မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်း

ဝီကီရင်းမြစ် မှ

မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်း

ပါဠိတော်[မှတ်စု ၁] အဋ္ဌကထာတို့[မှတ်စု ၂]နှင့် အညီ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသော အသုဘကမ္မဋ္ဌာန်းကိုပင် ပထမစျာန်သမာဓိသို့ ဆိုက်အောင် တစ်ဖန် ပြန်၍ သမာဓိကို ထူထောင်ပါ။ ယင်းဗဟိဒ္ဓအသုဘအလောင်းကောင်၌ ပထမစျာန်သမာဓိသို့ ဆိုက်အောင် ရှုနိုင်သောအခါ “ဤ ငါ၏ ခန္ဓာကိုယ် သည်လည်း ဤကဲ့သို့သော သေခြင်းသဘော ရှိ၏၊ ဤကဲ့သို့သော သေခြင်းသဘောသည် မချွတ်ဧကန် ဖြစ်လိမ့်မည်၊ ဤကဲ့သို့သော သေခြင်းသဘောတရားကို မလွန်မြောက်နိုင်”ဟု မိမိ၏ သေခြင်းတရားအပေါ်သို့ ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်၍ သတိကိုလည်းကောင်း, သံဝေဂကိုလည်းကောင်း, ဉာဏ်ကိုလည်းကောင်း ဖြစ်စေလျက် ကြည့်ရှု လိုက်သောအခါ မိမိသေနေသည့် ရွံရှာစက်ဆုပ်ဖွယ် အသုဘအလောင်းကောင်ကို တွေ့ရှိမည် ဖြစ်သည်။ ထိုအခါ မိမိသေနေသောပုံဝယ် ဇီဝိတိန္ဒြေ၏ ပျက်စဲမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ထိုဇီဝိတိန္ဒြေ၏ ပြတ်စဲမှုအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် ..

၁။ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ= ငါ၏ သေခြင်းတရားသည် မြဲ၏၊ အသက်ရှင်ခြင်းသည် မမြဲ။
၂။ မရဏံ မေ ဘဝိဿတိ= ငါ၏ သေခြင်းတရားသည် မချွတ်ဧကန် ဖြစ်လိမ့်မည်။
၃။ မရဏပရိယောသာနံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိ၏၊
၄။ မရဏံ မရဏံ = သေခြင်းတရား သေခြင်းတရား ––

ဤသို့စသော နှလုံးသွင်းနည်းတို့တွင် မိမိကြိုက်နှစ်သက်ရာ တစ်နည်းနည်းဖြင့် ပါဠိလိုဖြစ်စေ, မြန်မာလိုဖြစ်စေ ရှုနေပါ။ မိမိ သေနေသည့်ပုံဝယ် ဇီဝိတိန္ဒြေ၏ ပြတ်စဲသွားမှု သဘောတရားအာရုံ၌ မရဏဿတိ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။ ယင်းသို့ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် စျာန်အင်္ဂါ (၅)ပါးတို့သည်လည်း ထင်ရှားလာကြမည် ဖြစ်ပေသည်။ သို့သော် ဥပစာရစျာန်မျှသာ ဖြစ်သည်။

တစ်ဖန် ဘုရားရှင်သည် ပေသကာရဓီတာဟု ခေါ်ဆိုအပ်သည့် ယက်ကန်းသည်မလေးအား မရဏဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို ယင်းပေသကာရဓီတာဝတ္ထု[မှတ်စု ၃]၌ ဤသို့လည်း ဟောကြားထားတော်မူခဲ့၏ ..။

၁။ အဒ္ဓုဝံ မေ ဇီဝိတံ= ငါ၏ အသက်ရှင်ခြင်းသည် မမြဲ။
၂။ ဓုဝံ မေ မရဏံ= ငါ၏ သေခြင်းတရားသည် မြဲ၏၊
၃။ အဝဿံ မယာ မရိတဗ္ဗမေဝ = ငါသည် မချွတ်ဧကန် သေရလိမ့်မည်၊
၄။ မရဏပရိယောသာနံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိ၏၊
၅။ ဇီဝိတမေဝ အနိယတံ = ငါ၏ အသက်ဇီဝိတိန္ဒြေသည်ကား မမြဲခြင်းသဘောတရားသာလျှင် ရှိ၏၊
၆။ မရဏံ နိယတံ = ငါ၏ သေခြင်းတရားသည်ကား မြဲ၏၊

ဤသို့လည်း မရဏဿတိ ဘာဝနာကို ပွားများနိုင်ပေသည်။

နောက်ဆုံးအချိန်

တစ်ခုသောဘဝ၌ တစ်ခုသော သေခြင်းတရားသည်ကား မြဲသည်သာ ဖြစ်၏၊ နောက်ဆုံး သေခါနီးအချိန် ကာလဝယ် မရဏဿတိ ဘာဝနာကို မပွားများထားသူတို့အဖို့ သေခြင်းတရားနှင့် ရင်ဆိုင်ရမည့်ဘေးကို ကြည့်ကာ အဆိပ်ပြင်းထန်သည့်မြွေကို တွေ့မြင်ရသည့်အလား ကြောက်ရွံ့တုန်လှုပ်နေတတ်၏၊ မိမိလားရောက်ရတော့မည့် ဂတိကို တွေ့မြင်နေရသည့်အတွက် စိတ်မချမ်းသာမှု ပူပန်မှု ကြောက်ရွံ့တုန်လှုပ်မှု ဟူသည့် ဆုတ်နစ်သည့် ဒေါသနှင့် ယှဉ်တွဲနေသည့် အကုသိုလ်ဇောတို့က မရဏာသန္နဇော၏ နေရာကို အရယူနေကြပေသည်။ မျက်ရည်စက်လက်ဖြင့် ဘဝကို အဆုံးသတ်သွားကြ၏၊ သို့သော် မရဏဿတိဘာဝနာကို ပွားများထားပြီးသူ မပြတ်လေ့ကျင့်နေသူတို့ကား.. အဆိပ်ပြင်းထန်သည့် မြွေကို တွေ့ရှိသည့်အခါ ကြောက်ရွံ့တုန်လှုပ်မှု မရှိဘဲ ယင်းမြွေကို တုတ်ဖြင့် ကော်ယူကာ ဝေးရာတစ်နေရာသို့ ပို့ဆောင်ပေးလိုက်သကဲ့သို့ ..သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ ကြောက်ရွံ့တုန်လှုပ်မှု မရှိဘဲ မိမိပွားများထားသည့် မရဏဿတိဘာဝနာကဲ့သို့သော ဘာဝနာကုသိုလ်တို့ကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသော မိမိသွားရမည့် ကောင်းသော လားရာဂတိကို ရည်မျှော်ကာ ချမ်းမြေ့စွာဖြင့် ဘဝကို အဆုံးသတ်ရပေသည်။ ထိုကြောင့် ဘုရားရှင်က မရဏဿတိဘာဝနာကို ပွားများအားထုတ်ရန် ယင်း’ပေသကာရဓီတာဝတ္ထု’တွင်လည်း တိုက်တွန်းထားတော်မူခဲ့လေသည်။

ဇီဝိတိန္ဒြေ၏ ပြတ်စဲမှု

ဤရှုကွက်ကား ပရမတ်တရား - ဇီဝိတိန္ဒြေ–နှင့် ဆက်စပ်နေသဖြင့် လွယ်မယောင်နှင့် ခက်သော ရှုကွက်တစ်ခု ဖြစ်နေ၏၊ ဇီဝိတိန္ဒြေယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ–– ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၄]တွင် ဖွင့်ဆိုထားသည့်အတိုင်း မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို မြင်အောင် ကြည့်၍ ရှုရမည့် ရှုကွက်ဖြစ်နေပေသည်။ မိမိ သေနေသည့် အလောင်းကောင်ကို ဉာဏ်နှင့် ကပ်ဆောင်ကာ ကြည့်နိုင်ရုံမျှဖြင့်ကား လိုရင်းကိစ္စ မပြီးနိုင် ရှိနေသေး၏၊ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်က ဗဟိဒ္ဓအလောင်းကောင်အာရုံ၌ ပထမစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ရှုပြီးသောအခါ .. မိမိသေနေသည့် ပုံကိုလည်း ဉာဏ်ဖြင့် ကပ်ဆောင်ကာ ကြည့်ရှုနိုင်သဖြင့် မိမိသေနေသည့် အလောင်းကောင်ကိုလည်း တွေ့မြင်သောအခါ ..ယင်းအလောင်းကောင်၏ နှလုံးအိမ်အတွင်းဘက်သို့ ထိုးစိုက်ကာ ရှုကြည့်ပါ။ ထိုသို့ ရှုရာ၌ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကိုကား လွယ်လွယ်ကူကူ တွေ့ချင်မှတွေ့မည် ဖြစ်၏၊ အကြောင်းကား ယင်းသေနေသော အလောင်းကောင်၌ ဇီဝိတိန္ဒြေကား ပြတ်စဲပြီး ဖြစ်သောကြောင့် ဖြစ်၏၊ သို့အတွက် ယင်း အလောင်းကောင်၏ နှလုံးအိမ်အတွင်းဘက်သို့ ဉာဏ်ကို စေလွှတ်ကာ ရှုကြည့်နိုင်သောအခါ မသေမီ အချိန်ကာလ ဘက်သို့ အနည်းငယ် နောက်ဆုတ်ကာ ရှုကြည့်ပါ။ ထိုအခါ .. သေခါနီး ဘဝင်မနောအကြည်ဓာတ်ကို သို့မဟုတ် စိတ်အစဉ်ကို တွေ့ရှိနိုင်ပေသည်။ ဤအရာဝယ် ပြောလိုရင်းမှာ ဘဝင်မနောအကြည်ဓာတ်ပင် ဖြစ်သည်။ ယောဂီ ပုဂ္ဂိုလ်သည် စျာန်အင်္ဂါများကို သိမ်းဆည်းခဲ့စဉ်က ယင်းဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်ခဲ့ပြီးဖြစ်သဖြင့် ဤအချိန်တွင်လည်း ယင်း ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ယင်းဘဝင် မနောအကြည်ဓာတ်ကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ သေမည့်ဘက်သို့ တစ်ဖန် တိုး၍ ရှုကြည့်ပါ။ ထိုအခါ ယင်းဘဝင် မနောအကြည်ဓာတ်၏ ရပ်စဲမှုသဘောကိုကား တွေ့မြင်နိုင်ပေသည်။ ထိုအခါတွင် အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်းဘဝင်မနောအကြည်ဓာတ်ကို ဖြစ်စေသည့် အကြောင်းရင်း ဘဝင်စိတ်ကို ထိုးစိုက်ကာ ရှုကြည့်ပါ။ ယင်းဘဝင်စိတ်ကို တွေ့သည့်အခါ ယင်းဘဝင်စိတ်နှင့်အတူ ယှဉ်ဖက် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို မြင်အောင် တစ်ဆင့် ရှုကြည့်ပါ။ တွေ့မြင်ပါက ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို သဘောပေါက်မည် ဖြစ်ပေသည်။

သို့သော် ယောဂီအများစုမှာ ––- နာမ်ကမ္မဋ္ဌာန်းကို မရှုရသေးသည့်အတွက် မရှုဖူးသေးသည့်အတွက် ဘဝင်စိတ်နှင့် ဇီဝိတိန္ဒြေကို သဘောပေါက်ဖို့ကား အလွန် ခဲယဉ်းနေသေးသော အချိန်ကာလပင် ဖြစ်ပေသည်။ မည်သို့ပင်ခက်ခဲသော်လည်း ဘဝင်မနောအကြည်ဓာတ်ကိုကား တွေ့ရှိနေပြီဖြစ်သည့်အတွက် ယင်းဘဝင်မနောအကြည် ဓာတ်၏ ပြတ်စဲမှုကိုပင် အာရုံယူကာ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုကလည်း စီးဖြန်းနိုင်ပေသည်။ သို့သော် အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်း ဘဝင်မနောအကြည်ဓာတ်မှာ ဥပစာရအားဖြင့်သာ ဘဝင်ဟု ခေါ်ဆိုထားခြင်း ဖြစ်ပေသည်။ မည်သို့ပင် ခက်ခဲနေသော်လည်း မိမိ သေနေသည့် အလောင်းကောင်ကိုကား ဉာဏ်ဖြင့် ကပ်ဆောင်၍ ရှုခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏၊ အတိတ်ဘဝထိုထိုက မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးသူ ဖြစ်လျှင်လည်း ယင်းဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို တစ်နည်းဆိုရသော် ဇီဝိတိန္ဒြေနှင့် တကွသော ဘဝင်စိတ်၏ ပြတ်စဲမှုကို ရှုမြင်နိုင်ပေသည်။ ထိုသို့ ရှုမြင်နိုင်လျှင်ကား အကောင်းဆုံးပင် ဖြစ်ပေသည်။ သို့သော် နာမ်ကမ္မဋ္ဌာန်းကို မရှုဖူးသေးသော ယောဂီအများစုမှာ ဥပစာရအားဖြင့် တင်စားကာ ခေါ်ဝေါ်သုံးစွဲနေသော အထက်တွင် ရှင်းပြခဲ့ပြီးသော ဘဝင်မနောအကြည်ဓာတ်၏ ပြတ်စဲမှုသဘောကိုကား ရှု၍ရရှိနေပေသည်။ ယင်းဘဝင်မနောအကြည်ဓာတ်၏ ပြတ်စဲမှု ရပ်ဆိုင်းမှုသဘောကို အာရုံ ယူကာ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါသည်။ သို့သော် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ဆိုက်သည် တိုင်အောင် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှုထားပြီးသူ ယောဂီပုဂ္ဂိုလ်တို့သည်ကား ယင်းဇီဝိတိန္ဒြေနှင့်တကွသော ဘဝင်စိတ်၏ ပြတ်စဲမှုကိုလည်းကောင်း, ရုပ်ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကိုလည်းကောင်း လွယ်လွယ်ကူကူပင် ရှု၍ ရရှိနိုင်ပေသည်။

ဤ မေတ္တာ ဗုဒ္ဓါနုဿတိ အသုဘ မရဏဿတိ ကမ္မဋ္ဌာန်း (၄)မျိုးတို့ကား .. ယောဂါဝစရပုဂ္ဂိုလ်တို့အား စောင့်ရှောက်ပေးတတ်သည့် စတုရာရက္ခ အမည်ရသော အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။ ဝိပဿနာသို့ မကူးမီ သင်ယူထားသင့်သော ပွားများထားသင့်သော ကမ္မဋ္ဌာန်းများပင် ဖြစ်ကြပေသည်။ ဘုရားရှင်ကိုယ်တော်တိုင် ကလည်း မေဃိယသုတ္တန်[မှတ်စု ၅]တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏၊

အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ၊
မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ၊
အာနာပါနဿတိ ဘာဝေတဗ္ဗာ ဝိတက္ကုပစ္ဆေဒါယ။

ဤမေဃိယသုတ္တန်နှင့် အညီ အသုဘဘာဝနာကား ရာဂကို တိုက်ဖျက်ရန်အတွက် အကောင်းဆုံးသော လက်နက် ဖြစ်၏၊ အသုဘ အလောင်းကောင်ကို အာရုံယူ၍ ရှုပွားရသော ဤအထက်ပါ အသုဘဘာဝနာကို အဝိညာဏက အသုဘ = သက်မဲ့ အသုဘဟု ခေါ်ဆို၏၊ သက်ရှိ သတ္တဝါတို့၏ (၃၂)ကောဋ္ဌာသကို အာရုံယူ၍ ပဋိကူလမနသိကာရ အားဖြင့် ရှုပွားရသော ဘာဝနာကို အသုဘကမ္မဋ္ဌာန်းအဖြစ် ဂိရိမာနန္ဒသုတ္တန်[မှတ်စု ၆]၌ ဟောကြားထားတော်မူ၏၊ သဝိညာဏက အသုဘတည်း၊ ရှင် အသုဘတည်း။ ယင်း အဝိညာဏက အသုဘဘာဝနာ, သဝိညာဏက အသုဘ ဘာဝနာ နှစ်မျိုးလုံးသည်ပင် ရာဂကို ပယ်သတ်ရန်အတွက် အကောင်းဆုံးသော လက်နက်ပင် ဖြစ်သည်။

မေတ္တာကမ္မဋ္ဌာန်းကား ဗျာပါဒ ဒေါသကို ပယ်ရှားရာ၌ အကောင်းဆုံးသော ကမ္မဋ္ဌာန်းဖြစ်၏၊ အာနာပါနဿတိကမ္မဋ္ဌာန်းကား ကြံစည်စိတ်ကူးမှု ဝိတက်အမျိုးမျိုးကို တိုက်ဖျက်ရာ၌ အစွမ်းထက်မြက်သော ကမ္မဋ္ဌာန်းတစ်ခု ဖြစ်၏၊

သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ရာဂ ထကြွသောင်းကျန်းလာသောအခါ အသုဘဘာဝနာကို ပွားပါ။ ဒေါသ ပြင်းထန်လာသောအခါ မေတ္တာဘာဝနာကို ပွားပါ။ ဝိတက် ထူပြောလာသောအခါ အာနာပါနဿတိကို ပွားပါ။ ဘာဝနာလုပ်ငန်းခွင်၌ သဒ္ဓါတရား လျော့နည်းလာသောအခါ, စိတ်မကြည်လင်သောအခါ ဗုဒ္ဓါနုဿတိကို ပွားပါ။ သံဝေဂဉာဏ် နည်းပါး လာသောအခါ, ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိလာသောအခါ မရဏဿတိဘာဝနာကို ပွားပါလေ။

ဘုရားရှင်သည် .. သမထကမ္မဋ္ဌာန်းပိုင်းတွင် ကမ္မဋ္ဌာန်း (၄၀) ဟောကြားထားတော်မူ၏၊ ထိုကမ္မဋ္ဌာန်းတို့တွင် ဤသမထကမ္မဋ္ဌာန်းပိုင်း၌ ––

၁။ အာနာပါနကမ္မဋ္ဌာန်း
၂။ ပဋိကူလမနသိကာရ အရိုးစုကမ္မဋ္ဌာန်း
၃။ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး
၄။ ဗြဟ္မစိုရ်တရား (၄)ပါး
၅။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
၆။ အသုဘကမ္မဋ္ဌာန်း
၇။ မရဏာနုဿတိကမ္မဋ္ဌာန်း ––

ဤကမ္မဋ္ဌာန်းများကို အကျဉ်းချုပ်ကာ တင်ပြထားပေသည်။ ကြွင်းကျန်သော သမထကမ္မဋ္ဌာန်းများကို ပွားများအားထုတ်လိုပါက ဆရာသမားများထံသို့ ချဉ်းကပ်ကာ လေ့လာကြပါကုန်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာကမ္မဋ္ဌာန်းသို့ ကူးတက်လိုပါက ရုပ်ကမ္မဋ္ဌာန်းပိုင်း စသည်ကို ဆက်လက်ကာ ပွားများအားထုတ်ပါလေ။

  1. ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ “အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတော”တိ။ (မ၊၁၊၇၃။)
  2. တတ္ထ မရဏန္တိ ဧကဘဝပရိယာပန္နဿ ဇီဝိတိန္ဒြိယဿ ဥပစ္ဆေဒေါ။ ပ။ ဣတိ ဇီဝိတိန္ဒြိယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ။ (ဝိသုဒ္ဓိ၊၁၊၂၂၂။)
    တသ္မာ တတ္ထ တတ္ထ ဟတမတသတ္တေ ဩလောကေတွာ ဒိဋ္ဌပုဗ္ဗသမ္ပတ္တီနံ သတ္တာနံ မတာနံ မရဏံ အာဝဇ္ဇေတွာ သတိဉ္စ သံဝေဂဉ္စ ဉာဏဉ္စ ယောဇေတွာ “မရဏံ ဘဝိဿတီ”တိအာဒိနာ နယေန မနသိကာရော ပဝတ္တေတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၂၂၃။)
  3. (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၁၁။)
  4. တတ္ထ မရဏန္တိ ဧကဘဝပရိယာပန္နဿ ဇီဝိတိန္ဒြိယဿ ဥပစ္ဆေဒေါ။ ပ။ ဣတိ ဇီဝိတိန္ဒြိယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ။ (ဝိသုဒ္ဓိ၊၁၊၂၂၂။)
    တသ္မာ တတ္ထ တတ္ထ ဟတမတသတ္တေ ဩလောကေတွာ ဒိဋ္ဌပုဗ္ဗသမ္ပတ္တီနံ သတ္တာနံ မတာနံ မရဏံ အာဝဇ္ဇေတွာ သတိဉ္စ သံဝေဂဉ္စ ဉာဏဉ္စ ယောဇေတွာ “မရဏံ ဘဝိဿတီ”တိအာဒိနာ နယေန မနသိကာရော ပဝတ္တေတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၂၂၃။)
  5. (အံ၊၃၊၁၆၉။ ဥဒါန၊၁၂၀။ မေဃိယသုတ္တန်။)
  6. (အံ၊၃၊၃၄၃။)