မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄) ပါး

ဝီကီရင်းမြစ် မှ

ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄) ပါး - သစ္စဝါရဒေသနာတော်

ဝိဘင်းပါဠိတော် သစ္စဝါရဒေသနာတော်[မှတ်စု ၁]၌ ဘုရားရှင်က ပဋိသမ္ဘိဒါဉာဏ်တော်များကို အောက်ပါအတိုင်း ဟောကြားထားတော်မူပေသည် ..။

၁။ အတ္ထပဋိသမ္ဘိဒါဉာဏ်– ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏ = အကြောင်း၏ အကျိုး၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏၊

၂။ ဓမ္မပဋိသမ္ဘိဒါဉာဏ် – ဒုက္ခသစ္စာ၏အကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏ = အကြောင်းတရား၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏၊

၁။ အတ္ထပဋိသမ္ဘိဒါဉာဏ်– ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏၊

၂။ ဓမ္မပဋိသမ္ဘိဒါဉာဏ် – ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်းကျင့်စဉ် (= မဂ္ဂသစ္စာ)၌ သိသော ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏၊

၃။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်– ထို ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော အတ္ထ ဓမ္မ သဘာဝတရားတို့၌ အခေါ် အဝေါ် အသုံးအနှုန်းကို ကျွမ်းကျင်လိမ္မာသော ဉာဏ်သည် အထူးသဖြင့် မာဂဓဘာသာစကား၌ ကျွမ်းကျင် လိမ္မာသော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏၊

၄။ ပဋိ ဘာနပဋိသမ္ဘိဒါဉာဏ် –– အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို တစ်ဖန် ပြန်၍ သိသောဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏၊

ပဋိသမ္ဘိဒါဉာဏ်ကို ရရှိရန် အကြောင်းအင်္ဂါ (၅) ရပ်

သာဝကတို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည် (၅)မျိုးကုန်သော အကြောင်းတရားတို့ကြောင့် စင်ကြယ်သန့်ရှင်းကုန်၏၊

၁။ အဓိဂမ – အဓိဂမဟူသည် သေက္ခဘုံဟုခေါ်ဆိုအပ်သော သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ် ဟူသော တစ်ခုခုသော အရိယဖိုလ်သို့, အသေက္ခဘုံဟု ခေါ်ဆိုအပ်သော အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခြင်း တည်း။ ဤအင်္ဂါရပ်ကား ဤဘုရားရှင်၏ သာသနာတော်တွင်း၌ ရရှိရမည့် အင်္ဂါရပ် ဖြစ်ပေသည်။

၂။ ပရိယတ္တိ – ဘုရားရှင်၏ ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို သင်ယူခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း သည် ပရိယတ္တိ မည်၏၊ ဤအင်္ဂါရပ်ကား ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရမည့် အင်္ဂါရပ် ဖြစ်သည်။

၃။ သဝန– အရိုအသေပြု၍ အလေးအမြတ်ပြု၍ အလွန်လိုလားတောင့်တသော ကုသိုလ်သမ္မာဆန္ဒဓာတ်ဖြင့် သဒ္ဓမ္မ အမည်ရသည့် သူတော်ကောင်းတရားကို နာကြားခြင်းသည် သဝန မည်၏၊ အထူးသဖြင့် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း ဤအင်္ဂါရပ်နှင့် ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရမည်။

၄။ ပရိပုစ္ဆာ – ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်စသော နက်နဲသော တရားတော်တို့နှင့် စပ်ယှဉ်သော ပါဠိတော် အဋ္ဌကထာစသည့် စကားအစဉ်တို့၌ ပဒတ္ထ - ပုဒ်အနက်သဘောအားဖြင့် အသိခက်ခဲသောပုဒ်၊ အဓိပ္ပါယတ္ထဆိုလိုရင်း အနက်သဘောအားဖြင့် အသိခက်ခဲသောပုဒ်တို့ကို အကျယ်ဆုံးဖြတ်ကြောင်း စကားတော်ကို သင်ယူခြင်းသည် ပရိပုစ္ဆာ မည်၏၊ တစ်နည်း - အဋ္ဌကထာကို သင်ယူခြင်းသည် ပရိပုစ္ဆာ မည်၏၊ ပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်တော် မူလိုသော သူတော်ကောင်းသည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း အထူးသဖြင့် ဤအင်္ဂါရပ်နှင့်လည်း ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရမည်။

၅။ ပုဗ္ဗယောဂ – ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆွမ်းခံသွားရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ကြွလာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းတည်းဟူသော အသွားအပြန် ကမ္မဋ္ဌာန်းကို ဆောင်ခြင်း ဂတပစ္စာဂတိကကျင့်ဝတ်ကို ဖြည့်ကျင့်လျက် သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွားများ အားထုတ်တော် မူလေရာ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အပတ်တကုတ် အားထုတ်ဖူးခြင်းသည် ပုဗ္ဗယောဂ မည်၏၊ ပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်တော် မူလိုသော သူတော်ကောင်းသည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း အထူးသဖြင့် ဤအင်္ဂါရပ်နှင့်လည်း ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရမည်။

ဤ (၅)မျိုးသော အကြောင်းတရားတို့ကြောင့် သာဝကတို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည် စင်ကြယ်သန့်ရှင်းကုန်၏၊ ထိုတွင် –

၁။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း,
၂။ ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း –

၁။ ပုဗ္ဗယောဂဟူသော ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်တို့တိုင်အောင် ဝိပဿနာ ဘာဝနာကို ပွားများအားထုတ်ခဲ့ဖူးခြင်းကြောင့်လည်းကောင်း,

၂။ အဓိဂမဟူသော အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို ရရှိတော်မူခြင်းကြောင့်လည်းကောင်း –

ဤအကြောင်းတရား နှစ်မျိုးကို အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ်တို့သို့ ရောက်ရှိတော်မူကြကုန်၏၊ သာဝကတို့သည် ကား အထက်တွင် ဖော်ပြထားသော ထိုအကြောင်းတရား (၅)ပါးလုံးတို့ကိုပင် အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ်တို့သို့ ရောက်ရှိသွားကြကုန်၏၊[မှတ်စု ၂]

သေက္ခဘုံ - အသေက္ခဘုံ

ဤပဋိသမ္ဘိဒါ လေးပါးတို့သည်ကား သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အောက်မဂ် အောက်ဖိုလ်တို့ဖြင့် ထုံမွမ်း ထားအပ်သော စိတ်အစဉ်ဟူသော သေက္ခဘုံ၌လည်းကောင်း, အသေက္ခပုဂ္ဂိုလ်တို့၏ = ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တို့ဖြင့် ထုံမွမ်းထားအပ်သော စိတ်အစဉ်ဟူသော အသေက္ခဘုံ၌လည်းကောင်း ဤနှစ်မျိုး သော ဘုံဌာနတို့၌ ထိုထိုအထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏၊

ထိုနှစ်ပါးသော အရာဌာနတို့တွင် အဂ္ဂသာဝကတို့၏လည်းကောင်း, မဟာသာဝကတို့၏လည်းကောင်း ပဋိသမ္ဘိဒါဉာဏ်တို့သည် အသေက္ခဘုံ၌ ထိုထို အထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏ = ရဟန္တာအဖြစ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုလည်း ရရှိတော်မူကြ၏၊

အရှင်အာနန္ဒာမထေရ်မြတ်, စိတ္တသူကြွယ်, ဓမ္မိကဥပါသကာ, ဥပါလိသူကြွယ်, ခုဇ္ဇုတ္တရာဥပါသိကာမ အစရှိသော ပုဂ္ဂိုလ်တို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည်ကား သေက္ခဘုံ၌ ထိုထိုပဋိသမ္ဘိဒါဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ထိုထိုအထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏၊[မှတ်စု ၃]

အရှင်အာနန္ဒာမထေရ်မြတ်သည် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရရှိတော်မူသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိတော်မူ၏၊ စိတ္တသူကြွယ်နှင့် ဓမ္မိကဥပါသကာကြီးတို့သည် အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိ ကြသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိသွားကြ၏၊ ဥပါလိသူကြွယ်နှင့် ခုဇ္ဇုတ္တရာ ဥပါသိကာမတို့သည်လည်း သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိကြသောအခါ ပဋိသမ္ဘိဒါဉာဏ်တို့ကိုပါ ရရှိသွားကြ၏ ဟူလို။

ပုဗ္ဗယောဂ အရေးကြီးပါသည်

ဤအကြောင်းတရား (၅)မျိုးတို့တွင် –– (၁) ပရိယတ္တိ, (၂) သဝန, (၃) ပရိပုစ္ဆာ - ဤ (၃)မျိုးကုန်သော အကြောင်းတရားတို့သည်ကား အရိယမဂ်တရားတို့ဖြင့် သိအပ် ရအပ်ပြီးကုန်သော ပဋိသမ္ဘိဒါဉာဏ်တို့၏ ထူးထွေ ကွဲပြားခြင်းသို့ ရောက်ခြင်း၏သာလျှင် အားကြီးသော အကြောင်းတရားတို့ ဖြစ်ကြကုန်၏၊ အဓိဂမ အမည်ရသော အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြား ရှိသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်ကို ရရှိခြင်း၏ အားကြီးသော အကြောင်းတရားတို့ မဟုတ်ကြလေကုန်။

ပုဗ္ဗယောဂ –– ပုဗ္ဗယောဂ အမည်ရသော ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးခြင်းတည်း ဟူသော အကြောင်းတရားသည်ကား အဓိဂမ အမည်ရသော အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြား ရှိသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်ကို ရရှိခြင်း၏ အားကြီးသော အကြောင်းတရား ဖြစ်ပေသည်။

ယင်းပုဗ္ဗယောဂသည် ပဋိသမ္ဘိဒါဉာဏ်၏ ထူးထွေကွဲပြားခြင်း၏ အကြောင်းတရား ဖြစ်လေသလော မဖြစ်လေ သလောဟု မေးခဲ့သော် အကြောင်းတရား ဖြစ်၏ဟူ၍ပင် ဖြေဆိုလေရာသည်။ (အဓိဂမကား လောကုတ္တရာတရားတည်း။ ပဋိသမ္ဘိဒါဉာဏ်ကား ကာမာဝစရတရားတည်း၊ သေက္ခပဋိသမ္ဘိဒါဉာဏ်ကား မဟာကုသိုလ် ဉာဏသမ္ပယုတ်, အသေက္ခ ပဋိသမ္ဘိဒါဉာဏ်ကား မဟာကြိယာ ဉာဏသမ္ပယုတ် ကာမာဝစရတရားတည်း။ ဤသို့ မှတ်သားပါလေ။)

သို့သော် ယင်းပုဗ္ဗယောဂသည် အဓိဂမ အမည်ရသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်၏ အားကြီးသော အကြောင်းတရား ဖြစ်သကဲ့သို့ ပဋိသမ္ဘိဒါဉာဏ်၏ အားကြီးသော အကြောင်းတရားကား မဟုတ်ပေ။ ပရိယတ္တိ သဝန ပရိပုစ္ဆာဟူသော ဤအကြောင်းတရား (၃)မျိုးတို့သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ (တစ်နည်း ရှေးဘဝ၌) ရှိမူလည်း ရှိကြပါစေ, မရှိမူလည်း မရှိကြပါစေ, ပုဗ္ဗယောဂကြောင့် ရှေးရှေးဘုရားရှင်တို့၏ သာသနာဝယ် ရှေးရှေးဘဝ၌လည်းကောင်း, ယခုဘဝ၌လည်းကောင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်း သင်္ခါရသမ္မသနလုပ်ငန်းရပ်နှင့် ကင်း၍ ပဋိသမ္ဘိဒါဉာဏ် ကို ရရှိခြင်းမည်သည် မရှိသည်သာတည်း။ ပုဗ္ဗယောဂ အဓိဂမဟူသော ဤအကြောင်းတရား နှစ်ပါးတို့သည်လည်း အညီအညွတ် တပေါင်းတစည်းတည်း ဖြစ်သော်သာလျှင် ပဋိသမ္ဘိဒါဉာဏ်တို့ကို ထောက်ပံ့၍ သန့်ရှင်းသည်တို့ကို ပြုကြကုန်၏၊[မှတ်စု ၄]

“ဘုရားရှင်၏ ပရိယတ်တရားတော်ကို များစွာပင် သင်ယူပြီးသော်လည်း ပုထုဇန်ပုဂ္ဂိုလ်၏ ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ခြင်းမည်သည် မရှိသည်သာလျှင်တည်း။ အရိယသာဝကဟူသမျှသည် ပဋိသမ္ဘိဒါဉာဏ်သို့ မရောက်သော သာဝကမည်သည် မရှိသည်သာတည်း။”[မှတ်စု ၅]

အရိယာသူတော်ကောင်းမှန်သမျှတို့သည် သစ္စာလေးပါးတို့ကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် အရိယမဂ္ဂသမ္မာဒိဋ္ဌိဉာဏ် တို့ဖြင့် = အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပြီး ဖြစ်ကြ၏၊ ထိုသို့ မသိမမြင်ကြဘဲ အရိယာသူတော်ကောင်းအဖြစ်သို့ကား မရောက်ရှိနိုင်ကြပေ။[မှတ်စု ၆]

ဝိဘင်းပါဠိတော် သစ္စဝါရဒေသနာတော်၌ လာရှိသည့်အတိုင်း ယင်းသစ္စာလေးပါးတို့တွင် အတိတ်-အနာဂတ်ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ဒုက္ခသစ္စာ မည်ကြ၏၊[မှတ်စု ၇] ယင်း .. ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏၊

အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်အပ်သော သင်္ခါရ ကံတို့သည် သမုဒယသစ္စာ မည်ကုန်၏၊၊[မှတ်စု ၈] ယင်းသမုဒယသစ္စာကိုလည်းကောင်း, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း သိသောဉာဏ်သည် ဒုက္ခသစ္စာ၏အကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ် = ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏၊

ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပထဝီ အာပေါ တေဇော ဝါယော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် စသော ပရမတ္ထ ဓာတ်သားတို့၏ အခေါ်အဝေါ် အသုံးအနှုန်းကို ကျွမ်းကျင်လိမ္မာသော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏၊

ယင်း အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို တစ်ဖန်ပြန်၍ သိတတ်သော ရှုတတ်သော ဝိပဿနာဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏၊[မှတ်စု ၉]

ဤရှင်းလင်းချက်များနှင့် အညီ အရိယာသူတော်ကောင်းတို့သည် ပဋိသမ္ဘိဒါဉာဏ်သို့ ထိုက်သည့်အားလျော်စွာ ရောက်ရှိတော်မူကြသည်သာ ဖြစ်ကြ၏၊ အရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကြီးတို့ကဲ့သို့ အလွန် အဆင့်မြင့်မားလှသော ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိတော်မူကြသည့် သူတော်ကောင်းတို့သည်လည်း ရှိကြကုန်ရာ၏၊ သာဝကပါရမီဉာဏ်အား လျော်စွာ သစ္စာလေးပါးမျှကိုသာ ထိုးထွင်းသိမြင်ကြသည့် ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိကြကုန်သော အရိယာ သူတော်ကောင်းကြီးတို့သည်လည်း ရှိကြကုန်ရာ၏၊

အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြားရှိသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အဓိဂမ၏ အားကြီးသော အကြောင်းတရားမှာ ပုဗ္ဗယောဂပင် ဖြစ်သည်။ ပုဗ္ဗယောဂနှင့်ကင်း၍ ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိခြင်းမည်သည် မရှိကောင်းသည်သာလျှင် ဖြစ်၏၊ ပုဗ္ဗယောဂနှင့် အဓိဂမ နှစ်ပါးစုံမှသာလျှင် ပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်နိုင်၏၊

အထက်တွင် တင်ပြထားသော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်ဗာဟိယဒါရုစိရိယ မထေရ် မြတ်ကြီးတို့ကား အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါဉာဏ်တို့ကိုပါ တစ်ပါတည်း ရရှိတော်မူကြသော သူတော်ကောင်းကြီးများ ဖြစ်တော်မူကြ၏၊ ထိုကဲ့သို့သော အသိထူး ဉာဏ်ထူးကြီးများကို ရရှိတော်မူနိုင်ရန် အဂ္ဂသာဝကကြီး နှစ်ပါးတို့သည် အနောမဒဿီဘုရားရှင်၏ သာသနာတော်မှစ၍ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး, အရှင်ဗာဟိယဒါရုစိရိယကိုယ်တော်မြတ်ကြီးသည် ပဒုမုတ္တရဘုရားရှင်၏ သာသနာ တော်မှ စတင်၍ ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ပဋိသမ္ဘိဒါဉာဏ်တို့ကို ရရှိခြင်း၏ အကြောင်းတရားတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ကြပြီး ဖြစ်တော်မူကြ၏၊ ထိုအကြောင်းတရား (၅)ပါး တို့တွင် ဤ၌ အထူး အလေးဂရုပြု၍ ပြောဆိုလိုသော အကြောင်းတရားကား ပုဗ္ဗယောဂဟူသော အကြောင်းတရားပင် ဖြစ်၏၊ ထိုအရှင်မြတ်ကြီးတို့သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ ဖြစ်လေ့ရှိသော သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေတော် မူခဲ့ဖူးကြ၏၊ တစ်နည်းအားဖြင့် ဆိုရသော် –

၁။ ဒုက္ခသစ္စာ အမည်ရသော – အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူခဲ့ဖူးကြ၏၊ သိခဲ့ဖူးကြ၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ယင်းတရားများကို ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူး ကြကုန်၏၊ နင်းနယ်ခဲ့ဖူးကြကုန်၏၊

၂။ သမုဒယသစ္စာ အမည်ရသော – ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူးကြကုန်၏၊ သိခဲ့ဖူးကြကုန်၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးကြကုန်၏၊ နင်းနယ်ခဲ့ဖူးကြကုန်၏၊

၃။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော – ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးကြကုန်၏၊ နင်းနယ်ခဲ့ဖူးကြကုန်၏၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခဲ့ဖူးကြကုန်၏၊ သင်္ခါရ တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို လျစ်လျူ ရှုနိုင်သော ဥဒါသိန်မူနိုင်သော သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်အောင် လုံ့လကြိုးကုတ် အားထုတ်ခဲ့ဖူးကြကုန်၏၊

ဤအချက် သုံးရပ်တို့ကား ထိုသူတော်ကောင်းကြီးတို့၏ ပုဗ္ဗယောဂကျင့်စဉ်တည်း။ ထိုကြောင့် ထိုသူတော်ကောင်း ကြီးတို့တွင် အဂ္ဂသာဝကကြီး နှစ်ဦးသားတို့သည် ဤဘဝဝယ် သောတာပန်မဖြစ်မီ အချိန်၌, အရှင်ဗာဟိယဒါရုစိရိယ သည် အရဟတ္တဖိုလ်သို့ မဆိုက်မီအချိန်၌ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် မကြိတ်ခြေလိုက်ရသော်လည်း ကြိတ်ခြေဖို့ရန် အချိန်မရလိုက်သော်လည်း ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ကား ယင်းသင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးကြသည်သာ ဖြစ်ကုန်၏၊ နင်းနယ်ခဲ့ဖူးကြသည်သာ ဖြစ်ကုန်၏၊ ထိုကဲ့သို့ ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးခြင်း နင်းနယ်ခဲ့ဖူးခြင်းသည်ပင်လျှင် သစ္စာလေးပါးကို ထွင်းဖောက်သိမြင်ရေး၌ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားတစ်ခု ဖြစ်လာရပေသည်။ ဤဘဝတွင် ဖြည့်ကျင့်ဆည်းပူးအပ်သော သင်္ခါရုပေက္ခာ ဉာဏ်သို့ တိုင်အောင်သော အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့က အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့အား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသကဲ့သို့ အလားတူပင် ထိုသူတော်ကောင်းကြီးတို့၏ ရှေးရှေးဘုရားရှင် တို့၏ သာသနာတော်တွင်း၌ ဖြည့်ကျင့်ဆည်းပူးတော်မူအပ်ပြီးကုန်သော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော ပုဗ္ဗယောဂကျင့်စဉ် အရပ်ရပ်တို့ကလည်း ထိုသူတော်ကောင်းကြီးတို့၏ ဤဘုရားရှင်သာသနာတော်တွင်း၌ ရရှိသည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့အား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသည်သာ ဖြစ်ပေသည်။

ထိုကဲ့သို့ ပြည့်စုံလုံလောက်သော ပုဗ္ဗယောဂရှိပြီးသူ သူတော်ကောင်းကြီးများနှင့် အသင်သူတော်ကောင်းသည် ပခုံးချင်းတက်၍ မယှဉ်ပြိုင်သင့်လှပေ။ အကယ်၍ ပခုံးချင်း ယှဉ်ပြိုင်လိုသည်ဖြစ်အံ့၊ ထိုသူတို့သည်ပင် (ဤဘဝဝယ်) လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းဘဲ မဂ်ဖိုလ် နိဗ္ဗာန်ကို ရသွားကြ၏၊ ငါသည် လည်းပဲ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းလျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်သည်ဟု အထင်ရောက်ခဲ့သည် ဖြစ်အံ့၊ ထိုသူတော်ကောင်းကြီးတို့ နာကြားသွားကြသော သောတာပန် ဖြစ်ကြသည့် တရားဒေသနာ, ရဟန္တာဖြစ်တော်မူသည့် တရားဒေသနာတော်တို့ကို နာကြားကြည့်ပါ၊ သို့မဟုတ် ဖတ်ရှုကြည့်ပါ။ ထိုသို့ နာကြားကြည့်ရုံမျှဖြင့် ဖတ်ရှုကြည့်ရုံမျှဖြင့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်၌ မတည်လျှင်, အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်၌ မတည်လျှင် ထိုမထေရ်မြတ်ကြီးတို့နှင့် ပခုံးချင်းတက်၍ကား မယှဉ်ပြိုင်သင့်လှပေ။

သိတော်မူ မြင်တော်မူ၍ ဟောကြားထားတော်မူသော ဘုရားရှင်၏ တရားတော်၌လည်းကောင်း, တရားတော်၏ အနက်အဓိပ္ပါယ်ကို သိလွယ်အောင် နည်းမှန်လမ်းမှန် ကျင့်နိုင်အောင် ဖွင့်ဆိုထားတော်မူကြသော အဋ္ဌကထာတို့ အပေါ်၌လည်းကောင်း တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အမျိုးကောင်းသား အမျိုးကောင်းသမီး မှန်သမျှသည် ယုံကြည်ကိုးစားသော စိတ်ထား ဖြူစင်ဖြောင့်စင်းသော မနသိကာရတရား ထင်ရှား ရှိသင့်လှပေသည်။

  1. ဒုက္ခေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခသမုဒယေ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇-၃၀၈။)
  2. (ဝိသုဒ္ဓိ၊၂၊၇၂၊၊)
  3. (ဝိသုဒ္ဓိ၊၂၊၇၂၊၊)
  4. ဧတေသု ပန ကာရဏေသု ပရိယတ္တိ, သဝနံ, ပရိပုစ္ဆာတိ ဣမာနိ တီဏိ ပဘေဒေဿဝ ဗလဝကာရဏာနိ။ ပုဗ္ဗယောဂေါ အဓိဂမဿ ဗလဝပစ္စယော၊ ပဘေဒဿ ဟောတိ န ဟောတီတိ? ဟောတိ၊ န ပန တထာ။ ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ ဣမေ ပန ဒွေပိ ဧကတော ဟုတွာ ပဋိသမ္ဘိဒါ ဥပတ္ထမ္ဘေတွာ ဝိသဒါ ကရောန္တီတိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)
  5. ဗဟုမ္ပိ ဥဂ္ဂဟေတွာ ပန ပုထုဇ္ဇနဿ ပဋိသမ္ဘိဒါပ္ပတ္တိ နာမ နတ္ထိ၊ အရိယသာဝကော နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂၊၊)
  6. (သံ၊၃၊၃၆၅။ ခု၊၁၊၂၆၆။)
  7. သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။)
  8. (အဘိ၊ဋ္ဌ၊၂၊၁၈၅။)
  9. (အဘိ၊၂၊၃၀၇-၃၀၈။ ဝိသုဒ္ဓိ၊၂၊၇၀-၇၂၊၊)