မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အသုဘဘာဝနာ

ဝီကီရင်းမြစ် မှ

အသုဘဘာဝနာ

ဂိရိမာနန္ဒသုတ္တန်[မှတ်စု ၁]၌ အသုဘသညာကို ပွားများအားထုတ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ သဝိညာဏကအသုဘ = ရှင်အသုဘဘာဝနာတည်း။ မေဃိယသုတ္တန်[မှတ်စု ၂]၌ – အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ = ရာဂကို ပယ်ရှားနိုင်ရန်အတွက် အသုဘဘာဝနာကို ပွားများအားထုတ်ပါဟုလည်း ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ ဝိဇယသုတ္တန်[မှတ်စု ၃]၌လည်း သဝိညာဏကအသုဘ = ရှင်အသုဘ, အဝိညာဏကအသုဘ = သေအသုဘဘာဝနာတို့ကို ပွားများရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ ယင်းအသုဘဘာဝနာကား ဒုက္ခာနုပဿနာ၏ အခြံအရံပင်တည်း။

သဝိညာဏကအသုဘ = ရှင်အသုဘ

သက်ရှိသတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော (၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ နှလုံးသွင်း၍ အသုဘဘာဝနာကို ပွားရာ၌ ပဋိကူလမနသိကာရလမ်းမှ စျာန်ရအောင် ရှုနည်းနှင့် အာဒီနဝါနုပဿနာဟု ခေါ်ဆိုသော ခန္ဓာအိမ်၏ အသုဘအပြစ်ကို မြင်အောင် ရှုနည်းဟု နှစ်နည်း ရှိ၏၊ အဇ္ဈတ္တသန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသအားလုံးကို ခြုံ၍ ဖြစ်စေ, ကောဋ္ဌာသအချို့ကို ခြုံ၍ ဖြစ်စေ, ကောဋ္ဌာသတစ်ခုစီကို အာရုံယူ၍ ဖြစ်စေ ပဋိကူလသဘော = ရွံရှာစက်ဆုပ်ဖွယ်သဘောကို နှလုံးသွင်းပါက ပထမစျာန်သမာဓိသို့ ဆိုက်နိုင်၏၊ အလားတူပင် ဗဟိဒ္ဓကောဋ္ဌာသတို့၌ နှလုံးသွင်းပါက ဥပစာရသမာဓိသို့ ဆိုက်နိုင်၏၊

ရှေ့ပိုင်း[မှတ်စု ၄]တွင် ရှင်းပြခဲ့ပြီးလေပြီ။ ဤအပိုင်း၌ကား ယင်း (၃၂)ကောဋ္ဌာသတို့၌ အာဒီနဝါနုပဿနာသဘောအားဖြင့် ရှုပုံကိုသာ တင်ပြပေအံ့ ..။

(၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူ၍ “ “’အသုဘ အသုဘ’ဟု ရှုပါ။ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်နေပါစေ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ အပြန်ပြန် အလှန်လှန် ရှုပါ။ စွမ်းနိုင်သမျှ တစ်စတစ်စ တိုးချဲ့၍ ရှုပါ။

ဤအချိန်တွင် ရုပ်ပရမတ် နာမ်ပရမတ် နယ်မြေ၌ ကျက်စားမှု အရှိန်အဝါအားကောင်းနေသော ဘာဝနာဉာဏ် သည် ယခုကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးတို့၌ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာ စက်ဆုပ်ဖွယ်ရာ အသုဘသဘောကို အပြန်ပြန် အလှန်လှန် ရှုနေရာ၌ မကြာမီ (၃၂)ကောဋ္ဌာသတို့ ကွယ်ပျောက်၍ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင် နေတတ်သည်လည်း ရှိ၏၊ ပရမတ္ထသစ္စာနယ်၌ ကျက်စားမှုများနေသော ဉာဏ်၏ စွမ်းအားကြောင့်ပင်တည်း။ အကယ်၍ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ (၃၂)ကောဋ္ဌာသတို့၏ အသုဘသဘောကို အပြန်ပြန် အလှန်လှန် ရှုရာ၌ လွယ်လွယ် ကူကူဖြင့် ရုပ်ကလာပ်အမှုန်များကို မတွေ့မြင်ပါကလည်း ထိုထိုကောဋ္ဌာသများကို တစ်ခုစီဖြစ်စေ ခြုံ၍ဖြစ်စေ ယင်းကောဋ္ဌာသတို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုလိုက်ပါက ကျင့်သားရနေသော ဘာဝနာဉာဏ် စွမ်းအားဖြင့် ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်ပေသည်။ ရုပ်ကလာပ်များကို တွေ့မြင်သော အခါ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုထိုရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ထိုရုပ်ပရမတ်တရားများကို တစ်ဖန် ဆက်လက်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ထိုသို့ ရှုရာ၌ - အသုဘဘာဝနာလုပ်ငန်းခွင်၌ ကျေနပ်မှု အထိုက်လျောက် ရရှိသောအခါမှ ထိုထို ကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းခြင်း, ထိုထို ရုပ်ကလာပ်တို့၌ တည်ရှိကြသော ပရမတ်ရုပ်တရားတို့ကို ဝိပဿနာရှုခြင်းတို့ကို ပြုလုပ်ပါ။

ပိုးလောက်တို့ဖြင့် ပြည့်နေသော ခန္ဓာအိမ်

တစ်ဖန် ရှင်အသုဘ = သဝိညာဏကအသုဘ ရှုကွက်တစ်မျိုးသည် ဖေဏပိဏ္ဍူပမသုတ္တန်နှင့် ယင်းအဋ္ဌကထာ တို့၌ လာရှိ၏၊ ဤခန္ဓာအိမ်ကြီးသည်ကား ပိုးလောက်အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ်ကြီး ဖြစ်၏၊ ဤခန္ဓာအိမ်ကြီးသည် ပိုးလောက်အမျိုးမျိုးတို့၏ အိမ်ထောင်ရာ သားမွေးရာ အိမ်လည်း ဟုတ်၏၊ ကျင်ကြီးစွန့်ရာ အိမ်လည်း ဟုတ်၏၊ ကျင်ငယ်စွန့်ရာ အိမ်လည်း ဟုတ်၏၊ ဖျားနာဆောင်လည်း ဟုတ်၏၊ ယင်းပိုးလောက်တို့၏ သုသာန် သချုႌင်းလည်း ဟုတ်၏၊ ယင်းကဲ့သို့ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အရာဝတ္ထုတို့ဖြင့် ပြည့်နှက်နေသော ဤခန္ဓာအိမ်၏ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူ၍ အသုဘ အသုဘဟု ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ရှုပါ။[မှတ်စု ၅]

ထိုသို့ ရှုဖန်များလာသောအခါ ပရမတ္ထသစ္စာနယ်၌ ကျက်စားမှုများနေသော ဉာဏ်၏ စွမ်းအင်ကြောင့် ရုပ်ကလာပ်များကို မကြာမီ အချိန်ကာလအတွင်းမှာပင် တွေ့မြင်တတ်ပေသည်။ ထိုအခါ ယင်းရုပ်ကလာပ်များ၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်း၍ ယင်းရုပ်ပရမတ်တရားတို့ကို လက္ခဏာယာဉ်တင်ကာ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုပါ။ အကယ်၍ ရုပ်ကလာပ်များကို လွယ်လွယ်နှင့် မတွေ့မြင်ပါက, ယင်းအသုဘဘာဝနာကိုလည်း ကျေနပ်မှု အထိုက်အလျောက် ရရှိပါက ယင်းပိုးလောက်တို့ကိုလည်းကောင်း သို့မဟုတ် ပိုးလောက်တို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ်ကြီးကိုလည်းကောင်း အာရုံယူ၍ ယင်းပိုးလောက်တို့၌ သို့မဟုတ် ပိုးလောက်တို့နှင့် ပြည့်နေသော ယင်းခန္ဓာ အိမ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်းဆည်းလိုက်ပါက ပရမတ္ထသစ္စာနယ်၌ ကျင့်သားရနေသော ဉာဏ်၏ စွမ်းအင်ကြောင့် မကြာမီ ရုပ်ကလာပ်များကို တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်း၍ တစ်ဖန် ဝိပဿနာ ထပ်ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။

ရုပ်ပရမတ်တို့၏ အသုဘသဘော

ရုပ်ပရမတ်တရားတို့၌လည်း ..
၁။ ဒုဂ္ဂန္ဓ = မကောင်းသော အနံ့ ရှိခြင်း,
၂။ အသုစိ = မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ရှိခြင်း,
၃။ ဗျာဓိ = ဖျားနာခြင်းသဘော ရှိခြင်း,
၄။ ဇရာ = အိုမှု ရှိခြင်း = ရင့်ကျက်မှုဌီကာလ ရှိခြင်း,
၅။ မရဏ = သေကျေပျက်စီးမှု ရှိခြင်း = ပျက်မှုဘင်ကာလ ရှိခြင်း[မှတ်စု ၆]

ဟူသော အသုဘသဘောတရားများသည် ထင်ရှားရှိနေကြသည်သာ ဖြစ်၏၊ ယင်းအသုဘသဘောကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အသုဘ အသုဘဟု ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။

ဤသို့လျှင် သဝိညာဏကအသုဘ = ရှင်အသုဘ၌ ..
၁။ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော,
၂။ ပိုးလောက်တို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော,
၃။ ရုပ်ပရမတ်တရားတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော – ဟု
အသုဘသဘောတရား သုံးမျိုးခွဲ၍ ရှုပါ။

အဝိညာဏကအသုဘ = သေအသုဘ

“ရဟန်းတို့ ... တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် သေပြီး၍ တစ်ရက်ရှိသော သူသေကောင်, သေပြီး၍ နှစ်ရက်ရှိသော သူသေကောင်, သေပြီး၍ သုံးရက်ရှိသော သူသေကောင်, ဖူးဖူးရောင်ကြွ ပုပ်ပွနေသော သူသေကောင်, ရုပ်အဆင်းပျက်လျက် ညိုမည်းနေသော သူသေကောင်, ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည် ယိုစီးသော သုသာန်သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်လေရာ၏၊ မြင်လေရာသကဲ့သို့ ထိုယောဂါဝစရရဟန်းသည် ‘ဤငါ၏ ရူပကာယသည်လည်း ဤသို့သောသဘော ရှိ၏၊ ဤသို့သောသဘော ဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်’ ..ဟု ဤမိမိ၏ ရူပကာယကိုပင် ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်၍ ရှု၏၊”[မှတ်စု ၇]

ဒီဃဘာဏက = ဒီဃနိကာယ်ကို ဆောင်တော်မူသော မဟာသီဝ ရဟန္တာမထေရ်မြတ်ကြီးကား - “နဝသိဝထိက = သုသာန်သင်းချိုင်းနှင့် ဆက်စပ်၍ ဟောကြားတော်မူအပ်သော အသုဘဘာဝနာ (၉)မျိုးတို့ကို အာဒီနဝါနုပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏”ဟု ဆို၏၊[မှတ်စု ၈]

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ အဝိညာဏက အသုဘဘာဝနာကို ရှုပွားလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် သေအသုဘ အလောင်းကောင်တစ်ခုကို ရွေးချယ်၍ ရှုရမည် ဖြစ်သည်။ သမထပိုင်းဝယ် ပထမစျာန် သမာဓိသို့ဆိုက်အောင် အသုဘဘာဝနာကို ပွားရာ၌ အမျိုးသား ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသားအလောင်းကောင် ကို, အမျိုးသမီး ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသမီးအလောင်းကောင်ကို ရှုရ၏၊ အာဒီနဝါနုပဿနာအနေဖြင့် ရှုရသော ဤဝိပဿနာပိုင်း၌ကား အမျိုးသားအလောင်းကောင် အမျိုးသမီးအလောင်းကောင်ဟု ရွေးချယ်စိစစ်ရန် မလိုပေ၊ လိင်တူမှု မတူမှုမှာ လိုရင်းမဟုတ်။ သမထပိုင်း၌ကား ဗဟိဒ္ဓအလောင်းကိုသာ ပထမစျာန်သို့ ဆိုက်သည် တိုင်အောင် စူးစူးစိုက်စိုက် ရှုရသဖြင့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သွားသောအခါ ရာဂဝင်လာ နှောင့်ယှက်တတ် သဖြင့် လိင်တူ အလောင်းကောင်ကိုသာ ရှုပွားရခြင်း ဖြစ်၏၊ အာဒီနဝါနုပဿနာ = မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ခန္ဓာအိမ်၏ အပြစ်ကို မြင်အောင်ရှုရသော ဤ ဝိပဿနာပိုင်း၌ကား အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ရှုရသဖြင့် အာဒီနဝါနုပဿနာ = အပြစ်ကို မြင်အောင် ရှုသောနည်း ဖြစ်ရကား လိင်တူ လိင်မတူ ရွေးချယ်မှု မပြုတော့ဘဲ မိမိ နိမိတ်ယူ၍ ရလွယ်ရာ အသုဘအလောင်းကောင်တစ်ခုကို အာရုံယူ၍ ရှုနိုင်သည်။ သိရိမာ၏ အလောင်းကောင်ကို စံထား၍ ရဟန်းယောက်ျား ပရိသတ်, ရဟန်းမိန်းမ ပရိသတ်, လူယောက်ျား ပရိသတ်, လူမိန်းမ ပရိသတ်တည်းဟူသော ပရိသတ်လေးပါးတို့ကို အသုဘဘာဝနာရှုရန် ညွန်ကြားထားတော်မူသော ထုံးတစ်ရပ်သည် ဝိဇယသုတ္တန်[မှတ်စု ၉]၌ လာရှိ ပေသည်။ သမထပိုင်း၌ ဗဟိဒ္ဓအလောင်းကောင်သက်သက်ကိုသာ = အထူးသဖြင့် အလောင်းကောင်တစ်ခုတည်းကိုသာ စျာန်ဆိုက်သည်တိုင်အောင် စူးစူးစိုက်စိုက် ရှုရ၏၊ ဝိပဿနာပိုင်း၌ကား အပြစ်အာဒီနဝကို မြင်အောင် အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ရှုရ၏၊ ဤကား – သမထပိုင်းနှင့် ဝိပဿနာပိုင်း အသုဘဘာဝနာတို့၏ ထူးခြားမှုတည်း။

ရှုပုံနည်းစနစ်

အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရား = ခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်သော ဤအချိန်တွင် ဝိပဿနာ ရှုပွားနေသော ယောဂီသူတော်ကောင်း၏ ဝိပဿနာဉာဏ်ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော ဉာဏ်အရောင်အလင်းများသည် ထွက်ပေါ်နေမည်သာ ဖြစ်ပေသည်။ သို့မဟုတ် တရားထိုင်လျှင် ထိုင်ချင်း မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်လည်၍ ထူထောင်လိုက်ပါကလည်း ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း များသည် ထွက်ပေါ်နေမည်သာ ဖြစ်သည်။ အကြောင်းမူ သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးမှ ဝိပဿနာဘာဝနာ ကိုလည်း အဆင့်ဆင့် ကူးပြောင်းလာပြီးမှ အဝိညာဏကအသုဘ = သေအသုဘကို ရှုရန် အခွင့်ဆိုက်လာသောကြောင့် ဖြစ်သည်။ သို့သော် ထိုဉာဏ်အရောင်အလင်းသည် အနည်းငယ်မှိန်၍ အားမရ ဖြစ်နေပါမူ သမာဓိကို အဆင့်ဆင့် ပြန်လည် ထူထောင်ပါ။ ထိုသမာဓိနှင့် ယှဉ်တွဲနေသော ဉာဏ်ကြောင့် အရောင်အလင်းသည် ပြိုးပြိုးပြက်ပြက် တလက်လက် တဖျပ်ဖျပ် တောက်ပလာသောအခါ အဝိညာဏက အသုဘဘာဝနာကို ရှုနိုင်ပြီ ဖြစ်သည်။

သမထဘာဝနာဉာဏ်ကြောင့်ဖြစ်စေ, သို့မဟုတ် ဝိပဿနာဘာဝနာဉာဏ်ကြောင့်ဖြစ်စေ လင်းရောင်ခြည်သည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုဉာဏ်အရောင်အလင်းဖြင့် မိမိ အမှတ်တရ ဖြစ်ဖူးသော အမှတ်တရ မြင်ထားဖူးသော အလောင်းကောင်တစ်ခုကို လှမ်း၍ အာရုံယူကြည့်ပါ။ လက်နှိပ်မီးဖြင့် ထိုးစိုက်ကြည့် သကဲ့သို့ ထိုဉာဏ်အရောင်အလင်းဖြင့် ထိုးစိုက်၍ ရှုပါ။ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောသည် ဉာဏ်၌ ထင်မြင်နေ ပါစေ။ ပုပ်ပွ၍ အပုပ်ရည်ထွက်နေသော အလောင်းကောင်တစ်မျိုးဖြစ်မူ ပို၍ကောင်းသည်သာ ဖြစ်သည်။ ထိုရွံရှာ စက်ဆုပ်ဖွယ် အသုဘသဘောကို နှလုံးသွင်း၍ ယင်းအလောင်းကောင်ကို အသုဘ အသုဘဟု ရှုပါ။ အသုဘ အခြင်းအရာသည် ဉာဏ်၌ ထင်လာသဖြင့် ယင်းအသုဘအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်သွားသော အခါ မိမိကိုယ်ကို တစ်ဖန် ဉာဏ်ဖြင့် ကပ်ဆောင်၍ ရှုကြည့်ပါ။ မိမိခန္ဓာကိုယ်၏လည်း ထိုဗဟိဒ္ဓအလောင်းကောင်ကဲ့သို့ သေနေသည့် ပုပ်ပွ၍ အသုဘဖြစ်နေသည့် အသုဘအခြင်းအရာကို ဉာဏ်ဖြင့်မြင်အောင် စိုက်ရှုပါ။ မိမိအလောင်းကောင်၏ ပုပ်ပွလျက် ရွံရှာစက်ဆုပ်ဖွယ် အခြင်းအရာကို မြင်သောအခါ အသုဘ အသုဘဟု ရှုပါ။

အကယ်၍ မိမိ၏ အသုဘအခြင်းအရာကို ဉာဏ်ဖြင့် ကပ်ဆောင်၍ ရှုသော်လည်း မရဖြစ်နေပါက ဗဟိဒ္ဓ အသုဘကို တစ်ဖန်ပြန်၍ ရှုပါ။ ထိုနောင် အဇ္ဈတ္တသို့ တစ်ဖန်ပြန်ရှုပါ။ ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက အဇ္ဈတ္တ အသုဘအခြင်းအရာကိုလည်း တွေ့မြင်လာနိုင်ပေသည်။ အကယ်၍ မတွေ့မမြင် ဖြစ်နေသေးပါက ဤအချိန်မှ စ၍ မိမိ၏ အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ တဖြည်းဖြည်း ရှုကြည့်ပါက မိမိသေနေသော အသုဘသဘောကို လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်ပေသည်။ ဤ ရှုကွက်မှာ ပစ္စုပ္ပန်အကြောင်းတရားနှင့် အနာဂတ်အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို ရှုထားပြီးသောယောဂီ ရှုနိုင်သောယောဂီအဖို့ လွယ်ကူ နေမည်သာ ဖြစ်ပေသည်။

မိမိ၏ အသုဘသဘောကို ဉာဏ်ဖြင့် = ဉာဏ်အရောင်အလင်းဖြင့် တွေ့မြင်ပါက အဇ္ဈတ္တ မိမိအလောင်းကောင် အာရုံနှင့် ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်အာရုံကို တစ်လှည့်စီ လှည့်၍ အသုဘ အသုဘဟု ရှုပါ။ ထိုသို့ရှုရာ၌ မိမိ ရာဂဖြစ်ဖူးသည့်ပုဂ္ဂိုလ် ရာဂ ဖြစ်နေကျပုဂ္ဂိုလ်များကိုလည်း တစ်စတစ်စ တိုးချဲ့၍ အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် အသုဘ အသုဘဟု ရှုနိုင်ပါသည်။ ရှုပုံနည်းစနစ်မှာ ဤသို့ ဖြစ်၏ ..။

ရှေးဦးစွာ ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်၏ အသုဘအခြင်းအရာကို အာရုံယူလျက် အသုဘ အသုဘဟု ရှုပါ။ ထို့နောင် မိမိအဇ္ဈတ္တအလောင်းကောင်၏ အသုဘအခြင်းအရာကို အာရုံယူလျက် အသုဘ အသုဘဟု ရှုပါ။ ဤသို့လျှင် အဇ္ဈတ္တ ဗဟိဒ္ဓ အသုဘအခြင်းအရာကို တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနိုင်သောအခါ မိမိ ရာဂဖြစ်ဖူးသည့် အသက်ရှင်နေဆဲပုဂ္ဂိုလ် တစ်ဦးကို လိင်တူသည်ဖြစ်စေ လိင်မတူသည်ဖြစ်စေ ခွဲခြားဝေဖန်မှု မပြုဘဲ ယင်းပုဂ္ဂိုလ်၏ ပုပ်ပွကာ သေကျေပျက်စီးနေသည့် အလောင်းကောင်အာရုံကို ဉာဏ်ဖြင့် ကပ်ဆောင်ကြည့်ကာ အသုဘ အသုဘဟု ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် လှည့်လည်ကာ ရှုပါ။ အောင်မြင်မှုကို မရရှိပါက ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်ကို တစ်ဖန် ပြန်လည် အသုဘဟု ရှုပါ။ တစ်ဖန် ယင်းရာဂဖြစ်နေကျ ပုဂ္ဂိုလ်ကို အာရုံယူကာ ယင်းပုဂ္ဂိုလ်၏ သေနေသည့် အလောင်းကောင်ကို ဉာဏ်ဖြင့် ကပ်ဆောင်လျက် အသုဘဟု ထပ်မံ ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို ရရှိပါက ရာဂဖြစ်နေကျပုဂ္ဂိုလ် ရာဂဖြစ်နေဆဲပုဂ္ဂိုလ်များကို တစ်ယောက်ပြီး တစ်ယောက် ပြောင်းရွှေ့ကာ ဤဖော်ပြထားသည့် နည်းစနစ်ကို အသုံးပြုလျက် အသုဘဘာဝနာကို ဆက်လက် ပွားများကြည့်ပါ၊ အောင်မြင်မှုကို ရရှိတတ်ပါသည်။

ထိုကဲ့သို့ အသုဘ အသုဘဟု အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ ရှုဖန်များလာပါက ရှေးရှေး ဝိပဿနာဘာဝနာတို့၏ စွမ်းအားကြောင့်လည်းကောင်း, ပရမတ္ထသစ္စာနယ်၌ ကျက်စားမှု များခဲ့ခြင်းကြောင့်လည်းကောင်း အဇ္ဈတ္တ ဗဟိဒ္ဓ အလောင်းကောင်များ၌ တည်ရှိသော ရုပ်ကလာပ်များကို တွေ့မြင်လာတတ်၏၊ သို့မဟုတ် အသုဘအလောင်းကောင် တို့သည် တဖြည်းဖြည်း ပြိုပြိုကျကာ အရိုးစုအစုအပုံ အရိုးအမှုန့်အစုအပုံအသွင်သို့ ပြောင်းရွှေ့၍ ဉာဏ်၌ ထင်လာ တတ်သည်လည်း ရှိ၏၊ အကယ်၍ ထိုအလောင်းကောင်၏ အနာဂတ်ဘက်သို့ ဉာဏ်ကို တစ်စတစ်စ စေလွှတ် ကြည့်လိုက်ပါက အရိုးစု အရိုးပုံ အရိုးမှုန့်ဖြစ်သည့်အထိသို့လည်း ဉာဏ်အမြင်သည် ဆိုက်ရောက်သွားနိုင်သည်သာ ဖြစ်သည်။ မည်သည့်အဆင့်၌မဆို အသုဘ အသုဘဟု ရှုပါ။ အကယ်၍ ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူနှင့် တွေ့ရှိပါက ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကို အထူးသဖြင့် ဥတုဇ ရုပ်တရားတို့ကို သိမ်းဆည်း၍ ယင်းရုပ်တရားတို့ကို လက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပါ။

အကယ်၍ ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူနှင့် မတွေ့မြင်သေးပါက ယင်း အဇ္ဈတ္တ ဗဟိဒ္ဓ အသုဘ အလောင်းကောင်တို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းလိုက်ပါက ထိုအသုဘအလောင်းကောင် တို့၌ တည်ရှိသော ရုပ်ကလာပ်များကို စတင် တွေ့ရှိမည်သာဖြစ်သည်။ ရုပ်ကလာပ်အမှုန်များကို ဓာတ်ခွဲကြည့်လိုက်ပါက ကလာပ်တစ်ခုတွင် တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲဖြစ်ပွားလာကြသော ဥတုဇဩဇဋ္ဌမကရုပ်တရားတို့ကို တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်တရားတို့ကို သိမ်းဆည်း၍ ဆက်လက်ကာ ဝိပဿနာ ရှုပါ။ အသုဘဘာဝနာမှ ဝိပဿနာသို့ ယခုကဲ့သို့ ပြောင်းရွှေ့ရှုခြင်းမှာ အသုဘဘာဝနာလုပ်ငန်းခွင်၌ အားရကျေနပ်မှု အထိုက်အလျောက် ရရှိသောအခါ၌သာ ပြုလုပ်ပါ။

ထူးခြားချက်တစ်ရပ်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက လှမ်း၍အာရုံယူလိုက်သော ထိုအလောင်းကောင်သည် ပိုးလောက်များ ခဲစားနေသည့် အဆင့်၌ တည်ရှိနေသေးသည့် အလောင်းကောင်ဖြစ်နေမူ အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ထိုအလောင်းကောင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် လှမ်း၍ သိမ်းဆည်းလိုက်သောအခါ ဥတုဇ ဩဇဋ္ဌမကရုပ်များကိုသာမက အခြားအခြားသော အကြည်ဓာတ် = ပသာဒရုပ် အချို့ပါသည့် ရုပ်ကလာပ်များနှင့် မကြည်သည့် ရုပ်ကလာပ်များကိုလည်း တွေ့တတ်ကြ၏၊ အကြောင်းကား – ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအလောင်းကောင်ကို မှီတွယ်နေသော အသက်ရှင်နေဆဲ ပိုးလောက်တို့၏ ရုပ်ကလာပ်များကိုပါ ရောနှောလျက် တွေ့မြင် နေခြင်းကြောင့် ဖြစ်သည်။ အသုဘအလောင်းကောင်၌ ကြည်သည့် ပသာဒရုပ်များနှင့် စတုသမုဋ္ဌာနိကရုပ်တရားတို့ ထင်ရှားရှိနေခြင်းကြောင့်ကား မဟုတ်ပေ။

အဇ္ဈတ္တ ဗဟိဒ္ဓ အလောင်းကောင်တို့၌ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ထိုရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ်ရုပ်တရားများကို လက္ခဏာယာဉ်တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပါလေ။

  1. (အံ၊၃၊၃၄၃။)
  2. (အံ၊၃၊၁၆၉။ ဥဒါန၊၁၂၀။ မေဃိယသုတ္တန်။)
  3. (သုတ္တနိပါတ၊၃၀၇-၃၀၈။)
  4. (စာမျက်နှာ၊၂၀၄- စသည်)၃၀၀
  5. (သံ၊ဋ္ဌ၊၂၊၂၉၄။)
  6. ဒုဂ္ဂန္ဓံ အသုစိံ ဗျာဓိံ၊ ဇရံ မရဏပဉ္စမံ။ (သံ၊ဋ္ဌ၊၂၊၂၉၄။ သံ၊ဋ္ဌ၊၃၊၅၉။)၁၀၆
  7. (ဒီ၊၂၊၂၃၅။ မဟာသတိပဋ္ဌာနသုတ္တန်၊ ကာယာနုပဿနာ-နဝသိဝထိကပဗ္ဗ။)
  8. ဒီဃဘာဏကမဟာသီဝတ္ထေရော ပန “နဝသိဝထိကာ အာဒီနဝါနုပဿနာဝသေန ဝုတ္တာ”တိ အာဟ။ (ဒီ၊ဋ္ဌ၊၂၊၃၉၄။ မ၊ဋ္ဌ၊၁၊၃၀၅ )
  9. (သုတ္တနိပါတ၊၃၀၇-၃၀၈။)