မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဉာဏ်အရောင်အလင်းများအကြောင်း

ဝီကီရင်းမြစ် မှ

ဉာဏ်အရောင်အလင်းများအကြောင်း

အထက်တွင် ဉာဏ်အရောင်အလင်းများ၏ အကြောင်းကို အလျဉ်းသင့်သလို ရေးသားတင်ပြခဲ့၏၊ အထူးသဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သောအခါ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အလင်းရောင်များသည် ထွက်ပေါ်လာကြကြောင်းကို ရေးသားတင်ပြခဲ့၏၊ ဤအဆိုနှင့် ပတ်သက်၍ သံသယ ကင်းရှင်းသွားရန်အလို့ငှာ ပညာအရောင် ဉာဏ်အရောင်များအကြောင်းကို ရေးသားတင်ပြပေအံ့ ..။

အာလောကသုတ္တန်

ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အာလောကသုတ္တန်[မှတ်စု ၁].. စသည်တို့၌ (၁) လရောင်၊ (၂) နေရောင်၊ (၃) မီးရောင်၊ (၄) ပညာရောင် = ဉာဏ်ရောင် - ဟု အရောင်အလင်း (၄)မျိုး ရှိကြောင်းကို ဟောကြားထားတော်မူခဲ့၏၊ ထိုလေးမျိုးတို့တွင် ပညာရောင် (= ဉာဏ်ရောင်) (၄)မျိုးရှိကြောင်းကို အင်္ဂုတ္တရဋီကာ[မှတ်စု ၂] ပစလာယမာနသုတ္တန်တွင် ရှင်းပြထား၏၊ ယင်းအဖွင့်တို့ကို ပိုမို၍ သဘောပေါက်စေရန် မူရင်းပါဠိတော် အဋ္ဌကထာ အဖွင့်တို့နှင့် ဆက်စပ်လျက် ရေးသားတင်ပြအပ်ပါသည်။

အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းတရား (၇) မျိုး

(ပစလာယမာနသုတ္တန်ကောက်နုတ်ချက်)

အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာ ဖြစ်တော်မူသော ကောလိတပရိဗိုဇ်သည် အရှင်သာရိပုတြာ အလောင်းအလျာ ဖြစ်တော်မူသော ဥပတိဿပရိဗိုဇ်ထံမှ “ယေ ဓမ္မာ ဟေတုပ္ပဘာဝါ’’ အစရှိသည့် အရှင်အဿဇိ မထေရ် ဟောကြားတော်မူလိုက်သည့် သစ္စာလေးပါးနှင့် စပ်သည့် တရားဂါထာဒေသနာတော်ကို နာကြားခွင့်ရရှိသည့် အတွက် သောတာပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့၏၊ ထိုနေ့ကား တပို့တွဲလဆန်း (၁)ရက်နေ့ ဖြစ်၏၊ ထိုနေ့ ညနေချမ်းမှာပင် ဥပတိဿပရိဗိုဇ် ကောလိတပရိဗိုဇ်နှင့် တကွ နောက်လိုက်တပည့်ပရိဗိုဇ် (၂၅၀)တို့သည် သိဉ္စဉ်း ဆရာကြီး၏ အရံမှ ထွက်ခွာပြီးနောက် ဝေဠုဝန်ကျောင်းတိုက်တော်သို့ သွားရောက်ကာ ဘုရားရှင်၏ ထံတော်မှောက်၌ “ဧဟိ ဘိက္ခု” ရဟန်းအဖြစ်ကို ခံယူကြလေသည်။ ဘုရားရှင်ထံတော်မှ တရားတော်ကို နာယူပြီးသည်၏ အဆုံး၌ ယင်းတပည့်ရဟန်း (၂၅၀)တို့သည်ကား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူကြ၏၊ အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့ကား မိမိတို့ ရရှိမည့် အဂ္ဂသာဝကဗောဓိဉာဏ်တို့၏ ကြီးကျယ်မြင့်မြတ်သည့်အတွက်ကြောင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ရေးအတွက် ဆက်လက်ကာ သမထ-ဝိပဿနာ ဘာဝနာတို့ကို ကြိုးပမ်းကြဦးမည် ဖြစ်ကြပေသည်။

ထို့နောင် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်သည် မာဂဓတိုင်းအတွင်းရှိ ကလ္လဝါဠပုတ္တရွာငယ်ကို ဆွမ်းခံရွာ အဖြစ် အမှီပြုကာ ယင်းရွာ၏ အနီးရှိ တောအုပ်တစ်ခုအတွင်း၌ ကျိန်းစက်မှု မပြုဘဲ စင်္ကြံသွားခြင်း ရပ်ခြင်း ထိုင်ခြင်း ဣရိယာပုထ်တို့ဖြင့် (၇)ရက်တိုင်တိုင် ရဟန်းတရားကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော် မူလေသည်။ (၇)ရက်မြောက်သောနေ့တွင် စင်္ကြံဦးတွင် ထိုင်လျက် တရားအားထုတ်နေခိုက်တွင် အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားက နှိပ်စက်လာ၏၊ ထိုအခါတွင် ဘုရားရှင် ကြွလာတော်မူကာ အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ဖျောက် ကြောင်းတရား (၇)မျိုးကို ဟောကြားပြသပေးတော်မူ၏၊ ဘုရားရှင် ညွှန်ကြားပေးတော်မူသည့် နည်းလမ်းကောင်းများကို ရိုသေစွာ လိုက်နာလျက် ကျင့်သုံးတော်မူလေရာ အထူးသဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားသည့် ဉာဏ်အရောင်အလင်းကို နေ့နှင့် ည တစ်ဆက်တည်း လင်းနေအောင် ပွားများလျက် အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ရှားကာ ရဟန်းတရားကို ဆက်လက် ကြိုးပမ်းတော်မူလေရာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့လေသည်။

ဤတွင် အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းတရား (၇)မျိုးတို့၏ အကျဉ်းချုပ်မှာ ဤသို့ ဖြစ်၏ ..။

၁။ အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ဖြစ်စေနိုင်သည့် အာရုံကို နှလုံးမသွင်းခြင်း၊
၂။ သင်ကြားထားဖူးသည့် လေ့ကျက်ထားဖူးသည့် ပရိယတ်တရားတော်ကို စိတ်ဖြင့် အဖန်ဖန် စူးစမ်းဆင်ခြင်ခြင်း၊
၃။ သင်ကြားထားဖူးသည့် လေ့ကျက်ထားဖူးသည့် ပရိယတ်တရားတော်ကို အကျယ်အားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊
၄။ နှာခေါင်းနှင့် နားနှစ်ဖက်တို့ကို ဆွဲငင်ပေးခြင်း၊ လက်ဖြင့် ကိုယ်ကို သုံးသပ်ဆုပ်နယ်ခြင်း၊
၅။ နေရာမှ ထကာ မျက်နှာသစ်ခြင်း၊ အရပ်မျက်နှာတို့ကို ကြည့်ခြင်း၊ နက္ခတ်တာရာတို့ကို ကြည့်ခြင်း၊
၆။ ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားသည့် ဉာဏ်အရောင်အလင်း အာလောကသညာကို နေ့နှင့် ည တစ်ဆက်တည်း လင်းနေအောင် အဓိဋ္ဌာန်ပြုလျက် အရောင်အလင်းနှင့်တကွဖြစ်သော စိတ်ကို ပွားများခြင်း၊
၇။ ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်ကို သွတ်သွင်းလျက် အာရုံတစ်ပါးသို့ မပျံ့လွင့်သော စိတ်ထားဖြင့် စင်္ကြံ လျှောက်ခြင်း –

ဤနည်းလမ်းတို့ဖြင့် ယင်းမိဒ္ဓတရားကို ပယ်ဖျောက်၍ မရခဲ့သော် လက်ျာနံတောင်းဖြင့် စောင်းလျက် ခြေတစ်ခုပေါ်သို့ ခြေတစ်ခုကို တင်ကာ “မည်သည့်အချိန်အခါ၌ ထအံ့”ဟု နှလုံးသွင်းလျက် ကျိန်းစက်ခြင်းကို ပြုရန် ညွှန်ကြားသွားတော်မူပေသည်။

ထိုတွင် ဤ၌ ဆွေးနွေးလိုသော အချက်မှာ အမှတ် (၆)ဖြစ်သည့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားသည့် ဉာဏ်အရောင်အလင်းအကြောင်း ဖြစ်ပါသည်။

“ချစ်သား မောဂ္ဂလ္လာန် ...ဤသို့ နေရာမှထပြီးလျှင် ရေဖြင့် မျက်စိတို့ကို ပွတ်သပ်၍ အရပ်မျက်နှာတို့နှင့် နက္ခတ်တာရာတို့ကို ကြည့်သော သင့်အား ထိုမိဒ္ဓတရားသည် အကယ်၍ မကင်းပျောက်ခဲ့မူ ချစ်သား မောဂ္ဂလ္လာန်...

ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်ချစ်သားသည် မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းဖြစ်သော အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို (ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော အာလောက သညာကို) နှလုံးသွင်းလေလော့၊ နေ့ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ နေ့အခါ၌ အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို ဆောက်တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ပြုထားသကဲ့သို့) ထို့အတူ ညဉ့်အခါ၌လည်း အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ သင်ချစ်သားသည် ညဉ့်အခါ၌လည်း အာလောကသညာ = အလင်းရောင်ဟူသောအမှတ်သညာကို ဆောက်တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ထားသကဲ့သို့) ထို့အတူ နေ့အခါ၌လည်း ယင်းအာလောကသညာ = အလင်းရောင် ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ ဤသို့ မိဒ္ဓကင်းစင်၍ ထက်ဝန်းကျင် မြှေးယှက်ခြင်းမရှိသော စိတ်ဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော ဉာဏ်အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများလေလော့။ ဤသို့ ပွားများ၍နေသော သင်ချစ်သား၏ သန္တာန်၌ မိဒ္ဓတရား၏ ကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။[၂၅၃, ၂၅၄]

ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ – ထိုအမှတ် (၆) ညွှန်ကြားချက်၌ သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏၊ အဋ္ဌကထာ ဋီကာများကလည်း ယင်းစိတ်ကို “ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော ဉာဏ်အရောင်အလင်းနှင့် တကွဖြစ်သော စိတ်”ဟု ရှင်းပြ ထားတော်မူကြ၏၊ ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင်လည်း ဖြစ်၏၊ ယင်းအလင်းရောင်မှာ အာလောက ကသိုဏ်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းလည်း ရှိ၏၊ ကြွင်းသော ကသိုဏ်းတို့ကို ပွားများခြင်းကြောင့် အထူးသဖြင့် တေဇောကသိုဏ်းနှင့် ဩဒါတကသိုဏ်းတို့ကို ပွားများခြင်းကြောင့် ဖြစ်ပေါ်လာသော အရောင် အလင်းလည်း ရှိ၏၊ ယင်း အာလောကကသိုဏ်း, တေဇောကသိုဏ်း, ဩဒါတကသိုဏ်းတို့ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိဖို့ရန်အတွက် အခြေခံအကြောင်းရင်း အရောင်အလင်းပင် ဖြစ်သည်၊၊[မှတ်စု ၃]

ယင်းအရောင်အလင်းများကို နေ့နှင့် ည တူညီနေအောင် တစ်နေ့လုံး တစ်ညလုံး လင်းနေအောင် အဓိဋ္ဌာန်ပြုရန် ဘုရားရှင်က ညွှန်ကြားနေတော်မူခြင်း ဖြစ်၏၊ ဤအရာ၌ အင်္ဂုတ္တရဋီကာ[မှတ်စု ၄]က ဉာဏ်အရောင်အလင်း (၄)မျိုး ရှိကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊

ဉာဏ်ရောင် (၄) မျိုး

၁။ ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်တတ်သော, ဒိဗ္ဗစက္ခုအဘိညာဏ် အလို့ငှာ ပွားများ ထားအပ်သော, အထူးသဖြင့် .. အာလောကကသိုဏ်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊
၂။ ကသိဏာလောက = ကောင်းစွာ ပွားများထားအပ်သော အာလောကကသိုဏ်း၏ အရောင်အလင်းကဲ့သို့ ကောင်းစွာ ပွားများထားအပ်သော ကသိုဏ်းဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊
၃။ ပရိကမ္မာလောက = ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊
၄။ ဥပက္ကိလေသာလောက = ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသ အရောင်အလင်း ––

ဤသို့လျှင် ဉာဏ်ရောင် လေးမျိုး ရှိ၏၊ ဤလေးမျိုးလုံးသည် ဉာဏ်ကြောင့်သာလျှင် ဖြစ်ပေါ်လာသော အရောင်အလင်းများတည်း။ ယင်းကဲ့သို့သော အရောင်အလင်းကို ဖြစ်စေတတ်သောဉာဏ်နှင့် အတူယှဉ်တွဲလျက် ဖြစ်သော စိတ်ကို “သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်”ဟု ဘုရားရှင်က ဟောကြားထားတော် မူ၏၊ အထက်ပါ ပစလာယမာနသုတ္တန်တွင်ကား အာလောကကသိုဏ်းဘာဝနာဉာဏ် ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်တို့နှင့် ယှဉ်သောစိတ်ကို အထူးရည်ညွှန်းထားတော်မူ၏၊ ယင်းအရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏၊

တစ်ဖန် အထက်ပါ ဉာဏ်ရောင်လေးမျိုးတို့တွင် ပရိကမ္မာလောက = ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ –

၁။ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မ၊
၂။ အဘိညာဏ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မ၊
၃။ အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မ – ဤသို့လျှင် ပရိကမ္မ သုံးမျိုးရှိ၏၊

သမထပိုင်းတွင် ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိ = ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟု သမာဓိသုံးမျိုး ဘာဝနာသုံးမျိုး ရှိ၏၊ ယင်းပရိကမ္မသမာဓိကိုပင် ခဏိကသမာဓိဟူ၍ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ[မှတ်စု ၅]တွင် ခေါ်ဝေါ်သုံးစွဲထား၏၊ ယင်းခဏိကသမာဓိမှာ ဥပစာရသမာဓိနှင့် နီးကပ်လျက်ရှိသော အဆင့် မြင့်မားသော သမာဓိ ဖြစ်၏၊ ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာရသော ခဏိကသမာဓိတည်း။ ယင်းပရိကမ္မ ဘာဝနာ ပရိကမ္မသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့်လည်း အရောင်အလင်းများသည် ထွက်ပေါ်လျက်ပင် ရှိ၏၊ ပရိကမ္မာလောကဟု ခေါ်ဆို၏၊

တစ်ဖန် ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပရိကမ္မဘာဝနာဉာဏ်ကြောင့်လည်း အရောင်အလင်းများသည် ထွက်ပေါ်လျက်ပင် ရှိ၏၊ ပရိကမ္မာလောကဟုပင် ခေါ်ဆို၏၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကို အလိုရှိသော သူတော်ကောင်းသည် ကသိုဏ်းလျှင် အာရုံရှိသော အဘိညာဏ်၏ အခြေခံ အကြောင်းရင်းဖြစ်သော ပါဒကစျာန်ကို ခပ်သိမ်းသော အခြင်းအရာအားဖြင့် (တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့်) ဒိဗ္ဗစက္ခု အဘိညာဏ်ဉာဏ်သို့ ဘာဝနာစိတ်ကို ရှေးရှုဆောင်ယူ၍ ရနိုင်လောက်အောင် ပွားထားရ၏၊ တေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောကကသိုဏ်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းကို ဒိဗ္ဗစက္ခုဉာဏ် ဖြစ်ခြင်း၏ နီးကပ်သော အကြောင်းတရားဖြစ်အောင် ပြုအပ်၏၊ (ဤကသိုဏ်း သုံးမျိုးတို့တွင်လည်း အာလောကကသိုဏ်းကား ဒိဗ္ဗစက္ခုအဘိညာဏ်အတွက် အသာဆုံး အမြတ်ဆုံး ဖြစ်၏၊) ဥပစာရစျာန်၏ အာရုံဖြစ်အောင် ပြုလုပ်၍ ကသိုဏ်း ဝန်းကို တိုးပွားစေ၍ ထားအပ်၏၊ ထိုသို့ တိုးပွားအောင် ပြုလုပ်ထားသော ဖြန့်ကြက်ထားသော ကသိုဏ်းအာရုံ၌ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိတို့ကို ထူထောင်ပြီးနောက် စတုတ္ထစျာန်၏ ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်သည့်တိုင်အောင် သမာဓိကို ဆက်လက်ထူထောင်ထားပါ။ စတုတ္ထစျာန်၏ အစွမ်းအားဖြင့် အပ္ပနာကို မဖြစ်စေအပ်။ စတုတ္ထစျာန်သို့ ဆိုက်အောင် မပွားများထားရ။ မှန်ပေသည် - ယင်းကသိုဏ်းအာရုံ၌ စတုတ္ထစျာန်၏ ဥပစာရစျာန်သို့ဆိုက်အောင် ပရိကံကို မပြုထားသော ပုဂ္ဂိုလ်၏ သန္တာန်၌ အဘိညာဏ်၏ အစွမ်းဖြင့် စတုတ္ထ အပ္ပနာစျာန်သည် မပြီးစီး မပြည့်စုံနိုင်။ အကယ်၍ ယင်းကသိုဏ်းအာရုံ၌ စတုတ္ထစျာန်၏အစွမ်းဖြင့် အပ္ပနာကို ဖြစ်စေသည် ဖြစ်အံ့၊ စတုတ္ထစျာန်သို့ဆိုက်အောင် ပွားများထားသည်ဖြစ်အံ့၊ ထိုကသိုဏ်းအာရုံသည် အဘိညာဏ်ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကစျာန်၏ မှီရာအာရုံသာ ဖြစ်နိုင်၏၊ အဘိညာဏ်ဉာဏ်သို့ ရောက်ကြောင်း ပရိကံ၏ မှီရာ အာရုံ မဖြစ်နိုင်။ ဤကား အပြစ်တည်း။[မှတ်စု ၆]

ထို့ကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာလောကကသိုဏ်းကိုလည်းကောင်း, တေဇောကသိုဏ်း ဩဒါတကသိုဏ်းတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းကိုလည်းကောင်း အဘိညာဏ်၏အခြေခံ စတုတ္ထစျာန်သမာဓိ၏ ဥပစာရနယ်မြေဟူသော ဒိဗ္ဗစက္ခုအဘိညာဏ်၏ ဥပစာရသမာဓိသို့ ဆိုက်အောင် ပွားများလျက် ယင်းကသိုဏ်း ပဋိဘာဂနိမိတ်ကို အလိုရှိသလောက် ဖြန့်ကြက်ထားပါ။[မှတ်စု ၇]

စတုတ္ထစျာန်၏ ဥပစာရသမာဓိကား (= ဥပစာရစျာန်ကား) ဤအရာ၌ အလွန်ကြည်လင်တောက်ပနေသော ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြု၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဥပစာရဘုံ၌ ရပ်တည်၍ ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို တိုးပွားအောင် ပြုလုပ်ရ၏၊ အထူးသဖြင့် အာလောကကသိုဏ်း ပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်ရ၏၊ ယင်းသို့ တိုးပွားအောင် ပြုလုပ်ထားသော ကသိုဏ်းဝန်းပြန့်နှံ့ရာအရပ်၏ အတွင်း၌သာလျှင် တည်ရှိသော ရူပါရုံကို ရှုကြည့်အပ်၏၊ ကသိုဏ်းဝန်းလင်းရောင်ခြည်ကို ဖြန့်ကြက်ထားရာ အရပ်၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ရှုကြည့်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား ပရိကံ၏ ဝါရသည် ကျော်လွန်သွား၏၊ ဤကား အပြစ်တည်း။ ဤ၌ ပရိကံမည်သည် အာလောကကသိုဏ်း သို့မဟုတ် တေဇောကသိုဏ်း သို့မဟုတ် ဩဒါတကသိုဏ်းပဋိဘာဂနိမိတ်လျှင် တည်ရာအာရုံရှိသော စတုတ္ထစျာန်၏ ဥပစာရသမာဓိ (= ဥပစာရစျာန်)တည်း။ ထိုဥပစာရစျာန် ဥပစာရသမာဓိ သည်လည်း ထိုကသိုဏ်းလင်းရောင်ခြည်၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ကြည့်ရှုသော ပုဂ္ဂိုလ်၏ သန္တာန်၌ မဖြစ်နိုင်။ ဗဟိဒ္ဓအာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်သွားသောကြောင့်တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းလင်းရောင်ခြည် စွမ်းအင်ကြောင့်သာလျှင် ရူပါရုံအမျိုးမျိုးကို ရှုမြင်ရခြင်း ဖြစ်၏၊ ကသိုဏ်းလင်းရောင်ခြည် (= ကသိဏာလောက) ဟူသည်မှာလည်း အဘိညာဏ်၏ အခြေခံ ပရိကံကြောင့်သာလျှင် (= ကသိုဏ်းလင်းရောင်ခြည်လျှင် တည်ရာအာရုံ ရှိသော စတုတ္ထစျာန်၏ ဥပစာရသမာဓိတည်းဟူသော ပရိကံကြောင့်သာလျှင်) ဖြစ်ပေါ်လာရ၏၊ ထို့ကြောင့် ကသိဏာလောကနှင့် ဥပစာရစျာန် နှစ်ပါးစုံသည်လည်း ပရိကံ၏ မဖြစ်ခြင်းကြောင့် (= ပရိကံဝါရကို ကျော်လွှား သွားခြင်းကြောင့်) မဖြစ်နိုင်တော့ပေ။ ထိုသို့ ပရိကံ၏ဝါရကို ကျော်လွန်သွားခြင်းကြောင့် အာလောက (= လင်းရောင်ခြည်) သည်လည်း ကွယ်ပျောက်သွား၏၊ ထိုအာလောက (= အလင်းရောင်)သည် ကွယ်ပျောက်သွားခဲ့သည်ရှိသော် ရူပါရုံ အမျိုးမျိုးသည်လည်း မထင် ဖြစ်လာတော့၏၊ အာလောက (= လင်းရောင်ခြည်)၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ကြည့်ရှုသော ယောဂါဝစရပုဂ္ဂိုလ်အား ပရိကံ၏ဝါရသည် ကျော်လွန်သွား၏၊ ပရိကံ၏ဝါရကို ကျော်လွန်သွားသော ပုဂ္ဂိုလ်၏သန္တာန်၌ ကသိုဏ်းပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဉာဏ်သည် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ရူပါရုံ အမျိုးမျိုးသည် မထင်လာခြင်းဖြစ်၏၊ (ကသိုဏ်းပဋိဘာဂနိမိတ်လျှင် တည်ရာအာရုံရှိသော ဉာဏ်မဖြစ်သောကြောင့် ဉာဏ်ကြောင့်ဖြစ်သော လင်းရောင်ခြည်လည်း ကွယ်သွား၏၊ လင်းရောင်ခြည် မရှိသဖြင့် ရူပါရုံအမျိုးမျိုးကို မတွေ့မြင်ရခြင်း ဖြစ်သည်။)[မှတ်စု ၈]

ထိုသို့ မထင်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် အဖန်ဖန် အထပ်ထပ် အဘိညာဏ်ဉာဏ်၏ အခြေခံ အကြောင်းရင်းဖြစ်သော စတုတ္ထစျာန်ဟူသော ပါဒကစျာန်ကိုသာလျှင် ဝင်စားပါ။ ဝင်စားပြီးနောက် ထိုပါဒကစျာန်မှ ထ၍ အာလောက (= အလင်းရောင်)ကို ဖြန့်ကြက်ပါ။[မှတ်စု ၉] (အာလောကကသိုဏ်းဝန်းကို ဖြန့်ကြက်ပါက အာလောက = အလင်းရောင်ကို ဖြန့်ကြက်မှုလည်း တစ်ပါတည်း ပြီးစီးသွား၏ဟု မှတ်ပါ။ တေဇောကသိုဏ်း ဩဒါတကသိုဏ်း တို့၌လည်း နည်းတူပင်တည်း။)

အကြင်မျှလောက်သော အရပ်သို့တိုင်အောင် ပိုင်းခြား၍ ကသိုဏ်းဝန်းကို တိုးပွားအောင် ပြုလုပ်ထား၏၊ ဖြန့်ကြက်ထား၏၊ ထိုမျှလောက် ပိုင်းခြားထားသမျှ အရပ်သို့တိုင်အောင် စွမ်းအင် ပြည့်ပြည့်ဝဝဖြင့် ဖြစ်ပေါ်လာသော အာလောက (= လင်းရောင်ခြည်)သည် တည်နေပေ၏၊[မှတ်စု ၁၀]

ဤသို့သောနည်းဖြင့် အစဉ်အတိုင်း ကျင့်ခဲ့သော် အာလောက (= လင်းရောင်ခြည်)သည် စွမ်းအင်ပြည့်ဝလာ၏၊ မြဲမြံခြင်းသို့ ရောက်ရှိလာ၏၊ ကာလမြင့်ရှည် တည်လာ၏၊ ဤ၌ အစဉ်အတိုင်း ကျင့်ခြင်းဟူသည် ဤသို့တည်း။ အဘိညာဏ်ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကစျာန်ကို အဖန်ဖန် အထပ်ထပ် ဝင်စား၍ ထိုထို ပါဒကစျာန်မှ ထ၍ အမြဲမပြတ် အာလောက (= လင်းရောင်ခြည်)ကို ပြန့်အောင် ဖြန့်ကြက်သည်၏ အစွမ်းဖြင့် အာလောက (= လင်းရောင်ခြည်)သည် စွမ်းအင်ပြည့်ဝလာ၏၊ မြဲမြံခြင်းသို့ ရောက်ရှိလာ၏၊ ကာလမြင့်ရှည် တည်လာ၏၊ ထိုအခါဝယ် ..

“ဤမျှသောအရပ်၌ အာလောက (= အလင်းရောင်)သည် ဖြစ်စေသော်” .... ဤသို့လျှင် အကြင်မျှလောက်သော အရပ်ကို ပိုင်းခြားထား၏၊ ပိုင်းခြားလျက် အဓိဋ္ဌာန်ပြုထား၏၊ ထိုပိုင်းခြား ထားသောအရပ်၌ (= ပိုင်းခြားလျက် အဓိဋ္ဌာန်ပြုထားသော အရပ်၌) အာလောက (= အလင်းရောင်)သည် တည်ရှိနေသည်သာလျှင်ကတည်း။ တစ်နေ့ပတ်လုံးသော်လည်း ထိုင်နေ၍ ကြည့်ရှုနေသော ဒိဗ္ဗစက္ခုအဘိညာဏ်ရ ပုဂ္ဂိုလ်အား ရူပါရုံအမျိုးမျိုးကို မြင်ခြင်းသည် ဖြစ်ပေါ်နေသည်သာလျှင်ကတည်း။[မှတ်စု ၁၁]

ဤသို့သောနည်းဖြင့် အစဉ်အတိုင်းကျင့်ခဲ့သော်ဟူသည် ဤသို့တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အဘိညာဏ် ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကစျာန်ကို အဖန်ဖန် အထပ်ထပ် ဝင်စား၍ [ပထဝီမှသည် ဩဒါတ ကသိုဏ်းသို့တိုင်အောင်သော ကသိုဏ်း (၈)ပါးတို့တွင် ကသိုဏ်း တစ်ပါးတစ်ပါး၌ သမာပတ် (၈)ပါးစီ ပေါက်အောင် တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် အဖန်ဖန် အထပ်ထပ် စျာန်ကို ဝင်စား၍ တစ်ဖန် အထူးသဖြင့် အာလောကကသိုဏ်းလျှင်အာရုံရှိသော စတုတ္ထစျာန်ကို အဖန်ဖန် အထပ်ထပ်ဝင်စား၍] အဘိညာဏ်၏ အခြေခံ အကြောင်းရင်းဖြစ်သော ထိုထိုပါဒကစျာန်မှ ထ၍ အမြဲမပြတ် အာလောက (= အလင်းရောင်)ကို ပြန့်အောင် ဖြန့်ကြက်သည်၏ အစွမ်းဖြင့် အာလောက (= အလင်းရောင်)သည် စွမ်းအင် ပြည့်ဝလာ၏၊ မြဲမြံ ခိုင်ခံ့လာ၏၊ မြင့်ရှည်စွာ တည်တံ့လာ၏၊ ယင်းသို့ တည်တံ့နေသော အလင်းရောင်ကို အာရုံယူကာ တစ်ဖန် စတုတ္ထစျာန်၏ ဥပစာရသမာဓိသို့ ဆိုက်အောင် လျင်လျင်မြန်မြန် သမာဓိကို ထူထောင်ထားပါ။ ထိုအခါ အလင်းရောင်မှာ တည်တံ့ရုံတွင်မက ပိုမို၍ တောက်ပလာမည်ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်သော်တမူကား ထိုအာလောက (= အလင်းရောင်) ပျံ့နှံ့ရာအရပ်၌ တည်ရှိနေသော ရူပါရုံကို ကြာမြင့်စွာသော်လည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေရသည်သာလျှင် ဖြစ်၏၊ ထို့ကြောင့် အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊[မှတ်စု ၁၂] ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်သောကြောင့် ပရိကမ္မ = ပရိကံဟူ၍လည်း ခေါ်ဆိုသင့်ကြောင်း ဖွင့်ဆိုထား၏၊ ယင်းပရိကံအမည်ရသော ဝိပဿနာဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များသည် ဖြစ်ပေါ်လာကြသည်သာ ဖြစ်၏၊ အကြောင်းမူ .. အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် လင်းရောင်ခြည်ကို ဖြစ်စေနိုင်သော စွမ်းအား ရှိသောကြောင့်တည်း။ အဋ္ဌကထာကြီးများက အဓိစိတ္တသုတ္တန်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသော အောက်ပါ နိမိတ္တသုတ္တန်ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ ..။

ဤ အာလောက (= အရောင်အလင်း)ကား အဘိညာဏ်ဉာဏ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မာလောကတည်း။

တစ်ဖန် .. အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မာလောကလည်း ရှိသေး၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ အနုလောမဉာဏကထာ[မှတ်စု ၁၃]တွင် အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော မဂ္ဂဝီထိ၌ အကျုံးဝင်သော ပရိကံ-ဥပစာ-အနုလုံ အမည်ရသော ကာမာဝစရဇော သုံးမျိုးကိုလည်း အရိယမဂ်ဉာဏ်၏ ပရိကံအရာ၌ တည်သောကြောင့်, အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်သောကြောင့် ပရိကမ္မ = ပရိကံဟူ၍လည်း ခေါ်ဆိုသင့်ကြောင်း ဖွင့်ဆိုထား၏။ ယင်းပရိကံအမည်ရသော ဝိပဿနာဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များသည် ဖြစ်ပေါ်လာကြသည်သာ ဖြစ်၏။ အကြောင်းမူ .. အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် လင်းရောင်ခြည်ကို ဖြစ်စေနိုင်သော စွမ်းအား ရှိသောကြောင့်တည်း။ အဋ္ဌကထာကြီးများက အဓိစိတ္တသုတ္တန်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသော အောက်ပါ နိမိတ္တသုတ္တန်ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ ..။

နိမိတ္တသုတ္တန် ကောက်နုတ်ချက်

“ရဟန်းတို့ ...အကြင်အခါ၌ကား အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်ကို ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် ရံဖန်ရံခါ သမာဓိဖြစ်ကြောင်းနိမိတ်ကို = သမာဓိဖြစ်ကြောင်းတရားကို နှလုံးသွင်း၏၊ ရံဖန်ရံခါ ဝီရိယဖြစ်ကြောင်း နိမိတ်ကို = ဝီရိယဖြစ်ကြောင်းတရားကို နှလုံးသွင်း၏၊ ရံဖန်ရံခါ ဥပေက္ခာဖြစ်ကြောင်း နိမိတ်ကို = ဥပေက္ခာဖြစ်ကြောင်းတရားကို နှလုံးသွင်း၏၊ ထိုသို့ နှလုံးသွင်းသော ထိုရဟန်း၏စိတ်သည် ပျော့ပျောင်းနူးညံ့မှုလည်း ဖြစ်လာ၏၊ ထိုထို သမထဘာဝနာမှု ဝိပဿနာ ဘာဝနာမှု၌ သင့်လျော်မှု ခံ့ညားမှုလည်း ဖြစ်လာ၏၊ အရောင် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ခြင်းသည်လည်း ဖြစ်လာ၏၊ ပျက်စီးခြင်းသဘောလည်း မရှိ၊ အာသဝေါတရားတို့ကုန်ရန် ကောင်းစွာ တည်ကြည်နေပေ၏၊”[မှတ်စု ၁၄]

အဋ္ဌကထာကြီးများ၌ ပရိသုဒ္ဓ-ပရိယောဒါတ-ပဘဿရ ဟူသော စကားလုံးများကို လှည့်လည်၍ ပရိယာယ်တူ အဓိပ္ပါယ်တူ ဖွင့်ဆိုထားတော်မူကြ၏၊ ပြည်ဆရာတော်ဘုရားကြီးကလည်း မိမိ၏ ဝိသုဒ္ဓိမဂ်နိဿယ[မှတ်စု ၁၅]တွင် “ပဘဿရေ = ပြိုးပြိုးပြက် အရောင်ရှိလတ်သော်”ဟု ပဘဿရ-စကားလုံးကို ဘာသာပြန်ဆိုထားတော်မူ၏၊

ဤကား အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းများ ထွက်ပေါ်လာနိုင်ကြောင်း ပါဠိတော် အဋ္ဌကထာ ဋီကာ အဆို အမိန့်တို့ ဖြစ်ကြ၏၊ “သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ = ဤအရောင်အားလုံးသည် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းသာ ဖြစ်၏” –– ဟူသော ဋီကာ[မှတ်စု ၁၆]အဖွင့်နှင့် အညီ အားလုံး ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ရောင်များသာ ဖြစ်ကြ၏၊

ဉာဏ်ရောင်ဟူသည်မှာ

ဉာဏ်အရောင်အလင်းဟူသည်မှာ မည်ကဲ့သို့သော အရာပါနည်းဟု ဆန်းစစ်ရန် ရှိလာပြန်၏၊ ဤမေးခွန်း၏ အဖြေကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ဒုတိယတွဲ၊ ဥဒယဗ္ဗယဉာဏ်ခန်း၊ ဥပက္ကိလေသအပိုင်းတွင် ရှင်းပြထား၏၊ ထိုရှင်းလင်း ချက်များမှာ ဥဒယဗ္ဗယဉာဏ်ကြောင့် ထွက်ပေါ်လာသော အရောင်အလင်းကို ရှင်းလင်းတင်ပြထားသော စကားရပ်များ ဖြစ်ကြ၏၊ ယင်းစကားရပ်များကို ဋီကာဆရာတော်သည် လက္ခဏာဟာရနေတ္တိနည်းအားဖြင့် ဖွင့်ဆိုရေးသားသွားတော် မူသည်ဟု မှတ်ပါ။ ဉာဏ်ကြောင့် ဖြစ်ပေါ်သွားသော အရောင်အလင်းချင်း တူညီ၍ ဥပက္ကိလေသာလောက၌ ထိနမိဒ္ဓဝိနောဒနအာလောက ကသိဏာလောက ပရိကမ္မာလောကတို့ကို စုပေါင်း၍ လက္ခဏာဟာရနေတ္တိနည်း-အရ ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊ ယင်းအရောင်အလင်း လေးမျိုးလုံးသည် ဉာဏ်ကြောင့်သာ ဖြစ်ပေါ်လာသော အရောင်အလင်းများ ဖြစ်သောကြောင့်တည်း။ အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ် အားလုံးတို့ကြောင့် ပဘဿရ= ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော လင်းရောင်ခြည်များ ထွက်ပေါ် လာကြောင်း ဘုရားဟောဒေသနာကိုလည်း သတိပြုပါ။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၏ ရှင်းလင်းချက်မှာ ဤသို့ ဖြစ်၏၊

ဝိပဿနောဘာသ = ဝိပဿနာဉာဏ်အရောင်အလင်းဟူသည် –
၁။ ဝိပဿနာစိတ်ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော, အလွန်တောက်ပသော
ဝဏ္ဏဓာတ် (= ရူပါရုံ) ၏ အရောင်အလင်းနှင့် –
၂။ မိမိသန္တာန်၌ ကျရောက်လျက်ရှိသော (ယင်း စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော တေဇောဓာတ်) ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော, အလွန်တောက်ပသော ဝဏ္ဏဓာတ် (= ရူပါရုံ) ၏ အရောင်အလင်းတည်း။[မှတ်စု ၁၇]

ရှင်းလင်းချက် – နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော စိတ်တိုင်းစိတ်တိုင်းသည် မိမိ၏ဖြစ်ဆဲ ဥပါဒ်ကာလ၌ပင်လျှင် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို တစ်နည်း ရုပ်ကလာပ် တို့ကို ဖြစ်စေနိုင်၏၊[မှတ်စု ၁၈] စိတ်တစ်လုံး တစ်လုံးသည် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏၊ ဟဒယဝတ္ထုကို မှီ၍ဖြစ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းသည် ဖြစ်ဆဲ ဥပါဒ်ကာလ၌ပင်လျှင် ယင်းစိတ္တဇ ရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏၊ ယင်း စိတ္တဇရုပ်ကလာပ် တစ်ခုတစ်ခုကို ဓာတ်ခွဲကြည့်ပါက ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု ရုပ်သဘောတရား ရှစ်မျိုးစီ အသီးအသီးရှိ၏၊ စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇ၊ ဩဇာလျှင် ရှစ်ခုမြောက်ရှိသောကြောင့် ဩဇဋ္ဌမက၊ နှစ်ရပ်ပေါင်းသော် စိတ္တဇဩဇဋ္ဌမကရုပ်ဟု ခေါ်ဆို၏၊ ယင်းရုပ် ရှစ်မျိုးတို့တွင် ပါဝင်သော ဝဏ္ဏဓာတ်ဟုခေါ်ဆိုသော ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်ကြောင့်ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံဖြစ်ခဲ့လျှင် ဘာသုရရူပ = အလွန်တောက်ပသော ရူပါရုံ ဖြစ်၏၊

ယင်းဘာသုရရူပ (= တောက်ပသော ရူပါရုံ)မှာ စိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက် များလျှင်များသလို တောက်ပသော ရူပါရုံအရေအတွက်မှာလည်း များသည်သာ ဖြစ်၏၊ ယင်း ရူပါရုံတို့၏ တောက်ပမှုမှာလည်း ဉာဏ်၏အာနုဘော်အားလျော်စွာသာလျှင် တောက်ပ၏၊ ဉာဏ်၏အာနုဘော်က ကြီးမားလျှင် ကြီးမားသလို တောက်ပ၍ ဉာဏ်၏အာနုဘော်က သေးလျှင်သေးသလို လျော့၍ တောက်ပ၏၊ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ထိုထို သမထအာရုံ ဝိပဿနာအာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော (သမထ ဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် အတူယှဉ်တွဲဖြစ်ကြသော နာမ်တရားစုတို့မှာ ယေဘုယျအားဖြင့် (၃၄)လုံးခန့် ရှိ၏၊

၁။ ပထမစျာန်၌ စျာန်နာမ်တရား (၃၄)
၂။ ဒုတိယစျာန်၌ စျာန်နာမ်တရား (၃၂)
၃။ တတိယစျာန်၌ စျာန်နာမ်တရား (၃၁)
၄။ စတုတ္ထစျာန်၌ စျာန်နာမ်တရား (၃၁)
၅။ ကရုဏာစျာန်၌ ကရုဏာထပ်တိုးသဖြင့် စျာန်နာမ်တရား (၃၅/၃၃/၃၂)
၆။ မုဒိတာစျာန်၌ မုဒိတာထပ်တိုးသဖြင့် စျာန်နာမ်တရား (၃၅/၃၃/၃၂)
၇။ ဝိပဿနာစိတ်တို့၌ ဉာဏ်-ပီတိ ယှဉ်-မယှဉ်သို့လိုက်၍ နာမ်တရား (၃၄/၃၃/၃၃/၃၂) အသီးအသီး ရှိ၏၊ ယင်းနာမ်တရားစုတို့တွင် (ယေဘုယျအားဖြင့်) ပညိန္ဒြေစေတသိက်ဟု ခေါ်ဆိုသော ဉာဏ် (= ပညာ)လည်း ပါဝင်၏၊ ယင်းဉာဏ်၏ အာနုဘော်က ကြီးမားလျှင် ကြီးမားသလို ဉာဏ်၏ အာနုဘော်က သေးလျှင် သေးသလို ရူပါရုံမှာ တောက်ပသည် ဟူလိုသည်။

တစ်ဖန် ယင်း စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏၊ ဥတုဟု ခေါ်ဆို၏၊ ယင်း တေဇောဓာတ် (= ဥတု)ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေပြန်၏၊ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော်ကြီးလျှင် ကြီးသလို စိတ္တဇရုပ်ကလာပ်တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော တစ်ခုသော တေဇောဓာတ် (= ဥတု)သည် မိမိ၏ ဌီကာလသို့ ရောက်ရှိခိုက်၌ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏၊ ယင်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဝဏ္ဏခေါ် ရူပါရုံကလည်း ဘာသုရရူပ (= အလွန်တောက်ပသော ရူပါရုံ) ပင် ဖြစ်၏၊ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်၏ အာနုဘော်က ကြီးလျှင် ကြီးသလို သေးလျှင် သေးသလိုပင် တောက်ပ၏၊ ယင်းဥတုဇရုပ်တို့ကို “သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုဇရုပ်များ ဥတုသမုဋ္ဌာန် ရုပ်များ”ဟု မဟာဋီကာဆရာတော်က ခေါ်ဝေါ်သုံးစွဲထားပေသည်။[မှတ်စု ၁၉]

တစ်ဖန် ထို (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်, ထိုမှ ထပ်ဆင့် ဖြစ်ပွားလာသော ယင်းရုပ်ကလာပ်တို့၏ တေဇောဓာတ် ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် ဤရုပ်နှစ်မျိုးတို့တွင် စိတ္တသမုဋ္ဌာန်-ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ) အရောင်အလင်းသည် ယောဂါဝစရ ပုဂ္ဂိုလ်၏ ရူပကာယကိုယ်အတွင်း၌သာလျှင် ပျံ့နှံ့၍ တည်၏ (ဗဟိဒ္ဓသို့ ပျံ့နှံ့၍ မထွက်)။ ဥတုသမုဋ္ဌာန်-ဩဇဋ္ဌမက ရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ) အရောင်အလင်းသည်ကား ခန္ဓာကိုယ်၏အတွင်း၌သာမက ခန္ဓာကိုယ်၏ ပြင်ပဖြစ်သည့် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာသို့တိုင်အောင် သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်ကကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၏၊ ဉာဏ်၏အာနုဘော်က သေးလျှင်လည်း သေးသည့်အားလျော်စွာ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့၏၊ ထိုအရောင်အလင်းသည်ကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏၊ (ဘေးပတ်ဝန်းကျင်၌ တည်ရှိကြသော လူအပေါင်းတို့အဖို့ မထင်ရှား ဟူလိုသည်။) ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင် အလင်းနှင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေပေ၏၊ ထိုသို့ တွေ့မြင်ရာဝယ် စက္ခုဝိညာဏ်ဖြင့်ပင် တွေ့မြင်လေသလော သို့မဟုတ် မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်လေသလော ဟူသော အချက်ကို စူးစမ်းဆင်ခြင်သင့်သည်ဟု ဆရာမြတ်တို့က မိန့်ဆိုတော်မူကြကုန်၏၊ (မိမိ မဟာဋီကာဆရာ၏ အယူအဆမှာမူ) ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခု အဘိညာဏ်ဟူသော မနောဝိညာဏ်စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံအပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော) မနောဝိညာဏ်ဖြင့်သာလျှင် သိမြင်ကြ၏ဟူသော စကားသည် သာလျှင် သင့်မြတ်သကဲ့သို့ ထင်ပေသည်။[မှတ်စု ၂၀]

ပါရမီ၏စွမ်းအင်နှင့် သမာဓိစွမ်းအင်

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးတို့ကဲ့သို့ ပညာဉာဏ် ကြီးမားခြင်းအကြောင်း ပါရမီတရားကောင်းတို့ကို ဖြည့်ကျင့်ဆည်းပူးထားပြီးသော သူတော်ကောင်းကြီးတို့၏ ပညာဉာဏ်၏ အာနုဘော်မှာလည်း ကြီးမားတတ်၏၊ ပါရမီ အရှိန်အဝါက အထက်တန်းကျလျှင် ဉာဏ်၏အာနုဘော်မှာ ပိုမို ကြီးမားတတ်၏၊ ပါရမီအရှိန်အဝါက သေးသိမ် မှေးမှိန်လျှင် ဉာဏ်၏အာနုဘော်မှာလည်း သေးသိမ်မှေးမှိန်တတ်၏၊ ဉာဏ်အာနုဘော် ကြီးမားမှု မကြီးမားမှု၏ အနီးကပ်ဆုံးသော အခြားအကြောင်းတစ်ရပ်မှာ သမာဓိပင် ဖြစ်၏၊

တည်ကြည်သောသမာဓိရှိသောပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊[မှတ်စု ၂၁] ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် သမာဓိသည်လည်း ဉာဏ်ပညာ ကြီးမားမှု မကြီးမားမှု၏ အနီးကပ်ဆုံးသော အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ သမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်က ကြီးမားပါက ဉာဏ်၏ အာနုဘော်မှာလည်း ကြီးမားတတ်၍ သမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်က ပျော့ညံ့နေပါက ဉာဏ်၏ အာနုဘော်မှာလည်း ပျော့ညံ့ နေတတ်၏၊ ထိုကြောင့် ဉာဏ်၏ အရောင်အလင်းကို များများတောက်ပလိုပါက ဉာဏ်ကြောင့် အရောင်အလင်း များသည် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသည်ကို အလိုရှိပါက သမာဓိကိုလည်း အလွန်နက်ရှိုင်း၍ အလွန့်အလွန် စွမ်းအားရှိန်စော် အာနုဘော်နှင့် ပြည့်စုံလာအောင် များများထူထောင်ပေးပါ။

ဖလူပစာရစကားဟု မှတ်ပါ

ဤအထက်ပါ မဟာဋီကာဆရာတော်[မှတ်စု ၂၂]၏ ရှင်းလင်းချက်များနှင့် အညီ ဉာဏာလောက = ဉာဏ်အရောင် အလင်းဟူသော စကားမှာ အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော (ပုဒ်စစ် သဒ္ဒါစစ် ကျမ်းအရ) ဖလူပစာရစကား ဖြစ်သည်။ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ် တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)၏ အာလောက (= ဩဘာသ = အရောင်အလင်း)ဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရစကားဟု မှတ်သားပါလေ။ ဤရှင်းလင်းချက်အရ ဉာဏ်၌ အရောင်အလင်း မရှိ၊ ဉာဏ်ကြောင့်ဖြစ်သော ရုပ်တရားတို့၌သာ အရောင်အလင်း ရှိသည်ဟု အတိုချုပ် မှတ်သားပါလေ။

မဟာဋီကာအဖွင့်

ဤအရာတွင် မဟာဋီကာအဖွင့်အရ ပြောဆိုရမူ – ဤ၌ ဖလူပစာရ စကား မဟုတ်ဘဲ ကာရဏူပစာရစကားဟု မှတ်ပါ။ အကျိုးဖြစ်သော ရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ ဉာဏာလောက (= ဉာဏ်အရောင်အလင်း)ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်ဟု မှတ်ပါ။[မှတ်စု ၂၃]

မုချနှင့် ဥပစာ

သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်း ရှိမှုကို သို့မဟုတ် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ရှိမှုကို အချို့သော ဆရာမြတ်တို့ကား လက်မခံ လိုကြပေ။ မလွှဲမရှောင်သာသဖြင့် ဥဒယဗ္ဗယဉာဏ်၌ အရောင်အလင်းရှိသည်ကိုကား သို့မဟုတ် ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ရှိသည်ကိုကား လက်ခံလိုကြ၏၊ ထိုသို့ လက်ခံနိုင်သော်လည်း သမထဘာဝနာ စိတ်နှင့် ကြွင်းသော ဝိပဿနာစိတ်တို့၌ အရောင်အလင်းရှိမှုကိုကား ငြင်းပယ်တော်မူကြပြန်၏၊ ထိုဆရာမြတ်တို့၏ အကြောင်းပြချက်မှာ ဤသို့ ဖြစ်၏၊

စိတ်ဝယ် ဝဏ္ဏ (= အရောင်) မည်သည် ရှိပါသလောဟု မေးခဲ့သော် မရှိပါဟုပင် ဖြေဆိုလေရာ၏၊ မှန်ပေသည် အညိုစသော အရောင်တို့တွင် တစ်မျိုးမျိုးသော အရောင်သည်မူလည်း ဖြစ်ချင်ဖြစ်ပါစေ, မထင်ရှားသော အရောင်မူ လည်း ဖြစ်ချင်ဖြစ်ပါစေ, သို့မဟုတ် ရွှေရောင်မူလည်း ဖြစ်ချင်ဖြစ်ပါစေ၊ မည်သည့်အရောင်မဆို စင်ကြယ်နေသည့် အတွက်ကြောင့် “ပဘဿရ= ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပလျက်”ဟုပင် ဆိုရ၏၊[မှတ်စု ၂၄]

ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပမှု ပဘဿရ စသည်တို့မည်သည် ဝဏ္ဏဓာတ် (= ရူပါရုံ)၌ ရသင့် ရထိုက်သော ဂုဏ်ထူးဝိသေသတို့ ဖြစ်သောကြောင့် “စိတ်ဝယ် ဝဏ္ဏ (= အရောင်) မည်သည် ရှိပါသလော” ဟူသော မေးခွန်းကို အဋ္ဌကထာက တင်ပြထားခြင်း ဖြစ်၏၊ စိတ်ကား နာမ်တရားဖြစ်ခြင်းကြောင့် “နတ္ထိ = မရှိပါ”ဟု ပယ်မြစ်ပြီး၍ ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ–– ဟူသော ဤဒေသနာတော်သည် ပရိယာယကထာ (= ပရိယာယ်အားဖြင့် တင်စား၍ ဟောကြားတော်မူအပ်သော ဒေသနာတော်) ဖြစ်၏၊ ထိုကဲ့သို့သော ဘဝင်စိတ်, ဘဝင်စိတ်နှင့် အလားတူ ရှုအပ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် စသည်၏ စင်ကြယ်သော ဘာဝနာစိတ် ဖြစ်ကြောင်းကို ထင်ရှားစေခြင်းငှာ ဟောကြားတော်မူသော ပရိယာယကထာဒေသနာတော် ဖြစ်ကြောင်းကို ထင်ရှားပြလိုသည့်အတွက် –– “သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ[မှတ်စု ၂၅] = ထိုယောဂါဝစရ ရဟန်းတော်သည် ဤသို့လျှင် တည်ကြည်သော စတုတ္ထစျာန်သမာဓိနှင့် ယှဉ်သောစိတ်သည် ထက်ဝန်းကျင် ဖြူစင်လတ်သော်, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလတ်သော်” ဤသို့စသော တရားစကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏၊[မှတ်စု ၂၆] ဘုရားရှင်သည် စတုတ္ထစျာန်သမာဓိကို ဂုဏ်တင်ကာ ချီးမွမ်းတော်မူရာ၌ ပရိသုဒ္ဓေ ပရိယောဒါတေ = ထက်ဝန်းကျင် ဖြူစင်လတ်သော်, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလတ်သော် စသည်ဖြင့် ဂုဏ်တင်ကာ ချီးမွမ်းမြှောက်စားတော် မူလေ့ရှိ၏၊ ယင်းကဲ့သို့သော ဒေသနာတော်တို့မှာ စတုတ္ထစျာန်စိတ်၌ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော လင်းရောင်ခြည်ရှိ၍ မုချအားဖြင့် ဟောကြားထားတော်မူအပ်သော ဒေသနာတော်တို့ကား မဟုတ်ကြပေ။ ဖလူပစာရ သို့မဟုတ် ကာရဏူပစာရတည်းဟူသော အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် ဟောကြားထားတော်မူခြင်းသာ ဖြစ်သည် ဟူလို။

ထို့ကြောင့် ဤကျမ်းကလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်း ရှိသည်ဟူ၍ မဆိုလိုပါ။ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်, ထို စိတ္တဇတေဇောဓာတ် ကြောင့် ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ တည်ရှိသော ရူပါရုံ၏ တောက်ပမှုသာဟု ဆိုပေသည်။ သို့သော် ထိုအရောင်အလင်းမှာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သော ဉာဏ်၏ စွမ်းအင်အာနုဘော် အပေါ်၌ အခြေစိုက်၍ ဖြစ်ပေါ်လာခြင်းကြောင့် ဖလူပစာရအားဖြင့် သို့မဟုတ် ကာရဏူပစာရအားဖြင့် ဉာဏ်ရောင် ဟူ၍သာ တင်စား၍ ခေါ်ဆိုခြင်းဖြစ်သည် ဟူပေ။

မနောဒွါရ = ဘဝင်မနောအကြည်ဓာတ်

ဤတွင် အလျဉ်းသင့်နေသဖြင့် မနောဒွါရ = ဘဝင်မနောအကြည်ဓာတ် အကြောင်းကိုလည်း တစ်ဆက်တည်း တင်ပြအပ်ပါသည်။ ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် အစ္ဆရာသင်္ဃာတဝဂ်[မှတ်စု ၂၇]တို့၌ ဘဝင်စိတ်ကို “ပဘဿရ= ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်ရှိသော စိတ်”ဟု ဟောကြားထားတော်မူ၏၊ အဋ္ဌကထာ ဋီကာ[မှတ်စု ၂၈]တို့ကလည်း ဤဒေသနာတော်သည် ပရိယာယကထာ (= အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် တင်စား၍ ဟောကြားထားတော်မူအပ်သော ဒေသနာတော်) ဖြစ်ကြောင်းကို ရှင်းပြထားတော်မူကြ၏၊

အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပမှု (= ပဘဿရ)စသည်တို့ မည်သည် ဝဏ္ဏဓာတ် (= ရူပါရုံ)၌ ရသင့်ရထိုက်သော ဂုဏ်ထူးဝိသေသတို့ဖြစ်သောကြောင့်, ဘဝင်စိတ်ကလည်း နာမ်တရားမျှသာ ဖြစ်ခြင်းကြောင့် ယင်းဘဝင်စိတ်၌ကား အရောင်အလင်း မရှိပေ။ သို့သော် ယင်းဘဝင်စိတ်သည် အထက်က ရှင်းပြခဲ့သည့် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့ အရောင်အလင်းကို ဖြစ်စေနိုင်သော စွမ်းအားကား ရှိသည်သာ ဖြစ်သည်။ ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်နေသော ယင်းဘဝင်စိတ်သည်လည်း စိတ္တဇရုပ် ကလာပ်တို့ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ ယင်းဘဝင်စိတ်တို့ကြောင့် ဖြစ်သွားကြသော စိတ္တဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ)သည် ပါဝင်လျက်ရှိ၏၊ ယင်းဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်က အာနုဘော်ကြီးလျှင် ကြီးသလို ယင်းဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (= တောက်ပသည်သာ)ဖြစ်၏၊ တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ တေဇောဓာတ်ပါဝင်လျက် ရှိ၏၊ ယင်း တေဇောဓာတ် (= ဥတု)ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကာဆင့်ကာ ဖြစ်စေပြန်၏၊ ယင်းဥတုဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ) ပါဝင်ပြန်၏၊ ယင်း ဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (=တောက်ပသော ရူပါရုံသာ) ဖြစ်၏၊ ဘဝင်စိတ်နှင့် ယှဉ်နေသော ဉာဏ်အာနုဘော်က ကြီးလျှင်ကြီးသလို တောက်ပသည်သာ ဖြစ်၏၊ ယင်း ဘဝင်စိတ်ကြောင့် ဖြစ်ကြသော စိတ္တဇရုပ်ကလာပ်တို့၏ ရူပါရုံနှင့် ထိုမှ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ဥတုဇရုပ်ကလာပ်တို့၏ ရူပါရုံ - ဤနှစ်မျိုး ကုန်သော ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်အဆင်း၏ တောက်ပမှုကို ရည်ရွယ်တော်မူကာ ဘုရားရှင်က –“ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ= ရဟန်းတို့ ... ဤဘဝင်စိတ်သည် ပြိုးပြိုးပြက် တလက်လက်တောက်ပ၏” - ဟု ဟောကြားတော်မူခြင်း ဖြစ်၏၊

ဤရှင်းလင်းချက်များအရ ဘဝင်စိတ်၌ အရောင်အလင်း မရှိ၊ ဘဝင်စိတ်ကြောင့်ဖြစ်သော အကျိုးရုပ်တရား တို့၌သာ အရောင်အလင်း ရှိသည်ဟု မှတ်ပါ။ ဤ၌လည်း အကျိုးဖြစ်သော ရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဘဝင်စိတ်အပေါ်၌ တင်စား၍ အကြောင်းဖြစ်သော ဘဝင်စိတ်မှာ အရောင်ရှိသည်ဟု ပြောဆိုသော ဖလူပစာရစကား သို့မဟုတ် ကာရဏူပစာရစကားဟု မှတ်ပါ။ ယင်းဘဝင်စိတ်ကို အခြေခံကာ ဖြစ်ပေါ်လာ ကြသည့် ယင်းရူပါရုံတို့၏ အရောင်အလင်းမှာ ကြည်လင်တောက်ပမှုက များပြားနေသဖြင့် ဘဝင်မနောအကြည်ဓာတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပေသည်။

ယင်းဘဝင်မနောအကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။ နာမ်တရားများကို ဉာဏ်ဖြင့် ပိုင်းခြား ယူရာ သိမ်းဆည်းရာ၌ ယင်းမနောဒွါရကို ယောဂီပုဂ္ဂိုလ်က ရှုထားပြီး သိမ်းဆည်းထားပြီးဖြစ်ဖို့ လိုပေသည်။ အကြောင်းမှာ ယင်းမနောဒွါရနှင့် ဆိုင်ရာအာရုံကို ပူးတွဲ သိမ်းဆည်းနိုင်ပါမှ မနောဒွါရိကဇောဝီထိနာမ်တရားများကို ရှုပွားနိုင်မည် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ တစ်ဖန် –

၁။ စက္ခုဒွါရိကဇောဝီထိ နာမ်တရားများနှင့် ရူပါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် စက္ခုဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် ရူပါရုံကို၊
၂။ သောတဒွါရိကဇောဝီထိ နာမ်တရားများနှင့် သဒ္ဒါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် သောတဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် သဒ္ဒါရုံကို၊
၃။ ဃာနဒွါရိကဇောဝီထိနာမ်တရားများနှင့် ဂန္ဓာရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် ဃာနဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် ဂန္ဓာရုံကို၊
၄။ ဇိဝှါဒွါရိကဇောဝီထိ နာမ်တရားများနှင့် ရသာရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် ဇိဝှါဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် ရသာရုံကို၊
၅။ ကာယဒွါရိကဇောဝီထိ နာမ်တရားများနှင့် ဖောဋ္ဌဗ္ဗာရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် ကာယဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် ဖောဋ္ဌဗ္ဗာရုံကို၊

ဤသို့လျှင် ဒွါရနှစ်ခု ဒွါရနှစ်ခုနှင့် ဆိုင်ရာအာရုံတို့ကို ပူးတွဲသိမ်းဆည်းနိုင်ပါမှ ယင်းဆိုင်ရာဆိုင်ရာ ပဉ္စဒွါရိက ဇောဝီထိနာမ်တရားများနှင့် ယင်းဆိုင်ရာဆိုင်ရာ ပဉ္စာရုံတစ်ခုခုကိုပင် ဆက်လက်အာရုံယူနေကြသည့် မနောဒွါရိက နာမ်တရားစုတို့ကို ရှုပွားနိုင်မည် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။[မှတ်စု ၂၉]

ဥပက္ကိလေသာလောက

အမေး– သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ပဘဿရ (= ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း) ရှိရိုးမှန်လျှင် = ထိုစိတ်တို့က ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းကို ဖြစ်စေနိုင်ရိုးမှန်လျှင် အဘယ်ကြောင့် ဝိပဿနာဉာဏ်တို့တွင် ရင့်ကျက်လာသော ဥဒယဗ္ဗယဉာဏ်ပိုင်း၌သာလျှင် ဩဘာသ (= အရောင်အလင်း) ဖြစ်ပေါ်လာနိုင်ကြောင်းကို မိန့်ဆိုထားတော်မူပါသနည်းဟု မေးရန် ရှိ၏၊

အဖြေ– အဖြေမှာ ဤသို့ ဖြစ်၏၊

“ထိုဝိပဿနာဩဘာသသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရပုဂ္ဂိုလ်သည် “ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဩဘာသ = အရောင်အလင်းသည် မဖြစ်ဖူးလေစွတကား၊ မချွတ်ဧကန် အရိယမဂ်သို့ ဆိုက်ရောက်သည် ငါဖြစ်လေပြီ၊ အရိယဖိုလ်သို့ ဆိုက်ရောက်သည် ငါဖြစ်လေပြီ”ဟု အရိယမဂ် မဟုတ်သော ဩဘာသကိုပင်လျှင် အရိယမဂ်ဟူ၍, အရိယဖိုလ် မဟုတ်သော ဩဘာသကိုပင်လျှင် အရိယဖိုလ်ဟူ၍ စွဲယူ၏၊”[မှတ်စု ၃၀]

ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းသို့လည်း ရောက်ရှိလာသဖြင့် ဝိပဿနာဉာဏ်တို့ကလည်း ရင့်ကျက် လာသောအခါ ဩဘာသ = အရောင်အလင်း ဖြစ်ပေါ်လာရာဝယ် “ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဩဘာသ = အရောင်အလင်းသည် မဖြစ်ဖူးလေစွတကား”ဟုသာ အဋ္ဌကထာက ဖွင့်ဆိုသွား၏၊ ရှေးယခင်က တစ်ခါမျှ အရောင်အလင်း မဖြစ်ဖူးသေး၊ ယခုအခါမှသာလျှင် စတင်၍ အသစ်စက်စက် ဖြစ်ပေါ်လာသည်ဟုကား မဆိုပါ။ ဤအချက်ကို အထူးသတိပြုပါ။ အောက်ပါအချက်ကိုလည်း ထောက်ရှု ကြည့်ပါ။

ဩဘာသ = အရောင်အလင်းဖြစ်ရာ၌ကဲ့သို့ အလားတူပင် ထိုဉာဏ် စသည်တို့တွင်လည်း တစ်ပါးပါးသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရပုဂ္ဂိုလ်သည် “စင်စစ် ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဉာဏ်သည် မဖြစ်ဖူးစွတကား၊ ဤသို့သဘောရှိသော ပီတိသည်၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ = ဝီရိယ၊ ဥပဋ္ဌာန = သတိ၊ ဥပေက္ခာ = ဝိပဿနုပေက္ခာ+အာဝဇ္ဇနုပေက္ခာ (ဝိပဿနုပေက္ခာ = တတြမဇ္ဈတ္တတာစေတသိက်) သည်၊ နိကန္တိသည် မဖြစ်ဖူးလေစွတကား၊ မချွတ်ဧကန် အရိယမဂ်သို့ ဆိုက်ရောက်သည် ငါဖြစ်လတ်ပြီ၊ အရိယဖိုလ်သို့ ဆိုက်ရောက်သည် ငါဖြစ်လတ်ပြီ”ဟု အရိယမဂ် မဟုတ်သော ဉာဏ။ ပ။ နိကန္တိကိုပင်လျှင် အရိယမဂ်ဟူ၍, အရိယဖိုလ် မဟုတ်သော ဉာဏ။ ပ။ နိကန္တိကိုပင်လျှင် အရိယဖိုလ်ဟူ၍ စွဲယူ၏၊[မှတ်စု ၃၁]

ဤ၌လည်း ရှေးယခင်က ဤကဲ့သို့သော သဘောရှိသော ဝိပဿနာဉာဏ်၊ ဤကဲ့သို့သော သဘောရှိသော ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ = ဝီရိယ၊ ဥပဋ္ဌာန = သတိ၊ ဥပေက္ခာ၊ နိကန္တိသည် မဖြစ်ဖူးလေစွတကားဟုသာ ဆိုသည်၊ သံသရာတစ်လျှောက်၌လည်းကောင်း, ဤဘဝ၌လည်းကောင်း ဉာဏ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ဝီရိယ၊ သတိ၊ ဥပေက္ခာ၊ နိကန္တိတို့သည် တစ်ခါမျှ မဖြစ်ဖူးဟု ဆိုလိုသည်ကား မဟုတ်ပေ၊ ထက်မြက်စူးရှသော ဤကဲ့သို့သော ဝိပဿနာဉာဏ်မျိုး၊ ဤကဲ့သို့သော ပီတိမျိုး စသည်တို့သာ မဖြစ်ဖူးသေးဟု ဆိုလိုသည်။ ဤကဲ့သို့သော ဉာဏ်မျိုး ဤကဲ့သို့သော ပီတိမျိုး စသည်တို့ မဖြစ်ဖူးသော်လည်း ဤဉာဏ်မျိုး ပီတိမျိုး စသည်တို့မှ အခြားတစ်ပါးသော ဉာဏ်မျိုး ပီတိမျိုး စသည်တို့ကား ဖြစ်ဖူးသည်သာ ဖြစ်၏၊ အောက်ထစ်ဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်အနုပိုင်းတို့ကား ဧကန်ဖြစ်ခဲ့ဖူးသည်သာ ဖြစ်၏၊ တစ်ဖန် ဘဝတစ်လျှောက်လုံး၌ တစ်ကြိမ်တစ်ခါမျှသော်လည်း ပီတိ မဖြစ်ဖူးဟူသည်ကား မရှိနိုင်။

အလားတူပင် ဤကဲ့သို့သော ဩဘာသ = အရောင်အလင်းမျိုးသာ မဖြစ်ဖူးသေးဟုသာ ဆိုသည်။ ဩဘာသ = အရောင်အလင်း တစ်ခါမျှ မဖြစ်ဖူးသေးဟု ဆိုလိုသည်ကား မဟုတ်ပေ။ အခြားအခြားသော အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = အရောင်အလင်းနှင့် ဤ ရင့်ကျက်လာသော ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = အရောင်အလင်းသည် မတူ ထူးခြားလျက် ရှိသောကြောင့် တစ်မူထူးခြားလျက်ရှိသောကြောင့် ဤဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = ဝိပဿနောဘာသ = အရောင်အလင်းကို ဂုဏ်တင်ကာ ချီးမွမ်းလျက် သီးသန့်ဖော်ပြခြင်းသာ ဖြစ်ပေသည်ဟု မှတ်သား ပါလေ။ ထို့ကြောင့် တရားဘာဝနာ တစ်ခုခုကို အားထုတ်လိုက်သဖြင့် သမာဓိ အတော်အသင့် အားကောင်းလာ၍ ပြိုးခနဲ ပြက်ခနဲ ဝင်းခနဲ လက်ခနဲ အရောင်အလင်းများ အထိုက်အလျောက် ဖြစ်ပေါ်လာသောအခါ ငါ ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်လေပြီဟု ယူဆလျှင် ယောဂီသူတော်ကောင်းသည် ဤသာသနာတော်၌ အရှုံးကြီး ရှုံးလေပြီ။ အကြောင်းမူ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ပရမတ်တရားတို့ကိုသာလျှင် လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ ဥဒယဗ္ဗယဉာဏ်ဟူသည် ဖြစ်ပေါ်လာနိုင်သောကြောင့်တည်း။

  1. (အံ၊၁၊၄၅၆။)
  2. (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)
  3. (ဝိသုဒ္ဓိ၊၂၊၅၈- ကြည့်ပါ။)
  4. သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)
  5. (ဝိသုဒ္ဓိ၊၁၊၁၄၀။)
  6. ဤအရာ၌ အဘိညာဏ်ဇောဟူသည် ယင်းတေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောကကသိုဏ်းလျှင် အာရုံရှိသော ပထမစျာန် ဒုတိယစျာန် တတိယစျာန်နှင့် စတုတ္ထစျာန်၏ ဥပစာရသမာဓိဇောတို့နောင်တွင် ဆက်လက်ဖြစ်ပေါ်လာသည့်, အလင်းရောင်အောက်တွင် တည်ရှိသော ရူပါရုံအမျိုးမျိုး အရာဝတ္ထုအမျိုးမျိုးကို သိမြင်နေသည့် စတုတ္ထစျာန်ဇောစိတ်ပင် ဖြစ်သည်။ အကယ်၍ ယင်းအာလောကကသိုဏ်းစသည့် ကသိုဏ်းစျာန်ကို စတုတ္ထစျာန်၏ ဥပစာရသမာဓိနယ်မြေအထိ မပွားများဘဲ စတုတ္ထစျာန်သမာဓိဆိုက်သည်အထိ ပွားများထားသည်ဖြစ်ငြားအံ့၊ ယင်းစတုတ္ထစျာန်သမာဓိ၏ နောင်၌ စတုတ္ထစျာန်သမာဓိတည်း ဟူသော အဘိညာဏ်ဇောသည် ထပ်ပြီး မစောနိုင် မဖြစ်ပေါ်နိုင်။ ယင်းစတုတ္ထစျာန်၏ ဥပစာရသမာဓိတည်းဟူသော ပရိကံ၏ နောင်၌သာ စတုတ္ထစျာန်သမာဓိတည်းဟူသော အဘိညာဏ်ဇောသည် စောနိုင်၏ ဖြစ်ပေါ်နိုင်၏ဟု ဆိုလိုပေသည်။
  7. (ဝိသုဒ္ဓိ၊၂၊၅၈။ မဟာဋီ၊၂၊၆၂။)
  8. ဝဍ္ဎိတဋ္ဌာနဿ အန္တောယေဝ ရူပဂတံ ပဿိတဗ္ဗံ။ ရူပဂတံ ပဿတော ပနဿ ပရိကမ္မဿ ဝါရော အတိက္ကမတိ။ တတော အာလောကော အန္တရဓာယတိ။ တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတိ။ (ဝိသုဒ္ဓိ၊၂၊၅၈။)
    ပရိကမ္မဿ ဝါရော အတိက္ကမတီတိ ဣဓ ပရိကမ္မံ နာမ ယထာဝုတ္တကသိဏာရမ္မဏံ ဥပစာရဇ္ဈာနံ၊ တံ ရူပဂတံ ပဿတော န ပဝတ္တတိ။ ကသိဏာလောကဝသေန စ ရူပဂတဒဿနံ၊ ကသိဏာလောကော စ ပရိကမ္မဝသေနာတိ တဒုဘယမ္ပိ ပရိကမ္မဿ အပ္ပဝတ္တိယာ န ဟောတိ။ တေနာဟ “တတော အာလောကော အန္တရဓာယတိ၊ တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတီ”တိ။
    ရူပဂတံ ပဿတော ပရိကမ္မဿ ဝါရော အတိက္ကမတိ၊ ပရိကမ္မမတိက္ကန္တဿ ကသိဏာရမ္မဏံ ဉာဏံ န ဟောတီတိ ရူပဂတံ န ဒိဿတိ။ (မဟာဋီ၊၂၊၆၂။)
  9. အထာနေန ပုနပ္ပုနံ ပါဒကဇ္ဈာနမေဝ ပဝိသိတွာ တတော ဝုဋ္ဌာယ အာလောကော ဖရိတဗ္ဗော။
  10. ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒိတွာ ကသိဏံ ဝဍ္ဎိတံ၊ ထာမဂတဿ အာလောကဿ တတ္တကံ ဖရိတွာ အဝဋ္ဌာနံ။ (မဟာဋီ၊၂၊၆၂၊၊)
  11. ဧဝံ အနုက္ကမေန အာလောကော ထာမဂတော ဟောတီတိ ဧတ္ထ အာလောကော ဟောတူတိ ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒတိ၊ တတ္ထ အာလောကော တိဋ္ဌတိယေဝ။ ဒိဝသမ္ပိ နိသီဒိတွာ ပဿတော ရူပဒဿနံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၅၈။)
  12. ဧဝံ အနုက္ကမေနာတိ ပုနပ္ပုနံ ပါဒကဇ္ဈာနံ သမာပဇ္ဇိတွာ တတော တတော ဝုဋ္ဌာယ အဘိဏှံ အာလောကဿ ဖရဏဝသေန အာလောကော ထာမဂတော ဟောတိ စိရဋ္ဌာယီ။ တထာ စ သတိ တတ္ထ သုစိရမ္ပိ ရူပဂတံ ပဿတေဝ။ တေန ဝုတ္တံ “ဧတ္ထ အာလောကော။ ပ။ ဟောတီ”တိ။ (မဟာဋီ၊၂၊၆၂။)
  13. (ဝိသုဒ္ဓိ၊၂၊၃၀၈။)
  14. ယတော စ ခေါ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိကရောတိ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိကရောတိ၊ ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိကရောတိ။ တံ ဟောတိ စိတ္တံ မုဒဉ္စ ကမ္မနိယဉ္စပဘဿရဉ္စ၊ န စ ပဘင်္ဂု။ သမ္မာသမာဓိယတိ အာသဝါနံ ခယာယ။ (အံ၊၁၊၂၅၈။)
    အဓိစိတ္တန္တိ သမထဝိပဿနာစိတ္တံ။ (အံ၊ဋ္ဌ၊၂၊၂၂၇။)
    ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ။ (အံ၊ဋ္ဌ၊၂၊၂၂၈၊၊)
    ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ (အံ၊ဋ္ဌ၊၁၊၄၅။)
    ပရိသုဒ္ဓေတိအာဒီသု ပန ဥပေက္ခာသတိပါရိသုဒ္ဓိဘာဝေန ပရိသုဒ္ဓေ။ ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၅။)
    ပဘဿရန္တိ ပရိယောဒါတံ သဘာဝပရိသုဒ္ဓဋ္ဌေန။ (အံ၊ဋီ၊၁၊၉၉။)
  15. (ပြည်- ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၁၂။)
  16. သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)
  17. ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ၊ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ။ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ဝုတ္တံ (ယုတ္တံ) ဝိယ ဒိဿတီတိ။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)
  18. မှတ်ချက်---- ပ ဋိသန္ဓေစိတ်က ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ရှိ၏၊ စုတိစိတ်တို့တွင် ရဟန္တာ အရှင်မြတ်တို့၏ စုတိစိတ်တော်မှာ ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ပင်ရှိ၏၊ ကျန်စုတိစိတ်များက စိတ္တဇရုပ်ကို ဖြစ်စေနိုင် မဖြစ်နိုင်ဟူသော အချက်နှင့် ပတ်သက်၍ကား ကျမ်းဂန်များ၌ အချီအချ စကားများလျက် ရှိ၏၊
  19. မှတ်ချက်--- သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်ဟု ဆိုသဖြင့် မိမိ၏ ရုပ်သန္တတိအစဉ်၌ပင် ကျရောက်ဖြစ်ပွားလျက်ရှိသော ကမ္မဇရုပ်ကလာပ်တို့တွင် တည်ရှိသော ကမ္မဇတေဇောဓာတ်, အာဟာရဇရုပ်ကလာပ်တို့တွင် တည်ရှိသော အာဟာရဇတေဇောဓာတ်ဟူသော တေဇောဓာတ် (= ဥတု)တို့ကြောင့်ဖြစ်သော ဥတုဇရုပ်များလည်း ပါဝင်နိုင်သည်ဟုကား မယူဆပါနှင့်၊ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် ဆိုင်သော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ပြဆိုရာအပိုင်းဖြစ်သောကြောင့် စိတ္တဇတေဇောဓာတ် ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ဤ၌ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။ ယင်းသို့ဖြစ်လျှင် ကမ္မဇရုပ်ကလာပ်တို့၌ ပါဝင်သော ရူပါရုံ, ကမ္မဇတေဇောဓာတ်ကြောင့် ဖြစ်သော ဥတုဇရုပ်တို့တွင်ပါဝင်သော ရူပါရုံတို့သည်လည်း မတောက်ပတော့ပြီလောဟု မေးရန် ရှိလာပြန်၏၊ ဤအပိုင်းကား အတိတ်ကံနှင့်သာ သက်ဆိုင်၏၊ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် မသက်ဆိုင်ပေ။ ပဘာဝတီ၏ သန္တာန်၌ အတိတ်ကံ၏ စွမ်းအင်သတ္တိကြောင့် ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်းတောက်ပ သကဲ့သို့ မှတ်ပါ။ သို့သော် ခန္ဓာအိမ်တစ်ခု အတွင်းဝယ် ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောထားသကဲ့သို့ ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခုတို့ အလွန် ပွတ်ချုပ်ထိခိုက်ကာ ရှေ့နှင့် နောက် ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေရာဝယ် အိမ်တစ်အိမ်ကို ပြင်းထန်စွာ မီးစွဲလောင်ပါက ပွတ်ချုပ် ထိခိုက်လျက် နီးကပ်စွာ တည်နေသော အခြားတစ်အိမ်သို့လည်း ကူးစက်၍ လောင်တတ်သကဲ့သို့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့၏ ရူပါရုံ, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၏ ရူပါရုံအရောင်တို့က အလွန်တောက်ပလာသော် အခြားသော ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်တို့မှာလည်း ရောနှော၍ တောက်ပနေသည်သာ ဖြစ်သည်။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ခန္ဓာကိုယ်၏ အတွင်းအပြင် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ အရောင်အလင်းများကို တွေ့ရှိနေခြင်း ဖြစ်သည်။ ယင်းလင်းရောင်ခြည်ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်မခွဲနိုင်မီ ထိုကဲ့သို့ တွေ့ရှိရခြင်းသာ ဖြစ်၏၊ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ယင်းလင်းရောင်ခြည်ဟူသည်မှာလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိကြသော ရူပါရုံတို့၏ အပေါင်းအစုသာ ဖြစ်သည်ကို သိမ်းဆည်းနိုင်မည် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် သဘောကျနိုင်မည် ဖြစ်ပေသည်။ ဤသို့ အခြားသော စတုဇရုပ်တို့၏ ရူပါရုံအရောင်ဟူသည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်စိတ် စသည့် ထိုထိုစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်နှင့် ကမ္မဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့၌ တည်ရှိသော ရူပါရုံ, ယင်းရုပ်ကလာပ်တို့၌ပင် တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဖြစ်သော ဥတုဇရုပ်တို့၏ ရူပါရုံ---- ဤစတုဇရုပ်တို့၏ ရူပါရုံအရောင်ကို ဆိုလိုသည်။
  20. ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ၊ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ။ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ဝုတ္တံ (ယုတ္တံ) ဝိယ ဒိဿတီတိ။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)
  21. သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။ (အံ၊၃၊၂၅၉။)
  22. ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ၊ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ။ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ဝုတ္တံ (ယုတ္တံ) ဝိယ ဒိဿတီတိ။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)
  23. ဩဘာသော ဓမ္မောတိ ကာရဏူပစာရေနာဟ။ ဤဒိသံ ဩဘာသံ ဝိဿဇ္ဇေန္တော မမ အရိယမဂ္ဂေါတိ အတ္ထော။ (မဟာဋီ၊၂၊၄၂၇)
  24. ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ နတ္ထိ။ နီလာဒီနဥှိ အညတရဝဏ္ဏံ ဝါ ဟောတု အဝဏ္ဏံ ဝါ (သုဝဏ္ဏံ ဝါ) ယံ ကိဉ္စိ ပရိသုဒ္ဓတာယ “ပဘဿရ”န္တိ ဝုစ္စတိ။ (အံ၊ဋ္ဌ၊၁၊၄၅။)
    ပဘဿရတာဒယော နာမ ဝဏ္ဏဓာတုယံ လဗ္ဘနကဝိသေသာတိ အာဟ “ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီ”တိ။ ဣတရော အရူပတာယ “နတ္ထီ”တိ ပဋိက္ခိပိတွာ ပရိယာယကထာ အယံ တာဒိသဿ စိတ္တဿ ပရိသုဒ္ဓဘာဝနာဒီပနာယာတိ ဒေဿန္တော “နီလာဒီန”န္တိအာဒိမာဟ။ တထာ ဟိ “သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ”တိ ဝုတ္တံ။(အံ၊ဋီ၊၁၊၉၉-၁၀၀။)
  25. (ဒီ၊၁၊၇၆-၇၇။ မ၊၁၊၃၁၄-၃၁၅၊၃၄၆-၃၄၇။ ဝိ၊၁၊၅။)
  26. ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ နတ္ထိ။ နီလာဒီနဥှိ အညတရဝဏ္ဏံ ဝါ ဟောတု အဝဏ္ဏံ ဝါ (သုဝဏ္ဏံ ဝါ) ယံ ကိဉ္စိ ပရိသုဒ္ဓတာယ “ပဘဿရ”န္တိ ဝုစ္စတိ။ (အံ၊ဋ္ဌ၊၁၊၄၅။)
    ပဘဿရတာဒယော နာမ ဝဏ္ဏဓာတုယံ လဗ္ဘနကဝိသေသာတိ အာဟ “ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီ”တိ။ ဣတရော အရူပတာယ “နတ္ထီ”တိ ပဋိက္ခိပိတွာ ပရိယာယကထာ အယံ တာဒိသဿ စိတ္တဿ ပရိသုဒ္ဓဘာဝနာဒီပနာယာတိ ဒေဿန္တော “နီလာဒီန”န္တိအာဒိမာဟ။ တထာ ဟိ “သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ”တိ ဝုတ္တံ။(အံ၊ဋီ၊၁၊၉၉-၁၀၀။)
  27. ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။)
  28. ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ စိတ္တန္တိ ဘဝင်္ဂစိတ္တံ။ (အံ၊ဋ္ဌ၊၁၊၄၅။)
    ပဘဿရန္တိ ပရိယောဒါတံ သဘာဝပရိသုဒ္ဓဋ္ဌေန။ (အံ၊ဋီ၊၁၊၉၉။)
  29. (အဘိ၊ဋ္ဌ၊၁၊၁၁၄။)
  30. တသ္မိံ ဥပ္ပန္နေ ယောဂါဝစရော “န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပေါ ဩဘာသော ဥပ္ပန္နပုဗ္ဗော၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပ္ပတ္တောသ္မီ”တိ အမဂ္ဂမေဝ “မဂ္ဂေါ”တိ၊ အဖလမေဝ စ “ဖလ”န္တိ ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)
  31. ယထာ စ ဩဘာသေ၊ ဧဝံ ဧတေသုပိ အညတရသ္မိံ ဥပ္ပန္နေ ယောဂါဝစရော “န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပံ ဉာဏံ ဥပ္ပန္နပုဗ္ဗံ၊ ဧဝရူပါ ပီတိ၊ ပဿဒ္ဓိ၊ သုခံ၊ အဓိမောက္ခော၊ ပဂ္ဂဟော၊ ဥပဋ္ဌာနံ၊ ဥပေက္ခာ၊ နိကန္တိ ဥပ္ပန္နပုဗ္ဗာ၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပ္ပတ္တောသ္မီ”တိ အမဂ္ဂမေဝ “မဂ္ဂေါ”တိ အဖလမေဝ စ “ဖလ”န္တိ ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၃။)