မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ရုပ် (၂၈) ပါး

ဝီကီရင်းမြစ် မှ

ရုပ်ကမ္မဋ္ဌာန်းပိုင်း

ကထဉ္စ ဘိက္ခဝေ ဘိက္ခု . . န ရူပညူ ဟောတိ?
ဣဓ ဘိက္ခဝေ ဘိက္ခု . .
ယံ ကိဉ္စ ရူပံ သဗ္ဗံ ရူပံ ‘စတ္တာရိ မဟာဘူတာနိ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပ’န္တိ ယထာဘူတံ နပ္ပဇာနာတိ။
ဧဝံ ခေါ ဘိက္ခဝေ ဘိက္ခု . . န ရူပညူ ဟောတိ။

ချစ်သား ရဟန်းတို့ ... အဘယ်သို့လျှင် ယောဂါဝစရရဟန်းသည် ရုပ်တရားကို မသိလေသနည်း?

ချစ်သား ရဟန်းတို့ ... ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် ..

မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကိုလည်းကောင်း .., ထိုမဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်ကြကုန်သော (၂၄)မျိုးသော ဥပါဒါရုပ်တို့ကိုလည်းကောင်း ..

ဤအလုံးစုံသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိ။

ချစ်သား ရဟန်းတို့ ... ဤသို့လျှင် ယောဂါဝစရရဟန်းသည် ရုပ်တရားကို မသိပေ။ (မ၊၁၊၂၈၂၊ စာပိုဒ်၊၃၄၇။ မဟာဂေါပါလကသုတ္တန်။)

သော . .
ဂဏနတော (သမုဋ္ဌာနတော) ရူပံ အဇာနန္တော . . .
ရူပံ ပရိဂ္ဂဟေတွာ . .
အရူပံ ဝဝတ္ထပေတွာ . .
ရူပါရူပံ ပရိဂ္ဂဟေတွာ . .
ပစ္စယံ သလ္လက္ခေတွာ . .
လက္ခဏံ အာရောပေတွာ . .
ကမ္မဋ္ဌာနံ မတ္ထကံ ပါပေတုံ န သက္ကောတိ။

ထိုယောဂါဝစရရဟန်းသည် ..
၁။ ရုပ် (၂၈)ပါးဟူသော အရေအတွက်အားဖြင့်လည်းကောင်း,
၂။ ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ..
ရုပ်တရားကို မသိခဲ့သော် ...

၁။ ရုပ်တရားကို သိမ်းဆည်း၍ (= ဉာဏ်ဖြင့် ပိုင်းခြားယူ၍) ..,
၂။ နာမ်တရားကို ပိုင်းခြား မှတ်သား၍ ..,
၃။ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်း၍ ..,
၄။ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားကို ကောင်းစွာ ပိုင်းခြားမှတ်သား၍ ..,
၅။ လက္ခဏာရေး သုံးတန်သို့ တင်၍ ..
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသည့် အထွတ်အထိပ်သို့ ရောက်စေအံ့သောငှာ မစွမ်းနိုင်ပေ။ (မ၊ဋ္ဌ၊၂၊၁၆၃။ မဟာဂေါပါလကသုတ္တန်အဋ္ဌကထာ။)

ရုပ်ကမ္မဋ္ဌာန်းပိုင်း

ရုပ် (၂၈) ပါး

ရုပ်တရားတို့သည် ဘူတရုပ် ဥပါဒါရုပ်ဟု အကျဉ်းအားဖြင့် နှစ်မျိုးရှိ၏၊ အခြားသောရုပ်များထက် သဘော လက္ခဏာအားဖြင့်လည်းကောင်း, အထည်ကိုယ်ဒြပ်အားဖြင့်လည်းကောင်း ကြီးကျယ်ထင်ရှားသော ဓာတ်ကြီးလေးပါးကို ဘူတရူပ = ဘူတရုပ်, မဟာဘူတ = မဟာဘုတ်ဟု ခေါ်ဆိုသည်။ မဟာဘုတ် လေးပါးကို မှီ၍ဖြစ်သော (၂၄)မျိုးသော ရုပ်ကို ဥပါဒါရုပ်ဟု ခေါ်ဆိုသည်၊ မဟာဘုတ်ဓာတ်ကြီးလေးပါးကို ဖြူအောင် ဝါအောင် နီအောင် ဤသို့ စသည်ဖြင့် ခြယ်လှယ်သော အမွှန်းတင်ရုပ်များတည်း။

တစ်ဖန် .. ယင်းမဟာဘုတ်လေးပါးကို ဓာတု (= ဓာတ်) ဟုလည်း ခေါ်ဆိုပြန်၏၊ မိမိသဘောကို မိမိ ဆောင်ထားနိုင်သော, မိမိသဘောအတိုင်း ထင်ရှားသော တရားကို ဓာတု (= ဓာတ်)ဟု ခေါ်ဆို၏၊ ပထဝီဓာတ်သည် မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ဟူသော မိမိသဘောကို မိမိဆောင်ထား၏၊ အာပေါဓာတ်သည် ယိုစီး-ဖွဲ့စည်းဟူသော မိမိသဘောကို မိမိဆောင်ထား၏၊ တေဇောဓာတ်သည် ပူ-အေးဟူသော မိမိသဘောကို မိမိဆောင်ထား၏၊ ဝါယောဓာတ်သည် ထောက်ကန်-တွန်းကန်ဟူသော မိမိသဘောကို မိမိဆောင်ထား၏၊ ထိုကြောင့် ယင်းလေးပါးကို ဓာတ်ဟုလည်း ခေါ်ဆိုသည်။

(၁) မဟာဘုတ် ဓာတ်ကြီး (၄) ပါး

၁။ ပထဝီဓာတ်, ၂။ အာပေါဓာတ်, ၃။ တေဇောဓာတ်, ၄။ ဝါယောဓာတ်။

(၂) ပသာဒရုပ် = အကြည်ရုပ် = အကြည်ဓာတ် (၅) ပါး

၁။ စက္ခုပသာဒ= မျက်စိ အကြည်၊
၂။ သောတပသာဒ = နား အကြည်၊
၃။ ဃာနပသာဒ = နှာ အကြည် = နှာခေါင်း အကြည်၊
၄။ ဇိဝှါပသာဒ = လျှာ အကြည်၊
၅။ ကာယပသာဒ = ကိုယ် အကြည်၊

(၃) ဂေါစရရုပ် = အာရုံရုပ် (၇) မျိုး

၁။ ရူပါရုံ= အဆင်း = အရောင် = ဝဏ္ဏ၊
၂။ သဒ္ဒါရုံ = အသံ၊
၃။ ဂန္ဓာရုံ= အနံ့၊
၄။ ရသာရုံ= အရသာ၊
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိဓာတ်၊[မှတ်စု ၁]

(၄) ဘာဝရုပ် (၂) ပါး

၁။ ဣတ္ထိဘာဝရုပ် = အမျိုးသမီးဖြစ်ကြောင်းရုပ်၊
၂။ ပုရိသဘာဝရုပ်= အမျိုးသားဖြစ်ကြောင်းရုပ်၊

(၅) ဟဒယရုပ် (၁) ပါး

၁။ ဟဒယဝတ္ထုရုပ်= မနောဓာတ် မနောဝိညာဏဓာတ် ဟူသော အသိစိတ်တို့၏ မှီရာဖြစ်သော ရုပ်၊ (နှလုံးအိမ် အတွင်းရှိ သွေး၌ တည်၏၊)

(၆) ဇီဝိတရုပ် (၁) ပါး

၁။ ဇီဝိတိန္ဒြေ= ဇီဝိတ = သက်စောင့်ရုပ် = သက်စောင့်ဓာတ်၊

(ဤရုပ်ကား ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ကလာပ်တိုင်း၌ ပါဝင်၍ ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက် ပေးသော ကမ္မဇရုပ်တို့၏ အသက်တည်း။)

(၇) အာဟာရရုပ် (၁) ပါး

၁။ ကဗဠီကာရအာဟာရ= စားမျိုအပ်သော အစာအာဟာရ၌ ပါဝင်တည်ရှိသော အဆီအစေး အနှစ် ဩဇာ၊[မှတ်စု ၂]

ဤ (၁၈)မျိုးသော ရုပ်ကို မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော သဘာဝလက္ခဏာ ကိုယ်စီ ရှိသောကြောင့် သဘာဝရုပ် ဟူ၍လည်းကောင်း, အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော အများဆိုင် သာမညလက္ခဏာ ထင်ရှား ရှိသောကြောင့် သလက္ခဏရုပ်ဟူ၍လည်းကောင်း, ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့သည် ဖြစ်စေအပ်သောကြောင့် နိပ္ဖန္နရုပ်ဟူ၍လည်းကောင်း, တကယ့် ဖောက်ပြန်တတ်သည့် ရုပ်အစစ် ဖြစ်သောကြောင့် ရူပရုပ်ဟူ၍လည်းကောင်း, အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာယာဉ်သုံးချက်သို့တင်၍ ဝိပဿနာ ရှုပွား သုံးသပ်ကောင်းသောကြောင့် သမ္မသနရုပ်ဟူ၍လည်းကောင်း ခေါ်ဆိုသည်။ ကျန် ရုပ် (၁၀)မျိုးတို့ကား ထိုကဲ့သို့ မဟုတ်၍ အသဘာဝရုပ်, အလက္ခဏရုပ်, အနိပ္ဖန္နရုပ်, အရူပရုပ်, အသမ္မသနရုပ်များတည်း။

(၈) ပရိစ္ဆေဒရုပ် (၁) ပါး

၁။ အာကာသဓာတ်= ရုပ်ကလာပ်တို့၏ အကြားအပေါက် = ပရိစ္ဆေဒရုပ်၊[မှတ်စု ၃]

(၉) ဝိညတ်ရုပ် (၂) မျိုး

၁။ ကာယဝိညတ်= ကိုယ်ဖြင့် သိစေတတ်သော ကိုယ်အမူအရာ၊
၂။ ဝစီဝိညတ် = နှုတ်ဖြင့် သိစေတတ်သော နှုတ်အမူအရာ၊
= (စကားသံဖြင့်) သိစေတတ်သော နှုတ်အမူအရာ၊

(၁၀) ဝိကာရရုပ် (၅) မျိုး (၃) မျိုး

၁။ ရူပဿ လဟုတာ = (စိတ္တဇ-ဥတုဇ-အာဟာရဇ) ရုပ်တို့၏ ပေါ့မှုသဘော၊
၂။ ရူပဿ မုဒုတာ = (စိတ္တဇ-ဥတုဇ-အာဟာရဇ) ရုပ်တို့၏ နူးညံ့မှုသဘော၊
၃။ ရူပဿ ကမ္မညတာ = (စိတ္တဇ-ဥတုဇ-အာဟာရဇ) ရုပ်တို့၏ အမှု၌ ကောင်းမွန် ခံ့ညားမှုသဘော၊

(ဝိညတ်ရုပ် နှစ်မျိုးနှင့် ဤရုပ် သုံးမျိုးကို ဝိကာရရုပ်ဟုလည်း ခေါ်ဆိုသည်။ ထူးထွေခြားနားသော အမူအရာ ရုပ်များဟု ဆိုလိုသည်။)

(၁၁) လက္ခဏရုပ် (၄) မျိုး

၁။ ဥပစယ= (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော၊
( ခ ) ဣန္ဒြေ ပြည့်စုံသည့်တိုင်အောင် = ဘဝတစ်ခု၌ ရထိုက်သမျှ ရုပ်များ ပြည့်စုံသည့်တိုင်အောင် ရုပ်အစစ်တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော။
၂။ သန္တတိ= ဘဝတစ်ခု၌ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ရှေ့နှင့်နောက် အစဉ်မပြတ် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ခြင်းသဘော။[မှတ်စု ၄]၃။ ဇရတာ = ရုပ်အစစ်တို့၏ ရင့်ခြင်း အိုခြင်း ဆွေးမြည့်ခြင်းသဘော။
(ရုပ်အစစ်တို့၏ တည်မှု ဌီကာလကို ဆိုလိုသည်။)
၄။ အနိစ္စတာ = ရုပ်အစစ်တို့၏ ပျက်ခြင်းသဘော။
(ရုပ်အစစ်တို့၏ ပျက်မှု = ဘင်ကို ဆိုလိုသည်။)

ဤအာကာသဓာတ်နှင့်တကွ ဝိကာရရုပ် (၅)မျိုး လက္ခဏရုပ် (၄)မျိုး၊ ဤ (၁၀)မျိုးသောရုပ်တို့သည် လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ မထိုက်သောကြောင့် အသမ္မသနုပဂရုပ် = အသမ္မသနရုပ်တို့ မည်ကြ၏၊ ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသော နိပ္ဖန္နရုပ်တို့ မဟုတ်ရကား အနိပ္ဖန္နရုပ်တို့ မည်ကြ၏၊ တကယ့် ရုပ်အစစ်တို့လည်း မဟုတ်ကြကုန်။ ထိုတွင် အာကာသဓာတ်ဟူသည် အန္တရပရိစ္ဆေဒ မျှသာ ဖြစ်၏၊

အန္တရပရိစ္ဆေဒ-ဟူသည် ထိုထို ရုပ်ကလာပ်တို့၏ ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခု မရောယှက်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် ရုပ်ကလာပ်တို့၏ အကြားအပေါက်ဖြစ်သော နယ်ခြားဒေသ အပိုင်းအခြားတည်း။[မှတ်စု ၅]

ဝိညတ်ရုပ်တို့မှာလည်း ကိုယ်အမူအရာ နှုတ်အမူအရာ အခြင်းအရာမျှသာ ဖြစ်သည်။ ရုပ်အစစ်တို့၏ အမူအရာ အခြင်းအရာမျှသာတည်း။ လက္ခဏရုပ်ဟူသည်မှာလည်း ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှု အခြင်းအရာမျှသာတည်း။ ဝိကာရရုပ်ဟူသည်မှာလည်း စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ထူးထွေကွဲပြားခြားနားသော အမူအရာထူးများ သာတည်း။ ထိုကြောင့် တကယ့် ရုပ်အစစ်တို့ကား မဟုတ်ကြပေ။ ထိုကြောင့်လည်း ဝိပဿနာ မရှုကောင်းပေ။ သို့သော် ဤကဲ့သို့ ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနေသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်း၌ကား ယင်းရုပ်အတု (၁၀)မျိုးတို့ကို ရောနှော၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၆]၌လည်းကောင်း, လက္ခဏာဟာရနေတ္တိ နည်းအားဖြင့် မဟာရာဟုလောဝါဒသုတ္တန်[မှတ်စု ၇]စသော ထိုထိုသုတ္တန်တို့၌လည်းကောင်း ဖွင့်ဆိုထားပေသည် ဟောကြား ထားတော်မူပေသည်။

အာကာသဓာတ်ကို မမြင်က ရုပ်ကလာပ်ကို မမြင်နိုင်။ ရုပ်ကလာပ်ကို မမြင်ပါက ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားအစစ်တို့ကို မသိမ်းဆည်းနိုင်။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်က အနတ္တသို့လည်း မဆိုက်နိုင်၊ အနတ္တသို့ ဉာဏ်အမြင် မဆိုက်က စစ်မှန်သော ဝိပဿနာဉာဏ်လည်း မဖြစ်နိုင်ပေ။ ထိုကြောင့် ရုပ်နာမ်ကို သိမ်းဆည်းနေသည့် ဒိဋ္ဌိဝိသုဒ္ဓိပိုင်း၌ အာကာသဓာတ်ကို ရှုရန် ညွှန်ကြားနေရခြင်းဖြစ်၏၊ ရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထ ရုပ်အစစ်တို့ကို သိမ်းဆည်းနိုင်သောအခါ ယင်းရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်း မလွှဲမရှောင်သာ မြင်တွေ့နေမည်သာ ဖြစ်၏၊ ထိုကြောင့် ယင်းလက္ခဏရုပ်တို့ကိုလည်း သိမ်းဆည်းရ၏၊ ဖြစ်မှု တည်မှု ပျက်မှုတို့ကား သင်္ခတတရားတို့၏ သင်္ခတလက္ခဏာတည်း။[မှတ်စု ၈] ယင်းသင်္ခတလက္ခဏာကို မြင်ပါမှ ဤကား သင်္ခတတရားတစ်ခု ဤကား သင်္ခတတရားတစ်ခုဟု ရှေးသင်္ခတနှင့် နောက်သင်္ခတကို ပိုင်းခြား၍ ရနိုင်မည်၊ သန္တတိဃန ဟူသော ရုပ်အစဉ်အတန်း အတုံးအခဲ ပြိုနိုင်မည်။ ဃနပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း အနတ္တသို့ ဉာဏ်အမြင်ဆိုက်မည်။ အနတ္တသို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း လက္ခဏာရေး သုံးတန်လုံး ထင်ရှားကာ စစ်မှန်သော ဝိပဿနာဉာဏ်သည် ဖြစ်ပေါ်လာနိုင်ပေမည်။ တစ်ဖန် ဣရိယာပထပိုင်းဆိုင်ရာ ရှုကွက်, သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်, စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ရှုကွက်တို့၌ ဝိကာရရုပ်တို့ကား ရှောင်လွှဲ၍ မရနိုင်သော မလွှဲမရှောင်သာ တွေ့မြင်နေရမည့် ယင်းရုပ်အစစ်တို့၏ ထူးထွေကွဲပြားခြားနားသော အမူအရာရုပ်တို့သာ ဖြစ်ကြရကား ယင်းတို့ကိုလည်း ဤအပိုင်း၌ ရောနှော၍ သိမ်းဆည်းရန် ပါဠိတော်နှင့် အဋ္ဌကထာတို့က ညွှန်ကြား ထားတော်မူခြင်း ဖြစ်၏၊ သို့သော် ယင်းရုပ်အတုတို့မှာ ရုပ်အစစ်တို့ကို မှီ၍ ဖြစ်ပေါ်လာကြသော အတုအယောင်တို့သာ ဖြစ်ခြင်းကြောင့် သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်စသော ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ၌ကား ယင်းရုပ်အတုတို့ကို ဝိပဿနာ မရှုရန်လည်း ညွှန်ကြားထားတော်မူပေသည်။

  1. မှတ်ချက်---- ပထဝီ, တေဇော, ဝါယော ဤဓာတ်သုံးပါးကိုပင် တွေ့ထိ၍ ရကောင်းသည့်အတွက် ဖောဋ္ဌဗ္ဗဓာတ်ဟု ခေါ်ဆိုသဖြင့် ယင်းဓာတ်သုံးပါးနှင့်တကွ ဂေါစရရုပ် = အာရုံရုပ် (၇)မျိုး ဖြစ်သည်။ ရေတွက်ပြီးသည်ကို ထပ်၍မယူရသော အဂ္ဂဟိတဂ္ဂဟဏ နည်းအရ ဆိုရမူ ရုပ် (၂၈)ပါးကို ရေတွက်ရာ၌ ယင်းဓာတ်သုံးပါးတို့ကို ဓာတ်ကြီးလေးပါး၌ ထည့်သွင်းရေတွက်သော် အာရုံရုပ် (၄)မျိုးတည်း။
  2. မှတ်ချက်---- ပဓာနနည်းအားဖြင့် ဆိုခြင်းတည်း။ ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်ကလာပ်တိုင်း၌ ဩဇာ ပါဝင်လျက်ပင် ရှိ၏၊ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာဟု အသီးအသီး ခေါ်ဆို၏၊ စားမျိုအပ်သော အစာအာဟာရသည် ခန္ဓာအိမ်အတွင်း၌ မပျံ့နှံ့မီ ဥတုဇရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာတည်း။ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာကို ပဓာနနည်း နိဒဿနနည်းအားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ဆိုထားခြင်း ဖြစ်သည်။ အကျယ်ကို အာဟာရဇရုပ် ရှုကွက်တွင် ကြည့်ပါ။
  3. ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်ရအောင် ပိုင်းခြားတတ်သော ရုပ်ကလာပ်တို့၏ အကြားအပေါက် အာကာသ ဓာတ်ကို ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သောကြောင့် ပရိစ္ဆေဒရုပ်ဟု ခေါ်ဆို၏၊ ဤအာကာသဓာတ်သည် ပရမတ်အစစ် မဟုတ်၊ ရုပ်ကလာပ်နှစ်ခု သို့မဟုတ် ရုပ်ကလာပ်အများစု ဖြစ်ပေါ်လာသည့်အခါ အလိုလို ဖြစ်ပေါ်လာသော ပညတ်မျှသာတည်း။
  4. မှတ်ချက်---- ရုပ်အစစ်တို့၏ ဖြစ်မှုကိုပင် ဝေနေယျတို့၏ အလိုအဇ္ဈာသယဓာတ်အားလျော်စွာ အချိန်ကာလပိုင်းခြား၍ နှစ်မျိုး ဟောကြားထားတော်မူသည်ဟု မှတ်ပါ။ ဤရုပ်နှစ်မျိုးလုံးတို့သည်ပင် ရုပ်အစစ်တို့၏ ဖြစ်ခြင်း ဥပါဒ်သဘောတရားသာ ဖြစ်ကြသည်။
  5. အန္တရပရိစ္ဆေဒေါတိ တံတံကလာပါနံ အသင်္ကရကာရဏတာယ အန္တရဘူတော ပရိစ္ဆေဒေါ။ (မဟာဋီ၊၂၊၃၅၄။)
  6. (ဝိသုဒ္ဓိ၊၂၊၂၂၅။)
  7. (မ၊၂၊၈၆။)
  8. (အံ၊၁၊၁၅၀။)