မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဘာဝနာလုပ်ငန်းခွင် နှင့် ဘဝင်အကြောင်း

ဝီကီရင်းမြစ် မှ
1695နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းဘာဝနာလုပ်ငန်းခွင် နှင့် ဘဝင်အကြောင်းဖားအောက်တောရဆရာတော်

ဘာဝနာလုပ်ငန်းခွင် နှင့် ဘဝင်အကြောင်း

ဘဝင်ကျနေတတ်ပုံ

ဤတိုင်အောင် .. အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထအပ္ပနာစျာန်သို့ ဆိုက်အောင် ပွားများအားထုတ်ပုံ အစီအစဉ်များကို အကျဉ်းချုပ်၍ ရေးသားတင်ပြပြီးလေပြီ။ ကမ္မဋ္ဌာန်းများ၌ ဥပစာရသမာဓိ, အပ္ပနာသမာဓိဟု သမာဓိ နှစ်မျိုး ရှိ၏၊ အပ္ပနာစျာန်၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော သမာဓိကား ဥပစာရသမာဓိတည်း။ အပ္ပနာစျာန် အခိုက်၌ ဖြစ်ပေါ်နေသော သမာဓိကား အပ္ပနာသမာဓိတည်း။ ဥပစာရသမာဓိအခိုက်၌ ဘဝင်ကျနေတတ်ပုံနှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ်[မှတ်စု ၁]တွင် ဤသို့ သတိပေးထား၏၊

“သမာဓိသည် ဥပစာရသမာဓိ, အပ္ပနာသမာဓိဟု နှစ်မျိုးရှိ၏၊ ဘာဝနာစိတ်သည် ဥပစာရသမာဓိကို ရရှိခိုက် ဖြစ်သော ဥပစာရဘူမိ၌လည်းကောင်း, အပ္ပနာစျာန်သမာဓိကို ရရှိခိုက်ဖြစ်သော ပဋိလာဘဘူမိ၌လည်းကောင်း ဤနှစ်မျိုးသော ဘူမိတို့၌ နှစ်မျိုးသော အခြင်းအရာအားဖြင့် တည်ကြည်နေတတ်၏၊

ထိုနှစ်မျိုးတို့တွင် ဥပစာရဘူမိ၌ နီဝရဏကို ပယ်ခွာခြင်းဖြင့် နီဝရဏတို့ ဝေးကွာသွားခြင်းကြောင့် ဘာဝနာစိတ်သည် သမထအာရုံ၌ ကောင်းစွာ တည်ကြည်နေတတ်၏၊ ပဋိလာဘဘူမိ၌ကား စျာန်အင်္ဂါတို့၏ စွမ်းအင်အပြည့်အဝဖြင့် ထင်ထင်ရှားရှား ဖြစ်ပေါ်လာခြင်းကြောင့် ဘာဝနာစိတ်သည် သမထအာရုံ၌ (အာနာပါနပဋိဘာဂနိမိတ်, အရိုးစု ကောဋ္ဌာသပဋိဘာဂနိမိတ်, ဩဒါတကသိုဏ်းပဋိဘာဂနိမိတ်စသော သမထအာရုံ၌) ကောင်းစွာ တည်ကြည်နေတတ်၏၊

ယင်းသမာဓိ နှစ်မျိုးတို့၏ ထူးခြားခြင်း၏ အကြောင်းကား ဤသို့တည်း ..။ ဥပစာရသမာဓိအခိုက်၌ စျာန်အင်္ဂါတို့သည် စွမ်းအင်အပြည့်အဝဖြင့် ထင်ထင်ရှားရှား ဖြစ်ပေါ်လာနိုင်သော စွမ်းအား မရှိ ကြသေးကုန်၊

ဘာဝနာစွမ်းအားနှင့် ပြည့်စုံခြင်းသို့ မရောက်ရှိကြသေးကုန်၊ စျာန်အင်္ဂါ၏ စွမ်းအင်များသည် အားကောင်းမောင်းသန်စွာ မဖြစ်လာနိုင်သေးသည့်အတွက်ကြောင့်တည်း။ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာမည်သည်ကား – ငယ်ရွယ် နုနယ် နေသေးသော မတ်တတ်ရပ်သင်စ ကလေးသူငယ်ကို ချီမြှောက်လျက် မတ်တတ်ရပ်စေ၍ ထားအပ်သည်ရှိသော် ခဏခဏ မြေသို့ လဲကျသွားတတ်၏၊

ဤဥပမာအတူပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်လာလတ်သော် ဘာဝနာစိတ်သည် ရံခါ သမထနိမိတ် = ပဋိဘာဂနိမိတ်ကို အာရုံပြု၏၊ ရံခါ စိတ်သည် ဘဝင်သို့ သက်တတ်၏ = ဘဝင် ကျကျနေတတ်၏၊[မှတ်စု ၂]

သို့သော် အပ္ပနာစျာန်သမာဓိအခိုက်၌ကား စျာန်အင်္ဂါတို့သည် ဖြစ်ပေါ်လာသော စွမ်းအင်များ ပြည့်ပြည့်စုံစုံ ရှိနေကုန်၏၊ ထိုစျာန်အင်္ဂါတို့၏ စွမ်းအင်များသည် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာကြသည့်အတွက်ကြောင့် = စျာန်အင်္ဂါတို့သည် အားအစွမ်းနှင့် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာကြသည့်အတွက်ကြောင့် အားကောင်းမောင်းသန်သော ယောက်ျားသည် နေရာမှထကာ တစ်နေ့ပတ်လုံးသော်လည်း မတ်တတ်ရပ်တည်၍ နေရမူ ရပ်တည်နေနိုင်သကဲ့သို့ ဤဥပမာအတူပင်လျှင် အပ္ပနာစျာန်သမာဓိသည် ဖြစ်ပေါ်လာလတ်သော် ဘဝင်၏ဖြစ်ခွင့် အလှည့်အကြိမ်ကို တစ်ကြိမ် ဖြတ်တောက်လိုက်သော် (မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်ဖြစ်လတ်သော်) တစ်ညဉ့်ပတ်လုံးသော်လည်းကောင်း, တစ်နေ့ပတ်လုံးသော်လည်းကောင်း အပ္ပနာသမာဓိသည် တည်နေတတ်၏၊ အပ္ပနာကုသိုလ်ဇော စျာန်ဇောစိတ်အစဉ်၏ အစွမ်းဖြင့်သာလျှင် အဆက်မပြတ် ဖြစ်နေပေ၏၊ တစ်ညဉ့်လုံး တစ်နေ့လုံး စျာန်ဝင်စားနေနိုင်၏၊ ဤကား သမာဓိ နှစ်မျိုးတို့၏ ထူးထွေကွဲပြားရခြင်း၏ အကြောင်းတည်း။”

သတိပြုသင့်သော အချက်တစ်ရပ်

ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါ ဥပစာရစျာန် အပ္ပနာစျာန်တို့တွင် တစ်မျိုးမျိုးသောစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာ၏ အခြေခံ အကြောင်းရင်းဖြစ်အောင် ထူထောင်၍ ဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းသောအခါ သမာဓိဒီဂရီ စံချိန်မီလာသောအခါ ရုပ်ကလာပ်များကို စတင်တွေ့ရှိ၏၊ ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်၍ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးနှင့်တကွသော ဥပါဒါရုပ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းရ၏၊ ယင်းသို့ သိမ်းဆည်းနိုင်သောအခါ ရူပပရိစ္ဆေဒဉာဏ် = ရူပပရိဂ္ဂဟဉာဏ်ကို ရရှိ၏၊ ထိုအချိန်အခါတွင်မှ ရုပ်ပရမတ်အစစ် ဓာတ်အနှစ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည် မည်၏၊

တစ်ဖန် နာမ်တရားတို့မှာလည်း ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်အနေဖြင့်လည်းကောင်း, ဝီထိစိတ် အနေဖြင့်လည်းကောင်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ စိတ်-စေတသိက်တို့သည် အတူ ယှဉ်တွဲ၍သာ ဖြစ်ကြ၏၊ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြသော စိတ်-စေတသိက်တရားစုတို့ကို အရူပကလာပ = နာမ်ကလာပ်ဟု မဟာဋီကာ[မှတ်စု ၃]၌ ခေါ်ဝေါ်သုံးစွဲထား၏၊ နာမ်ပိုင်းဇယားများတွင် ဝီထိအမျိုးအစား (၆)မျိုးတို့ကိုလည်းကောင်း, ယင်းဝီထိတို့၏ အကြားအကြား၌ ဖြစ်လေ့ရှိကြသော ဘဝင်နာမ်တရားစုတို့ကိုလည်းကောင်း ဖော်ပြထား၏၊ ယင်းဝီထိ (၆)မျိုးတို့၏ စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော တစ်နည်း - နာမ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော စိတ်-စေတသိက်တို့၏ မိမိ မိမိဆိုင်ရာ ပရမတ္ထဓာတ်သားတို့၏ လက္ခဏရသ- ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူရ၏၊ သိမ်းဆည်းရ၏၊ ပဋိသန္ဓေစိတ္တက္ခဏ စုတိစိတ္တက္ခဏ တစ်မျိုးမျိုးသော ဘဝင်စိတ္တက္ခဏအတွင်း၌ တည်ရှိကြသော စိတ်-စေတသိက်တို့၏ မိမိ မိမိဆိုင်ရာ ပရမတ္ထ ဓာတ်သားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူရ၏၊ သိမ်းဆည်းရ၏၊[မှတ်စု ၄] ယင်းသို့ သိမ်းဆည်းနိုင်သောအခါ နာမပရိစ္ဆေဒဉာဏ် = အရူပပရိဂ္ဂဟဉာဏ်ကို ရရှိ၏၊ ထိုအချိန်အခါတွင်မှ နာမ်ပရမတ်အစစ် ဓာတ်အနှစ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည် မည်၏၊

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် တရားဘာဝနာတစ်ခုကို စီးဖြန်းပွားများ အားထုတ်လိုက်သောအခါ ရုပ်ကလာပ် နာမ်ကလာပ်ကိုမျှ မမြင်ခဲ့သော်လည်းကောင်း, မြင်သော်လည်း ဓာတ်မခွဲနိုင်ခဲ့သော်လည်းကောင်း ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကို မသိသေးသည် မည်၏၊ နာမရူပပရိစ္ဆေဒဉာဏ်ကိုမျှ မရရှိသေးသည် မည်၏၊

တစ်ဖန် အတိတ် အနာဂတ်ကိုလည်း မရှုသဖြင့် အတိတ်ရုပ်နာမ်ပရမတ်အစစ် အနာဂတ်ရုပ်နာမ်ပရမတ် အစစ်တို့ကိုလည်း လုံးလုံးမသိရကား အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်း တရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံကိုလည်း ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိသေး ဖြစ်နေ၏၊ ထိုသို့ မသိသေး ဖြစ်ခဲ့သော် ပစ္စယပရိဂ္ဂဟဉာဏ်ကိုလည်း မရရှိသေးသည် မည်၏၊

ထိုသို့ နာမရူပပရိစ္ဆေဒဉာဏ်အစစ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်အစစ်ကိုမျှ မရရှိသေးသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦး၏ သန္တာန်၌ တိကျမှန်ကန်သည့် ဝိပဿနာဉာဏ်အစစ် ဖြစ်ပေါ်လာရေးမှာလည်း မိုးနှင့်မြေကြီးပမာ အလွန် အလှမ်းကွာလျက်ပင် ရှိနေသေး၏၊ ဝိပဿနာဉာဏ်အစစ်မျှ မဖြစ်သေးသည့်အတွက် ပရမတ္ထအရိယသစ္စာအစစ် အဖြစ်ကြီးဖြစ်ပေသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်ကြီးတို့နှင့်လည်း ပို၍ ပို၍ အလွန့် အလွန် ဝေးကွာလျက်ပင် ရှိနေသေး၏၊ အကြောင်းကား ဤသို့တည်း ..။

“ချစ်သားသုသိမ...သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏၊ နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် နောက်ကာလ၌ ဖြစ်၏၊[မှတ်စု ၅]

နိဗ္ဗာန်ကို အာရုံပြုလျက် ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် စျာန်အဘိညာဏ်တို့၏ အကျိုးဆက်ဖြစ်သည်ဟု အထင်ရှိနေသော အရှင်သုသိမအား ဘုရားရှင်က ပြန်လည်ဖြေကြားလိုက်သော အကျဉ်းချုပ် အဖြေပင် ဖြစ်၏၊ ဤ ဒေသနာတော်နှင့်အညီ အရိယမဂ်ဉာဏ်ကား စျာန်အဘိညာဏ်တို့၏ အကျိုးဆက် မဟုတ်၊ ဝိပဿနာဉာဏ်၏ အကျိုးဆက်သာ ဖြစ်၏၊ ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ပေါ်လာနိုင်သော တရားဖြစ်၏၊ စစ်မှန်သော ဝိပဿနာ ဉာဏ်တို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် အဆင့်ဆင့် ကျေးဇူးပြုပေးပါမှ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာနိုင်သော တရား ဖြစ်ပေသည်။

ထိုကြောင့် မှန်ကန်တိကျသော ဝိပဿနာဉာဏ်ကို မရရှိသေးသော သူတော်ကောင်းတစ်ဦးသည် နိဗ္ဗာန်ကို ဝင်ခွင့်လက်မှတ် မရရှိသေးသူသာ ဖြစ်၏၊ မမှန်းဆနိုင်သော ခပ်လှမ်းလှမ်း တစ်နေရာမှာသာ ရပ်တည်နေရသူ ဖြစ်၏၊ ထိုသို့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တို့နှင့် အလွန် အလှမ်းကွာဝေးလျက်ရှိသော အရပ်ဒေသတစ်ခုဝယ် ရပ်တည်နေရခိုက် သူတော်ကောင်းတစ်ဦးသည် ဘာဝနာတစ်ခုခုကို နှလုံးသွင်းလိုက်သဖြင့် သမာဓိ အရှိန်အဝါ အတော်အသင့် အားကောင်းလာသောအခါ ဥပစာရသမာဓိနယ်မြေသို့ ရောက်စတွင် သို့မဟုတ် ဥပစာရသမာဓိ နယ်မြေနှင့် ဆင်တူယိုးမှားနယ်မြေသို့ ရောက်စတွင် အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၆]၌ သတိပေးထားသည့်အတိုင်း ဘဝင်များ ကျကျနေတတ်ပါသည်။

ယင်းသို့ ဘဝင်ကျကျနေမှုကိုပင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် “ဘာမျှ မသိတော့”ဟု ပြောတတ်၏၊ “ရုပ်နာမ် နှစ်မျိုးလုံး ချုပ်သွားသည်”ဟုလည်း ပြောလာတတ်၏၊ ယင်းသို့ ဖြစ်နေမှုကိုပင် နိဗ္ဗာန်ကို မျက်မှောက်ပြုနေသည်ဟုလည်း အယူရှိလာပြန်၏၊ အမှန်မှာ ဘဝင်ကျနေခြင်းသာ ဖြစ်၏၊ ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကိုမျှ မသိသေးသဖြင့် ဝိပဿနာဉာဏ်အစစ်ပင် မဖြစ်သေးသောကြောင့် ဖြစ်၏၊

ထိုသို့ ဘဝင်ကျနေခြင်းကို ယောဂါဝစရပုဂ္ဂိုလ်က “ဘာမျှ မသိ”ဟု ပြောဆိုနေခြင်းမှာ ထိုဘဝင်စိတ်သည် ပစ္စုပ္ပန်အာရုံဟူသမျှကို လုံးဝအာရုံမပြုဘဲ အတိတ်ဘဝက သေခါနီးကာလ မရဏာသန္နဇောက ယူထားအပ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် အာရုံတစ်မျိုးမျိုးကိုသာ အာရုံပြုနေ သိနေသောကြောင့် ဖြစ်၏၊ ဘဝင်စိတ်သည် အတိတ်ဘဝ မရဏာသန္နဇောက ယူထားခဲ့သည့် အာရုံကိုပင် အာရုံပြုနေပါသည်ဟူသော ဤအချက်ကို လည်း အတိတ်ဘဝကဖြစ်ခဲ့သော မရဏာသန္နဇော၏အာရုံကို ပုံစံမှန်ရှုတတ်သော, အတိတ်အကြောင်းတရားများကြောင့် ပစ္စုပ္ပန်အကျိုးတရားများ ဖြစ်ပုံကို ပုံစံမှန် ဟုတ်တိုင်းမှန်စွာ ရှုတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရာသာ ဖြစ်၏။ အတိတ်ဘဝက မရဏာသန္နဇော၏ အာရုံကို မရှုသူ မရှုတတ်သူ, အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံကို မရှုသူ မရှုတတ်သူတို့၏ အရာဌာနကား မဟုတ်ပေ။ သို့အတွက် ဘာမျှမသိဟု ပြောနေခြင်းဖြစ်၏။ သို့သော် ဗုဒ္ဓအဘိဓမ္မာ၌ကား ဤသို့ လာရှိ၏ ..။

“ကာမ ရူပ အရူပ လောကုတ္တရာဟူသော ဘုံ (၄)ပါးအတွင်း၌ဖြစ်သော စိတ်ဟူသမျှသည် အာရုံကို သိခြင်း = ဝိဇာနနလက္ခဏာမရှိသော စိတ်မည်သည် မရှိပေ။ စိတ်အားလုံးသည် အာရုံကိုသိခြင်း ဝိဇာနနသဘောလက္ခဏာ ရှိသည်ချည်းပင် ဖြစ်သည်။”[မှတ်စု ၇]

သို့အတွက် ဘဝင်စိတ်သည်လည်း အတိတ်ဘဝ သေခါနီးကာလဝယ် မရဏာသန္နဇောက ယူခဲ့သော ကံကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် အာရုံတစ်မျိုးမျိုးကို သိလျက်ပင် ရှိသည်။ ဘာမျှမသိသောစိတ်ကား မဟုတ်ပေ။ တစ်ဖန် “အရှုခံအာရုံရော ရှုနေသည့်စိတ်ရော ချုပ်နေသည်၊ ချုပ်သွားသည်” ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍လည်း အောက်ပါ ကျမ်းဂန်အဆိုအမိန့်များကို သတိပြုစေလိုပေသည်။

  1. (ဝိသုဒ္ဓိ၊၁၊၁၂၃။)
  2. ဧဝမေဝ ဥပစာရေ ဥပ္ပန္နေ စိတ္တံ ကာလေန နိမိတ္တမာရမ္မဏံ ကရောတိ၊ ကာလေန ဘဝင်္ဂမောတရတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၃၊၊)
  3. (မဟာဋီ၊၂၊၂၃၅။)
  4. ဘဝတစ်လျှောက် ဖြစ်ပေါ်နေသော စိတ္တက္ခဏတိုင်း၌ တည်ရှိနေသော စိတ်စေတသိက်တို့ကို မဆိုလိုပါ။
  5. ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄၊၊)
  6. (ဝိသုဒ္ဓိ၊၁၊၁၂၃။)
  7. စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)