မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း

ဝီကီရင်းမြစ် မှ

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း

အာရကတ္တာ ဟတတ္တာ စ၊ ကိလေသာရီန သော မုနိ။
ဟတသံသာရစက္ကာရော၊ ပစ္စယာဒီန စာရဟော။
န ရဟော ကရောတိ ပါပါနိ၊ အရဟံတေန ဝုစ္စတိ။[မှတ်စု ၁]

၁။ ဝါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်သဖြင့် ကိလေသာတို့မှ အဝေးကြီး ဝေးကွာတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် “အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊
၂။ တစ်ထောင့်ငါးရာ ကိလေသာတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ချိုးဖဲ့ဖျက်ဆီးတော်မူတတ်ခြင်းတည်း ဟူသော ဤအကြောင်းကြောင့် “အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊
၃။ အဝိဇ္ဇာ-တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ ထောက်အကန့်တို့ကို ချိုးဖဲ့ဖျက်ဆီးတော် မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် “အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊
၄။ သူမတူသော သီလ-သမာဓိ-ပညာ-ဂုဏ်သကတ်ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် “အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊
၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှု ဟူသမျှတို့ကို ပြုတော်မမူ ပြောတော်မမူ ကြံစည်တော်မမူခြင်းတည်းဟူသော ဤအကြောင်းကြောင့် “အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊

ဤကား အရဟံဂုဏ်တော်၏ အနက်ငါးနက် ဖြစ်သည်။ ဤအနက် အဓိပ္ပါယ်တို့ကို ကျေပွန်အောင် နှုတ်တက် ရအောင် လေ့ကျက်ထားပါ။ ဤ အရဟံဂုဏ်တော် ကမ္မဋ္ဌာန်းကို ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို သို့မဟုတ် အာနာပါန စတုတ္ထစျာန်သမာဓိကို တစ်ဖန် ထူထောင်၍ ထိုသမထဘာဝနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း အကူအညီဖြင့် မိမိ ကြည်ညိုလေးစားသည့် ရုပ်ပွားတော်တစ်ဆူကို မြင်အောင် ထိုးစိုက် အာရုံယူကြည့်ပါ။ သက်တော်ထင်ရှား မြတ်စွာဘုရားကို မဖူးမြင်ရသဖြင့် သက်တော်ထင်ရှား ဘုရားရှင်၏ ကိုယ်စား ရုပ်ပွားတော်ကို စတင်ကာ အာရုံယူခြင်း ဖြစ်ပါသည်။ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ယင်းပုံတော်ကို သက်တော်ထင်ရှားဘုရားဟု အမှတ်ပြုကာ အာရုံ ညွတ်ကြည့်ပါ။ အတိတ်က သက်တော်ထင်ရှား ဘုရားရှင်များကို ဖူးမြင်တွေ့ ခဲ့ရဖူးလျှင် ထိုဘုရားရှင်၏ ရုပ်ပုံတော်သည် ပေါ်လာတတ်ပါသည်။ ထိုဘုရားပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုရန် ဖြစ်သည်။ အကယ်၍ ထိုသို့ အာရုံယူကြည့်ရာ၌ သက်တော်ထင်ရှား ဘုရားရှင်၏ ပုံတော်မပေါ်ခဲ့သော် မိမိ အာရုံယူထားသော ရုပ်ပွားတော်ကိုပင် သက်တော်ထင်ရှား ဘုရားဟု အမှတ်ထား၍ ထိုပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုပါ။ အထက်ပါ အရဟံဂုဏ်တော်၏ အနက်အဓိပ္ပါယ် ငါးမျိုးတို့တွင် မိမိ နှစ်ခြိုက်ရာ အနက်အဓိပ္ပါယ် တစ်မျိုးမျိုးကို အာရုံယူ၍ “အရဟံ-အရဟံ”ဟု ပွားများပါ။ သမာဓိ အားကောင်း လာသောအခါ ပုံတော်ပျောက်၍ ဂုဏ်တော်အပေါ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေပေလိမ့်မည်။ ထိုအခါ ပုံတော်ကို လိုက်၍ အာရုံ မယူပါနှင့်၊ လိုက်၍ မရှာဖွေပါနှင့်။ ဂုဏ်တော်အပေါ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ပွားများပါ။ တစ်နာရီခန့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ ဂုဏ်တော်အာရုံ၌ တည်နေခဲ့သော် စျာန်အင်္ဂါတို့ကို ပြန်ဆင်ခြင်ကြည့်ပါ။ သို့သော် ဤစျာန်မှာ ဥပစာရစျာန်မျှသာ ဖြစ်သည်။ ယင်းဥပစာရစျာန်သို့ ဆိုက်အောင် ပွားများပါ။ ကြွင်းကျန်သော ဂုဏ်တော်တို့၌လည်း နည်းမှီ၍ ပွားများပါလေ။ ဝသီဘော်နိုင်နင်းအောင် လေ့ကျင့်ပါ။

  1. (ဝိသုဒ္ဓိ၊၁၊၁၉၅။)