မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သတိပဋ္ဌာန်လေးပါးကို ပွားများနေသည်မည်ပုံ

ဝီကီရင်းမြစ် မှ
1744နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းသတိပဋ္ဌာန်လေးပါးကို ပွားများနေသည်မည်ပုံဖားအောက်တောရဆရာတော်

သတိပဋ္ဌာန်လေးပါးကို ပွားများနေသည်မည်ပုံ

“ရုပ်တရားသက်သက်ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ ဝိပဿနာရှုရုံသက်သက်မျှဖြင့်ကား အရိယမဂ်ဉာဏ်သို့ မဆိုက်ရောက်နိုင် = ဝုဋ္ဌာနဂါမိနိဝိပဿနာ မဖြစ်နိုင်။ နာမ်တရားကိုလည်း လက္ခဏာယာဉ် သုံးချက်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။”

ဤအထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့[မှတ်စု ၁]၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်နာမ်တို့ကို စတင်၍ နှလုံးသွင်းရာ သိမ်းဆည်းရာ၌ –

၁။ ရုပ်တရားက စ၍ နှလုံးသွင်း သိမ်းဆည်းလည်း ရနိုင်၏၊
၂။ နာမ်တရားက စ၍ နှလုံးသွင်း သိမ်းဆည်းလည်း ရနိုင်၏၊

ထိုတွင် .. ရုပ်တရားက စ၍ နှလုံးသွင်းမှု သိမ်းဆည်းမှုမှာ သမထယာနိကပုဂ္ဂိုလ် ဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးတို့အတွက် ဖြစ်နိုင်၏၊[မှတ်စု ၂]

နာမ်တရားက စ၍ နှလုံးသွင်းမှုနှင့် ပတ်သက်၍ မဇ္ဈိမနိကာယ်ဋီကာ[မှတ်စု ၃]က ဤသို့ ဖွင့်ဆိုထား၏ ..။

“ရုပ်တရားကို အဦးမူ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်နာမ်တို့ကို နှလုံးသွင်းခြင်း သိမ်းဆည်းခြင်း သည် ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား အလိုရှိအပ်၏၊ ဤသဘောတရားကို ရည်ရွယ်တော်မူ၍ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဖြစ်ရမည်ဟု အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏၊ သို့သော် နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကုန်သော ရုပ်တရား နာမ်တရားတို့ကို နှလုံးသွင်းခြင်းသည်ကား ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်ပေ၏၊ ထိုသမထယာနိကပုဂ္ဂိုလ်သည်လည်း ရှေ့ဦးစွာ စျာန်အင်္ဂါတို့ကို သိမ်းဆည်းပြီး၍ ထိုမှနောက်၌ ကြွင်းကျန်ကုန်သော စျာနသမ္ပယုတ်တရားတို့နှင့် တကွ ပကိဏ္ဏကသင်္ခါရ အမည်ရသော ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းရှုပွားရ၏၊”

ဤသတ်မှတ်ချက်အရ နာမ်တရားက စ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်နာမ်တို့ကို နှလုံး သွင်းခြင်း သိမ်းဆည်းခြင်းသည် ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အတွက်သာ ဖြစ်ပေသည်။[မှတ်စု ၄]

ထိုသို့ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ရုပ်တရားက စ၍ သိမ်းဆည်းလျှင်လည်း ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်ခြင်းကြောင့် ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဝိပဿနာရှုရမည်သာ ဖြစ်သည်။ တစ်ဖန် နာမ်တရားက စ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့ကို သိမ်းဆည်း ရာ၌လည်း နာမ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်ရောက်နိုင်ခြင်းကြောင့် ရုပ်တရားကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဝိပဿနာရှုရမည်သာ ဖြစ်ပေသည်။

ဤ ကျမ်းစာ[မှတ်စု ၅]တွင် – “အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ဆုံးနိုင် = သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာဖြစ်သည့် နိဗ္ဗာန်သို့ မရောက်ရှိနိုင်”ဟု အပရိဇာနနသုတ္တန်တွင် ဘုရားရှင်၏ ဟောကြားတော်မူချက်ကို ဖော်ပြခဲ့ပြီး ဖြစ်၏၊

ဘုရားရှင်ကလည်း အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိက ဒုက္ခမကုန်နိုင်ဟု ဟောတော်မူ၏၊ အဋ္ဌကထာများ[မှတ်စု ၆]ကလည်း ––- “ရုပ်သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ နာမ်သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ ရုပ်တရားကို ရှုရာ၌ ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာရှုပါ၊ နာမ်တရားကို ရှုရာ၌ ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော နာမ်ခန္ဓာလေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာရှုပါ” - ဟု ဖွင့်ဆိုထား၏၊ ထိုဘုရားဟောနှင့် အဋ္ဌကထာတို့ကား ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်လျက်ပင် ရှိပေသည်။ ထိုကြောင့် အဋ္ဌကထာကြီးများက သတိပဋ္ဌာန်ကို အောက်ပါအတိုင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုထားတော်မူကြသည်။

ဘုရားရှင်သည် ကာယာနုပဿနာသတိပဋ္ဌာန်ဒေသနာတော်ကို သမထနှင့် ဝိပဿနာနှစ်မျိုးကို ပေါင်းစပ်လျက် သမထ ဝိပဿနာ၏ အစွမ်းဖြင့် ဟောကြားထားတော်မူ၏၊ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်တို့ကို သမထနှင့် မရောယှက်ဘဲ ဝိပဿနာသက်သက်၏ အစွမ်းဖြင့် ဟောကြားထားတော် မူ၏၊ ဤသို့လျှင် ဤလေးပါးကုန်သော သတိပဋ္ဌာန်တို့ကို အရိယမဂ်၏ ရှေးအဖို့၌ အမျိုးမျိုးသော စိတ်တို့၌ ရအပ်ကုန်၏၊ မှန်ပေသည် –

၁။ ကာယကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါးသာတည်း။
၂။ ဝေဒနာကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါးသာတည်း။
၃။ စိတ်ကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါးသာတည်း။
၄။ ဓမ္မသဘောတရားတို့ကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါးသာတည်း။

သို့သော် ဤ သတိပဋ္ဌာန်တရားလေးပါးတို့ကို လောကုတ္တရာ အရိယမဂ်ခဏ၌ တစ်ခုတည်းသော စိတ်၌သာလျှင် ရအပ်ကုန်၏၊ မှန်ပေသည် –

၁။ ရှေးဦးအစ၌ ကာယကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရ ပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ကာယာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ကာယာနုပဿီ မည်၏၊ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် ကာယာနုပဿနာမည်၏၊ ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ကာယာနုပဿီမည်၏၊[မှတ်စု ၇]

၂။ ရှေးဦးအားထုတ်စ၌ ဝေဒနာကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ဝေဒနာနုပဿနာမည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာနုပဿီ မည်၏၊ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက် လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် ဝေဒနာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ဝေဒနာနုပဿီမည်၏၊

၃။ ရှေးဦးအားထုတ်စ၌ စိတ်ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် စိတ္တာနုပဿနာမည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တာနုပဿီမည်၏၊ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက် လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် စိတ္တာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တာနုပဿီမည်၏၊

၄။ ရှေးဦးအားထုတ်စ၌ ဓမ္မသဘောတရားတို့ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာ သော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ဓမ္မာနုပဿနာမည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓမ္မာနုပဿီမည်၏၊ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက် လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် ဓမ္မာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓမ္မာနုပဿီ မည်၏၊

ဤသို့လျှင် ရှေးဦးစွာ အရိယမဂ်သို့လာရာ ဝိပဿနာလမ်းကြောင်း၏ အစွမ်းဖြင့် အထူးပြု၍ သတိပဋ္ဌာနဒေသနာသည် ကာယာနုပဿီပုဂ္ဂိုလ် ဝေဒနာနုပဿီပုဂ္ဂိုလ် စိတ္တာနုပဿီပုဂ္ဂိုလ် ဓမ္မာနုပဿီပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်၌ တည်နေပေသည်၊ ပုဂ္ဂလာဓိဋ္ဌာနနည်းတည်း။ ဓမ္မာဓိဋ္ဌာနနည်းအားဖြင့်ကား အောက်ပါအတိုင်း မှတ်သားပါလေ။

၁။ ကာယ၌ သုဘ = တင့်တယ်၏ဟု ဖောက်ဖောက်ပြန်ပြန် စွဲယူမှုဖြစ်ခြင်းကို ပယ်တတ်သော ကာယကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏၊ ထိုကြောင့် ထိုသတိသည် ကာယာနုပဿနာ မည်၏၊

၂။ ဝေဒနာ၌ သုခဟူ၍ ဖောက်ဖောက်ပြန်ပြန် စွဲယူမှုဖြစ်ခြင်းကို ပယ်တတ်သော ဝေဒနာကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏၊ ထိုကြောင့် ထိုသတိသည် ဝေဒနာနုပဿနာမည်၏၊

၃။ စိတ်၌ နိစ္စဟူ၍ ဖောက်ဖောက်ပြန်ပြန် စွဲယူမှု ဖြစ်ခြင်းကို ပယ်တတ်သော စိတ်ကို သိမ်းဆည်းတတ် ပိုင်းခြား ယူတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏၊ ထိုကြောင့် ထိုသတိသည် စိတ္တာနုပဿနာမည်၏၊

၄။ ဓမ္မသဘောတရားတို့၌ အတ္တဟု ဖောက်ဖောက်ပြန်ပြန် စွဲယူမှုဖြစ်ခြင်းကို ပယ်တတ်သော ဓမ္မသဘောတရားတို့ကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏၊ ထိုကြောင့် ထိုသတိသည် ဓမ္မာနုပဿနာမည်၏၊

ဤသို့လျှင် တစ်ခုတည်းသာလျှင်ဖြစ်သော အရိယမဂ်နှင့် ယှဉ်သော သတိသည် သုဘ, သုခ, နိစ္စ, အတ္တဟု စွဲယူတတ်သော ဝိပလ္လာသတရားတို့ကို ပယ်ခြင်းတည်းဟူသော လေးမျိုးသော ကိစ္စကို ပြီးစေတတ်သည်၏ အဖြစ်ကြောင့် ကာယာနုပဿနာသတိပဋ္ဌာန် ဝေဒနာနုပဿနာသတိပဋ္ဌာန် စိတ္တာနုပဿနာသတိပဋ္ဌာန် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဟူသော အမည်လေးမျိုးတို့ကို ရရှိပေ၏၊ ထိုကြောင့် “ထိုသတိကို လောကုတ္တရာ အရိယမဂ်ခဏ၌ တစ်ခုတည်းသော စိတ်၌သာလျှင် ရအပ်ကုန်၏”ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။[မှတ်စု ၈]

အလုံးစုံသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ပရိညာ ပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိပါက အရိယမဂ်သို့ မဆိုက်နိုင် = သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်နိုင်ဟူသော ဒေသနာတော်များနှင့်လည်းကောင်း, အဇ္ဈတ္တခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊ ဗဟိဒ္ဓခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်ဟူသော အဋ္ဌကထာ အဖွင့်များနှင့်လည်းကောင်း ညှိနှိုင်း၍ သတိပဋ္ဌာန်လေးပါးကို အောက်ပါအတိုင်း မှတ်သားပါ။

၁။ ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်း တရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ ဝိပဿနာရှုခဲ့သော် ကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။

၂။ တစ်ဖန် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းသုံးနည်းတို့တွင် ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ ဝိပဿနာရှုခဲ့သော် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။

၃။ အသိစိတ် ဝိညာဏ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ ဝိပဿနာ ရှုခဲ့သော် စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။

၄။ ဖဿကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာ ရှုခဲ့သော် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။ နီဝရဏငါးပါးတို့ကို အဦးမူ၍, ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဦးမူ၍ ရုပ်နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ဝိပဿနာ ရှုလျှင်သော်လည်းကောင်း, ခန္ဓာငါးပါးနည်း, အာယတန တစ်ဆယ့်နှစ်ပါးနည်း, သစ္စာနည်း စသည်တို့ဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ဝိပဿနာရှုလျှင် သော်လည်းကောင်း ဓမ္မာနုပဿနာသတိပဋ္ဌာန်ကိုပင် ပွားများနေသည် မည်ပေသည်။

ဝေဒနာ, အသိစိတ်, ဖဿ သုံးမျိုးတို့တွင် တစ်မျိုးမျိုး ဦးဆောင်သည့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် -
၁။ ယင်းနာမ်တရားတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တရားတို့ကို ပူးတွဲ သိမ်းဆည်းထားပြီး ဖြစ်ရမည် ဖြစ်ကြောင်းကို လည်းကောင်း,
၂။ ယင်းနာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းနာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်တို့ကို တစ်ဖန် ပြန်သိမ်းဆည်း၍ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းရမည် ဖြစ်ကြောင်းကိုလည်းကောင်း – အထက်တွင် အကြိမ်ကြိမ် ရှင်းပြပြီး ဖြစ်ပေသည်။ သို့ဖြစ်ရကား ..

၁။ သတိပဋ္ဌာန်တစ်ပါးကို ပွားများအားထုတ်ပါက သတိပဋ္ဌာန်လေးပါးလုံးကိုပင် အားထုတ်သည် မည်ပေသည် ဟူသော အချက်တစ်ရပ်,
၂။ ခန္ဓာငါးပါးကို ပရိညာပညာသုံးမျိုးတို့ဖြင့် ထိုးထွင်းသိမြင်အောင် ရှုပွားနေခြင်းသည် သတိပဋ္ဌာန်တရားကို ပွားများအားထုတ်သည်ပင် မည်ပေသည် ဟူသော အချက်တစ်ရပ်,
၃။ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်း မရှုပွားနိုင်လျှင် အကြောင်းတရားနှင့် တကွသော ယင်းပရမတ်ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ မရှုနိုင်လျှင် သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်နေသည် မမည်ဟူသော အချက်တစ်ရပ် –

ဤအချက် သုံးရပ်တို့ကိုကား .. ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက် ရှိသော နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျှော်လင့်တောင့်တလျက်ရှိသော ယောဂီသူတော်ကောင်းသည် ရိုသေလေးမြတ်စွာ ဦးထိပ်ရွက် ပန်ဆင်လျက် မှတ်သားနာယူလေရာသည်။

ဤတွင် အလျဉ်းသင့်၍ နားမရှုပ်ထွေးရန် ရည်ရွယ်၍ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ် အကြောင်းကို အကျဉ်းချုပ်၍ ရေးသားတင်ပြအပ်ပါသည်။

  1. (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။) ၅၆၆
  2. (ဝိသုဒ္ဓိ၊၂၊၂၂၂။ မဟာဋီ၊၂၊၃၅၃- ကြည့်ပါ။)
  3. ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေတိ ဣဒံ ရူပမုခေန ဝိပဿနာဘိနိဝေသံ သန္ဓာယ ဝုတ္တံ၊ အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော၊ သော စ ပဌမံ စျာနင်္ဂါနိ ပရိဂ္ဂဟေတွာ တတော ပရံ သေသဓမ္မေ ပရိဂ္ဂဏှာတိ။ (မ၊ဋီ၊၁၊၃၆၉။)
  4. (ဝိသုဒ္ဓိ၊၂၊၂၂၂။ မဟာဋီ၊၂၊၃၅၃-လည်း ကြည့်ပါ။)
  5. (စာမျက်နှာ၊၄၉-၅၂။)
  6. (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)
  7. (ပဋိသံ၊၁၈၁။ စာပိုဒ်၊၁၇၀။)၇၁
  8. ၁။ ဣတိ ဣမေ စတ္တာရော သတိပဋ္ဌာနာ ပုဗ္ဗဘာဂေ နာနာစိတ္တေသု လဗ္ဘန္တိ။ အညေနေဝ ဟိ စိတ္တေန ကာယံ ပရိဂ္ဂဏှာတိ၊ အညေန ဝေဒနံ၊ အညေန စိတ္တံ၊ အညေန ဓမ္မေ ပရိဂ္ဂဏှာတိ။ လောကုတ္တရမဂ္ဂက္ခဏေ ပန ဧကစိတ္တေယေဝ လဗ္ဘန္တိ။ အာဒိတော ဟိ ကာယံ ပရိဂ္ဂဏှိတွာ အာဂတဿ ဝိပဿနာသမ္ပယုတ္တာ သတိ ကာယာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ကာယာနုပဿီ နာမ။ ဝိပဿနံ ဥဿုက္ကာပေတွာ အရိယမဂ္ဂံ ပတ္တဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တာ သတိ ကာယာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ကာယာနုပဿီ နာမ။
    ၂။ ဝေဒနံ ပရိဂ္ဂဏှိတွာ။ပ။ ၃။ စိတ္တံ ပရိဂ္ဂဏှိတွာ။ပ။
    ၄။ ဓမ္မေ ပရိဂ္ဂဏှိတွာ အာဂတဿ ဝိပဿနာသမ္ပယုတ္တာ သတိ ဓမ္မာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ဓမ္မာနုပဿီ နာမ။ ဝိပဿနံ ဥဿုက္ကာပေတွာ အရိယမဂ္ဂံ ပတ္တဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တာ သတိ ဓမ္မာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ဓမ္မာနုပဿီ နာမ။ ဧဝံ တာဝ ဒေသနာ ပုဂ္ဂလေ တိဋ္ဌတိ။
    ၁။ ကာယေ ပန သုဘန္တိ ဝိပလ္လာသပ္ပဟာနာ ကာယပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ကာယာနုပဿနာ နာမ။
    ၂။ ဝေဒနာယ သုခန္တိ ဝိပလ္လာသပ္ပဟာနာ ဝေဒနာပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ဝေဒနာနုပဿနာ နာမ။
    ၃။ စိတ္တေ နိစ္စန္တိ ဝိပလ္လာသပ္ပဟာနာ စိတ္တပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ စိတ္တာနုပဿနာ နာမ။
    ၄။ ဓမ္မေသု အတ္တာတိ ဝိပလ္လာသပ္ပဟာနာ ဓမ္မပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ဓမ္မာနုပဿနာ နာမ။
    ဣတိ ဧကာဝ မဂ္ဂသမ္ပယုတ္တာ သတိ စတုကိစ္စသာဓနဋ္ဌေန စတ္တာရိ နာမာနိ လဘတိ။ တေန ဝုတ္တံ “လောကုတ္တရမဂ္ဂက္ခဏေ ပန ဧကစိတ္တေယေဝ လဗ္ဘန္တီ”တိ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။ အဘိ၊ဋ္ဌ၊၂၊၂၇၃-၂၇၄။)