မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အဓိပ္ပါယ်

ဝီကီရင်းမြစ် မှ

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် အဓိပ္ပါယ်

၁။ လက္ခဏ – လက္ခဏာသည် သဘာဝလက္ခဏာ သာမညလက္ခဏာဟု လက္ခဏာနှစ်မျိုး ရှိ၏၊[မှတ်စု ၁] အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာသုံးပါးတို့သည် သင်္ခါရတရားအားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏၊ ယင်း အများဆိုင် သာမညလက္ခဏာကား ဝိပဿနာပိုင်းနှင့်သာ သက်ဆိုင်သဖြင့် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုပွားသုံးသပ်ရမည် ဖြစ်၏၊

ရုပ်တရားအားလုံးတို့၏ သီတ-ဥဏှ = အအေး-အပူစသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးက ဖြစ်သွားသော ရုပ်သန္တတိအစဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဉ်၏ ဖြစ်ခြင်းဟူသော ဖြစ်ပုံအခြင်းအရာ မတူညီဘဲ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ဖြစ်ခြင်း = ရုပ္ပနလက္ခဏာသည် ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏၊[မှတ်စု ၂] နာမ်တရားအားလုံးတို့၏လည်း မိမိတို့၏ အာရုံပြုရာ ဆိုင်ရာဆိုင်ရာ အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းခြင်းသဘော = နမနလက္ခဏာသည်လည်း နာမ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏၊ ဤရုပ်တရား နာမ်တရားတို့၏ ရုပ္ပနလက္ခဏာ, နမနလက္ခဏာဟူသော သာမညလက္ခဏာကား ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်းနှင့် သက်ဆိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်း၌ပင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏၊

ထိုထို ရုပ်တရား နာမ်တရားတို့၏ အများနှင့် မဆက်ဆံသော မိမိ၏ ကိုယ်ပိုင်အမှတ်အသား သဘောရင်းကို သဘာဝလက္ခဏာဟု ခေါ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ ယင်းပရမတ္ထဓမ္မ အသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏၊

၂။ ရသ – ထိုထို ရုပ်တရား နာမ်တရား၏ မိမိ၏အကျိုးကို အစွဲပြု၍ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို ရသဟု ခေါ်ဆိုသည်။[မှတ်စု ၃] ယင်းရသသည်လည်း ပရမတ္ထဓာတ်သားတရားတို့၏ ပြုဖွယ်ကိစ္စဟူသော ကိစ္စရသ, အကြောင်းစုံညီ၍ ဖြစ်ပုံဟူသော သမ္ပတ္တိရသ, တစ်နည်း - ထင်ရှားရှိနေသော ဂုဏ်ဟူသော သမ္ပတ္တိရသဟု ရသနှစ်မျိုး ရှိ၏၊[မှတ်စု ၄] ထိုတွင် အချို့တရား၌ ကိစ္စရသ ထင်ရှား၍ အချို့တရား၌ သမ္ပတ္တိရသ ထင်ရှားကာ အချို့တရား၌ ကိစ္စရသ သမ္ပတ္တိရသ နှစ်မျိုးလုံး ထင်ရှား၏၊ ထိုရသများသည် ဆိုင်ရာတရား၌ ထင်ရှားလတ္တံ့။

၃။ ပစ္စုပဋ္ဌာန် – ထိုထို ရုပ်တရား နာမ်တရား၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဟုတ်တိုင်း မှန်စွာ ဉာဏ်၏ ကျက်စားရာအာရုံ၏ အဖြစ်ကို ပစ္စုပဋ္ဌာန်ဟု ခေါ်ဆိုသည်။[မှတ်စု ၅] ထိုပစ္စုပဋ္ဌာန်သည်လည်း ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်, ဖလပစ္စုပဋ္ဌာန်ဟု (၂)မျိုး ရှိ၏၊[မှတ်စု ၆] ထိုတွင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်ဟူသည် ထိုထို ပရမတ္ထဓာတ်သား တရားတစ်ခုခုကို ရှုဆင်ခြင်သည့်အခါ ဉာဏ်ဖြင့် ယူထိုက်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထင်လာမြင်လာသော အခြင်းအရာတည်း။ ဖလပစ္စုပဋ္ဌာန်ဟူသည် မိမိ၏အကြောင်းတရားကို အစွဲပြု၍ ထိုအကြောင်း တရားနှင့် တူသည်၏ အဖြစ်ဖြင့် အကြောင်းတရားသို့ ရှေးရှုတည်နေတတ်သော သဘောတရားတည်း၊ ကိစ္စရသကြောင့် ရထိုက်သော အကျိုးတရားပင်တည်း။[မှတ်စု ၇]

၄။ ပဒဋ္ဌာန် – ထိုထိုပရမတ္ထဓာတ်သားကို ဖြစ်ပေါ်စေတတ်သော ဝေးသောအကြောင်းတရား နီးသောအကြောင်း တရားဟူသော အကြောင်းတရားများစွာတို့တွင် အနီးကပ်ဆုံးသော အကြောင်းတရားသည် ပဒဋ္ဌာန် မည်၏၊[မှတ်စု ၈] ထိုပဒဋ္ဌာန်ဟူသော စကားဖြင့် ထိုပရမတ်တရား၏ အကြောင်းတရားနှင့် စပ်သော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကို ညွှန်ပြလျက် ရှိ၏၊[မှတ်စု ၉]

  1. ၁။ လက္ခဏာဒီသု ဟိ တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊
    ၂။ ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ၊
    ၃။ ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။
    ၄။ အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)
  2. ရုပ္ပနေဉ္စတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။ (မဟာဋီ၊၂၊၈၆။)
  3. ရသော တေဿဝ အတ္တနော ဖလံ ပတိ ပစ္စယဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃၊၊)
  4. ၁။ လက္ခဏာဒီသု ဟိ တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊
    ၂။ ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ၊
    ၃။ ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။
    ၄။ အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)
  5. ပစ္စုပဋ္ဌာနံ တဿ ပရမတ္ထတော ဝိဇ္ဇမာနတ္တာ ယာထာဝတော ဉာဏဿ ဂေါစရဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃။)
  6. ၁။ လက္ခဏာဒီသု ဟိ တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊
    ၂။ ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ၊
    ၃။ ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။
    ၄။ အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)
  7. ဥပဋ္ဌာနာကာရောတိ ဂဟေတဗ္ဗဘာဝေန ဉာဏဿ ဥပဋ္ဌဟနာကာရော။ ဖလံ ပန အတ္တနော ကာရဏံ ပဋိစ္စ တပ္ပဋိဗိမ္ဗဘာဝေန, ပဋိမုခံ ဝါ ဥပဋ္ဌာတီတိ ပစ္စုပဋ္ဌာနံ။ (မူလဋီ၊၁၊၆၄။)
  8. ၁။ လက္ခဏာဒီသု ဟိ တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊
    ၂။ ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ၊
    ၃။ ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။
    ၄။ အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)
  9. ပဒဋ္ဌာနံ အာသန္နကာရဏံ၊ တေနဿ ပစ္စယာယတ္တဝုတ္တိတာ ဒဿိတာ။ (ဒီ၊ဋီ၊၂၊၅၃။)