေရာမှာသာ စိတ်ကို ထားပါ၊ နောက်ထပ် ဒီအာရုံပေါ်မှာ စိတ်တွေ ထပ်မဖြစ်စေရ”ဟု ဆိုသဖြင့် ထိုစကားကို အဓိပ္ပါယ်ပြန်လိုက်လျှင် ယင်းရူပါရုံပေါ်၌ စက္ခုဝိညာဏ်သာ ဖြစ်ပါစေ၊ ကျန်ဝီထိစိတ်များ မဖြစ်ပါစေနဲ့ဟု ဆိုရာရောက်၏၊ သာဝကတစ်ဦးသည် ထိုကဲ့သို့ ဖြစ်အောင် ကျင့်နိုင်ပါသလားဟု မေးရန် ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏ ..။

“ကိရိယာမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အကယ်၍ ဘဝင်ကို လည်စေနိုင်သည် ရပ်တန့်စေနိုင်သည် ဖြစ်အံ့၊ ယင်းသို့ ဘဝင်ကို လည်စေနိုင် ရပ်တန့်စေနိုင်ခဲ့သော် ဝုဋ္ဌောသို့ မရောက်မူ၍သာလျှင် စပ်ကြားကာလ၌ စက္ခုဝိညာဏ်၌သော်လည်းကောင်း သမ္ပဋိစ္ဆိုင်း၌သော်လည်းကောင်း သန္တီရဏ၌သော်လည်းကောင်း ရပ်တန့်၍ ဘဝင် ပြန်ကျလတ္တံ့ဟူသော ဤအကြောင်းအရာ ဌာနသည် မရှိသည်သာတည်း။ အာရုံကို ဆုံးဖြတ်ခြင်း ဝေါဋ္ဌဗ္ဗနကိစ္စ၏ အစွမ်းဖြင့် တစ်ကြိမ်နှစ်ကြိမ်သော ဝုဋ္ဌောစိတ်တို့သည် ဖြစ်ကြကုန်၏၊”

ဤ၌ အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၅]က ပရိတ္တာရုံဝီထိကို စံထား၍ ရေးသားတင်ပြထားပေသည်။ ထိုကြောင့်..

စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခုတို့၌ ရူပါရုံသည် ရှေးရှူရိုက်ခတ်လာသည် ရှေးရှူထင်လာသည် ဖြစ်အံ့ -ယင်းရူပါရုံသည် ပရိတ္တာရုံဖြစ်အံ့ ဝုဋ္ဌောသို့ မရောက်ဘဲ, မဟန္တာရုံဖြစ်အံ့ ဇောသို့မရောက်ဘဲ, အတိမဟန္တာရုံဖြစ်အံ့ တဒါရုံသို့ မရောက်ဘဲ စပ်ကြားကာလ၌ ဝီထိစိတ်တို့၏ ရပ်တန့်သွားခြင်းမည်သည် တစ်နည်းဆိုရသော် ဘဝင်သို့ တစ်ဖန်ပြန်သက်ရောက်သွားခြင်းမည်သည် မဖြစ်စကောင်းသည်သာဖြစ်၏၊ သုတ မုတ အာရုံတို့၌လည်း နည်းတူမှတ်ပါ။ မနောဒွါရ၌ ထင်လာသော အာရုံသည် အဝိဘူတာရုံဖြစ်အံ့ ဇောသို့ မရောက်ဘဲ, ဝိဘူတာရုံဖြစ်အံ့ တဒါရုံသို့ မရောက်ဘဲ စပ်ကြားကာလ၌ ဝီထိစိတ်တို့၏ ရပ်တန့်သွားခြင်းမည်သည် တစ်နည်းဆိုရသော် ဘဝင်သို့ တစ်ဖန် ပြန်သက်ရောက် သွားခြင်းမည်သည် မရှိစကောင်းသည်သာ ဖြစ်၏၊

ဆိုင်ရာ ဒွါရ နှစ်ခုနှစ်ခု၌ ထင်လာသော အာရုံသည် –
၁။ ပရိတ္တာရုံ ဖြစ်အံ့ ဝုဋ္ဌောတိုင်အောင်,
၂။ မဟန္တာရုံ ဖြစ်အံ့ ဇောတိုင်အောင်,
၃။ အတိမဟန္တာရုံ ဖြစ်အံ့ တဒါရုံတိုင်အောင်၊

မနောဒွါရ၌ ထင်လာသော အာရုံသည် -
၁။ ဝိဘူတာရုံ ဖြစ်အံ့ တဒါရုံတိုင်အောင်,
၂။ အဝိဘူတာရုံ ဖြစ်အံ့ ဇောသို့တိုင်အောင်
ဖြစ်ပြီးမှသာလျှင် ဘဝင်သို့ သက်နိုင်၏၊ ထိုကြောင့် ..

၁။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ = မြင်လျှင် မြင်ကာမတ္တဖြစ်အောင် ကျင့်ပါ၊
၂။ သုတေ သုတမတ္တံ ဘဝိဿတိ = ကြားလျှင် ကြားကာမတ္တဖြစ်အောင် ကျင့်ပါ၊
၃။ မုတေ မုတမတ္တံ ဘဝိဿတိ = ထိလျှင် ထိကာမတ္တဖြစ်အောင် ကျင့်ပါ၊
၄။ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ = သိလျှင် သိကာမတ္တဖြစ်အောင် ကျင့်ပါ၊

ဟူသည် –– မြင်လျှင် မြင်ကာမတ္တ၌သာ စိတ်ထားရမည်၊ ကြားလျှင် ကြားကာမတ္တ၌သာ စိတ်ထားရမည်၊ ထိလျှင် ထိကာမတ္တ၌သာ စိတ်ထားရမည်၊ သိလျှင် သိကာမတ္တ၌သာ စိတ်ထားရမည် = စက္ခုဝိညာဏ်မျှသာ ဖြစ်စေရမည်၊ သောတဝိညာဏ်မျှသာ ဖြစ်စေရမည်၊ ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်မျှသာ ဖြစ်စေရမည်၊ ရှေးသို့ ဆက်လက်၍ ဝီထိစိတ်များ မဖြစ်အောင် ကျင့်ရမည်ဟု ဆိုလိုသည်ကား မဟုတ်၊ အဟုတ်မှာမူ -

၁။ မြင်အပ်သောတရား မြင်တတ်သောတရား,
၂။ ကြားအပ်သောတရား ကြားတတ်သောတရား,
၃။ ထိအပ်သောတရား ထိတတ်သောတရား,
၄။ သိအပ်သောတရား သိတတ်သောတရား,

ဤတရားတို့ကို သိမ်းဆည်းပြီးလျှင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီးလျှင် ယင်းတို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်း ဒိဋ္ဌ, သုတ, မုတ, ဝိညာတတရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါဟုသာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်သားလေရာသည်။ ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့၌ ရာဂ ဒေါသ မောဟတို့ မဖြစ်အောင် ကျင့်သည့် ကျင့်ထုံးဥပဒေသကြီး တစ်ခုပင် ဖြစ်သည်။

ဘုရားရှင်၏ သာသနာတော်မြတ်ကြီးနှင့် အလွဲကြီး မလွဲရအောင် .., အရှင်ဗာဟိယဒါရုစိရိယမထေရ်မြတ် အရှင်မာလုကျပုတ္တမထေရ်မြတ် အစရှိသော ရဟန္တာအရှင်မြတ်ကြီးတို့ ခိုလှုံစံဝင်တော်မူရာဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် ကိုယ်တိုင်မျက်မှောက်ပြု၍ နေနိုင်အောင် .. ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် .....။

  1. (သံ၊၂၊၂၉၄။)
  2. တသ္မာ တိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ---- “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ”တိ။ (ဥဒါန၊၈၅။)
  3. ဧတ္ထ ဟိ ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံ တံဒွါရိကဝိညာဏေဟိ ဒဿနဋ္ဌေန၊ တဒုဘယမ္ပိ ယထာပစ္စယံ ပဝတ္တမာနံ ဓမ္မမတ္တမေဝ၊ န ဧတ္ထ ကောစိ ကတ္တာ ဝါ ကာရေတာ ဝါ၊ ယတော တံ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ, ဥဒယဗ္ဗယပဋိပီဠနဋ္ဌေန ဒုက္ခံ, အဝသဝတ္တနဋ္ဌေန အနတ္တာတိ ကုတော တတ္ထ ပဏ္ဍိတဿ ရဇ္ဇနာဒီနံ ဩကာသောတိ။ အယမေတ္ထ အဓိပ္ပါယော သုတာဒီသုပိ။ (ဥဒါန၊ဋ္ဌ၊၈၂။)
  4. ဧကန္တေန ပန စက္ခုဝိညာဏမေဝ ဒဿနကိစ္စံ သာဓေတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၀။)
  5. သစေ ပန ဘဝင်္ဂံ အာဝဋ္ဋေတိ၊ ကိရိယာမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနံ အပါပေတွာဝ အန္တရာ စက္ခုဝိညာဏေ ဝါ သမ္ပဋိစ္ဆနေ ဝါ သန္တီရဏေ ဝါ ဌတွာ နိဝတ္တိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ ဝေါဋ္ဌဗ္ဗနဝသေန ပန ဌတွာ ဧကံ ဝါ ဒွေ ဝါ စိတ္တာနိ ပဝတ္တန္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀၊၊)