နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အာပေါကသိုဏ်း = ရေကသိုဏ်း
အာပေါကသိုဏ်း = ရေကသိုဏ်း
၁။ သပိတ်, ခွက်, ပုံး စသည်၌ အနားရေးနှင့်အမျှ ပြည့်အောင် ထည့်ထားအပ်သော ကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော အညို, အဝါ, အဖြူ, အနီ အရောင်တို့ဖြင့် ရောယှက်မှု မရှိ၊ ပကတိ ကြည်လင်သန့်ရှင်းသော, ကောင်းကင်မှ ကျလာသော မိုးရေ သို့မဟုတ် ထိုရေနှင့် အလားတူ သန့်ရှင်းသော ရေ၌သော်လည်းကောင်း,
၂။ ရေတွင်း, ရေကန်, တစ်ဖက်ဆည်ကန်, သမုဒ္ဒရာမှ တက်လာသော ဆားငံရေဖြင့် ပြည့်သော ဆားကျင်း, ဒီချောင်း, သမုဒ္ဒရာစသော ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော ရေ၌သော်လည်းကောင်း အာပေါကသိုဏ်း နိမိတ်ကို ရယူနိုင်ပေသည်။[မှတ်စု ၁]
ဤညွှန်ကြားချက်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအတွက် အကောင်းဆုံးသော ရေမှာ ကြည်လင် သန့်ရှင်းသော ရေတွင်းရေပင် ဖြစ်သည်။ ရေတွင်းရေ မရခဲ့သော် သို့မဟုတ် ယင်းရေတွင်းရေကို အာပေါကသိုဏ်းနိမိတ် ပြုလုပ်ဖို့ရန် အလိုမရှိခဲ့သော် သပိတ်၌ဖြစ်စေ, အိုးခွက်တစ်ခု၌ဖြစ်စေ ရေကို ပြည့်အောင်ထည့်၍ ယင်းရေက ငြိမ်သက်လာသောအခါ ယင်းရေ၌ အာပေါကသိုဏ်းနိမိတ်ကို ယူပါ။ ရေတွင်းရေ၌ဖြစ်စေ, သပိတ်အိုးခွက် စသည်၌ တည်ရှိသော ရေ၌ဖြစ်စေ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေဟူသော ပညတ်သက်သက်ကိုသာ အာရုံယူပါ။ ရေတွင်းနံရံနှင့် ရေတွင်းအောက်ခြေကိုလည်းကောင်း သို့မဟုတ် သပိတ်အိုးခွက်၏ နံရံနှင့် အောက်ခြေကိုလည်းကောင်း မကြည့်မိရန် သတိပြုပါ။ ရေသက်သက်ကိုသာ ကြည့်၍ နိမိတ်ယူပါ။ တစ်ဖန် ထိုသို့ နိမိတ်ယူရာ၌ မိမိ ရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို ထူထောင်ပြီးမှ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ စျာန်မှထကာ မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့သော် ပို၍ အရမြန်တတ်သည်။ မကြာမီ အချိန်ကာလအတွင်းမှာပင် ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သွားတတ်သည်။ ရှေးရှေးသော ဘာဝနာ သမာဓိများက ယင်းအာပေါကသိုဏ်းဘာဝနာသမာဓိအား အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေး နေသောကြောင့် ဖြစ်သည်။
ထိုသို့ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေ၏ အရောင်ကို နှလုံးမသွင်းပါနှင့်၊ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်းဘက်သို့ ကူးသွားမည်။ အာပေါဓာတ်၏ ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ရေ၏ အေးမှု သီတလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ဓာတ်ကို နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ ကူးသွားမည် ဖြစ်၏၊ အထူးသဖြင့် ရေ၏ အေးမှုသဘောကို နှလုံးသွင်းပါက သမာဓိအားကောင်းလာသောအခါ အာပေါကသိုဏ်းဝန်း ကလည်း ပြန့်ကားသွားသောအခါ ထိုသို့ နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အအေးဓာတ် လွှမ်းမိုးကာ ချမ်းတက်လာတတ်၏၊ ထိုကြောင့် အဆင်း၏ မှီရာ အာပေါကသိုဏ်းကို အဆင်းနှင့်တကွ တူသော အခြင်းအရာ ရှိသည်ကိုပြု၍ အာပေါဓာတ် ထူပြောသည်၏ အစွမ်းဖြင့် အာပေါ = ရေဟူသော လောကဝေါဟာရ၌ စိတ်ကို ထား၍ အာပေါ - အာပေါ - အာပေါ = ရေ - ရေ - ရေ ဟု နှလုံးသွင်း ပွားများပါ။[မှတ်စု ၂]
ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်
ဤတွင် အာပေါကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် လှုပ်သကဲ့သို့ ထင်လာတတ်၏၊ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့စဉ်က ရေသည် ရေမြှုပ် ရေပြွက်နှင့်ရောသော ရေဖြစ်ခဲ့မူ ထိုပုံစံအတိုင်းသာ ထင်လာတတ်၏၊ လှိုင်းတံပိုး ထခြင်း, ရေမြှုပ် ရေပြွက်နှင့် ရောနှောနေခြင်းစသော ကသိုဏ်းအပြစ်ဒေါသသည် ထင်လာတတ်၏၊ ထိုကြောင့် ငြိမ်သက်၍ နက်ရှိုင်းသော ရေ၌ နိမိတ်ယူခြင်းက အပြစ်ဒေါသ နည်းပါးသဖြင့် ပိုကောင်းလှပေသည်။ ပဋိဘာဂနိမိတ်ကား တုန်လှုပ်ခြင်း ကင်းသည်ဖြစ်၍ ကောင်းကင်၌ ထားအပ်သော မြယပ်ဝန်းကဲ့သို့လည်းကောင်း, မြကြေးမုံဝန်းကဲ့သို့ လည်းကောင်း ဖြစ်၍ ရှေးရှုထင်လာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ် ထင်လာသည်နှင့် အတူတကွ သာလျှင် ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ယင်းပဋိဘာဂနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် ဥပစာရစျာန်, အပ္ပနာစျာန်တို့ကို ရောက်ရှိနိုင်ပေသည်။[မှတ်စု ၃]