မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သမုဒယသစ္စာဟူသည်

ဝီကီရင်းမြစ် မှ

သမုဒယသစ္စာဟူသည်

ဘုရားရှင်သည် အဘိဓမ္မာဝိဘင်းပါဠိတော်[မှတ်စု ၁]၌ ..
၁။ တဏှာကို သမုဒယသစ္စာဟုလည်းကောင်း၊
၂။ တဏှာနှင့် တကွသော ကိလေသာအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း၊
၃။ တဏှာ, ကြွင်းကိလေသာအားလုံးနှင့် တကွ အကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း၊
၄။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော သံသရာဝဋ်ကို လည်ပတ်စေတတ်သော အလောဘ အဒေါသ အမောဟဟူသော ကုသလမူလတရား သုံးပါးကို သမုဒယသစ္စာဟုလည်းကောင်း၊
၅။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရားအားလုံး, အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော သံသရာဝဋ်ကို လည်ပတ်စေတတ်သော အလောဘ အဒေါသ အမောဟဟူသော ကုသလမူလတရား သုံးပါးနှင့် ကြွင်းလောကီကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း ––

ဤသို့လျှင် သမုဒယသစ္စာကို ငါးနည်း ခွဲခြား၍ ဟောကြားထားတော်မူ၏၊ ထို့ကြောင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကြီး[မှတ်စု ၂]တို့က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြ၏၊

“ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို စေတနာ, စေတနာနှင့်ယှဉ်ဖက် သမ္ပယုတ္တဓမ္မဟု အထူး မပြောတော့ဘဲ သမုဒယသစ္စာဟု အထူးမမ သာမညအားဖြင့် သစ္စဝိဘင်းပါဠိတော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊” တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန်[မှတ်စု ၃]၌ သမုဒယသစ္စာကို ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏ ..။

ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ? အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ-မရဏံ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿု-ပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။

“ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားဟူသည် အဘယ်နည်း? –

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊
၂။ သင်္ခါရတို့ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏၊
၃။ ဝိညာဏ် ဖြစ်ခြင်းကြောင့် နာမ်ရုပ် ဖြစ်၏၊
၄။ နာမ်ရုပ် ဖြစ်ခြင်းကြောင့် သဠာယတနဖြစ်၏၊
၅။ သဠာယတန ဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏၊
၆။ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊
၇။ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏၊
၈။ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏၊
၉။ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝ (ဥပပတ္တိဘဝ + ကမ္မဘဝ) ဖြစ်၏၊
၁၀။ ဘဝ (ကမ္မဘဝ) ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊
၁၁။ ဇာတိ ဖြစ်ခြင်းကြောင့် (၁၂) ဇရာမရဏ ဖြစ်၏၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဖြစ်ပေါ်လာကြကုန်၏၊

ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ကြောင်းတရားသည် တစ်နည်း ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ခြင်းသည် ထင်ရှားဖြစ်ပေ၏၊ ရဟန်းတို့...ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ဖြစ်စဉ်ကို ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟူ၍ ခေါ်ဆိုအပ်၏၊၊”

ဤတိတ္ထာယတနသုတ္တန်၌ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၏ ဖြစ်စဉ် အားလုံးကို သမုဒယသစ္စာဟု ဟောကြားထားတော်မူပေသည်။

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နည်း

အထက်ပါအတိုင်း ဘုရားရှင်သည် သမုဒယသစ္စာတရားတော်ကို ကျွတ်ထိုက်သသူ ဝေနေယျ သတ္တဝါတို့၏ အဇ္ဈာသယဓာတ်ခံဟူသည့် အလိုအကြိုက် စရိုက်ဝါသနာသို့ လိုက်၍လည်းကောင်း သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသည့် ဣန္ဒြေ ငါးပါးတို့၏ အနုံ့အထက် အနုအရင့်သို့ လိုက်၍လည်းကောင်း နားလည်သဘောပေါက်နိုင်ရန် သို့မဟုတ် ထိုးထွင်းသိမြင်နိုင်ရန် နည်းမျိုးစုံဖြင့် သမုဒယသစ္စာတရားတော်ကို ဟောကြားထားတော်မူခဲ့၏၊ အထက်တွင် တင်ပြထားသော သစ္စဝိဘင်းပါဠိတော်၌ လာရှိသော နည်း (၅)နည်းတို့တွင် ရှေ့(၄)နည်းတို့ကား သမုဒယသစ္စာကို အကြွင်းအကျန်နှင့်တကွ ဟောကြားထားတော်မူသော သာဝသေသနည်းများ ဖြစ်ကြ၏၊ သံသရာဝဋ်ကို လည်ပတ် စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာဟု ဟောကြားတော်မူသော ပဉ္စမနည်းသည်ကား သမုဒယသစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောကြားတော်မူသော အနာဝသေသနည်း ဖြစ်၏၊ ထို ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှက သမုဒယသစ္စာ ဖြစ်နေပုံနှင့် ပတ်သက်၍ လက်တွေ့ရှုကွက်ကို ရှုတတ်နိုင်ရန် ညွှန်ပြတော်မူလိုသည့်အတွက် အနုလောမပဋိစ္စသမုပ္ပါဒ်တရားတော်ကို သမုဒယသစ္စာဟု အထက်တွင်ဖော်ပြထားသော တိတ္ထာယတနသုတ္တန်တွင် ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပေသည်။ ထိုအနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးကလည်း ယောဂါဝစရပုဂ္ဂိုလ်တို့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရေးအတွက် လက်တွေ့ရှုကွက်ကို ရှုတတ်ရေးအတွက် ရှုကွက်အကျဉ်းချုပ်ကို ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်ကြီး[မှတ်စု ၄]တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။

အတိတ်အကြောင်းတရား ငါးပါး

ရှေးအတိတ်ဘဝဝယ် ဤပစ္စုပ္ပန်ဘဝသို့ ရောက်ကြောင်း ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ..
၁။ အဝိဇ္ဇာ = အရိယသစ္စာလေးပါး အမှန်တရားကို မသိမှု, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှုသဘော၊
၂။ သင်္ခါရ = ဤပစ္စုပ္ပန်ဘဝ ခန္ဓာငါးပါးရရှိရေးအတွက် အားထုတ်ကြောင်းဖြစ်သည့် ကုသိုလ် စိတ်-စေတသိက် နာမ်တရားအုပ်စု (အချို့အချို့သော ပစ္စုပ္ပန်အကုသလဝိပါက်များအတွက် အကုသိုလ် စိတ်-စေတသိက် နာမ်တရားအုပ်စု)၊
၃။ တဏှာ = ဤပစ္စုပ္ပန်ဘဝ ခန္ဓာငါးပါးကို တွယ်တာမက်မောမှု နိကန္တိ၊
၄။ ဥပါဒါန= ဤပစ္စုပ္ပန်ဘဝ ခန္ဓာငါးပါးအပေါ်၌ စိတ်ကပ်ရောက်စွဲလမ်းမှု (တဏှာဒဠှတ္တ)၊[မှတ်စု ၅]
၅။ ဘဝ = ကမ္မဘဝ = ကံ = ယင်းသင်္ခါရတရားအုပ်စုတွင် အကျုံးဝင်သော ကုသိုလ်စေတနာ (အကုသိုလ်စေတနာ)၊

ဤအတိတ်အကြောင်းတရားငါးပါးကား ဤပစ္စုပ္ပန်ဘဝတွင် ဒုက္ခအရိယသစ္စာတရား ထင်ရှားဖြစ်ပေါ်လာကြောင်း သမုဒယအရိယသစ္စာတရားတည်း။ ယင်းအတိတ်အကြောင်းတရားငါးပါး သမုဒယအရိယသစ္စာတရားကြောင့် ဤဘဝတွင် ဒုက္ခအရိယသစ္စာတရား ထင်ရှားဖြစ်ပေါ်လာရ၏၊ ယင်းဒုက္ခအရိယသစ္စာတရားစုတို့မှာ ဤသို့ ဖြစ်ကြ၏၊

ပစ္စုပ္ပန်အကျိုးတရား ငါးပါး

ဤပစ္စုပ္ပန်ဘဝဝယ် ထင်ရှားဖြစ်ပေါ်လာရသော ..
၁။ ဝိညာဏ = ဘဝတစ်ခုနှင့် ဘဝတစ်ခုကို (= ခန္ဓာတစ်ခုနှင့် ခန္ဓာတစ်ခုကို) ဆက်စပ်တတ်သော အခြင်းအရာ အားဖြင့် ဖြစ်သော ပဋိသန္ဓိဝိညာဏ်၊
၂။ နာမရူပ = အမိဝမ်းတွင်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သော ပဋိသန္ဓိဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာသော စေတသိက်နာမ်တရားစုနှင့် ရုပ်တရားစု၊
၃။ အာယတန = စက္ခု သောတ ဃာန ဇိဝှါ ကာယ မနတည်းဟူသော အတွင်းအာယတန (၆)ပါး၊
၄။ ဖဿ = စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿတည်း ဟူသော အတွေ့ (= ဖဿ) (၆)ပါး၊
၅။ ဝေဒနာ = စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ သောတသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ဃာနသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ဇိဝှါသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ကာယသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ မနောသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာတည်းဟူသော ခံစားမှု (= ဝေဒနာ) (၆)ပါး၊

ဤအကျိုးတရားငါးပါးကား အတိတ်အကြောင်းတရားငါးပါး သမုဒယအရိယသစ္စာတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ပစ္စုပ္ပန်အကျိုးတရားငါးပါး ဒုက္ခအရိယသစ္စာတရားစုတည်း။

ပစ္စုပ္ပန်အကြောင်းတရား ငါးပါး

ဤပစ္စုပ္ပန်ဘဝဝယ် အာယတန (၆)ပါးတို့၏ ရင့်ကျက်လာခြင်းကြောင့် ပြုစုပျိုးထောင်လိုက်သော ..
၁။ အဝိဇ္ဇာ = အရိယသစ္စာလေးပါး အမှန်တရားကို မသိမှု, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားမှုသဘော၊
၂။ သင်္ခါရ = နောင်အနာဂတ်ဝယ် ခန္ဓာငါးပါးရရှိရေးအတွက် အားထုတ်ကြောင်းဖြစ်သည့် ကုသိုလ် စိတ်-စေတသိက် နာမ်တရားအုပ်စု (အကုသိုလ် စိတ်-စေတသိက် နာမ်တရားအုပ်စု)၊
၃။ တဏှာ = နောင်အနာဂတ်ဘဝ ခန္ဓာငါးပါးကို တွယ်တာမက်မောမှု နိကန္တိ၊
၄။ ဥပါဒါန= နောင်အနာဂတ်ဘဝ ခန္ဓာငါးပါးအပေါ်၌ စိတ်ကပ်ရောက်စွဲလမ်းမှု၊
၅။ ဘဝ = ကမ္မဘဝ = ကံ= ယင်းသင်္ခါရတရားအုပ်စုတွင် အကျုံးဝင်သော ကုသိုလ်စေတနာ (အကုသိုလ်စေတနာ)၊

ဤပစ္စုပ္ပန်အကြောင်းတရားငါးပါးကား နောင်အနာဂတ်ဘဝတွင် ဒုက္ခအရိယသစ္စာတရား ထင်ရှားဖြစ်ပေါ်လာ ကြောင်း သမုဒယအရိယသစ္စာတရားတည်း။ ယင်းပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယအရိယသစ္စာတရားကြောင့် နောင်အနာဂတ်ဘဝတွင် ဒုက္ခအရိယသစ္စာတရား ထင်ရှားဖြစ်ပေါ်လာရပေအံ့။ ယင်း ဒုက္ခအရိယသစ္စာတရားစုတို့မှာ ဤသို့ ဖြစ်ကြ၏၊

အနာဂတ်အကျိုးတရား ငါးပါး

နောင်အနာဂတ်ဘဝဝယ် ထင်ရှားဖြစ်ပေါ်လာရသော ..
၁။ ဝိညာဏ = ဘဝတစ်ခုနှင့် ဘဝတစ်ခုကို (= ခန္ဓာတစ်ခုနှင့် ခန္ဓာတစ်ခုကို) ဆက်စပ်တတ်သော အခြင်းအရာ အားဖြင့် ဖြစ်သော ပဋိသန္ဓိဝိညာဏ်၊
၂။ နာမရူပ = အမိဝမ်းတွင်းသို့ သက်ဝင်လာလတ္တံ့သော ပဋိသန္ဓိဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာသော စေတသိက်နာမ်တရားစုနှင့် ရုပ်တရားစု၊
၃။ အာယတန= စက္ခု သောတ ဃာန ဇိဝှါ ကာယ မနတည်းဟူသော အတွင်းအာယတန (၆)ပါး၊
၄။ ဖဿ = စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿတည်း ဟူသော အတွေ့ (= ဖဿ) (၆)ပါး၊
၅။ ဝေဒနာ = စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ သောတသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ဃာနသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ဇိဝှါသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ကာယသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ မနောသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာတည်းဟူသော ခံစားမှု (= ဝေဒနာ)၊

ဤအကျိုးတရားငါးပါးကား ပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယအရိယသစ္စာတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော အနာဂတ်အကျိုးတရားငါးပါး ဒုက္ခအရိယသစ္စာတရားစုတည်း။

ဤသို့ ဟောကြားထားတော်မူသည့် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကို ကိုးကားတော်မူလျက် ရှုကွက်အကျဉ်းချုပ်ကို နားလည်သဘောပေါက်နိုင်ရန် အဋ္ဌကထာကြီးများ[မှတ်စု ၆]က ဤသို့ အကျဉ်းချုပ်ကာ ထပ်မံရှင်းလင်းတင်ပြထားတော် မူကြ၏၊

အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။

ထိုရှင်းလင်းချက်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။

အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အတိတ် အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် ဤပစ္စုပ္ပန်ဘဝတွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်လာရ၏၊

တစ်ဖန် ဤပစ္စုပ္ပန်ဘဝတွင် ထပ်မံ၍ ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော ပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် နောင်အနာဂတ်ဘဝတွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်လာရ၏၊ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ နည်းတူသဘောပေါက်ပါ။

ဘယ်တုန်းက တဏှာလဲ?

သို့သော် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်စသည့် ထိုထိုဒေသနာတော်တို့၌ ပဓာနနည်းအားဖြင့် တဏှာကို သမုဒယသစ္စာ ဟု ဟောကြားထားတော်မူခဲ့၏၊ ဘဝသစ်ကို မျှော်လင့်တောင့်တသည့် တဏှာ အစိုဓာတ် အစေးဓာတ် ရှိသူတို့က ပြုစုပျိုးထောင်လိုက်သော ကံကသာလျှင် ဘဝသစ်ကို ထပ်မံဖြစ်ပေါ်စေနိုင်၏၊ တဏှာ အစိုဓာတ် အစေးဓာတ် ခန်းခြောက်နေသူ ရဟန္တာအရှင်မြတ်တို့အဖို့ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်မီက ပြုစုပျိုးထောင်ခဲ့သော ထိုကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှတို့သည် ဘဝသစ်ကို လိုလားတောင့်တသည့် တဏှာ အစိုဓာတ် အစေးဓာတ်၏ အားပေးထောက်ပံ့မှု အကူအညီကို မရရှိကြသည့်အတွက် ဘဝသစ်ဟူသည့် အကျိုးတရားကို ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားကား မရှိကြတော့ပြီ ဖြစ်၏၊ သို့အတွက် ပဓာနနည်းအားဖြင့် တဏှာကို သမုဒယသစ္စာဟု ဟောကြားထားတော် မူခဲ့၏၊ သို့သော် ဤအရာ၌ ဆန်းစစ်သင့်သော အချက်တစ်ရပ်ကို ထပ်မံကာ တင်ပြလိုပေသည်။

တဏှာကို သမုဒယသစ္စာဟု ဘုရားရှင် ဟောကြားထားတော်မူသည်ကား မှန်၏၊ သို့သော် လက်ရှိ ဒုက္ခသစ္စာ တရားစု၏ အကြောင်းရင်းစစ်ဖြစ်သော သမုဒယသစ္စာ အမည်ရသည့် တဏှာကား ဘယ်တုန်းက ဖြစ်ခဲ့သည့် တဏှာနည်းဟု စူးစမ်းဆင်ခြင်သင့်၏၊

“ရုပ်နာမ်နှစ်ပါးသည် ခန္ဓာငါးပါးတည်း၊ ထိုခန္ဓာငါးပါးသည် ဒုက္ခသစ္စာတည်း၊ ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော ရှေးရှေးဘဝက ပြုစုပျိုးထောင်ခဲ့သော တဏှာသည် သမုဒယသစ္စာတည်း။”[မှတ်စု ၇]

ဤအထက်ပါ အဋ္ဌကထာကြီးများ၏ ဖွင့်ဆိုချက်နှင့်အညီ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော တဏှာသည် သာလျှင် ဤဘဝ ဒုက္ခသစ္စာ၏ အကြောင်းရင်း ဖြစ်၏၊ ဤဘဝတွင် ပြုစုပျိုးထောင်လိုက်သော တဏှာကား ဤဘဝ ဒုက္ခသစ္စာ၏ အကြောင်းရင်းကား မဟုတ်ပေ၊ အနာဂတ် ဒုက္ခသစ္စာ၏သာ အကြောင်းရင်း ဖြစ်ပေသည်။ တစ်နည်း ဆိုရသော် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားကသာလျှင် ဤဘဝ ဒုက္ခသစ္စာ၏ အကြောင်းရင်း ဖြစ်ပေသည်။ ဤဘဝတွင် ပြုစုပျိုးထောင် နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော သမုဒယသစ္စာတရားစုကား နောင်အနာဂတ် ဒုက္ခသစ္စာ၏သာ အကြောင်းတရား ဖြစ်ပေသည်။ အကယ်၍ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားကို ဤဘဝ ဒုက္ခသစ္စာတရား၏ အကြောင်းရင်းအဖြစ် လက်မခံနိုင်ခဲ့ဘူးဆိုပါက ဤဘဝတွင် ပြုစုပျိုးထောင်နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားတို့က နောင်အနာဂတ် ဒုက္ခသစ္စာတရားကို ဖြစ်စေနိုင်၏ဟူသော အချက်ကိုလည်း စဉ်းစားရတော့မည် ဖြစ်ပေသည်၊ ပါရမီကုသိုလ်ကံများကိုလည်း ထူထောင်ဖို့ လိုမလိုကိုပါ ထပ်မံစဉ်းစားရတော့မည် ဖြစ်ပေသည်။

အဝိဇ္ဇာ၏ အဓိပ္ပါယ်

တစ်ချိန်တွင် ရဟန်းတော်တစ်ပါးက ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးနောက် ဘုရားရှင်ကို ဤကဲ့သို့ မေးမြန်းလျှောက်ထားတော်မူ၏ –– “မြတ်စွာဘုရား ...’အဝိဇ္ဇာ အဝိဇ္ဇာ’ဟု ပြောဆိုနေပါသည် မြတ်စွာဘုရား၊ အဘယ်ကို အဝိဇ္ဇာဟုခေါ်ဆိုပါသလဲ မြတ်စွာဘုရား? အဘယ်မျှသော အတိုင်းအရှည်ဖြင့် အဝိဇ္ဇာသို့ရောက်ရှိနေသည့် ပုဂ္ဂိုလ်ဟု ခေါ်ဆိုပါသလဲ မြတ်စွာဘုရား?” .. ဤသို့ ထိုရဟန်းတော်က မြတ်စွာဘုရားအား မေးမြန်းလျှောက်ထား၏၊ ဤသို့ မေးမြန်းလျှောက်ထားသည့်အခါ ဘုရားရှင်က အောက်ပါအတိုင်း အဖြေပေးတော်မူ၏ ..။

“ချစ်သား ရဟန်း ...
၁။ ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊
၂။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊
၃။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊
၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယ သစ္စာ)တရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊

ချစ်သားရဟန်း ... ဤ မသိမမြင်မှု (၄)မျိုးကို အဝိဇ္ဇာဟု ခေါ်ဆို၏၊ ဤသို့ (၄)မျိုးသော မသိမမြင်မှုသို့ ရောက်ရှိနေသော ပုဂ္ဂိုလ်ကို အဝိဇ္ဇာသို့ ရောက်ရှိနေသည့် ပုဂ္ဂိုလ်ဟု ခေါ်ဆို၏” ..ဟု ဘုရားရှင်က ပြန်လည် မိန့်ကြားတော်မူလိုက်၏၊[မှတ်စု ၈]

အရိယသစ္စာတရား (၄)ပါးကို မသိမှုကို အဝိဇ္ဇာဟု ခေါ်ဆိုလျှင် ယင်း အဝိဇ္ဇာ (= မောဟ)သည် အဘယ်အရာကို သိရှိနေပါသနည်းဟု မေးရန်ရှိ၏၊ အဖြေကို အဋ္ဌကထာကြီးများ[မှတ်စု ၉]က ဤသို့ ဖွင့်ဆိုထားတော်မူကြ၏ ..။ “ပရမတ္ထအားဖြင့် တကယ်ထင်ရှားရှိနေသည့် သိသင့်သိထိုက်သည့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား စသည့် သစ္စာလေးရပ် တရားမြတ်တို့၌ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ, ရုပ်တရား နာမ်တရားဟု ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် မသိမမြင်ဘဲ, အကြောင်းတရား အကျိုးတရားဟု မသိမမြင်ဘဲ, ယင်းရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ) တရားစုတို့ကို အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရား အစုအပုံဟု မသိမမြင်ဘဲ ပြောင်းပြန်လှန်ကာ မသိသင့် မသိထိုက်သည့် မမြင်သင့် မမြင်ထိုက်သည့် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားနေမှုသဘော, ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို နိစ္စ သုခ သုဘဟုလည်းကောင်း ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားစုတို့တွင် ခန္ဓာတစ်ပါးပါးကို သို့မဟုတ် ခန္ဓာအများစုကို အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟုလည်းကောင်း အသိမှားနေမှုသဘောကို အဝိဇ္ဇာ (= မောဟ)ဟု ခေါ်ဆိုကြောင်း”ကို ရှင်းလင်းတင်ပြထားတော်မူကြ၏၊

ယင်း အသိမှားမှု အဝိဇ္ဇာကို အခြေတည်ကာ အမျိုးသားဘဝ အမျိုးသမီးဘဝ လူဘဝ နတ်ဘဝ ဗြဟ္မာဘဝ စသည့် ထိုထိုဘဝတို့၌ တွယ်တာမက်မောမှု တဏှာတရား ထင်ရှားဖြစ်ပေါ်လာ၏၊ တစ်ဖန် ဥပါဒါန် (၄)ပါးတို့တွင် သတ္တဝါအများစုတို့၌ အမျိုးသားဘဝ အမျိုးသမီးဘဝစသည့် သက်ရှိသက်မဲ့ လိုချင်စရာ ကာမဝတ္ထုအစုစုတို့အပေါ်၌ စွဲလမ်းမှု ကာမုပါဒါန်ကား အဖြစ်များကြ၏၊ ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကား အဖြစ်နည်းကြ၏၊ သို့အတွက် အဋ္ဌကထာကြီးများ[မှတ်စု ၁၀]က ကာမုပါဒါန်ကိုပင် ရည်ညွှန်းကာ ဥပါဒါန်ကို ဤသို့ ဖွင့်ဆိုထားတော်မူကြ၏..။

“ဘုရားရှင်သည် ဝိဘင်းပါဠိတော်[မှတ်စု ၁၁]တွင် ‘သက်ရှိသက်မဲ့ လိုချင်စရာ ကာမဝတ္ထုအစုစုတို့အပေါ်၌ လိုလား တောင့်တမှု, ငြိကပ်တွယ်တာမှု, နှစ်သက်မြတ်နိုးမှု, မက်မောမှု, ငြိကပ်တတ်သည့် အစိုဓာတ် အစေးဓာတ်, ပူပန်မှု, တွေဝေမိန်းမောမှု, မျိုမတတ်စွဲလမ်းမှုကို ကာမုပါဒါန်’ဟု ဟောကြားထားတော်မူခဲ့၏၊ ယင်းသို့ ဟောကြားထားတော် မူသောကြောင့် အကျဉ်းအားဖြင့် ခိုင်မြဲနေသော တဏှာကိုပင် ကာမုပါဒါန်ဟု ဆိုလို၏၊ ခိုင်မြဲနေသော တဏှာဟူသည် ရှေးရှေးတဏှာ၏ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါတို့ကို ဆက်ခံရသည့် နောက်နောက်သော တဏှာတည်း။ ယင်းသို့ ခိုင်မြဲနေသည့် နောက်နောက်သော တဏှာသည်ပင် ကာမုပါဒါန် မည်၏၊ ယင်းကာမုပါဒါန်ကား သတ္တဝါအများစုတို့၌ အဖြစ်များကြ၏၊” သို့အတွက် အတိတ်အကြောင်းတရား ပစ္စုပ္ပန်အကြောင်းတရား စသည်တို့ကို ဖော်ပြရာ၌ ယင်းကာမုပါဒါန်ကိုပင် ဦးစားပေးကာ ဖော်ပြထားပါသည်။

အဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးပါးတို့ကား ကိလေသဝဋ်တရား သုံးပါးတို့တည်း။ ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တိ့ု၏ အထောက်အပံ့ကို ရရှိသော သင်္ခါရ ကံတို့ကသာလျှင် ဘဝသစ်ဟူသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါးကို ဖြစ်စေနိုင်၏၊ သင်္ခါရ ကံတို့ကား ကမ္မဝဋ်တည်း။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ကား အကျိုး ဝိပါကဝဋ်တည်း။

အထက်တွင် ဖော်ပြထားသော အနုလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ဝယ် အတိတ်အကြောင်းတရားပိုင်း၌ အဝိဇ္ဇာနှင့် သင်္ခါရကိုသာ တိုက်ရိုက်ဟောကြားထားတော်မူ၏၊ ယင်းသို့ ဟောကြားတော်မူရာဝယ် အဝိဇ္ဇာကား ကိလေသဝဋ်တည်း၊ အဝိဇ္ဇာတည်းဟူသော ကိလေသဝဋ်ကို ဟောကြားတော်မူလိုက်လျှင် အဝိဇ္ဇာနှင့် ကိလေသဝဋ်ချင်း တူညီနေကြသည့် တဏှာနှင့် ဥပါဒါန်တို့ကိုလည်း သိမ်းကျုံးယူရ၏၊ အလားတူပင် ကမ္မဝဋ်ပိုင်း၌ သင်္ခါရဟူသော ကမ္မဝဋ်ကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် ကမ္မဝဋ်ချင်း တူညီနေသည့် ကမ္မဘဝ (= ကံ) ကိုလည်း သိမ်းကျုံး ယူရ၏၊ သို့အတွက် အဝိဇ္ဇာနှင့် သင်္ခါရကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အတိတ်အကြောင်းတရား ငါးပါးစလုံးကိုပင် သိမ်းကျုံးကာ ကောက်ယူရပေသည်။ ဤ အတိတ် အကြောင်းတရားငါးပါးကား အတိတ်အကြောင်းတစ်လွှာတည်း။

တစ်ဖန် ယင်း အတိတ်အကြောင်းတရားငါးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသည့် ပစ္စုပ္ပန် အကျိုးတရားပိုင်းတွင် ပဋိသန္ဓေအခိုက် ဖြစ်ပေါ်နေသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုးတရားငါးပါးကို ပဓာနထားကာ ဟောကြားထားတော်မူ၏၊ ယင်းပဋိသန္ဓေအခိုက် ထင်ရှားဖြစ်ပေါ်နေသည့် ဝိပါကဝဋ်တရားငါးပါးကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် ယင်းအတိတ်အကြောင်းတရားငါးပါးကြောင့်ပင် ဘဝတစ်လျှောက်ဝယ် ထင်ရှား ဖြစ်ပေါ်နေကြသည့် ဝိပါကဝဋ်ချင်း တူညီနေကြသည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုးဝိပါက်တရားကိုလည်း သိမ်းကျုံးကာ ကောက်ယူရပေသည်။ ဤအကျိုးတရားငါးပါးကား ပစ္စုပ္ပန်အကျိုး တစ်လွှာတည်း။

ဤ ပစ္စုပ္ပန်အကျိုးတရား ခန္ဓာငါးပါးတို့ကို အမှီပြု၍ နှလုံးသွင်းမှားမှု အယောနိသောမနသိကာရကို အကြောင်း ခံကာ နောင်အနာဂတ်ဘဝအတွက် ရည်မျှော်ကာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော ပစ္စုပ္ပန် အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကို ထပ်မံကာ ထူထောင်ကြပြန်၏၊ ဤအကြောင်းတရားငါးပါးကား ပစ္စုပ္ပန်အကြောင်းတစ်လွှာတည်း။ ယင်းပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် ကိလေသဝဋ်ပိုင်းကို ဟောကြားတော်မူရာ၌ တဏှာနှင့် ဥပါဒါန်ကိုသာ တိုက်ရိုက်ဟောကြားထားတော်မူ၏၊ တဏှာနှင့် ဥပါဒါန်ဟူသော ကိလေသဝဋ်ကို ဟောကြားတော်မူလိုက်လျှင် ကိလေသဝဋ်ချင်း တူညီနေသည့် အဝိဇ္ဇာကိုလည်း ထည့်သွင်းကောက်ယူရပေသည်။ အဝိဇ္ဇာကို အမှီရမှသာလျှင် တဏှာ ဥပါဒါန်တို့ကား ဖြစ်နိုင်ခွင့်ရှိကြပေသည်။ တစ်ဖန် ကမ္မဝဋ်ပိုင်းတွင် ကမ္မဘဝ (= ကံ) ကိုသာ တိုက်ရိုက်ဟောကြားထားတော်မူ၏၊ ယင်းသို့ ကမ္မဘဝ (= ကံ) ကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် ကမ္မဝဋ်ချင်း တူညီနေသည့် သင်္ခါရကိုလည်း သိမ်းကျုံးကာ ကောက်ယူရပေသည်။ သို့အတွက် ပစ္စုပ္ပန်အကြောင်းတရား ငါးပါး ပစ္စုပ္ပန်အကြောင်းတစ်လွှာ ဖြစ်ပေသည်။

တစ်ဖန် ယင်းပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် (သံသရာခရီး မဆုံးသေးသူတို့အတွက်) အနာဂတ်ဘဝတွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ် လာရပြန်၏၊ ယင်းအနာဂတ် အကျိုးတရားပိုင်းတွင် ဥပပတ္တိဘဝနှင့် ဇာတိကို ပဓာနထားကာ ဟောကြားထားတော် မူ၏၊ ဇာတိကား အနာဂတ် ပဋိသန္ဓေအခိုက် ထင်ရှားဖြစ်ပေါ်လာသည့် ခန္ဓာငါးပါးတို့ပင်တည်း။ ဥပပတ္တိဘဝ ဟူသည်ကား ထိုကံကြောင့် တစ်နည်း - အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ထိုပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နေသော ဝိပါကဝဋ်ဖြစ်သည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုး ဝိပါက်ခန္ဓာငါးပါး ဒုက္ခသစ္စာတရားစုတို့ပင်တည်း၊[မှတ်စု ၁၂] အနာဂတ်အကျိုးတစ်လွှာတည်း။

ဤသို့လျှင် အနုလောမပဋိစ္စသမုပ္ပါဒ်တရားဒေသနာတော်၌ အတိတ်အကြောင်းတစ်လွှာ, ပစ္စုပ္ပန်အကျိုးတစ်လွှာ, ပစ္စုပ္ပန်အကြောင်းတစ်လွှာ, အနာဂတ်အကျိုးတစ်လွှာဟု အလွှာ (၄)ပါး ရှိပေသည်။ တစ်လွှာတစ်လွှာ၌ အခြင်းအရာ ငါးပါးစီ ရှိသဖြင့် အလွှာ (၄)လွှာ၌ အခြင်းအရာ (၂၀) ရှိပေသည်။ တစ်ဖန် အတိတ်အဓွန့်ကာလ, ပစ္စုပ္ပန်အဓွန့်ကာလ, အနာဂတ်အဓွန့်ကာလဟု အဓွန့်ကာလ (၃)ပါး ရှိပေသည်။[မှတ်စု ၁၃]

တစ်ဖန် အတိတ်အကြောင်းတရားငါးပါးနှင့် ပစ္စုပ္ပန်အကျိုးတရားငါးပါးတို့၏ အကြားတွင် (= သင်္ခါရနှင့် ဝိညာဏ် အကြားတွင်) အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်နေသည့် အစပ်တစ်ခု၊ ပစ္စုပ္ပန်အကျိုးတရားငါးပါးနှင့် အနာဂတ်ဘဝကို တစ်နည်း အနာဂတ် အကျိုးတရားငါးပါးကို ဖြစ်ပေါ်စေနိုင်သည့် ပစ္စုပ္ပန်အကြောင်းတရားငါးပါးတို့၏ အကြားတွင် (= ဝေဒနာနှင့် တဏှာအကြားတွင်) အကျိုးတရားတို့ကို စွဲမှီ၍ အကြောင်းတရားများ ထပ်မံ ဖြစ်ပေါ်လာ ကြရသဖြင့် အကျိုးတရားနှင့် အကြောင်းတရားတို့ ဆက်စပ်နေသည့် အစပ်တစ်ခု၊ နောင်အနာဂတ်ဘဝအတွက် ပြုစုပျိုးထောင်ထားသည့် ပစ္စုပ္ပန်အကြောင်းတရား ငါးပါးနှင့် အနာဂတ်အကျိုးတရား ငါးပါးတို့၏ အကြားတွင် (= ကမ္မဘဝ = ကံနှင့် ဥပပတ္တိဘဝ = ဇာတိအကြားတွင်) အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်နေသည့် အစပ်တစ်ခု - ဤသို့လျှင် အစပ် (၃)ခု ရှိပေသည်။[မှတ်စု ၁၄]

အနုလောမပဋိစ္စသမုပ္ပါဒ်တရားဒေသနာတော်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် တကယ်လက်တွေ့ ရှုပွားရာ သိမ်းဆည်းရာ၌ ဤဖော်ပြပါ အလွှာ (၄)ပါး, အဓွန့်ကာလ (၃)ပါး, အစပ် (၃)ပါး, အခြင်းအရာ (၂၀)တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိအောင် မြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်ဟု မှတ်သားနာယူပါလေ။

  1. (အဘိ၊၂၊၁၁၂-၁၁၈။)
  2. တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၇ စာပိုဒ်-၆၅၅။)
  3. (အံ၊၁၊၁၇၈။)
  4. ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါ၊ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။
    ဣဓ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ ဣဓူပပတ္တိဘဝသ္မိံ ပုရေကတဿ ကမ္မဿ ပစ္စယာ။
    ဣဓ ပရိပက္ကတ္တာ အာယတနာနံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါ၊ ဣမေ ပဉ္စ ဓမ္မာ ဣဓ ကမ္မဘဝသ္မံ အာယတိံ ပဋိသန္ဓိယာ ပစ္စယာ။
    အာယတိံ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ အာယတိံ ဥပပတ္တိဘဝသ္မံ ဣဓ ကတဿ ကမ္မဿ ပစ္စယာ။
    ဣတိမေ စတုသင်္ခေပေ တယော အဒ္ဓေ တိသန္ဓိံ ဝီသတိယာ အာကာရေဟိ ပဋိစ္စသမုပ္ပါဒံ ဇာနာတိ ပဿတိ အညာတိ ပဋိဝိဇ္ဈတိ။ (ပဋိသံ၊၅၀-၅၁။)
  5. ‘တတ္ထ ကတမံ ကာမုပါဒါနံ? ယော ကာမေသု ကာမစ္ဆန္ဒော ကာမရာဂေါ ကာမနန္ဒီ ကာမတဏှာ ကာမသ္နေဟော ကာမပရိဠာဟော ကာမမုစ္ဆာ ကာမဇ္ဈောသာနံ-- ဣဒံ ဝုစ္စတိ ကာမုပါဒါန’န္တိ အာဂတတ္တာ သင်္ခေပတော တဏှာဒဠှတ္တံ ဝုတ္တံ။ တဏှာဒဠှတ္တံ နာမ ပုရိမတဏှာဥပနိဿယပစ္စယေန ဒဠှသမ္ဘူတာ ဥတ္တရတဏှာ ဧဝ။ ......ယေဘုယျေန စ အာလယရာမတ္တာ ပဇာယ ပါကဋံ ကာမုပါဒါနံ, န ဣတရာနိ။ (အဘိ၊ဋ္ဌ၊၂၊၁၇၂-၁၇၃။ ဝိသုဒ္ဓိ၊၂၊၂၀၄-၂၀၅၊ စာပိုဒ်၊၆၄၅။)
  6. (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)
  7. ရူပါရူပံ ပဉ္စက္ခန္ဓာ၊ တံ ဟောတိ ဒုက္ခသစ္စံ၊ တံသမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ။ (အဘိ၊ဋ္ဌ၊၂၊၆၈-၆၉။)
  8. ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ-- “ ‘အဝိဇ္ဇာ အဝိဇ္ဇာ’တိ ဘန္တေ ဝုစ္စတိ။ ကတမာ နု ခေါ ဘန္တေ အဝိဇ္ဇာ, ကိတ္တာဝတာ စ အဝိဇ္ဇာဂတော ဟောတီ”တိ? “ယံ ခေါ ဘိက္ခု ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓေ အညာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ၊ အယံ ဝုစ္စတိ ဘိက္ခု အဝိဇ္ဇာ။ ဧတ္တာဝတာ စ အဝိဇ္ဇာဂတော ဟောတီ”တိ။ (သံ၊၃၊၃၇၆၊ စာပိုဒ်၊၁၀၈၇။ အဝိဇ္ဇာသုတ္တန်။)
  9. ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။ ဝိသုဒ္ဓိ၊၂၊၁၅၇။)
  10. ‘တတ္ထ ကတမံ ကာမုပါဒါနံ? ယော ကာမေသု ကာမစ္ဆန္ဒော ကာမရာဂေါ ကာမနန္ဒီ ကာမတဏှာ ကာမသ္နေဟော ကာမပရိဠာဟော ကာမမုစ္ဆာ ကာမဇ္ဈောသာနံ-- ဣဒံ ဝုစ္စတိ ကာမုပါဒါန’န္တိ အာဂတတ္တာ သင်္ခေပတော တဏှာဒဠှတ္တံ ဝုတ္တံ။ တဏှာဒဠှတ္တံ နာမ ပုရိမတဏှာဥပနိဿယပစ္စယေန ဒဠှသမ္ဘူတာ ဥတ္တရတဏှာ ဧဝ။ ......ယေဘုယျေန စ အာလယရာမတ္တာ ပဇာယ ပါကဋံ ကာမုပါဒါနံ, န ဣတရာနိ။ (အဘိ၊ဋ္ဌ၊၂၊၁၇၂-၁၇၃။ ဝိသုဒ္ဓိ၊၂၊၂၀၄-၂၀၅၊ စာပိုဒ်၊၆၄၅။)
  11. (အဘိ၊၂၊၃၈၉၊ စာပိုဒ်၊၉၃၈။)
  12. တဒဘိနိဗ္ဗတ္တာ ခန္ဓာ ဥပပတ္တိဘဝေါ။ (အဘိ၊ဋ္ဌ၊၂၊၁၇၆။ ဝိသုဒ္ဓိ၊၂၊၂၀၉၊ စာပိုဒ်၊၆၅၀။)
  13. ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါ၊ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။
    ဣဓ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ ဣဓူပပတ္တိဘဝသ္မိံ ပုရေကတဿ ကမ္မဿ ပစ္စယာ။
    ဣဓ ပရိပက္ကတ္တာ အာယတနာနံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါ၊ ဣမေ ပဉ္စ ဓမ္မာ ဣဓ ကမ္မဘဝသ္မံ အာယတိံ ပဋိသန္ဓိယာ ပစ္စယာ။
    အာယတိံ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ အာယတိံ ဥပပတ္တိဘဝသ္မံ ဣဓ ကတဿ ကမ္မဿ ပစ္စယာ။
    ဣတိမေ စတုသင်္ခေပေ တယော အဒ္ဓေ တိသန္ဓိံ ဝီသတိယာ အာကာရေဟိ ပဋိစ္စသမုပ္ပါဒံ ဇာနာတိ ပဿတိ အညာတိ ပဋိဝိဇ္ဈတိ။ (ပဋိသံ၊၅၀-၅၁။)
  14. တိသန္ဓိန္တိ တယော သန္ဓယော အဿာတိ တိသန္ဓိ၊ တံ တိသန္ဓိံ။ အတီတဟေတုပစ္စုပ္ပန္နဖလာနမန္တရာ ဧကော ဟေတုဖလသန္ဓိ၊ ပစ္စုပ္ပန္နဖလအနာဂတဟေတူနမန္တရာ ဧကော ဖလဟေတုသန္ဓိ၊ ပစ္စုပ္ပန္နဟေတုအနာဂတဖလာနမန္တရာ ဧကော ဟေတုဖလသန္ဓိ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၅။)