မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အသုဘကမ္မဋ္ဌာန်း

ဝီကီရင်းမြစ် မှ

အသုဘကမ္မဋ္ဌာန်း

အာနာပါနစတုတ္ထစျာန်သမာဓိကိုသော်လည်းကောင်း, ဩဒါတကသိုဏ်းစတုတ္ထစျာန်သမာဓိကိုသော်လည်းကောင်း တစ်ဖန်ပြန်၍ သမာဓိထူထောင်ပါ။ ထိုသမာဓိနှင့် ယှဉ်သော ဘာဝနာဉာဏ်ကြောင့် အရောင်အလင်းများသည် ဝန်းကျင်ပတ်ချာ အရပ်များသို့တိုင်အောင် ပြန့်နှံ့လျက် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ မိမိ မြင်ဖူးထားသော ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံးသော လိင်တူ အသုဘအလောင်းကောင်တစ်ခုကို လှမ်း၍ အာရုံယူပါ။ ဉာဏ်လင်းရောင်ခြည်အောက်တွင် ထိုအလောင်းကောင်ကို တွေ့မြင်နေအောင် ကြိုးစားပါ။ ရှေးယခင်က မိမိ မြင်ဖူးထားသည့် ပုံစံအတိုင်း ပြန်လည်၍ မြင်အောင် အလင်းရောင် အကူအညီဖြင့် လှမ်းအာရုံယူပါ။ ထင်ထင်ရှားရှား ဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့မြင်ရသောအခါ ထိုအလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အကောင်းဆုံးသော အနေအထား၌ မိမိ၏ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ – “ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာ”ဟု ရှုနေပါ။

ထိုအလောင်းကောင်အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် အသုဘ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ အသုဘအလောင်းကောင်အာရုံသည်လည်း ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်သို့ ကူးသွားမည် ဖြစ်၏၊ ပကတိမျက်စိဖြင့် ဖွင့်ကြည့်သကဲ့သို့ ထင်ထင်ရှားရှား တွေ့မြင်နေရသော အလောင်းကောင်နိမိတ်ကား ဥဂ္ဂဟနိမိတ် တည်း။[မှတ်စု ၁]

အသုဘအလောင်းကောင် အာရုံကို နှလုံးသွင်းနေသော ဘာဝနာမနသိကာရ၏ မပြန့်ပြောသေးသည့်အတွက် မကြီးကျယ် မမြင့်မြတ်သေးသည့်အတွက်ကြောင့်လည်းကောင်း, အသုဘအလောင်းကောင်အာရုံ၏ အလွန်ကြီး ငြိမ်သက်မှု မရှိသေးသည့်အတွက်ကြောင့်လည်းကောင်း ဥဂ္ဂဟနိမိတ်သည် ဖောက်ပြန်သည် အရုပ်ဆိုးသည် ကြောက်မက်ဖွယ်သော အမြင်ရှိသည် ဖြစ်၍ ထင်လာ၏၊ ပဋိဘာဂနိမိတ်သည်ကား အသုဘဘာဝနာမနသိကာရ၏ ပြန့်ပြောကြီးကျယ် မြင့်မြတ်သည်၏အဖြစ်သို့ ရောက်ရှိလာခြင်းကြောင့်လည်းကောင်း, အသုဘအလောင်းကောင်အာရုံ၏ ငြိမ်သက်မှုရှိလာသည်၏ အဖြစ်ကြောင့်လည်းကောင်း အလိုရှိတိုင်း ဝအောင်စားပြီး၍ လျောင်းလျက် အိပ်နေသော ဆူဖြိုးသော ကိုယ်အင်္ဂါကြီးငယ်ရှိသော ယောက်ျားကဲ့သို့ ထင်လာ၏၊[၃၉၉ ၄၀၀]

ထိုပဋိဘာဂနိမိတ်ကိုပင် “ပဋိကူလ-ပဋိကူလ = ရွံစရာ-ရွံစရာ”ဟု ကြိမ်ဖန်များစွာ နှလုံးသွင်း ရှုပွားခဲ့သော် ဘာဝနာစိတ်သည်လည်း ယင်းအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် စျာန်အင်္ဂါ များသည် ထင်ရှားနေပေလိမ့်မည်။ ထင်ရှားပါက ပထမစျာန်သမာဓိသို့ ဆိုက်ပေပြီ။ ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ထားပါ။

  1. (ဝိသုဒ္ဓိ၊၁၊၁၈၀။)