နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အာနာပါနကမ္မဋ္ဌာန်းမှ ဝိပဿနာသို့
အာနာပါနကမ္မဋ္ဌာန်းမှ ဝိပဿနာသို့ (အာနာပါန-စတုက္က လေးမျိုး)
ယောဂီသူတော်ကောင်းသည် .. မိမိရရှိထားပြီးသော အာနာပါနစတုတ္ထစျာန်သမာဓိကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးသောအခါ ယင်း အာနာပါနစတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ တရားထိုင်တိုင်း ထိုင်တိုင်း ယင်းစျာန်ကို ဝင်စား၍ စျာန်မှ ထသောအခါ ..
၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း၊
၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း၊
၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊
၄။ နာမရူပဝဝတ္ထာန= နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း၊
၅။ ပစ္စယပရိဂ္ဂဟ = ကာလသုံးပါးလုံး၌ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း –ဟူသော လုပ်ငန်းခွင်များကို အဆင့်ဆင့် ပြုလုပ်၍ အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို ဝိပဿနာဉာဏ်စဉ်အတိုင်း လက္ခဏာရေး သုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[မှတ်စု ၁] ဤတွင် –
၁။ ဒီဃ = ဝင်သက်လေ-ထွက်သက်လေ၏ အရှည်ကို သိအောင် ကြိုးစားအားထုတ်ခြင်း၊
၂။ ရဿ = ဝင်သက်လေ-ထွက်သက်လေ၏ အတိုကို သိအောင် ကြိုးစားအားထုတ်ခြင်း၊
၃။ သဗ္ဗကာယ= ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် အားထုတ်ခြင်း၊
၄။ ပဿမ္ဘယ = ဝင်သက်လေ-ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ကျင့်ခြင်း –ဟူသော အာနာပါန ပထမစတုက္ကသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြီးဆုံးလေပြီ။ ဒုတိယစတုက္က စသည်ကို အကျဉ်းချုပ်၍ ဆက်လက် တင်ပြအပ်ပါသည်။
ဒုတိယ-စတုက္က
၁။ ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
၂။ သုခပဋိသံဝေဒီ။ ပ။
၃။ စိတ္တသင်္ခါရပဋိသံဝေဒီ။ ပ။
၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ။ ပ။[မှတ်စု ၂]
၁။ ပီတိကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
ပီတိကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
၂။ သုခကို ထင်ထင်ရှားရှားသိလျက်။ ပ။
၃။ စိတ္တသင်္ခါရကို ထင်ထင်ရှားရှားသိလျက်။ ပ။
၄။ စိတ္တသင်္ခါရကို ငြိမ်းစေလျက်။ ပ။
၁။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပီတိနှင့်ယှဉ်သော ပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၏၊ ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ စျာန်သမာပတ်ကို ဝင်စားဆဲခဏ၌ စျာန်ကိုရရှိနေသဖြင့် အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထင်ထင်ရှားရှား သိနေသောကြောင့် အာရုံကို အကြောင်းပြု၍ ထို ယောဂါဝစရပုဂ္ဂိုလ်သည် စျာနပီတိကို ထင်ထင်ရှားရှား သိနေ၏၊ ယင်းသို့ စျာနပီတိကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေခဲ့သော် အာရုံသဘောအားဖြင့် ပီတိကို ထင်ထင်ရှားရှား သိနေသည် မည်၏၊ ယင်းသို့ ပီတိကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနေပါ။ (သမထပိုင်းတည်း။)
ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် သဘာဝမှန်အတိုင်း ထိုးထွင်းသိတတ်သော ဉာဏ်သည် အသမ္မောဟမည်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ ယင်းစျာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း – ပီတိကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို ယင်းတို့၏ ပြိုပြိုပျက်ပျက် ကုန်ကုန် ပျောက်ပျောက်သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်အခိုက်၌ ယင်းပီတိ၏ တစ်နည်း ပီတိနှင့် တကွသော စျာန်နာမ်တရားစုတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်းသိမြင်သဖြင့် အသမ္မောဟ သဘောအားဖြင့် (= မတွေမဝေသောအားဖြင့်) ပီတိကို ထင်ထင်ရှားရှား သိအပ်သည် မည်၏၊ ယင်းသို့ ထင်ထင်ရှားရှား သိလျက် အသက်ရှူနေပါ။ (ဝိပဿနာပိုင်းတည်း။)[မှတ်စု ၃]
၂။ သမထပိုင်း၌ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့ကို အစဉ်အတိုင်း ဝင်စား၍ အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းစျာန်နှင့်ယှဉ်သော သုခကို တစ်နည်း သုခကို အဦးမူသဖြင့် စျာန်နာမ်တရားစုတို့ကို အစဉ်အတိုင်း ယင်းတို့၏အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် သုခကို ထင်ထင်ရှားရှား သိလျက် အသက် ရှူနေသည် မည်၏၊ ထိုကဲ့သို့ သုခကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေပါ။[မှတ်စု ၄]
၃။ သမထပိုင်း၌ အာနာပါနစျာန် (၄)ပါးလုံးကို အစဉ်အတိုင်း ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ စိတ္တသင်္ခါရ အမည်ရသော ဝေဒနာ သညာ တရားနှစ်ပါးကို, တစ်နည်း သညာနှင့်ယှဉ်သော ဝေဒနာကို, တစ်နည်း ဝေဒနာကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက် ရှူနေခဲ့သော် စိတ္တသင်္ခါရတရားကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။[မှတ်စု ၅]
၄။ သမထပိုင်း၌ အာနာပါနစျာန် (၄)ပါးတို့ကို အစဉ်အတိုင်းဝင်စားလျက် အသက်ရှူနေခဲ့သော် ရုန့်ရင်းရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏၊ ဝိပဿနာပိုင်း၌ ယင်းစျာန် (၄)ပါးတို့ကို အသီးအသီး ဝင်စား၍ ယင်းစျာန်အသီးအသီးမှ ထသောအခါ ဝေဒနာကို အဦးမူသဖြင့် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းလျက် ယင်းတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုနေခဲ့သော် ရုန့်ရင်းရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ၊၊[မှတ်စု ၆]
ပီတိပဋိသံဝေဒီ- ပုဒ်၌ ပီတိကို အဦးမူသဖြင့် ဝေဒနာကို, သုခပဋိသံဝေဒီ- ပုဒ်၌ သုခဝေဒနာကို, စိတ္တသင်္ခါရ နှစ်ပုဒ်တို့၌ သညာ ဝေဒနာ တရားနှစ်ပါးသည် စိတ္တသင်္ခါရ မည်ရကား သညာနှင့်ယှဉ်သော ဝေဒနာကို ဦးတည်၍ ဟောကြားထားတော်မူ၏၊ ထို့ကြောင့် ဤဒုတိယစတုက္ကကို ဝေဒနာနုပဿနာနည်းဖြင့် ဘုရားရှင် ဟောကြားထားတော် မူသည်ဟု သိရှိပါလေ။[မှတ်စု ၇]
တတိယ-စတုက္က
၁။ စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
၂။ အဘိပ္ပမောဒယံ စိတ္တံ။ ပ။
၃။ သမာဒဟံ စိတ္တံ။ ပ။
၄။ ဝိမောစယံ စိတ္တံ။ ပ။[မှတ်စု ၈]
၁။ စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊၊
စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
၂။ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ ပ။
၃။ စိတ်ကို အာရုံ၌ အညီအညွတ် ကောင်းစွာထားလျက်။ ပ။
၄။ စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက်။ ပ။
၁။ သမထပိုင်း၌ အာနာပါနစျာန် (၄)ပါးတို့ကို အစဉ်အတိုင်း ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းစျာန်အသီးအသီးကို ဝင်စား၍ စျာန်မှ ထတိုင်းထတိုင်း ယင်းစျာန်စိတ်ကို တစ်နည်း စျာန်စိတ်ကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။
၂။ သမထပိုင်း၌ ပီတိနှင့်ယှဉ်သော အာနာပါနပထမစျာန်ကို ဝင်စားလျက် အသက်ရှူနေ၏၊ ပီတိနှင့် ယှဉ်သော အာနာပါနဒုတိယစျာန်ကို ဝင်စားလျက် အသက်ရှူနေ၏၊ ယင်းစျာန်ကို ဝင်စားဆဲခဏ၌ စျာန်စိတ်နှင့် ယှဉ်သော ပီတိကြောင့် စျာန်စိတ်သည် လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက် ရှိ၏၊ ယင်းသို့ စျာန်ပီတိဖြင့် စျာန်စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူနေပါ၊ အသက်ရှူနိုင်အောင် ကျင့်ပါ။ ဝိပဿနာပိုင်း၌ကား ပီတိနှင့် ယှဉ်သော အာနာပါနပထမစျာန်ကို ဝင်စား၍ ယင်းပထမစျာန်မှ ထ၍ ယင်းစျာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း ပီတိကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို အပျက်ကိုမြင်အောင် ကြည့်၍ ဝိပဿနာရှု၏၊ ပီတိနှင့် ယှဉ်သော အာနာပါနဒုတိယစျာန်ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ ယင်းစျာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း ပီတိကို အဦးမူသဖြင့် ယင်းဒုတိယစျာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏၊ ဝိပဿနာအခိုက်၌ စျာန်နှင့် ယှဉ်သော ပီတိကို အာရုံ ပြုနေရ၍ ယင်းပီတိကို အာရုံ ပြုနေရသော ရှုနေသော ဝိပဿနာ စိတ်သည်လည်း လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက် ရှိ၏၊ ယင်းသို့ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူနိုင်အောင် ကျင့်ပါ။ အသက်ရှူနေပါ။[မှတ်စု ၉]
အလွန် ချစ်ခင်မြတ်နိုးအပ်သော ပြုံးရွှင်နေသော မိတ်ဆွေတစ်ဦးကို တွေ့မြင်ရသောအခါ တွေ့မြင်နေရသူ မိမိ၏ သန္တာန်၌လည်း အပြုံးပန်းများ ပွင့်လန်းလာသကဲ့သို့ မှတ်ပါ။
၃။ “သမာဒဟံ စိတ္တံ= စိတ်ကို ကောင်းကောင်းထားလျက် အသက်ရှူပုံ”မှာလည်း သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်ပိုင်းပင် ရှိ၏၊ သမထပိုင်း၌ အာနာပါနပထမစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဒုတိယစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, တတိယစျာန်ကိုဝင်စားလျက် အသက်ရှူနေခဲ့သော်, စတုတ္ထစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, ယင်းစျာန်တို့၏ အာရုံဖြစ်သော အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စျာန်စိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက် ရှူနိုင်အောင် ကျင့်ပါ၊ အသက်ရှူနေပါ။[မှတ်စု ၁၀]
ဝိပဿနာပိုင်း၌ကား ဤသို့ လာရှိ၏၊ – အာနာပါနပထမစျာန်ကို ဝင်စား၍ ယင်းစျာန်မှ ထပြီးလျှင် ယင်း ပထမစျာန်နှင့် ယှဉ်သော စျာန်စိတ်ကို တစ်နည်း စျာန်စိတ်ကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏၊ အလားတူပင် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကိုလည်း အသီးအသီး ဝင်စား၍ ပုံစံတူပင် ဝိပဿနာရှု၏၊ ထိုသို့ ဝိပဿနာရှုရာ၌ ဝိပဿနာအခိုက်ဝယ် ယင်းစျာန်စိတ်၏ တစ်နည်း ယင်းစျာန်စိတ်နှင့်တကွသော စျာန်နာမ်တရားတို့၏ သဘာဝလက္ခဏာကိုလည်း ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေသဖြင့်, သာမညလက္ခဏာကိုလည်း စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေသဖြင့် ယင်းစျာနဓမ္မ အမည်ရသော သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ၌ ဝိပဿနာဘာဝနာစိတ်သည် ကောင်းစွာ တည်နေ၏၊ ယင်းသို့ ကောင်းစွာ တည်နေသော ဝိပဿနာဉာဏ်နှင့် ယှဉ်သော သမာဓိကို ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိဟု ခေါ်ဆို၏၊ ယင်းခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိ၏ အစွမ်းဖြင့် စျာန်စိတ်ကို အဦးမူ၍ သိမ်းဆည်းထားအပ်သော စျာနဓမ္မ သင်္ခါရတရားစုတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာဟူသော တစ်မျိုးမျိုးသော အခြင်းအရာ၌ ဝိပဿနာစိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူနေပါ၊ အသက်ရှူနိုင်အောင် ကျင့်ပါ။[မှတ်စု ၁၁]
ဝိပဿနာပိုင်း - ခဏိကသမာဓိ
သတိပြုပါ –– ဤ၌ အာနာပါနစျာန် အသီးအသီးကို ဝင်စား၍ ယင်း စျာန်မှ ထ၍ စျာန်စိတ်ကို အဦးမူလျက် စျာနဓမ္မ အမည်ရသော စျာန်သင်္ခါရတရားတို့ကို ဝိပဿနာရှုခိုက် ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ စသော အခြင်းအရာ တစ်မျိုးမျိုး၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော ဝိပဿနာသမာဓိကို .. ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိဟု ခေါ်ဆိုသည်ဟူသော အချက်ကို သတိပြုပါ။ ဝိပဿနာပိုင်း၌ ဆိုလိုသော ခဏိကသမာဓိမှာ မည်မျှ အဆင့်မြင့်မားနေသည်ကို မှတ်သားထားစေလိုသည်။
၄။ ဝိမောစယံ စိတ္တံ= စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက် အသက်ရှူနေပါ။ ဤ၌လည်း သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်ပိုင်း ရှိ၏၊ သမထပိုင်း၌ ပထမစျာန်ဖြင့် နီဝရဏတရားတို့မှ စိတ်ကို လွတ်မြောက်စေလျက် ဒုတိယစျာန်ဖြင့် ဝိတက် ဝိစာရတို့မှ, တတိယစျာန်ဖြင့် ပီတိမှ, စတုတ္ထစျာန်ဖြင့် သုခ ဒုက္ခတို့မှ စိတ်ကို လွတ်မြောက်စေလျက် ယင်းစျာန်တို့ကို ဝင်စားလျက် အသက်ရှူနေပါ။
ဝိပဿနာပိုင်း၌ကား ထိုစျာန်တို့ကို ဝင်စား၍ ထိုစျာန်တို့မှ ထ၍ စျာန်နှင့်ယှဉ်သော စိတ်ကို (စိတ်ကို အဦးမူ၍ စျာန်နာမ်တရားအားလုံးကို) ကုန်တတ် ပျက်တတ်သော သဘောကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် အနိစ္စာနုပဿနာဖြင့် နိစ္စသညာမှ, ဒုက္ခာနုပဿနာဖြင့် သုခသညာမှ, အနတ္တာနုပဿနာဖြင့် အတ္တသညာမှ, ယင်းသို့ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုသဖြင့် သင်္ခါရတရားတို့၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗိဒါနုပဿနာဖြင့် သင်္ခါရတို့၌ နှစ်သက်ရွှင်လန်း ဝမ်းမြောက်စွာဖြင့် တွယ်တာမက်မောတတ်သော နန္ဒီရာဂမှ, သင်္ခါရတရားတို့၏ ပျက်ခြင်း (= ဘင်)ကို အဖန်ဖန် လက္ခဏာယာဉ်တင်ကာ ရှုသဖြင့် သင်္ခါရတို့၌ တပ်မက်ခြင်း ကင်းသော အခြင်းအရာအားဖြင့် ဖြစ်သော ဝိရာဂါနုပဿနာဖြင့် ရာဂမှ, သင်္ခါရတို့၏ချုပ်ခြင်း (= ဘင်) ကို ရှုသော နိရောဓာနုပဿနာဖြင့် ဖြစ်ခြင်း (= သမုဒယ)မှ, သင်္ခါရတို့၏ ပျက်ခြင်း (= ဘင်)ကို လက္ခဏာယာဉ်တင်ကာ အဖန်ဖန် ရှုသဖြင့် ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်ပယ်သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော အားဖြင့် ပြေးဝင်တတ်သော ပဋိနိဿဂ္ဂါနုပဿနာဖြင့် သင်္ခါရတို့ကို နိစ္စ စသည်ဖြင့် စွဲယူခြင်း အာဒါနမှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူ၏၊ ယင်းသို့ အသက်ရှူနိုင်ခဲ့သော် ဆန့်ကျင်ဘက်တရားတို့မှ စိတ်ကို လွတ်မြောက် စေလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။[မှတ်စု ၁၂]
ဤ တတိယစတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့် ဘုရားရှင် ဟောကြားတော်မူသည်ဟု သိရှိပါလေ။[မှတ်စု ၁၃]
စတုတ္ထ-စတုက္က
၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊
အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။
၂။ ဝိရာဂါနုပဿီ။ ပ။
၃။ နိရောဓာနုပဿီ။ ပ။
၄။ ပဋိနိဿဂ္ဂါနုပဿီ။ ပ။[မှတ်စု ၁၄]
ဟောကြားထားတော်မူအပ်ကုန်၏၊[မှတ်စု ၁၅]
၁။ သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
၂။ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂ၏ကင်းပြတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (ဝိရာဂါနုပဿနာ)။ ပ။
၃။ သင်္ခါရတရားတို့၏ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (နိရောဓာနုပဿနာ)။ ပ။
၄။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်, သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ စွန့်လွှတ် တတ်သော အရိယမဂ်ဉာဏ်နှင့် ပြည့်စုံအောင် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် သင်္ခါရတရားတို့၏ ချုပ်ရာ, သင်္ခါရတရားတို့ကို စွန့်လွတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့။ ပ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
ဤ စတုတ္ထစတုက္ကကို သုဒ္ဓဝိပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ ရှေးစတုက္က သုံးမျိုးတို့ကိုကား သမထ-ဝိပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။
ပထမစတုက္ကကို အာနာပါနကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိကပုဂ္ဂိုလ်၏ သမထကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ကာယာနုပဿနာသတိပဋ္ဌာန်တည်း။ ဒုတိယစတုက္က, တတိယစတုက္က, စတုတ္ထစတုက္ကဟူသော စတုက္က သုံးခုတို့ကိုကား ဤ ပထမစတုက္က၌ ရအပ်ပြီးသော စျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ကုန်၏။
ဤအဋ္ဌကထာအဖွင့်များနှင့် အညီ ပထမစတုက္က၌ စျာန်ကို ရရှိအောင် အားထုတ်ပြီးပါမှ ဒုတိယစတုက္က တတိယစတုက္က စတုတ္ထစတုက္ကတို့ကို အဆင့်ဆင့် ကူးတက်ရမည် ဖြစ်ပေသည်။ ထိုတွင် စတုတ္ထစတုက္ကတွင် အကျုံးဝင်သော အနိစ္စာနုပဿီ-ပုဒ်တွင် ပါဝင်သော အနိစ္စတရားများကို အဋ္ဌကထာဆရာတော်[မှတ်စု ၁၆]က “အနိစ္စန္တိ ပဉ္စက္ခန္ဓာ” = အနိစ္စ တရားတို့မှာ ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ဖြစ်ကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊ ထိုခန္ဓာ (၅)ပါးတို့မှာ စျာန်နာမ်တရားများ အပါအဝင် ပကိဏ္ဏကသင်္ခါရ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ပင်တည်း။ ထိုခန္ဓာ (၅)ပါးတို့ကို ဝိပဿနာ ရှုနိုင်ရန် ယင်းခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။ အကြောင်းတရားတို့ကိုလည်း သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်းနိုင်ရန် ယင်းခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရန်အတွက် ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်း, ပဋိစ္စသမုပ္ပါဒ်ပိုင်း, လက္ခဏာဒိစတုက္ကပိုင်း, ဝိပဿနာကမ္မဋ္ဌာန်းပိုင်းဟူသော အပိုင်းကြီး ငါးရပ်တို့ကို ဤအခန်း (၂) လုပ်ငန်းခွင်အပိုင်းတွင် ဆက်လက်၍ ရေးသားတင်ပြထားပေသည်။ အလိုရှိက ထိုအပိုင်းတို့ကို ဆက်လက် လေ့လာပါ။
ဤအာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း စတုက္ကလေးမျိုးတို့ဝယ် ဝင်လေ၌ (၁၆)မျိုး, ထွက်လေ၌ (၁၆)မျိုး –– ဤ (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ခဲ့သော်, ဘုရားရှင် သင်ပြပေးတော်မူသည့်အတိုင်း အသက်ရှူတတ်ခဲ့သော် အောက်ပါအကျိုးတရားတို့ကို ရရှိနိုင်ပေသည်။
အကျိုးဂုဏ်အင် အာနိသင်
“ရဟန်းတို့ ... (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးသော, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးသော အာနာပါနဿတိသည် (၄)ပါးကုန်သော သတိပဋ္ဌာန်တရားတို့ကို ပြီးစီးပြည့်စုံစေနိုင်၏၊ ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်သော, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးကုန်သော သတိပဋ္ဌာန်တရား (၄)ပါးတို့သည် ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့ကို ပြီးစီးပြည့်စုံစေနိုင်ကုန်၏၊ ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်သော, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးကုန်သော ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့သည် အရိယမဂ်ဉာဏ် (၄)ပါးတည်း ဟူသော ဝိဇ္ဇာ, အရိယဖိုလ်ဉာဏ် (၄)ပါးတည်းဟူသော ဝိမုတ္တိ –– ဤ ဝိဇ္ဇာ ဝိမုတ္တိ တရားနှစ်ပါးကို ပြီးစီးပြည့်စုံ စေနိုင်ကုန်၏၊”[မှတ်စု ၁၇]
ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့သည် မဟာကရုဏာတော်ရှင် ဘုရားရှင်၏ အလိုတော်ကျအတိုင်း အသက် ရှူတတ်သော လူသားတစ်ဦး ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ...။
- ↑ (ဝိသုဒ္ဓိ၊၁၊၂၇၈-၂၇၉။)
- ↑ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၇၉။)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၀။)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၀။)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၀။)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၀။)
- ↑ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၀-၂၈၁။)
- ↑ မှတ်ချက်---- အာနာပါနစတုတ္ထစျာန်သမာပတ်အခိုက်၌ အသက် မရှူပါ။ ထိုသို့ အသက်မရှူပါဘဲလျက် အဘယ်ကြောင့် အာနာပါနစတုတ္ထစျာန်ကို ဝင်စား၍ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စျာန်စိတ်ကို ကောင်းစွာထားလျက် အသက်ရှူရန် ညွှန်ကြားနေရပါသနည်းဟု မေးရန် ရှိ၏၊ အဖြေမှာ ဤသို့ဖြစ်၏---- အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသာမညမေဝ ဝုတ္တံ၊ (မဟာဋီ၊၁၊၃၁၉။) ဟူသော ဋီကာအဖွင့်နှင့်အညီ အဿာသ-ပဿာသကို အမှီပြု၍ ဖြစ်ပေါ်လာသော အာနာပါနပဋိဘာဂနိမိတ်သည်လည်း အာနာပါန အမည်ရသည်သာ ဖြစ်သောကြောင့် အာနာပါနပဋိဘာဂ နိမိတ်ကို အာရုံပြုနေခြင်းသည်လည်း အာနာပါနကိုပင် အာရုံပြုနေသည်မည်ရကား အထက်ပါအတိုင်း ဖွင့်ဆိုသွားခြင်းပင် ဖြစ်သည်။
- ↑ တာနိ ဝါ ပန စျာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ပဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော “သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီ”တိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၁၊၊)
ခဏိကစိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော သမာဓိ။ သောပိ ဟိ အာရမ္မဏေ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ တေန ဝုတ္တံ “ဧဝံ ဥပ္ပန္နာယာ”တိအာဒိ။ (မဟာဋီ၊၁၊၃၄၂၊၊) - ↑ (ဝိသုဒ္ဓိ၊၁၊၂၈၁၊၊)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၁၊၊)
- ↑ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)
- ↑ ယသ္မာ ပနေတ္ထ ဣဒမေဝ စတုက္ကံ အာဒိကမ္မိကဿ ကမ္မဋ္ဌာနဝသေန ဝုတ္တံ။ ဣတရာနိ ပန တီဏိ စတုက္ကာနိ ဧတ္ထ ပတ္တဇ္ဈာနဿ ဝေဒနာ-စိတ္တ-ဓမ္မာနုပဿနာဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၁။)
- ↑ အာနာပါနဿတိ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ စတ္တာရော သတိပဋ္ဌာနေ ပရိပူရေန္တိ၊ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္ဈင်္ဂေ ပရိပူရေန္တိ၊ သတ္တ ဗောဇ္ဈင်္ဂါ ဘာဝိတာ ဗဟုလီကတာ ဝိဇ္ဇာဝိမုတ္တိံ ပရိပူရေန္တိ။ (မ၊၃၊၁၂၄။)