မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဒုက္ခသစ္စာဟူသည်

ဝီကီရင်းမြစ် မှ

အရိယသစ္စာလေးပါးအကြောင်း

ဒုက္ခသစ္စာဟူသည်

ခန္ဓသုတ္တန်

သာဝတ္ထိနိဒါန်း။ ရဟန်းတို့... ခန္ဓာငါးမျိုးတို့ကိုလည်းကောင်း, ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကိုလည်းကောင်း ဟောကြားတော်မူပေအံ့ ..၊ ထိုတရားတော်ကို နာယူကြကုန်လော့ .....။

ရဟန်းတို့... ခန္ဓာငါးမျိုးတို့ဟူသည် အဘယ်တို့နည်း?

ရဟန်းတို့...အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်း ဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပက္ခန္ဓာဟု ဆိုအပ်၏၊ အတိတ်အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော။ပ။ ဝေဒနာအားလုံးကို။ ပ။ သညာအားလုံးကို။ပ။ သင်္ခါရအားလုံးကို သင်္ခါရက္ခန္ဓာဟု ဆိုအပ်၏၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်း ဖြစ်သော ဝိညာဏ်အားလုံးကို ဝိညာဏက္ခန္ဓာဟု ဆိုအပ်၏၊ ရဟန်းတို့... ဤတရားတို့ကို ခန္ဓာငါးမျိုးတို့ဟူ၍ ဆိုအပ်၏၊

ရဟန်းတို့...ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ - ရဟန်းတို့...

၁။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်း ဖြစ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

၂။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော ဝေဒနာအားလုံးကို ဝေဒနုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

၃။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော သညာအားလုံးကို သညုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

၄။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော (ဝေဒနာ-သညာမှ ကြွင်းသော စေတသိက်) သင်္ခါရအားလုံးကို သင်္ခါရုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

၅။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်း ဖြစ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို ဝိညာဏုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

ရဟန်းတို့...ဤတရားတို့ကို ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူ၍ ဆိုအပ်၏ဟု မိန့်ကြားတော်မူ၏၊[မှတ်စု ၁] သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။[မှတ်စု ၂]

ဤအထက်ပါ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် မဟာသတိပဋ္ဌာနသုတ္တန် စသည့် ထိုထိုဒေသနာတော်တို့၌ လာရှိသည့် အတိုင်း - ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတည်း ဟူသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားမည်၏၊ ယင်းသို့ဖြစ်လျှင် ရူပုပါဒါနက္ခန္ဓာစသည့် ဥပါဒါနက္ခန္ဓာဟူသည် အဘယ်နည်းဟု မေးရန်ရှိ၏၊

ဤအထက်ပါ ခန္ဓသုတ္တန်[မှတ်စု ၃] ဒေသနာတော်မြတ်၌ .. ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ .. အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ (= ကိုယ်တွင်း), ဗဟိဒ္ဓ (= ပြင်ပ), ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟူသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့်, အာသဝေါတရားတို့၏ အာရုံဖြစ်ကြသည့်, တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော တစ်နည်း - တဏှာဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သော ကံသည် “ငါ၏အကျိုး”ဟု စွဲယူအပ်သည့် ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ မည်၏၊

အလားတူပင် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဝေဒနာတရားအစုအပုံ, သညာတရား အစုအပုံ, သင်္ခါရတရားအစုအပုံ, ဝိညာဏ်တရားအစုအပုံအသီးအသီးကိုလည်း ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဟု အသီးအသီး ခေါ်ဆိုကြောင်းကိုလည်း ယင်းခန္ဓသုတ္တန်ဒေသနာတော်မြတ်တွင် ဆက်လက်ကာ ဟောကြားထားတော်မူပေသည်။

ဤအထက်ပါ အရပ်ရပ်သော ဒေသနာတော်များနှင့်အညီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာမည်၏၊ ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့တွင် ရူပုပါဒါနက္ခန္ဓာကား ရုပ်တရား အစုအပုံတည်း၊ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာတို့ကား နာမ်တရား အစုအပုံတို့တည်း။ သို့အတွက် ဥပါဒါနက္ခန္ဓာငါးပါးတို့ဟူသည် ရုပ်နာမ် နှစ်ပါး တရားအစုအပုံတို့သာ ဖြစ်ကြသည်ဟု မှတ်သားပါလေ။

  1. (သံ၊၂၊၃၉။ ခန္ဓသုတ္တန်။)
  2. (သံ၊၃၊၃၆၉။ မ၊၁၊၈၂။)
  3. (သံ၊၂၊၃၉။ ခန္ဓသုတ္တန်။)