မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပထဝီကသိုဏ်း = မြေကသိုဏ်း

ဝီကီရင်းမြစ် မှ

ပထဝီကသိုဏ်း = မြေကသိုဏ်း

၁။ ကသိုဏ်းဝန်းအဖြစ် ပြုပြင်အပ်ပြီးသော မြေ,
၂။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပြကတေ့သော ကောက်စပါးနယ်ရာ တလင်းစသော မြေ,
၃။ အပိုင်းအခြား ရှိသည်သာဖြစ်သော မြေ,
၄။ အပိုင်းအခြား မရှိသည်ကား မဟုတ်သော မြေ,
၅။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏရှိသော မြေ,
၆။ အိုးစရည်းဖုံး စလောင်းဖုံး ပမာဏရှိသော မြေ –
ဤမြေတို့၌ ပထဝီကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။[မှတ်စု ၁]

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးရှေးအတိတ်ဘဝ၌လည်း သာသနာတော်တွင်း၌သော်လည်းကောင်း ရသေ့ ရဟန်းအဖြစ်၌သော်လည်းကောင်း ရှင်ရဟန်းပြုဖူး၍ ပထဝီကသိုဏ်း၌ စတုက္ကစျာန် ပဉ္စကစျာန်တို့ကို ဖြစ်စေအပ်ဖူးကုန်၏၊ ဤသို့သဘောရှိသော ဘာဝနာကြောင့်ဖြစ်သော ကောင်းမှုကုသိုလ် ပါရမီပုညသမ္ဘာရ အဆောက်အဦရှိသော အားကြီးသော ဘာဝနာကုသိုလ်တည်းဟူသော မှီရာ ဥပနိဿယနှင့် ပြည့်စုံသော ထိုယောဂါဝစရပုဂ္ဂိုလ်မြတ်အဖို့မူကား (အလောင်းတော်ဟတ္ထိပါလသတို့သားသည် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ဂင်္ဂါမြစ်ရေအယဉ်ကို ကြည့်၍ အာပေါကသိုဏ်းနိမိတ်ကို ရယူကာ ကသိုဏ်းပရိကမ်တို့ကို ပြုလုပ်ကာ စျာန်တို့ကို ဖြစ်စေနိုင်သကဲ့သို့[မှတ်စု ၂] အလားတူပင်) ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပကတိသော မြေဝယ် .. လယ်ထွန်ရာအရပ်၌သော်လည်းကောင်း, ကောက်နယ်တလင်းအဝန်း၌သော်လည်းကောင်း ပရိကမ္မနိမိတ်ကို ယူခဲ့သော် “ပထဝီ - ပထဝီ”ဟု စီးဖြန်းခဲ့သော် ထိုပရိကမ္မနိမိတ်မှ ဥဂ္ဂဟနိမိတ်သို့ တစ်ခဏချင်း ပြောင်းလဲသွားကာ ဥဂ္ဂဟနိမိတ်ကို ရရှိနိုင်ပေသည်။[မှတ်စု ၃]

ဤအထက်ပါ ညွှန်ကြားချက်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်လည်း ပထဝီကသိုဏ်း၌ နိမိတ်ကို ရယူလိုခဲ့သော် ညီညာ၍ မြက်-သစ်ရွက်-ခဲ စသော အပြစ်ကင်းသော ပကတိသော မြေကြီးတစ်နေရာတွင် တုတ်ဖြင့် ဖြစ်စေ, အရာဝတ္ထုတစ်ခုဖြင့် ဖြစ်စေ ဝန်းဝိုင်းသော အရေးအသားတစ်ခုကို ပြုပါ။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏမှ စ၍ ယောဂါဝစရပုဂ္ဂိုလ်၏ ဆန္ဒရှိသလောက် ဝန်းဝိုင်းသော ပမာဏကို ပြုပါ။

အရုဏ်အရောင်အဆင်းရှိသော မြေ၌ ပထဝီကသိုဏ်းဝန်းကို ပြုလုပ်အပ်၏ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၄]၏ ညွှန်ကြားချက်နှင့်အညီ ကသိုဏ်းဝန်းပြုလုပ်မည့် မြေကြီး၏ အရောင်မှာ မမည်းလွန်း မဖြူလွန်းသော အနီရောင် = အရုဏ်ရောင် အသင့်အတင့် သန်းနေသော မြေကြီးရောင် ဖြစ်ပါစေ။ ထိုမြေအဝန်းအဝိုင်းကို စိုက်ကြည့်ကာ .. ပထဝီ - ပထဝီ - ပထဝီ = မြေ - မြေ - မြေ- ဟု နှလုံးသွင်းပါ။

မျက်စိကို ဖွင့်တုံ မှိတ်တုံ ပြုလုပ်ကာ နိမိတ်ကို ယူကြည့်ပါ။ အကယ်၍ နိမိတ်မှာ မထင်မရှား ဖြစ်နေလျှင် မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိတစ်ခုခုကို ပြန်လည်ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၏ အကူအညီဖြင့် ထို မိမိပြုပြင်ထားသော ပထဝီကသိုဏ်းဝန်းနိမိတ်ကို လှမ်းကြည့်ကာ ပထဝီ ပထဝီ - ပထဝီ = မြေ - မြေ - မြေဟု နှလုံးသွင်းပါ။ သို့မဟုတ် မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ နိမိတ် ယူကြည့်ပါ။ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍ရခဲ့သော် မိမိနှစ်သက်ရာနေရာသို့ သွား၍ ထိုင်နိုင်ပြီ။ ထိုသို့ ထိုင်သောအခါ၌လည်း မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိတစ်ခုခုကို တစ်ဖန် ပြန်လည်ထူထောင်၍ ယင်း သမာဓိစွမ်းအင်ကြောင့် လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် ထိုပထဝီကသိုဏ်းနိမိတ်ကိုပင် တစ်ဖန် ပြန်လည်၍ လှမ်းကာ အာရုံယူပါ။ ကသိုဏ်းဝန်းနိမိတ်ကို တစ်ဖန် အာရုံယူ၍ ရခဲ့သော် ထိုပထဝီကသိုဏ်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲပါ။

ထိုသို့ ပထဝီကသိုဏ်းနိမိတ်ကို နှလုံးသွင်းရာ၌ ထိုပထဝီကသိုဏ်းဝန်း၌ တည်သော အရုဏ်ရောင်အဆင်းနှင့် တူသော အရောင်အဆင်းကိုလည်း မနောဝိညာဏ်ဖြင့် မဆင်ခြင်အပ် နှလုံးမသွင်းအပ်။ ထိုပထဝီကသိုဏ်းဝန်း၏ တည်ရာမြေကြီး၏ ထဒ္ဓလက္ခဏာ = ခက်မာခြင်း ပထဝီဓာတ်လက္ခဏာကိုလည်း နှလုံးမသွင်းအပ်။ စင်စစ်မူကား အရောင်အဆင်းကို မလွှတ်မူ၍ ထိုအရောင်အဆင်းကို မိမိ အရောင်အဆင်း၏ မှီရာ ပထဝီကသိုဏ်းဝန်းနှင့် တူသော အခြင်းအရာ တူသောအလား ရှိသည်ကို ပြု၍ ပထဝီဓာတ်ထူပြောသည်၏အဖြစ် သတ္တိအားဖြင့် လွန်သည်၏အဖြစ်ဖြင့် ပထဝီ = မြေဟူသော လောကဝေါဟာရပညတ်၌ စိတ်ကို ရှေးရှုတည်စေ၍ ပထဝီ - ပထဝီ - ပထဝီ = မြေ - မြေ - မြေဟု နှလုံးသွင်းပါ။[မှတ်စု ၅]

ရရှိနိုင်သော အပြစ်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော အရုဏ်ရောင်ဟူသော အရောင် အဆင်းကို နှလုံးသွင်းပါက ပထဝီကသိုဏ်း မဖြစ်တော့ဘဲ ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်း ဖြစ်သွားပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ အရောင်ကသိုဏ်းလမ်းသို့ ပြောင်းသွားပြီ ဖြစ်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ ထူပြောလျက်ရှိသော ပထဝီဓာတ်၏ ခက်မာမှုသဘောကို နှလုံးသွင်းမိပါက ပထဝီကသိုဏ်းကို နှလုံးသွင်းသည် မမည်တော့ဘဲ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းသည် မည်ပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ ဓာတ်ကမ္မဋ္ဌာန်းလမ်းဘက်သို့ ပြောင်းသွားပြီ ဖြစ်ပေသည်။ ပိုမို၍ ရှုပ်ထွေးစေသော ပြဿနာတစ်ရပ်ကား ယင်းပထဝီ ကသိုဏ်းဝန်း၌ တည်ရှိသော မာမှုသဘောကို နှလုံးသွင်းမိပါက ယင်းပထဝီကသိုဏ်းဝန်းကလည်း အရပ်ဆယ်မျက်နှာသို့ ပြန့်ကားသွားသောအခါ ယင်းမာမှုသဘောက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယတစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်ကာ သမာဓိ၏ စွမ်းအင်ထက်မြက်လာသည်နှင့်အမျှ မာမှုသဘောမှာလည်း လွန်ကဲလာကာ ထိုယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် ထိုမာမှုသဘောကို သည်းမခံနိုင် ဖြစ်တတ်ပေသည်။ သတိရှိစေ။ ဤစည်းကမ်းသတ်မှတ်ချက်ကို ပကတိသော မြေဝန်း၌ နိမိတ်ယူစဉ်၌သော်လည်းကောင်း, တစ်နေရာတွင် တရားထိုင်စဉ် ယင်းနိမိတ်ကို တစ်ဖန် ပြန်၍ အာရုံယူစဉ်၌ လည်းကောင်း လိုက်နာပါ။

ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်

မြေကြီး၌ တည်ရှိသော မူလပထဝီကသိုဏ်းဝန်းကား ပရိကမ္မနိမိတ်တည်း။ ယင်းပရိကမ္မနိမိတ် ပထဝီ ကသိုဏ်းဝန်းကို မျက်စိဖွင့်တုံမှိတ်တုံပြု၍ နိမိတ်ကိုယူရာ၌ ပကတိသော ဖွင့်ထားသောမျက်စိဖြင့် ကသိုဏ်းဝန်းနိမိတ်ကို မြင်ရသကဲ့သို့ မျက်စိကို မှိတ်ထားသောအခါ၌လည်း ထိုပထဝီကသိုဏ်းဝန်းနိမိတ်သည် ထင်နေပါက ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာပြီ ဖြစ်၏၊ တစ်ဖန် တစ်နေရာတွင် သွားရောက်ကာ တရားထိုင်သောအခါ၌လည်း မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိတစ်ခုခုကို ထူထောင်ပြီးနောက် ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ထို မူလနိမိတ် ယူခဲ့ဖူးသော ပထဝီကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူလိုက်သောအခါ ဖွင့်ထားသော မျက်စိဖြင့် မြင်ရသကဲ့သို့ ထင်လာပါမူ ထိုအခါတွင်လည်း ဥဂ္ဂဟနိမိတ်သည် ဖြစ်ပေါ်လာသည် မည်၏၊ ထိုဥဂ္ဂဟနိမိတ်ကိုပင် ဆက်လက်၍ နှလုံးသွင်းခဲ့သော် မှီဝဲခဲ့သော် ယင်းနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ထူထောင်ခဲ့သော် ယင်းသမာဓိကို တိုးပွားအောင် ပွားများအားထုတ်ခဲ့သော် အစဉ်အတိုင်း နီဝရဏတို့သည် ခွာအပ်ပြီး ဖြစ်ကုန်၏ = ကွာကျသွားကြကုန်၏၊ ကိလေသာတို့သည် အနည်ထိုင်သွားကြကုန်၏၊ ဥပစာရသမာဓိဖြင့် စိတ်သည် တည်ကြည်လာ၏၊ ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုပဋိဘာဂနိမိတ်ကို တိုးပွားအောင် ဖြန့်ကြက်၍သော်လည်းကောင်း, တိုးပွားအောင် မဖြန့်ကြက်ဘဲသော်လည်းကောင်း ယင်းပဋိဘာဂ နိမိတ်ကို အာရုံယူကာ ဆက်လက်၍ နှလုံးသွင်းခဲ့သော် သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် ဆိုက်ရောက်နိုင်ပေသည်။ သို့သော် နိမိတ်ကို ဖြန့်ကြက်ခဲ့သော် ဘာဝနာသမာဓိမှာ ရှည်မြင့်စွာ တည်နိုင်သဖြင့် နိမိတ်ကို စွမ်းအားရှိသလောက် ဖြန့်ကြက်ပြီးလျှင် စတုတ္ထစျာန်သို့ ဆိုက်အောင်ရှုပါ။

ဥဂ္ဂဟနိမိတ်၌ လက်ချောင်းရာ တုတ်ရာစသည့် ကသိုဏ်းအပြစ်ဒေါသများ ထင်ရှားနေတတ်၏၊ ပဋိဘာဂနိမိတ်ကား .. အိတ်အတွင်းမှ ထုတ်ယူအပ်သော ကြေးမုံဝန်းကဲ့သို့လည်းကောင်း, ကောင်းစွာ ပွတ်အပ်ပြီးသော ခရုသင်းခွက်ကဲ့သို့လည်းကောင်း, တိမ်တိုက်အကြားမှ ထွက်ပေါ်လာသော လပြည့်ဝန်းကဲ့သို့လည်းကောင်း, မိုးတိမ်ညိုဝ၌ ပျံသန်းနေသော ဥဗျိုင်းတို့ကဲ့သို့လည်းကောင်း ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်ပေါ်လာသကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက အလွန် စင်ကြယ်သန့်ရှင်းသည်ဖြစ်၍ ထင်လာတတ်ပေ၏၊[မှတ်စု ၆]

အချို့အချို့သော ယောဂီများ

အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း ဩဒါတကသိုဏ်းမှ စ၍ အခြားအခြားသော ကသိုဏ်းတို့၌ ဘာဝနာသမာဓိအရှိန်အဝါ အားကောင်းလာသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့မူကား ပထဝီကသိုဏ်းနိမိတ် ဝန်းကိုပင် အထူး မပြုလုပ်ရတော့ဘဲ ဩဒါတကသိုဏ်းစသည်တို့ဖြင့် စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် သမာဓိကို ထူထောင်၍ ထိုစတုတ္ထစျာန်သမာဓိ ဘာဝနာစိတ်ကြောင့် ဉာဏ်အရောင်အလင်းသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ မိမိ ထိုင်၍ တရားနှလုံးသွင်းရာ အောက်၌ဖြစ်စေ, ပတ်ဝန်းကျင်၌ဖြစ်စေ တည်ရှိနေသော အရုဏ်ရောင်အဆင်းရှိသော ပကတိမြေကြီးကိုပင် ယင်း မိမိပွားများထားသည့် စတုတ္ထစျာန်ဘာဝနာသမာဓိကြောင့် ထွက်ပေါ်လာသော ဉာဏ်အရောင်အလင်းဓာတ်ဖြင့် ထိုးစိုက်၍ ပထဝီကသိုဏ်းနိမိတ်ကို ယူခဲ့သော်လည်း ရရှိနိုင် သည်သာ ဖြစ်ပေသည်။ ယင်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် မှီဝဲပွားများခဲ့သော် အစဉ်အတိုင်း နိမိတ်သုံးမျိုး, ဘာဝနာသုံးမျိုး, သမာဓိသုံးမျိုးတို့ ဖြစ်ပေါ်လာနိုင်၏၊ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ နိမိတ်ကို စွမ်းအား ရှိသလောက် ဖြန့်ကြက်၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ဆက်လက်ပွားများပါ။

  1. (ဝိသုဒ္ဓိ၊၁၊၁၂၀၊၊)
  2. (ဇာတက၊ဋ္ဌ၊၄၊၄၈၃။)
  3. တတ္ထ ယေန အတီတဘဝေပိ သာသနေ ဝါ ဣသိပဗ္ဗဇ္ဇာယ ဝါ ပဗ္ဗဇိတွာ ပထဝီကသိဏေ စတုက္ကပဉ္စကဇ္ဈာနာနိ နိဗ္ဗတ္တိတပုဗ္ဗာနိ၊
    ဧဝရူပဿ ပုညဝတော ဥပနိဿယသမ္ပန္နဿ အကတာယ ပထဝိယာ ကသိတဋ္ဌာနေ ဝါ ခလမဏ္ဍလေ ဝါ နိမိတ္တံ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)
  4. အရုဏဝဏ္ဏာယ မတ္တိကာယ ကသိဏံ ကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)
  5. န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ အပိ စ ဝဏ္ဏံ အမုဉ္စိတွာ နိဿယသဝဏ္ဏံ ကတွာ ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေ စိတ္တံ ပဋ္ဌပေတွာ မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၁၂၂။)
  6. (ဝိသုဒ္ဓိ၊၁၊၁၂၂။)