မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်များ

ဝီကီရင်းမြစ် မှ

ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်များ

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကို ကိုးကား၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ သမ္မသနဉာဏ်ပိုင်း[မှတ်စု ၁] ဝယ် လက္ခဏသမ္မသန ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုပါ ထည့်သွင်းကာ ဖော်ပြထား၏၊ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိ စ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုလည်း ဝိပဿနာ ရှုရမည် ဖြစ်ပေသည်။

ယောဂီသူတော်ကောင်းသည် – “အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏”..

ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူသော အနုလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ပြန်လည်၍ အာရုံယူထားပါ။ ထိုသို့ သိမ်းဆည်းခဲ့သည့်အတိုင်း ယင်းအင်္ဂါရပ်တို့ကို ဤ၌ ဝိပဿနာရှုရမည် ဖြစ်ပေသည်။

ပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ ယူခဲ့သော် ..
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား - အတိတ်၊
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကား - ပစ္စုပ္ပန်၊
၃။ ဇာတိ၊ ဇရာမရဏတို့ကား - ပထမအနာဂတ်။

အကယ်၍ ပထမအတိတ်ဘဝကို ဗဟိုထား၍ ယူခဲ့သော် ..
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား - ဒုတိယအတိတ်၊
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကား - ပထမအတိတ်၊
၃။ ဇာတိ၊ ဇရာမရဏတို့ကား - ပစ္စုပ္ပန်။

အကယ်၍ ပထမအနာဂတ်ဘဝကို ဗဟိုထား၍ ယူခဲ့သော် ..
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား - ပစ္စုပ္ပန်၊
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကား - ပထမအနာဂတ်၊
၃။ ဇာတိ၊ ဇရာမရဏတို့ကား - ဒုတိယအနာဂတ်။

ဤသို့ စသည်ဖြင့် အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ သဘောပေါက်ပါလေ။ ဘဝသုံးခု သုံးခုကို အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ရှုရမည့် ရှုကွက်ဖြစ်သည်။

ရှုကွက်ပုံစံ အချို့

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊
အဝိဇ္ဇာ (ဖြစ်-ပျက်) အနိစ္စ။ သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။

မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်တွင် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ အဝိဇ္ဇာနှင့် သင်္ခါရတို့ကို ပဋိစ္စသမုပ္ပါဒ်ပထမနည်းတွင် သိမ်းဆည်းခဲ့သည့်အတိုင်း ရှုပါ။ ထိုတွင် အဝိဇ္ဇာမှာလည်း ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိအုပ်စု မနောဒွါရိက ဇောဝီထိစိတ်အစဉ်သာ ဖြစ်၏၊ သင်္ခါရမှာလည်း ထိုက်သလို ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ ဖြစ်နိုင်၏၊ မနောဒွါရိက ဇောဝီထိစိတ်အစဉ်ပင်တည်း။ ယောဂီသူတော်ကောင်းအတွက် ဤပစ္စုပ္ပန်ဘဝ ပဋိသန္ဓေခန္ဓာငါးပါး စသည့် အချို့အချို့သော ကုသလဝိပါကဝဋ်တို့၏ အကြောင်းကံကို ကွက်၍ ဆိုရမူ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ယင်းသင်္ခါရမှာ ကုသိုလ်သင်္ခါရသာ ဖြစ်ပေသည်။ သို့သော် အချို့အချို့သော အကုသလဝိပါကဝဋ်တို့၏ အကြောင်း ကံမှာကား အကုသိုလ်သင်္ခါရ ကံသာ ဖြစ်ပေသည်။ ထိုထိုဘဝ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်းသာ ရှုပါ။ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတို့ကိုလည်း နည်းတူပင် ရှုပါ။

၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏၊
သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။ ပဋိသန္ဓေဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။

ဤသို့ စသည်ဖြင့် ဝိပါက်ဝိညာဏ်များကို ကုန်စင်အောင် ဒွါရ (၆)ပါးလုံး၌ = စက္ခုဒွါရဝီထိ စသော ဝီထိ အားလုံးတို့၌လည်းကောင်း, ဘဝင်ဝိညာဏ် စုတိဝိညာဏ်တို့၌လည်းကောင်း ရှုပါလေ။ ကြွင်းသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၌လည်း ပဋိ စ္စသမုပ္ပါဒ်ပထမနည်းတွင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့သည့်အတိုင်း ဇာတိ, ဇရာမရဏသို့တိုင်အောင် ရှုပါလေ။ အကြောင်း အကျိုး နှစ်မျိုးလုံးကိုပင် လက္ခဏယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါလေ။

သုတ္တန်နည်းအရ – ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့၌ ဝိပါကဝဋ်တရားတို့ကိုသာလျှင် အလိုရှိအပ်သည် မှန်သော်လည်း[မှတ်စု ၂]အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ရှုရာ၌သာ ဝိပါကဝဋ်တရားတို့ကို ရှုပါ။ ဝိပဿနာ ရှုရာ၌ကား မကင်းစကောင်းသော ‘အဝိနာဘာဝနည်း’အရ ဝီထိစဉ်တစ်ခုအတွင်း၌ ကျရောက်လျက်ရှိသော ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်း၊ ဇော – တို့ကို ရောနှော၍ ရှုပါကလည်း ပရမတ္ထဓာတ်သားတို့ကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ရှုပါမူ အပြစ်မဖြစ်နိုင်ပါ။ ရှု၍ ရနိုင်သမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ဗဟိဒ္ဓ၌ သာမန်ခြုံရှုပါ၊ ပုဂ္ဂိုလ် သတ္တဝါ ခွဲခြားဝေဖန်မှု မပြုပါနှင့်။

  1. စက္ခုဓာတ် သောတဓာတ် ဃာနဓာတ် ဇိဝှါဓာတ် ကာယဓာတ် မနောဓာတ် + ရူပဓာတ် သဒ္ဒဓာတ် ဂန္ဓဓာတ် ရသဓာတ် ဖောဋ္ဌဗ္ဗဓာတ် ဓမ္မဓာတ် + စက္ခုဝိညာဏဓာတ် သောတဝိညာဏဓာတ် ဃာနဝိညာဏဓာတ် ဇိဝှါဝိညာဏဓာတ် ကာယဝိညာဏဓာတ် မနောဝိညာဏဓာတ် = ဓာတ် (၁၈)ပါး၊
  2. မှတ်ချက်---- နာမ်တရားအရ ဆိုင်ရာ ဘဝင်ဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏အတွင်း၌ အတူယှဉ်ဖက်ဖြစ်သည့် စေတသိက် နာမ်ကိုသာ ကောက်ယူပါ။ ရုပ်တရားအရ ယင်းဘဝင်ဝိညာဏ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကို ပဓာနထား၍ ကောက်ယူပါ၊ ရှုပါ။ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ၌ကား ယင်းစိတ္တဇရုပ်တို့နှင့် အတူပြိုင်၍ ဖြစ်နေကြသော ဖြစ်ဆဲ တည်ဆဲ ဖြစ်ကြ ကုန်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်း ရောနှော၍ ဝိပဿနာရှုပါက အပြစ်မဖြစ်ပါ။ အကြောင်းအကျိုး သိမ်းဆည်းရာ၌ကား ဆိုင်ရာဝိညာဏ်နှင့် စိတ္တဇရုပ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဝီထိစိတ်များ၌လည်း နည်းတူ မှတ်ပါ။ ဝီထိစိတ်တို့၌ ဝိပါက်ဝိညာဏ်ဟုဆိုလျှင် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံဝိပါက်ဝိညာဏ်တို့ကိုသာ ဆိုလို၏၊ သဟဇာတဝိညာဏ်ဟု ဆိုလျှင် ဝိပါက်ဝိညာဏ်များသာမက ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်း၊ ဇောဟူသော ကိရိယာဝိညာဏ် ဇောဝိညာဏ်တို့လည်း သဟဇာတ ဝိညာဏ်၌ ပါဝင်ကြသည်ဟု မှတ်ပါ။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့တွင်- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့မှာ သုတ္တန်ဒေသနာတော်နည်းအရ ဝိပါက်တရားတို့သာ ဖြစ်ကြ၏၊ (မဟာဋီ၊၂၊၃၂၃။) သို့သော် ယင်းဝိပါက်တရားတို့တွင် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏတို့သည် ပဉ္စဒွါရာဝဇ္ဇန်းမပါဘဲ, တဒါရုံတို့သည် ဇောမပါဘဲ ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြ။ သို့အတွက် ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်း၊ ဇောတို့ကို ရောနှော၍ အကြောင်း-အကျိုး သိမ်းဆည်းရာ၌လည်း ရောနှော သိမ်းဆည်းပါက အပြစ်မဖြစ်ပါ။ ဝိပါကဝဋ္ဋကထာပိုင်းတွင် မပါဟု သဘောပေါက်နေပါက အပြစ်မဖြစ်နိုင်ပါ။ စုတိစိတ်က စိတ္တဇရုပ်ကို ဖြစ်စေမှု မဖြစ်စေမှုနှင့် ဆက်စပ်၍ကား ကျမ်းဂန်များ၌ အချီအချ စကားများလျက်ပင် ရှိသည်။