မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/နိရောဓသမာပတ်

ဝီကီရင်းမြစ် မှ

နိရောဓသမာပတ်

“အဘယ်ကြောင့် နိရောဓသမာပတ်ကို ဝင်စားတော်မူကြကုန်သနည်းဟူမူ လောကီစျာန်သမာပတ် (၈)ပါးကို ရရှိတော်မူကြကုန်သော အနာဂါမ်အရိယာသူတော်ကောင်း သို့မဟုတ် ရဟန္တာအရှင်မြတ်ကြီးတို့သည် ရုပ်-နာမ်ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ဖြစ်ခြင်း-ပျက်ခြင်း အထူးအပြား၌ ငြီးငွေ့တော်မူကြကုန်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် စိတ်-စေတသိက်တို့ မရှိကြကုန်သည်ဖြစ်၍ စိတ်-စေတသိက်တို့ ချုပ်ငြိမ်းနေကြကုန်သည်ဖြစ်၍ “စိတ်-စေတသိက်-စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းခြင်း အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ရောက်ရှိ၍ နေကြကုန်သကဲ့သို့ ချမ်းချမ်းသာသာ နေကြကုန်အံ့” ဟု နှလုံးပိုက်တော်မူကြကုန်၍ နိရောဓသမာပတ်ကို ဝင်စားတော်မူကြကုန်၏၊”[မှတ်စု ၁]

ဤအဋ္ဌကထာ၏ ဖွင့်ဆို ရှင်းလင်းချက်နှင့် အညီ .. ရှုနေသည့် စိတ်-စေတသိက်တို့၏ ချုပ်ငြိမ်းမှုမှာ နိရောဓသမာပတ်နှင့် သက်ဆိုင်သည့် အရာဌာန ဖြစ်၏၊ နိရောဓသမာပတ်ဟူသည်မှာလည်း ရူပါဝစရစျာန်သမာပတ် (၄)ပါး အရူပါဝစရစျာန်သမာပတ် (၄)ပါးတည်းဟူသော သမာပတ် (၈)ပါးတို့ကို ရရှိထားတော်မူကြသည့် အနာဂါမ် အရိယာသူတော်ကောင်း သို့မဟုတ် ရဟန္တာအရှင်မြတ်ကြီးတို့၏ အရာဌာနသာ ဖြစ်သည်။ အကြောင်းမူ .. သမထဝိပဿနာ၏ အစွမ်းဖြင့် ယုဂနဒ္ဓနည်းအားဖြင့် ယင်းစျာန်သမာပတ်တို့ကို လုံ့လကြိုးကုတ် အားထုတ်နိုင်ပါမှ နိရောဓသမာပတ် မဝင်စားမီ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော ပုဗ္ဗကိစ္စ (၄)ပါးကို ပြုပြီးသော အနာဂါမ် သို့မဟုတ် ရဟန္တာ အရှင်မြတ်၏ သန္တာန်၌သာလျှင် နေဝသညာနာသညာယတနစျာန်သမာပတ်ကို ဝင်စားပြီးနောက် နိရောဓသမာပတ်သို့ ဆိုက်ရောက်နိုင်သောကြောင့် ဖြစ်၏၊[မှတ်စု ၂]

နိရောဓသမာပတ်ကို ဝင်စားလိုသော အနာဂါမ် သို့မဟုတ် ရဟန္တာအရှင်မြတ်သည် ရှေးဦးစွာ သမာပတ် (၈)ပါးကို ဖြစ်စေနိုင်သည့် ပထဝီကသိုဏ်းနိမိတ်စသည့် ကသိုဏ်းနိမိတ်တစ်ခုခုကို အာရုံယူကာ ပထမစျာန်ကို ဝင်စား၍ ပထမစျာန်မှ ထပြီးလျှင် ယင်းပထမစျာန်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုရ၏၊ ထိုနောင် ဒုတိယစျာန်ကို တစ်ဖန်ဝင်စား၍ ယင်းဒုတိယစျာန်နာမ်တရားတို့ကိုလည်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုရ၏၊ ဤနည်းအားဖြင့် ဝိညာဏဉ္စာယတနစျာန်သို့တိုင်အောင် ပြုကျင့်ရ၏၊ ဝိညာဏဉ္စာယတနစျာန် နာမ်တရားတို့ကို ဝိပဿနာရှုပြီးနောက် အာကိဉ္စညာယတနစျာန်ကို တစ်ဖန်ဝင်စားရ၏၊ အာကိဉ္စညာယတနစျာန်မှ ထသောအခါ..

၁။ မိမိကိုယ်နှင့် မစပ်သော အသီးအခြား ဖြစ်နေသော ကျောင်း သင်္ကန်း စသော ပရိက္ခရာတို့ကို မပျက်စီးဖို့ရန် အဓိဋ္ဌာန်ခြင်း,
၂။ သံဃာတော်၏ ငံ့လင့် မျှော်လင့်ခြင်းကို ဆင်ခြင်ခြင်း (သံဃာတော်က သံဃာ့ကိစ္စ ကံတစ်ခုခုအတွက် အလိုရှိခဲ့သော် နိရောဓသမာပတ်မှ ထနိုင်ရန် ဆင်ခြင်ခြင်း),
၃။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ ခေါ်တော်မူခြင်းကို ဆင်ခြင်ခြင်း (ဘုရားရှင်က သိက္ခာပုဒ်တော်ကို ပညတ်လိုခြင်းစသော အကြောင်းတစ်ခုခုကြောင့် အလိုရှိခဲ့သော် နိရောဓသမာပတ်မှ ထနိုင်ရန် ဆင်ခြင်ခြင်း),
၄။ မိမိ၏ ဇီဝိတိန္ဒြေ၏ ကြွင်းကျန်နေသေးသော အဓွန့်ကာလ အပိုင်းအခြားကို ဆင်ခြင်ခြင်း (မိမိ၏ အာယုသင်္ခါရ ကုန်ဆုံးမည့် အချိန်အခါကို ဆင်ခြင်၍ အာယုသင်္ခါရ မချုပ်ဆုံးမီ နိရောဓသမာပတ်မှ ထနိုင်ရန် ဆင်ခြင်ခြင်း)

ဤပုဗ္ဗကိစ္စကို ပြုလုပ်၍ နေဝသညာနာသညာယတနစျာန်ကို ဝင်စားရ၏၊ နေဝသညာနာသညာယတနဇော တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ကျပြီးနောက် နိရောဓသမာပတ်သို့ ဆိုက်ရောက်သွား၏၊[မှတ်စု ၃] ထိုကြောင့် စိတ်စေတသိက်တို့၏ ချုပ်ငြိမ်းမှု နိရောဓသမာပတ်ဟူသည် သမာပတ် (၈)ပါးကို ရရှိတော်မူသည့် အနာဂါမ် ရဟန္တာ အရှင်မြတ်ကြီးတို့၏ အရာဌာနသာ ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏၊ သမာပတ် (၈)ပါးကိုလည်း မရရှိသေးသော အနာဂါမ်လည်း မဖြစ်သေးသော ရဟန္တာလည်း မဖြစ်သေးသော ယောဂီသူတော်ကောင်းနှင့် ဤ နိရောဓသမာပတ်သည်ကား အလွန့်အလွန် အလှမ်း ဝေးကွာလျက်ပင် ရှိနေသေး၏၊

တစ်ဖန် ရုပ်နာမ်ပရမတ်အစစ်ကိုမျှ မသိသေးသဖြင့် စစ်မှန်သည့် ဝိပဿနာဉာဏ်ကိုမျှ မရရှိသေးသော သူတော်ကောင်းတစ်ဦးအဖို့ ထိုဘာမျှမသိမှုသဘောကို ဖလသမာပတ်ဟု ဆိုရန်မှာလည်း မမှန် ဖြစ်နေပြန်၏၊ ဖလသမာပတ်ဟူသည်မှာလည်း ဖြစ်မှု-ပျက်မှု ထင်ရှားရှိသော ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့၏ ချုပ်ဆုံးရာ မရှိရာဖြစ်သော မဖြစ်မပျက်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြုနေသော ဖိုလ်ဇောစိတ်အစဉ်တို့၏ အကြိမ်များစွာ ဖြစ်နေမှုသဘောတည်း။ ဆိုလိုသည်မှာ အာရုံဘက်၌ သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ မဖြစ်မပျက်သည့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး တည်ရှိနေ၏၊ ထို အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံယူတတ်သည့် အာရမ္မဏိကတရားဘက်၌ကား မဖြစ်မပျက်သည့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုနေသည့် ဖိုလ်ဇောစိတ္တုပ္ပါဒ် (= ဖိုလ်ဇောစိတ်စေတသိက်)တို့၏ အစဉ်များ ထင်ရှားရှိနေကြ၏၊ ရှုနေသည့်စိတ် ချုပ်နေသော သမာပတ်မျိုးကား မဟုတ်ပေ။

သို့သော် ဖလသမာပတ်ဟူသည်မှာလည်း သောတာပန် အစရှိသော အရိယာသူတော်ကောင်းတို့၏ အရာသာ ဖြစ်သည်။ အရိယာပုဂ္ဂိုလ်တိုင်းသည်လည်း အရိယသစ္စာ (၄)ပါးကို သိတော်မူရိုးဓမ္မတာသာ ရှိ၏၊ သစ္စာ (၄)ပါးကို မသိကလည်း သံသရာဝဋ်ဆင်းရဲဒုက္ခကြီးသည် မကုန်ဆုံးနိုင်ကြောင်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာဖြစ်သည့် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က သစ္စသံယုတ် ကူဋာဂါရသုတ္တန်တွင် ဟောကြား ထားတော်မူခဲ့၏၊ ဤကျမ်းစာ သဘောတရားရေးရာအပိုင်း[မှတ်စု ၄]တွင် ပြန်ကြည့်ပါ။

ထို့ကြောင့် နိဗ္ဗာန်တရားတော်မြတ်ကို အရိယဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင်ရေး (= ဖလသမာပတ်ကို ဝင်စားနိုင်ရေး)ဟူသည့် လုပ်ငန်းရပ်မှာလည်း အရိယသစ္စာလေးရပ် တရားမြတ်တို့ကို မဖောက်မပြန် ဟုတ်မှန်သည့် အတိုင်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသူ အရိယာသူတော်ကောင်းတို့၏ အရာသာ ဖြစ်၏၊ ပရမတ်ရုပ်နာမ်အစစ်ကိုမျှ မသိသေးသူတို့၏ အရာကား မဟုတ်ပါပေ။

“ထိုသစ္စာ (၄)ပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုးတို့ကား ဝဋ္ဋသစ္စာတည်း။ နိရောဓသစ္စာ မဂ္ဂသစ္စာ နှစ်မျိုးတို့ကား ဝိဝဋ္ဋသစ္စာတည်း။ ထိုတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာ နှစ်မျိုး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် ဖြစ်၏၊ ဝိဝဋ္ဋသစ္စာ နှစ်ပါး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းမှု မရှိ။”ဟူသော ..

သမ္မောဟဝိနောဒနီအဋ္ဌကထာ[မှတ်စု ၅]၏ ဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုပါက ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ရှေးဦးစွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရမည် ဖြစ်၏၊ ဒုက္ခသစ္စာဟူသည်မှာလည်း ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန်,[မှတ်စု ၆] အဘိဓမ္မာဝိဘင်းပါဠိတော်[မှတ်စု ၇] စသည်တို့၌ ဟောကြားထားတော်မူသည့်အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက - ဟူသော (၁၁)မျိုးသော အခြင်းအရာဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါးပင်တည်း။ သမုဒယသစ္စာဟူသည်မှာလည်း အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားသော သင်္ခါရ ကံတို့ပင်တည်း။

ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် –
၁။ ဒုက္ခသစ္စာကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိရေး,
၂။ သမုဒယသစ္စာကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိရေး,
၃။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိရေး –

ဤ သမ္မာဒိဋ္ဌိ ဉာဏ်ပညာများ ရရှိရေးအတွက် အတိတ်နှင့် အနာဂတ်ကို မလွှဲမရှောင်သာ ရှုရတော့မည် ဖြစ်သည်။ ဒုက္ခသစ္စာစာရင်းတွင်လည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတွင်သာမက အတိတ်ခန္ဓာ (၅)ပါး အနာဂတ်ခန္ဓာ (၅)ပါး တို့လည်း ပါဝင်လျက်ရှိကြ၏၊ တစ်ဖန် သမုဒယသစ္စာစာရင်းတွင် အကျုံးဝင် သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ်အကြောင်းတရား (၅)ပါးဟူသည်မှာ အတိတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ဒုက္ခသစ္စာတရားဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရား (၅)ပါး သမုဒယသစ္စာတရားဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရားကြောင့် နောင်အနာဂတ်တွင် ထင်ရှားဖြစ်ပေါ်လာမည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အနာဂတ်အကျိုးတရား (၅)ပါး ဒုက္ခသစ္စာတရားဟူသည်မှာလည်း ယင်းအနာဂတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူပင် သဘောပေါက်ပါ။ ထိုကြောင့် သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ သိရေး၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက်လည်း အတိတ် အနာဂတ်ခန္ဓာတို့ကို မလွှဲမရှောင်သာ သိမ်းဆည်းရှုပွားရတော့မည်သာ ဖြစ်ပေသည်။

ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ ပရမတ်အချင်းချင်း၏ အကြောင်း-အကျိုး ဆက်စပ်မှု၊ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် ရှုမြင်နိုင်မည် ဖြစ်သည်။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလ (၃)ပါးအတွင်း၌ တည်ရှိသော အကြောင်းတရားအဆက်ဆက်ဟူသော သမုဒယ သစ္စာ, အကျိုးတရားအဆက်ဆက်ဟူသော ဒုက္ခသစ္စာတရားတို့ကို သိမ်းဆည်းနိုင်သောအခါ (= ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်သောအခါ) ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို လက္ခဏာယာဉ် (၃)ချက်တင်လျက် တွင်တွင်ကြီး ဝိပဿနာ ရှုရမည် ဖြစ်၏၊ ယင်းသို့လျှင် ဝဋ္ဋသစ္စာ အမည်ရသော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါမှ ယင်းဝိပဿနာဉာဏ်တို့၏ အဆုံးတွင် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူလျက် ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်းအရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးကား လောကုတ္တရာမဂ္ဂသစ္စာတရားတည်း။ ယင်းအရိယမဂ်ဉာဏ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား လောကုတ္တရာနိရောဓသစ္စာတရားတည်း။ ယင်း သစ္စာ (၄)ပါးကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ အရိယာသူတော်ကောင်း ဖြစ်နိုင်၏၊ အရိယာသူတော်ကောင်းဖြစ်ပါမှလည်း ဖလသမာပတ်ကို ဝင်စားနိုင်ပေသည်။ ယောဂီသူတော်ကောင်းသည် အောက်ပါ စာပိုဒ်ကလေးကို ဖတ်ရှုကြည့်ပါ။

“ဖလသမာပတ်ကို ဝင်စားခြင်းငှာ အလိုရှိသော အရိယသာဝကသည် ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လျက် အထူးထူးသော အာရုံမှ ဖဲခွာ၍ တစ်ယောက်ထီးတည်းသာ ကိန်းအောင်းလျက် ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် ဘယတုပဋ္ဌာနဉာဏ် အစရှိသော ကိုးပါးသော ဝိပဿနာဉာဏ်တို့၏ အစွမ်းဖြင့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတည်း ဟူသော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုအပ်ကုန်၏၊ ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် အစရှိသော ဖြစ်ပေါ်လာသော အစဉ်အတိုင်းသော ဝိပဿနာဉာဏ်ရှိသော ထိုအရိယသာဝက၏ သန္တာန်ဝယ် သင်္ခါရတရားလျှင် အာရုံရှိသော တစ်နည်း သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာလျှင် အာရုံရှိသော[မှတ်စု ၈] ဝေါဒါန်ဟု ရအပ်သော အမည်ရှိသော ဂေါတြဘုဉာဏ်၏ အခြားမဲ့၌ ဖလသမာပတ်၏ အစွမ်းဖြင့် နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်တည်းဟူသော အာရုံ၌ လောကုတ္တရာအပ္ပနာစျာန်၏ အစွမ်းဖြင့် (= ဖိုလ်ဇောစိတ်အစဉ်၏ အစွမ်းဖြင့်) ဖြစ်ပေါ်လာ၏၊ ဤဖလသမာပတ်ကို ဝင်စားရာ၌ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဖလသမာပတ်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသည်၏ အဖြစ်ကြောင့် သေက္ခအရိယာသူတော်ကောင်း၏ သန္တာန်၌လည်း အရိယဖိုလ်ဇောသည်သာလျှင် ဖြစ်ပေါ်လာ၏၊ အရိယမဂ်သည် ဖြစ်ပေါ်မလာပေ။”[မှတ်စု ၉]

ထိုကြောင့် ဖလသမာပတ်ဟူသည် ပရမတ္ထသစ္စာအစစ် ဖြစ်ကြကုန်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား တည်းဟူသော သင်္ခါရတရားတို့ကို ဥဒယဗ္ဗယဉာဏ်စသော ဉာဏ်စဉ်အတိုင်း လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော အရိယာသူတော်ကောင်းတို့သည်သာ ဝင်စားနိုင်သော သမာပတ်မျိုး ဖြစ်၏၊

အကယ်၍ ယောဂီသူတော်ကောင်းတစ်ဦးသည် ဘုရားရှင် ဟောကြားထားတော်မူသည့် ရုပ်တရား နာမ်တရား တို့သည် ဘုရားရှင်သာ သိနိုင်သည်၊ သာဝကတို့သည် မသိနိုင်ဟု ယုံကြည်လက်ခံထားသည်ဖြစ်အံ့၊ သိအောင်လည်း မရှုသည်ဖြစ်အံ့၊ ယင်းယောဂီသူတော်ကောင်းသည် ဘုရားရှင် ဟောကြားထားတော်မူသည့် (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားကို မသိသေးသည် မည်၏၊ တစ်နည်းဆိုရသော် ဘုရားရှင် ဟောကြားထားတော်မူသည့် ရုပ်နာမ်မျှကိုပင် မသိသေးသည် မည်၏၊ တစ်ဖန် အတိတ် အနာဂတ်ကိုလည်း မရှုသည် ဖြစ်အံ့၊ ထိုသို့ မရှုခဲ့သော် အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်း တရားကြောင့် အနာဂတ်အကျိုးတရား ဖြစ်ပုံကိုလည်း မသိသေးသည် မည်၏၊ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို မသိသေးသည် မည်၏၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို မသိသေးသည် မည်၏၊ ဖလသမာပတ်ဟူသည် ထိုကဲ့သို့ မသိမှုတွေ တစ်ပုံကြီး ထမ်းထားသော ပုဂ္ဂိုလ်တို့ ဝင်စား၍ ရနိုင်သော သမာပတ်မျိုးကား မဟုတ်ပေ။ သတိ ရှိစေ။

  1. ကသ္မာ သမာပဇ္ဇန္တီတိ သင်္ခါရာနံ ပဝတ္တိဘေဒေ ဥက္ကဏ္ဌိတွာ ဒိဋ္ဌေဝ ဓမ္မေ အစိတ္တကာ ဟုတွာ “နိရောဓံ နိဗ္ဗာနံ ပတွာ သုခံ ဝိဟရိဿာမာ”တိ သမာပဇ္ဇန္တိ။ (ဝိသုဒ္ဓိ၊၂၊၃၄၇။)
  2. (ဝိသုဒ္ဓိ၊၂၊၃၄၇-ကြည့်ပါ၊၊)
  3. (ဝိသုဒ္ဓိ၊၂၊၃၄၉-၃၅၀၊၊)
  4. (စာမျက်နှာ၊၉။)၂၃
  5. တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
  6. (သံ၊၂၊၃၉။)
  7. (အဘိ၊၂၊၁။)
  8. သတိ---- အ မေး။။ အရိယမဂ်ဉာဏ်၏ ရှေ့သွားဖြစ်သော ဂေါတြဘုဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုသကဲ့သို့ အလားတူပင် ဤဖလသမာပတ်အရာ၌ အရိယဖိုလ်၏ ရှေး၌ရှိသော ဝေါဒါန်ဟု ရအပ်သော အမည်ရှိသော ဂေါတြဘုဉာဏ်သည် အဘယ်ကြောင့် နိဗ္ဗာန်ကို အာရုံမပြုနိုင်ပါသနည်း။
    အဖြေ။။ အရိယဖိုလ်တရားတို့ကား သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းတို့ မဟုတ်ကြပေ။ (အရိယမဂ်၏ အကျိုးရင်းမျှသာ ဖြစ်၏) အရိယမဂ်တရားတို့သည်သာလျှင် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းစင်စစ် ဖြစ်ကြ၏၊ ထိုကြောင့် ဟူပေ။ (မဟာဋီ၊၂၊၅၁၈။)
  9. ဖလသမာပတ္တတ္ထိကေန ဟိ အရိယသာဝကေန ရဟောဂတေန ပဋိသလ္လီနေန ဥဒယဗ္ဗယာဒိဝသေန သင်္ခါရာ ဝိပဿိတဗ္ဗာ။ တဿ ပဝတ္တာနုပုဗ္ဗဝိပဿနဿ သင်္ခါရာရမ္မဏဂေါတြဘုဉာဏာနန္တရာ ဖလသမာပတ္တိဝသေန နိရောဓေ စိတ္တံ အပ္ပေတိ။ ဖလသမာပတ္တိနိန္နတာယ စေတ္ထ သေက္ခဿာပိ ဖလမေဝ ဥပ္ပဇ္ဇတိ၊ န မဂ္ဂေါ။ (ဝိသုဒ္ဓိ၊၂၊၃၄၂။)